မှောင်ခိုဈေး
Vol. 20 Ch. 310
ခေါင်းဆောင်၏ စကားများကို ကြား၍ ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
သူသည် ဘုရားကျောင်းထဲရှိ ရုပ်ထုကြီးကို ကြည့်လိုက်သည်။ ယခုမှသာ ထိုရုပ်ထုကြီး၌ ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ရှိနေသည်ကို သူ သိလိုက်ရသည်။
ယခင်က ထိုဓားမော့ကွက်ကို သူ ပြန်စဉ်းစားလိုက်ပြီး ပို၍ ဉာဏ်အလင်းပွင့်သွားသည်။
ခေါင်းဆောင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုကံကောင်းခြင်းမျိုးက ကိုက်စားခြင်းကဲ့သို့ မရိုးရှင်းကြောင်း သူလည်း သိသည်။ နားလည်သဘောပေါက်ရန် လိုအပ်သည်သာမက ကံကောင်းရန်လည်း လိုအပ်သည်။ အရေးအကြီးဆုံးမှာ ဤရုပ်ထု၌ တာအိုဓာတ်များ မရှိတော့ပေ။ ရုပ်ထုအား နားလည်ရန် အခွင့်အရေးအတွက် ရွှီချင်းကို သူ သတ်မည်မဟုတ်ပေ။
ယင်းအပြင် ရွှီချင်းကို မည်သည့်နည်းဖြင့်ဖြစ်စေ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သူ ခံစားမိသည်။ ထိုကလေးက သူ့အစွမ်းကို ကောင်းစွာ ဝှက်ထားသည်။
မှောင်ရီပျိုးစအချိန်ရောက်နေလေပြီ။ ရွှီချင်းသည် တောနက်ထဲ ဆက်မသွားတော့ပေ။ လက်ရှိသူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ရက်စက်ကြမ်းကြုတ်သောနတ်အာရုံများက သူ့အား စောင့်ကြည့်နေသည်ကို သူ အာရုံခံမိနေသေးသည်။
ထို့ကြောင့် ရုပ်ထုကို အနည်းငယ် စူးစိုက်ကြည့်လိုက်ပြီးနောက် ထွက်သွားရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
“ အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းနေရာတွေမှာ များသောအားဖြင့် ရက်စက်ကြမ်းကြုတ်တဲ့သားရဲကြီးတွေနဲ့ မကောင်းဆိုးဝါးတွေ ရှိနေတတ်တယ်။ ရွှီချင်း၊ မင်းအိမ်အနီးက ဒီတားမြစ်နယ်မြေက ထင်သလောက် မရိုးရှင်းဘူး ”
ခေါင်းဆောင်သည်လည်း တားမြစ်နယ်မြေတောနက်ထဲမှ နတ်အာရုံကို အာရုံခံမိလိုက်သည်။ သူက အဝေးသို့ အဓိပ္ပာယ်ရှိစွာဖြင့် ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အေးစက်စက်အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာသည်။
ရွှီချင်းသည် တစ်ခွန်းမှမဆိုဘဲ လေထဲသို့ ပျံတက်သွားသည်။ သူ ဆက်သွားရန် အစီအစဉ်မရှိပေ။ ခေါင်းဆောင်သည်လည်း ပြုံး၍ လေထဲသို့ ပျံတက်လိုက်သည်။ သို့သော် လေထဲသို့ ရောက်သောအခါ တာအိုဘုရားကျောင်းကို ကြိမ်ဖန်များစွာ လှည့်ကြည့်လိုက်ပြီးနောက် တောနက်ထဲကို ကြည့်လိုက်သည်။
တောနက်ထဲရှိ ကောင်းကင်ယံ၌ မြူခိုးများ တဖြည်းဖြည်း လွင့်ပျံလာသည်။ အမျိုးသမီးတစ်ယောက်၏ နက်မှောင်သော ဆံပင်ရှည်များ ဝေဟင်တွင် လွင့်ပျံနေသကဲ့သို့ ထင်မှတ်ရသည်။ တောနက်ထဲမှ မကျေမနပ်ဖြစ်နေသော အငွေ့အသက်များ သိပ်သည်းထူထပ်စွာ မြင့်တက်လာပြီး တိမ်များနှင့် ပေါင်းစည်း၍ အမျိုးသမီး၏ ဆံပင်ရှည်များကို ပို၍ ပေါ်လွင်သွားစေသည်။ အဝေးမှကြည့်ပါက ထိုတားမြစ်နယ်မြေတစ်ခုလုံး အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းနှင့် ဆင်တူသည်။
“ ဒီနေရာမှာ ဘယ်လို မကောင်းဆိုးဝါးမျိုးကို ချုပ်နှောင်ထားလဲ မသိဘူး။ ငါ သွားကြည့်ချင်နေတယ် ”
ခေါင်းဆောင်က တီးတိုးရေရွတ်လိုက်သည်။ သူ အတန်ငယ် ချီတုံချတုံဖြစ်နေပြီး လှည့်၍ ရွှီချင်းဆီသို့ ပျံသန်းသွားသည်။
“ ရွှီချင်း၊ နောက်ထပ်ဘယ်နေရာကို မင်း သွားမှာတုံး။ ဂိုဏ်းကို ဒီလိုမျိုး ပြန်သွားမယ်လို့တော့ ငါ့ကို မပြောနဲ့နော် ”
ရွှီချင်းဘေးသို့ ရောက်သောအခါ ခေါင်းဆောင်က ကျောဆန့်လိုက်ပြီး ပန်းသီးတစ်လုံးထုတ်၍ စားကာ ပြောလိုက်သည်။
“ ကျနော် ပစ္စည်းရောင်းဖို့ မှောင်ခိုဈေး ရှာမလို့ စဉ်းစားထားတာ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မှောင်ခိုဈေးမှာ ပစ္စည်းရောင်းမှာလား။ ခိုးရာပါပစ္စည်းတွေလား ”
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
ရွှီချင်းက ခေါင်းဆောင်ကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
“ ပြစမ်း၊ အဲဒီပစ္စည်းတွေ ငါ့ကို ရောင်းလိုက်လေ။ ငါက ခိုးရာပါပစ္စည်းတွေဆို သဘောအကျဆုံးပဲ ”
ခေါင်းဆောင်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ ရွှီချင်း ချီတုံချုံဖြစ်သွားသည်။ မိတ်ဆွေတစ်ယောက်ကို ထိုပစ္စည်းများ မရောင်းသင့်ကြောင်း သူ ခံစားလိုက်ရသည်။ ထိုဓမ္မအသုံးအဆောင်များက အခွံသာကျန်တော့ပြီး အနည်းငယ်အားစိုက်လိုက်သည်နှင့် ပျက်စီးသွားသည်ကို တွေ့ရှိသွားပါက ခေါင်းဆောင်က သူ့ကို ချက်ချင်း လာရှာမည်သာ ဖြစ်သည်။
“ အဲဒီပစ္စည်းတွေက မှောင်ခိုဈေးနဲ့ သင့်တော်တာ ”
ရွှီချင်းက ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။
“ ချင်းလေး၊ မင်းကလဲ ကပ်စေးနည်းလှချည်လား။ ဘယ်သူ့ရောင်းရောင်းအတူတူပဲလေ။ မင်းက ငါ့ကို အထင်သေးတာလား။ ငါ့မှာ ပိုက်ဆံရှိပါတယ်ကွ ”
ခေါင်းဆောင်က မကျေမနပ်ဖြင့် ပြောသည်။
ရွှီချင်း၏မျက်နှာအမူအရာ တစ်မျိုး ဖြစ်သွားသည်။ သူ ချောင်းတဟွတ်ဟွတ်ဆိုးသွားပြီး ခေါင်းဆောင်ကို မလိမ်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခေါင်းဆောင်၏စကားများကို ဖြေမနေတော့ဘဲ အရှိန်တင်လိုက်ပြီး လုကျောက်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ ဦးတည်လိုက်သည်။
သူ ရွေးချယ်လိုက်သည့် မှောင်ခိုဈေးနှင့် ပတ်သက်၍ သူ လာကတည်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံ စုံစမ်းခဲ့ပြီးပြီ ဖြစ်သည်။
လီထူဂိုဏ်း၏ နယ်နိမိတ်နှင့် နီးကပ်သော လင်းယုံမြို့ဆိုသည့်နေရာ၌ မြေပြင်အခြေအနေက အနီရောင်လွင်ပြင်ထက် ပို၍ပင် ဆိုးဝါးသည်။ ထို့ကြောင့် ထိုနယ်မြေကို အင်အားကြီးအုပ်စုများက တန်ဖိုးမထားကြပေ။ သို့သော် ရက်စက်ကြမ်းကြုတ်သောလူများ စုဝေးရာနေရာဖြစ်လာပြီး တဖြည်းဖြည်းနှင့် မှောင်ခိုဈေးကွက်ဗဟိုချက် ဖြစ်လာသည်။
သူ ရောင်းချင်သည့်ပစ္စည်များ၏ စွမ်းအင်အများစုကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက လျှို့ဝှက်နည်းလမ်းသုံးကာ ပစ္စည်းများကို ပုံမပျက်စေဘဲ စုပ်ယူခဲ့သည်။ မူလက ထိုပစ္စည်းများကို ရွှီချင်း ရောင်းရန် တွေးမထားခဲ့ပေ။ သို့သော်လည်း ပိုးကောင်နက်လေးများကို ဖော်စပ်ရန် အသုံးစာရိတ်မှာ အလွန်ကြီးမားသည်။
ယခုလောလောဆယ် သူ့မှာ ဝိညာဉ်ကျောက်တုံးများများစားစား မရှိတော့ပေ။ ထို့ကြောင့် ဓမ္မအသုံးအဆောင်များကို သူ တွေးမိလိုက်ခြင်း ဖြစ်သည်။
“ အဲဒါတွေ ရောင်းပြီးရင် ကျနော် ဂိုဏ်းကို ပြန်မှာ ”
ရွှီချင်းက ယတိပြတ်ဆုံးဖြတ်လိုက်သည်။ သူသည် အရှိန်တင်လိုက်ပြီး လုကျောက်မြို့နှင့် နီးသသည်ထက် နီးကပ်သွားကာ နောက်ထပ်ခုနစ်မိနစ်၊ ရှစ်မိနစ်အတွင်း ရောက်တော့မည် ဖြစ်သည်။ ရွှီချင်းသည် လေထဲ၌ ဆတ်ခနဲ ရပ်လိုက်ပြီး မြေပြင်ကို ကြည့်လိုက်သည်။
မြေပြင်၌ လုကျောက်မြို့သို့ ဦးတည်သွားသော လှည်းတန်းကြီးတစ်တန်း ရှိသည်။
ထိုလှည်းတန်းကြီးထဲတွင် အနက်ရောင်မြင်းလှည်းအစီးသုံးဆယ်ကျော် ရှိသည်။ ဘေးပတ်ဝန်းကျင်ရှိ အစောင့်အရှောက်များနှင့် လှည်းတန်းပေါ်၌ ထိုင်နေသော လူများသည်ပင် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
လှည်းတန်းကို ကြည့်လိုက်သည်နှင့် လူသတ်ချင်စိတ်များ ဖြစ်စေသည်။ ဤနေရာတစ်ဝိုက်တွင် ထိုကဲ့သို့ အင်အားစုကို ရန်စဝံ့သော အင်အားစုများစွာ မရှိပေ။
အထူးသဖြင့် လှည်းတန်းထဲ၌ ထူးကဲသော ဖိအားများ ထုတ်လွှတ်နေသည့် အဆင့်မြင့်ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများရှိသည်။ ယင်းအပြင် အလယ်ရှိ မြင်းလှည်းပေါ်တွင် အဘိုးအိုတစ်ယောက်ကို ရွှီချင်း မြင်လိုက်ရသည်။
ထိုအဘိုးအို၏ ကျင့်ကြံခြင်းသည် အခြေတည်အဆင့်ဖြစ်ပါသော်လည်း ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ရန် သက်စောင့်မီးတောက်အား မထွန်းညှိနိုင်သေးပေ။ ရွှီချင်း၏ အမြင်၌ အဘိုးအို၏ ခန္ဓာကိုယ်မှ အငွေ့အသက်များအရ ဓမ္မတံခါး ဆယ့်ငါးခု၊ ဆယ့်ခြောက်ခုခန့် ဖွင့်ထားဟန်တူသည်။
တခြားမြင်းလှည်းများကို တခြားလူများအနေဖြင့် မြင်ရမည်မဟုတ်သော်လည်း ရွှီချင်းမှာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မြင်းလှည်းတိုင်း၌ ရတနာမုဆိုးများကို အကျဉ်းချထားသော လှောင်အိမ်တစ်လုံးစီ ရှိသည်။
ထိုလှောင်အိမ်များထဲတွင် ယောက်ျားများ၊ မိန်းမများ ပါရှိပြီး အများဆုံးမှာ ကလေးများဖြစ်သည်။ သူတို့အားလုံး သတိလစ်နေကြသည်။ နိုးနေသော အရွယ်ရောက်ပြီးသားလူငယ်တချို့ ပါသော်လည်း သူတို့ခန္ဓာကိုယ်များမှာ အားအင်ကင်းမဲ့ကာ သူတို့ပုံစံများက စိတ်ဓာတ်ကျနေပုံရသည်။ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် လှောင်အိမ်ထဲမှာ လှဲနေကြသည်။
“ ညဉ့်ငှက်အဖွဲ့အစည်းက အတော် စိတ်ပျက်စရာပဲ။ ဘယ်လိုပဲလုပ်လုပ် သတ်မရအောင် ကပ်တွယ်နေတဲ့ တစ္ဆေတစ်ကောင်လိုမျိုးပဲ ”
ခေါင်းဆောင်သည်လည်း မြေပြင်ပေါ်ရှိ လှည်းတန်းကို မြင်၍ ရွံရှာစက်ဆုပ်စွာ ပြောလိုက်သည်။
“ ရတနာအကျဉ်းသားတွေကို တောင်းဆိုမှုမြင့်မားလို့ ကျနော်တို့ အမြစ်ဖြုတ်သုတ်သင်ပစ်လို့ မရတာလား ”
ရွှီချင်းက အောက်ဘက်ရှိ လှည်းတန်းကို အေးတိအေးစက်ကြည့်၍ မေးလိုက်သည်။
“ ဟုတ်တယ်။ နန်းဟွမ်ကျွန်းကြီးထဲမှာဆိုရင် ကျစ်ထူနဲ့ လီထူဂိုဏ်းတွေက ရတနာအကျဉ်းသားတွေကို အဓိက ဝယ်ကြတယ်။ ပင်လယ်ရပ်ခြားကဆိုရင် ဝမ်ကူးဒေသကြီးပေါ့။ အဲဒီက ရတနာအကျဉ်းသားတွေကို ပိုပြီး ဝယ်ကြတယ် ”
“ ဓမ္မရတနာတွေလုပ်တဲ့နေရာမှာပဲ ဓာတ်နှောတွေ ဖယ်ဖို့ ရတနာအကျဉ်းသားတွေ လိုတာ မဟုတ်ဘူး။ ဓမ္မရတနာအပျက်အစီးတချို့နဲ့ အဆင့်မြင့်ဓမ္မအသုံးအဆောင်တွေအတွက်လည်း လိုတယ်။ လူတွေရဲ့ အသက်တွေနဲ့ အဲဒီရတနာတွေကို သန့်စင်ရတယ်။ ခုနစ်ဂိုဏ်းမဟာမိတ်မှာတောင် တိတ်တဆိတ် အရောင်းအဝယ် လုပ်တယ် ”
“ ပြီးတော့ ရတနာအကျဉ်းသားတွေရဲ့အသက်ကို သုံးတာက ရတနာတွေ မွေးမြူတဲ့နေရာမှာ ပိုပြီး အကျိုးရှိတယ်။ အဲဒါကြောင့် အဲဒီအရောင်းအဝယ်မှာ မျိုးနွယ်အားလုံး ပါဝင်ပတ်သက်နေတာ။ နန်းဟွမ်ဒေသကြီးက လူသားမျိုးနွယ်မှာ ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ မျိုးဆက်သွေးတွေ အနည်းနဲ့အများ ရှိနေတာ။ ဒီတော့ အဲဒီလူတွေကို ရတနာတွေ မွေးမြူတဲ့နေရာမှ အသုံးချတဲ့အခါ ပိုပြီး ထူးခြားတဲ့ရလဒ်တွေ ရတာပဲ ”
“ အဲဒါကြောင့် ညဉ့်ငှက်အဖွဲ့အစည်းက နန်းဟွမ်ကျွန်းကြီးမှာ လှုပ်ရှားနေတာ ”
ခေါင်းဆောင်က သုန်မှုန်နေသောအမူအရာဖြင့် ပြောလိုက်သည်။
ရွှီချင်းသည် ငြိမ်သက်နေပြီး အောက်ဘက်ရှိ လှည်းတန်းကို ကြည့်လိုက်သည်။ ခဏအကြာ သူ့အနောက်ရှိ အရိပ်ထဲမှ သံတုတ်နက်လေးက လှစ်ခနဲ ပြေးထွက်သွားသည်။
ဂျိမ်းခနဲ မြည်ဟည်းသံနှင့်အတူ သံတုတ်နက်လေးက မိုးကြိုးပစ်သည့်အလား ကျဆင်းသွားပြီး ညဉ့်ငှက်အဖွဲ့ဝင်များ၏ လည်ပင်းများကို ထိုးဖောက်သွားသည်။
ထိုချီစုစည်းခြင်းအဆင့် ညဉ့်ငှက်အဖွဲ့ဝင်များမှာ မရှောင်တိမ်းနိုင်ပေ။ အမှန်စင်စစ် မည်သို့ ဇီဝိန်ချုပ်သွားကြရသည်ကိုပင် သူတို့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
အဝေးမှကြည့်ပါက လှည်းများကြားထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု ကူးခတ်သွားလာနေပြီး ခန္ဓာကိုယ်များမှ သွေးများ ဖွာခနဲ ပန်းထွက်နေသည်ကိုသာ မြင်ရပေမည်။ အခြေတည်အဆင့်အဘိုးအိုသည် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ့ကို မသတ်ပေ။ ရွှီချင်းရှေ့သို့ ထိုအဘိုးအို၏ ခန္ဓာကိုယ်ကို ခေါ်လာသည်။
အဘိုးအို တုန်ရီသွားပြီး သူ့မျက်လုံးများထဲတွင် တစ်ခါမှမကြုံဖူးသော ကြောက်ရွံ့ခြင်းများ ထင်ဟပ်နေသည်။
သူ့အမြင်၌ ရုပ်ဖျက်ထားသော ရွှီချင်းနှင့်ခေါင်းဆောင်တို့ထံမှ ပတ်ဝန်းကျင်ကို ပုံပျက်သွားစေကာ သူ့အမြင်အာရုံများကို ဝေဝါးသွားစေနိုင်သည့် ကြောက်ခမန်းလိလိအငွေ့အသက်များ ထွက်နေသည်။ ထိုသူနှစ်ယောက်က လက်ချောင်းတစ်ချောင်းတည်းဖြင့် သူ့ခန္ဓာနှင့် ဝိညာဉ်ကို ဖျက်စီးနိုင်သည်ဟု သူ ခံစားမိနေသည်။
သူတို့က အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပါသော်လည်း ကွာခြားချက် ကြီးမားလွန်းသည် မဟုတ်ပါလား။
“ ဆရာကြီး၊ ကျုပ် … ”
“ ခင်ဗျားလှည်းတန်းက ဘယ်ကို သွားမှာတုံး ”
ရွှီချင်းက အေးတိအေးစက် မေးမြန်းလိုက်သည်။
အဘိုးအိုသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီး ရွှီချင်း၏မျက်နှာပေါ်တွင် စိတ်မရှည်နိုင်သည့်အမူအရာတစ်ခု ပေါ်လာသည်။ အဘိုးအိုကို သူ စစ်မေးရန် ပြင်လိုက်စဉ် ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
“ ငါ လုပ်လိုက်မယ် ”
ပြောပြီးသည်နှင့် ခေါင်းဆောင်က ညာလက်ကို မြှောက်၍ လေထဲသို့ ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် လေအေးများက အပ်တစ်ချောင်းအဖြစ် စုစည်းသွားသည်။ အဘိုးအို ထိတ်လန့်ကြောက်ရွံ့နေစဉ် အပ်က အဘိုးအို၏ခန္ဓာကိုယ်ထဲ ဖောက်ထွင်းသွားပြီး ခန္ဓာကိုယ်တစ်လျှောက် ဖြည်းညင်းစွာ လှည့်ပတ်သွားသည်။
နာကျင်မှုကြောင့် အဘိုးအိုမှာ တောင့်မခံနိုင်တော့ဘဲ ပုံလျက်သားလဲကျသွားပြီး သူူ သိသမျှ မချွင်းမချန် ပြောပြလိုက်လေသည်။
ယခုတစ်ခေါက် သူတို့ကိုသာ ညဉ့်ငှက်အဖွဲ့မှ စေလွှတ်လိုက်ခြင်း မဟုတ်ပေ။ နန်းဟွမ်ဒေသတစ်ခွင်ရှိ ညဉ့်ငှက်အဖွဲ့ဝင်များအားလုံးကို သူတို့လက်ထဲရှိ ကုန်ပစ္စည်းများအား ချီရွှဲ့ထုံဂိုဏ်းသို့ ပို့ဆောင်ပေးရန် သူတို့ အထက်လူကြီးများက အမိန့်ပေးထားသည်။
ချီရွှဲ့ထုံဂိုဏ်းသို့ အဝေးမှနေ၍ အရေးကြီးသော ဝယ်လက်တစ်ဦး မကြာခင် ရောက်လာမည်ဖြစ်ကြောင်းကိုလည်း သူတို့ကို ပြောထားသည်။ ထိုဝယ်လက်က ကုန်ပစ္စည်းများစွာ လိုချင်သည်။
နန်းဟွမ်ဒေသတစ်ခွင်လုံးတွင် ထိုကဲ့သို့ လှည်းတန်းများစွာ ရှိပြီး သူတို့အားလုံး ချီရွှဲ့ထုံဂိုဏ်းသို့ ဦးတည်သွားမည့်နည်းလမ်းများကို စဉ်းစားနေကြသည်။
ထိုသတင်းကို ရွှီချင်း ကြားသောအခါ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။
ခေါင်းဆောင်၏မျက်လုံးများသည်လည်း မှေးသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ အဘိုးအို၏ တစ်ကိုယ်လုံး တုန်ရီကာ ပေါက်ကွဲသွားပြီး ရေခဲတုံးများအဖြစ် ပြောင်းလဲ၍ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ သူ့ခန္ဓာနှင့် ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်။
“ ကြည့်ရတာ လူဆိုးထိန်းဌာန အလုပ်များတော့မယ့်ပုံပဲ။ ဒါပေမဲ့ အဲဒီအဘိုးကြီးပြောတဲ့ ဝယ်လက်က ဘယ်သူဖြစ်မှာတုံး ငါ သိချင်တယ်။ အဝေးကနေ လာမယ်ဆိုတော့ ဂိုဏ်းအပြင်ကလူလား ”
ခေါင်းဆောင်ငြိမ်သက်သွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ဘာမှမပြောသော်လည်း သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်သောအလင်းများဖြင့် ဝင်းလက်နေသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး အောက်ဘက်ရှိ လှောင်ချိုင့်များ ပွင့်သွားသည်။ လှောင်ချိုင့်များထဲရှိ လူအားလုံး နိုးထလာကြပြီး ပြန်လည်လွတ်မြောက်သွားကြသည်။
ရွှီချင်းက ဘာမှဆက်လုပ်မနေတော့ပေ။ သူတို့သည် အခါအခွင့်သင့်၍သာ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ညဉ့်ငှက်အဖွဲ့အစည်းကို မုန်းတီးသည့်အတွက်ကြောင့်သာ သူ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သူက ခေါင်းဆောင်နှင့်အတူ လုကျောက်မြို့သို့ ဆက်သွားလိုက်သည်။ သူတို့နှစ်ယောက်က ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားပြီး လင်းယွမ်မြို့သို့ ဦးတည်သွားလိုက်သည်။
လီထူဂိုဏ်း၏ ပိုင်နက်အစွန်အဖျားတွင် တည်ရှိသော လင်းယွမ်မြို့သည် ဘေးပတ်လည်ရှိ ခြောက်ကပ်ကပ်နယ်မြေအသွင်အပြင်နှင့် ခြားနားသည်။ ထိုမြို့ငယ်လေးသည် အတော်လေး စည်ကားပြီး အမိန့်အာဏာများ မရှိပေ။ ထို့ကြောင့် ရာဇဝတ်ကောင်များနှင့် လူဆိုးများ သဘောကျသည့်နေရာ ဖြစ်သည်။
ယင်းအချက်ကြောင့် ထိုမြို့သည် ရုန့်ရင်းဆတ်ခန်ဖြစ်နေပြီး မြို့ထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများစွာ ရှိသည်။ ရံဖန်ရံခါ ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် ပေါ်လာတတ်သည်။ သူတို့ထဲမှ အများစုက ဤနေရာသို့ နောက်ကြောင်းမရှင်းသော ပစ္စည်းများကို လဲလှယ်ရန် ရောက်လာကြခြင်း ဖြစ်သည်။
ယေဘုယျပြောရလျှင် ဤနေရာသို့ ပစ္စည်းလဲရန် ရောက်လာသူများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသော လူများဖြစ်သည်။ ယင်းအပြင် ထိုမြို့က ပရမ်းပတာဖြစ်နေသည့်တိုင်အောင် နေရာတိုင်းတွင် လူသတ်ပွဲများဖြင့် ပြည့်နှက်နေသည်ဟု မဆိုလိုပေ။ အလည်အပတ်လာသူများက သူတို့ပစ္စည်းဥစ္စာများကို ထုတ်မပြမချင်း ဤနေရာတွင် ပြဿနာဖြစ်မည် မဟုတ်ပေ။
ထိုပုံမှန်မဟုတ်သော စည်းကားခြင်းမျိုးကြောင့် လင်းယွမ်မြို့သည် နန်းဟွမ်ဒေသကြီးထဲ၌ အတော်လေး ထင်ရှားကျော်ကြားပြီး ထိုမြို့ထဲတွင် အင်အားစုများစွာ နေထိုင်ကြသည်။
ဤမြို့ထဲတွင် တောတွင်းဥပဒေသည်သာ တစ်ခုတည်းသော စည်းမျဉ်းဖြစ်သည်။
ထို့ကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်သို့ လျှောက်လာသည့်အခါ သူတို့ကို ကြိုဆိုနေသည်မှာ သူတို့အစွမ်းနှင့် တန်ဖိုးကို တွက်ချက်နေသော ကျင့်ကြံသူများ၏ ရက်စက်ကြမ်းကြုတ်သည့်အကြည့်များ ဖြစ်ပေသည်။
ထိုသူများအနက် လင်းယုံမြို့ထဲတွင် နေထိုင်သည့် ကလေးများလည်း ပါသည်။ ထိုကလေးများသည်လည်း လင်းယုံမြို့သို့ ပထမဆုံးရောက်လာသည့် ကျင့်ကြံသူများကို စောင့်ကြည့်နေကြသည်။ ထိုကလေးများကို များသောအားဖြင့် ဒေသတွင်း လမ်းညွှန်အဖြစ် အသုံးချကြပေသည်။