သွေးဆာနေသော ဓမ္မအသုံးအဆောင်များ
Vol. 21 Ch. 311
မှောင်ခိုဈေးတွင် လူမျိုးစုံရှိသည်။ ချီရွှဲ့ထုံဂိုဏ်းသည် နန်းဟွမ်ဒေသကြီး၌ ထိပ်သီးအင်အားစုများထဲတွင် ပါဝင်ပါသော်လည်း အမှောင်ထဲမှ စောင့်ကြည့်နေသူများ ရှိနေသေးသည်။
ရွှီချင်းသည် အမြဲသတိထားနေပြီး အမှောင်ဈေးထဲတွင် လုပ်ခဲ့သည့်ကိစ္စများ ပေါ်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူက ပို၍ ပီပြင်စွာ ရုပ်ဖျက်လိုက်သည်သာမက သူ့အရှိန်အဝါကိုပါ ဖုံးကွယ်လိုက်သည်။
မြေခွေးအိုကြီးတစ်ယောက်ဖြစ်သောခေါင်းဆောင်သည် ရွှီချင်းထက်ပင် ပို၍ ပီပြင်အောင် ရုပ်ဖျက်ထားသည်။ သူသည် ခါးကုန်းအဘိုးကြီးတစ်ယောက်အသွင် ပြောင်းလဲလိုက်သည်။ သူ့ပုံစံက ရောဂါဝေဒနာသည်တစ်ယောက်အသွင် ရှိပြီး အနိုင်ကျင့်၍ရသည့်လူတစ်ယောက်နှင့် ဆင်တူသည်။
လေ့လာကြည့်ရသရွေ့ သူ၏ရုပ်ဖျက်ပုံသည် ရွှီချင်း ပြောင်းလဲထားသည့် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူထက် ပို၍ ပီပြင်သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်သို့ လျှောက်လာပြီးနောက် ရွှီချင်းက ခေါင်းဆောင်ကို ကြည့်ကာ အနည်းငယ် ဗဟုသုတ ရလိုက်သလို ခံစားလိုက်ရသည်။
ခေါင်းဆောင်သည် ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး မြို့ကိုလှည့်ပတ်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဒီနေရာက မဆိုးဘူး။ ငါ့မှာလည်း လဲချင်တဲ့ပစ္စည်းလေးတွေ ရှိတယ်ကွ။ ကိစ္စဝိစ္စလေးတွေ ပြီးရင် ငါတို့ ဒီနေရာမှာပဲ ဆုံကြမယ် ”
ခေါင်းဆောင်က ပြော၍ လျှောက်သွားသည်။ သူသည် ဘေးပတ်လည်ရှိ သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသော ကလေးများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ကလေးတစ်ယောက်ကို သာမန်ကာလျှံကာ ရွေးချယ်လိုက်သည်။
ထိုကလေး၏ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်း နောက်မှ လိုက်သွားသည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးရှိနေ၍ လမ်းညွှန်တစ်ယောက် မရွေးတော့ပေ။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် မှောင်ခိုဈေးကို ကောင်းစွာ ကျွမ်းကျင်သည်။ ထို့ကြောင့် ရွှီချင်းက မျက်နှာသေဖြင့် အဝေးသို့ လျှောက်သွားသည်။ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ယုတ်မာသော အကြည့်စူးစူးတချို့ သူ့အပေါ် စုပြုံလာသည်။ ရွှီချင်း ထွက်သွားသည်နှင့် ထိုအကြည့်တစ်ဝက်ကျော် ပျောက်သွားပါသော်လည်း အကြည့်အနည်းငယ် ရှိနေသေးသည်။
“ သခင်လေး၊ ဒါ သိပ်ကောင်းတဲ့အစီအစဉ်ပါ။ မှောင်ခိုဈေးမှာ လောဘကြီးတဲ့လူတွေ အများကြီး ရှိနေတတ်တာ သခင်လေး သိပြီးသားနေမှာပါ။ ဒီတော့ သူတို့ကို သခင်လေးရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်လိုက်တယ်။ ဒါဆို ပစ္စည်းအားလုံးရောင်းတဲ့အခါ အပိုအကျိုးအမြတ်တွေ ကျွန်တော်မျိုးတို့ ရနိုင်တယ် ”
“ နောက်ပိုင်းကျရင် ပစ္စည်းတွေ နည်းနည်းလောက် ထုတ်ပြဖို့ ကျွန်တော်မျိုး အကြံပေးချင်တယ်။ အဲဒီထုတ်ပြတဲ့ပမာဏကို သခင်လေး ထိန်းချုပ်ထားရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို မဟုတ်ဘဲ အဲဒီအသုံးမကျတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေကို မျှားခေါ်နိုင်ပါတယ် ”
“ သခင်လေး၊ အဲဒီတိရစ္ဆာတွေအားလုံး ငတုံးတွေပါ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ကပ်ဖားရပ်ဖားအမူအရာဖြင့် ပြောလိုက်သည်။ ထိုအတောအတွင်း သူ နိမ့်ကျနေသလို ခံစားနေရသည်။ တစ်ဖက်တွင် ခေါင်းဆောင်ရှိနေ၍ ကိုယ်ထင်မပြနိုင်ခဲ့ပေ။ တခြားတစ်ဖက်တွင် အရိပ်လေးက ဝင့်ကြွားသည့်အမူအရာများ ပြသလာသည်။
ယင်းကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး အလွန် သတိထားနေသည်။ မှောင်ခိုဈေးထဲ၌ မိစ္ဆာရွှီ၏ရင်ထဲတွင် သူ့အခန်းကဏ္ဍကို ပို၍ နက်ရှိုင်းသွားအောင် လုပ်ရန် သူ ဆုံးဖြတ်ထားသည်။ မိစ္ဆာရွှီကို သူက အသုံးမကျသောလူတစ်ယောက်ဟု မထင်သွားစေချင်ပေ။
“ ကောင်းပြီ ”
ရွှီချင်းက ဆိုင်များနှင့် ဘေးပတ်လည်ရှိ လူများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤမြို့ထဲတွင် လမ်းသွားလမ်းလာများစွာရှိပြီး အများစုက ရုပ်ဖျက်ထားကြသည်။ သူတို့သည် ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားကြပြီး သူတို့ရုပ်ရည်ကို တခြားလူများ မမြင်ရစေရန် မျက်နှာဖုံးများပါ တပ်ထားသည်။ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများကို နားမထောင်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သို့သော်လည်း ထိုရိုးရှင်းသော တုံ့ပြန်ချက်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရင်ထဲတုန်ရီသွားရသည်။
‘ အရင်က မိစ္ဆာရွှီက စကားတစ်ခွန်းတည်းပဲ ခပ်ပြတ်ပြတ်ပြောလိုက်ရင် သဘောမကျတဲ့အရိပ်အယောင် ပြတာပဲ။ ငါ အခုပြောတာ မှားသွားတာလား။ မိစ္ဆာရွှီက ပစ္စည်းတွေကို လွယ်လွယ်ကူကူ ရောင်းဖို့ မတွေးထားဘူးမလား။ ဒီကိစ္စကြောင့် င့ါကို သဘောမကျတာ ဖြစ်သွားမလား။ မဟုတ်သေးဘူး။ ငါ တခြားနည်းနဲ့ တွေးကြည့်ရမယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ဒါက င့ါကို အသုံးမဝင်တော့တဲ့ စာရွက်တစ်ရွက်လို့ လွှင့်ပစ်မယ့်လက္ခဏာပဲ ’
ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရင်ထဲ တုန်ရီသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“ သခင်လေး၊ ကျွန်တော်မျိုး စောစောကပဲ တွေးမိလိုက်တာ။ ဓမ္မအသုံးအဆောင်တွေကို ကျွန်တော်မျိုးတို့ ဒီလိုမျိုး ရောင်းလိုက်ရင် ဈေးကောင်းရမှာ မဟုတ်ဘူး။ ကျွန်တော်မျိုးမှာ အကြံကောင်းတစ်ခု ရှိပါတယ် ”
ရွှီချင်းသည် ကျင့်ကြံသူများစွာ မရှိသော ဓမ္မအသုံးအဆောင်ပစ္စည်းဆိုင်တစ်ဆိုင်သို့ ဝင်မည်ပြုစဉ် ထိုစကားကို ကြားလိုက်ရပြီး အံ့အားသင့်သွားကာ ခြေလှမ်းများ နှေးသွားသည်။
“ သာမန်ပုံစံပေါက်နေပေမဲ့ နည်းနည်းလောက် ထိလိုက်တာနဲ့ ပျက်စီးသွားနိုင်တဲ့ ဒီဓမ္မအသုံးအဆောင်တွေလိုမျိုး ပစ္စည်းတွေကို လူတွေက အစစ်နဲ့အတု ရောထွေးရောင်းတတ်ကြတယ် ”
“ အဲဒီအတွက်ကို ကျွန်တော်မျိုး စဉ်းစားထားပါတယ်။ အဲဒီလိုပစ္စည်းအရည်အသွေးကပဲ အထူးထုတ်ကုန်ဖြစ်သွားမှာ။ ဒီနေရာမှာ လူပေါင်းစုံနေသလို လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ကြတယ်မလား။ ပစ္စည်းတွေကို ကိုယ့်အတွက် မဝယ်ဘဲ တခြားသူတွေကို လှည့်စားဖို့ ဝယ်ကြတဲ့လူတွေလည်း ရှိတော့။ အဲဒီလိုဆိုရင် ကျနော်မျိုးတို့ရဲ့ ဓမ္မအသုံးအဆောင်တွေက သူတို့ရဲ့ ဦးစားပေးရွေးချယ်စရာ ဖြစ်သွားမှာ ”
“ ဒါကြောင့် ကျနော်မျိုးတို့ ဆိုင်တွေဆီ မသွားတော့ပါဘူး။ ဆိုင်တစ်ဆိုင် တည်ခင်းရပါမယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။ ထိုစကားကို ရွှီချင်း ကြားပြီးနောက် အတန်ငယ် ငြိမ်သက်သွားပြီး အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။
ထို့အပြင် ပစ္စည်းတစ်မျိုးက ရှားပါးလေလေ ပို၍ အဖိုးတန်လေလေ မဟုတ်ပါလား။ အသုံးလိုနေသူများအတွက် သူတို့ပစ္စည်းက ရှားပါးပစ္စည်း ဖြစ်လာပေမည်။ ထို့ကြောင့် ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အကြံပေးချက်ကို လက်ခံလိုက်ပြီး သူ၏ညွှန်ကြားချက်အတိုင်း လင်းယုံမြို၏ ဈေးကြီးဆီသို့ ဦးတည်သွားသည်။
ကျင့်ကြံသူများထဲတွင် လူကောင်း၊ လူဆိုး ရောနှောနေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရင်းနှီးသော ညွှန်ကြားချက်ဖြင့် ထိုဈေးကြီးထဲရှိ စီမံရေးရာဌာနသို့ ရွှီချင်း ရောက်သွားသည်။ သူက ဆိုင်တစ်ဆိုင် ငှားလိုက်ပြီး ဧရာမသစ်သားပြားကြီးတစ်ချပ်ကို ခင်းလိုက်သည်။
ရွှီချင်း ဘာမှလုပ်နေစရာ မလိုပေ။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သံတုတ်နက်ဖြင့် သစ်သားပြားကြီးပေါ်တွင် ခံ့ညားထည်ဝါစွာ စာသားတစ်ခု ရေးလိုက်သည်။
သွေးဆာနေသော ဓမ္မအသုံးအဆောင်များ
ရွှီချင်း၏မျက်ခုံးနှစ်ဖက် ပင့်သွားပြီး ဘာတစ်ခွန်းမှ မဆိုပေ။ သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာ စောင့်နေသည်။ သူက ဆူဆူညံညံအသံများကို နားစွင့်ရင်း လူအများ ဝင်ထွက်သွားလာနေသော မြို့ကြီးကို ကြည့်လိုက်သည်။
အချိန်အတော်ကြာ စောင့်နေပြီးနောက် ဖြတ်သွားဖြတ်လာလူများစွာက လှမ်းကြည့်လိုက်ကြပါသော်လည်း ခြေလှမ်းများ ရပ်မသွားကြပေ။ ထို့ကြောင့် ရွှီချင်းမှာ အနည်းငယ် စိတ်မရှည်နိုင်အောင် ဖြစ်လာသည်။
“ သခင်လေး၊ စိတ်အေးအေးထားပါ။ အရင်ကလည်း ဒီလိုမျိုးပစ္စည်းတွေရှာဖို့ ကျွန်တော်မျိုး မှောင်ခိုဈေးကွက်တွေအများကြီးဆီ သွားခဲ့တယ်။ ဒီလိုမျိုး ပစ္စည်းတွေက ရှားတယ်။ ဒီနေရာမှာ ကျွန်တော်မျိုးလိုလူတွေ အများကြီးရှိနေမှာ ကျွန်တော်မျိုး ယုံတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလျင်အမြန် ပြောလိုက်သည်။ သူ့ဘေးရှိ အရိပ်လေးက ရန်သူတော်ကြီးတစ်ယောက်အလား တချိန်လုံး သူ့ကို စောင့်ကြည့်နေသည်ကို သူ သတိမထားမိပေ။
တချိန်တည်းမှာပင် အရိပ်လေးမှာ ချက်ချင်း သိသွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားများကို ကြားပြီးနောက် ၎င်းမှာ တစ်ခုခုကို သင်ယူလိုက်ရဟန်တူသည်။
ရွှီချင်းသည် ဘာမှမပြောဘဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိုးရိမ်ပူပန်လာစဉ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သွားသည်။ ရုတ်တရက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းသည်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။
အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် အရပ်ရှည်ရှည်ကျင့်ကြံသူတစ်ယောက် ရွှီချင်း၏ ဆိုင်ရှေ့မှာ ရပ်သွားသည်။ သူ့အကြည့်က သစ်သားပြားပေါ်ရှိ စကားလုံးများပေါ် ရောက်သွားသည်။
“ သွေးဆာတယ်ဆိုပါလား ”
ဝတ်ရုံအောက်မှ ခပ်အုပ်အုပ်အသံ ထွက်လာသည်။
ရွှီချင်းသည် စကားတစ်ခွန်းမဆိုဘဲ ကျောက်စိမ်းပေလွှာတစ်ခုကို ပစ်ပေးလိုက်သည်။ တချိန်တည်းမှာပင် သူက ခေါက်ယပ်တောင် ဓမ္မအသုံးအဆောင်ကို ထုတ်လိုက်ပြီး ဘေးတွင် ချထားလိုက်သည်။
ဝတ်ရုံနက်လူသည် ကျောက်စိမ်းပေလွှာကို ဖမ်းကာ အနီးကပ်ကြည့်ပြီးနောက် ငြိမ်သက်သွားသည်။
ကျောက်စိမ်းပေလွှာထဲမှ စာသားများကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ရေးသားထားခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် ခေါက်ယပ်တောင်အကြောင်းကို စေ့စေ့စပ်စပ် ရှင်းပြထားသည်။ ထိုခေါက်ယပ်တောင်မှာ အပြင်ခွံတစ်ခုသာ ကျန်တော့ပါသော်လည်း အနည်းငယ် အသုံးချနိုင်သေးသည်။ ယင်းအပြင် ခေါက်ယပ်တောင်၏အပြစ်အနာဆာများကို စစ်ဆေးရန် အလွန်ခဲယဉ်းသည်။ သေရေးရှင်ရေးအခြေအနေတွင် ထိုခေါက်ယပ်တောင်ကို အားစိုက်သုံးလိုက်သောအခါမှသာ ပျက်စီးသွားမည် ဖြစ်သည်။
ကျောက်စိမ်းပေလွှာထဲမှ စာသားအရ တခြားလူများကို လှည့်စားရန် ထိုဓမ္မအသုံးအဆောင်များကို ပြုလုပ်ထားခြင်းဖြစ်ဟန်တူသည်။
“ ဈေးနှုန်းက ခေါင်ခိုက်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီဓမ္မအသုံးအဆောင်ကလည်း နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ် ”
ဝတ်ရုံနက်ဝတ်ကျင့်ကြံသူသည် တွေးတောလိုက်ပြီး အလွန် သဘောကျနေသည်။ နောက်ဆုံး၌ ဝိညာဉ်လက်မှတ်တစ်ထပ် ထုတ်လိုက်ပြီး ရွှီချင်းကို ပေးလိုက်သည်။
ရွှီချင်းက ယူလိုက်ပြီး အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ ခေါက်ယမ်တောင် ပျံထွက်သွားပြီး ဝတ်ရုံနက်ဝတ်ကျင့်ကြံသူ၏ လက်ထဲ ရောက်သွားသည်။ လက်ကို ဆန့်ထုတ်လိုက်သည့်ဟန်အမူအရာအရ ထိုကျင့်ကြံသူသည် မိန်းကလေးတစ်ယောက် ဖြစ်နိုင်ကြောင်း ရွှီချင်း သိလိုက်သည်။
ထိုမိန်းကလေးသည် ယပ်တောင်ကို ဖမ်းဆုပ်ကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ကျေနပ်သွားဟန်ဖြင့် အလျင်အမြန် ထွက်သွားသည်။
ရွှီချင်းသည် အကျိုးအမြတ်များများဖြင့် ရောင်းချနိုင်လိုက်သည်ကို မြင်၍ အတော်လေး ပျော်ရွှင်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း သက်ပြင်းမောကြီးချလိုက်ပြီး ရွှီချင်းထံသို့ အသံပို့လွှတ်လိုက်သည်။
“ သခင်လေး၊ စိတ်မပူပါနဲ့။ အဲဒီလိုလူမျိုးတွေကို ကျနော်မျိုး ကောင်းကောင်း နားလည်ပါတယ်။ ဒီလိုဓမ္မအသုံးအဆောင်တွေက တကယ့်ထူးခြားတဲ့ပစ္စည်းတွေပါ။ လူအများစုအတွက် အသုံးမဝင်ပေမဲ့ လူတချို့အတွက်တော့ တခြားလူတွေကို လှည့်စားဖို့ အကောင်းဆုံး နည်းလမ်းတွေပါ။ ပြီးတော့ ဒီလိုမျိုးပစ္စည်းတွေကို မြင်ရတာရှားသလို အပြစ်အနာဆာတွေကို သတိထားမိဖို့လည်း မလွယ်ပါဘူး။ ရန်သူ့လက်ထဲကို ဒီပစ္စည်းရောက်အောင် လုပ်လိုက်ရုံနဲ့ ရန်သူက ဘယ်လိုသေလိုက်ရမှန်းတောင် မသိဘဲ သေသွားမှာပါ ”
“ မဆိုးဘူး ”
ရွှီချင်းက အားပေးစကားဆိုလိုက်သည်။ ထိုစကားများကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိတ်လှုပ်ရှားသွားသည်။
သူ အမှန်တရားကို ပြောပြခဲ့ပြီးပြီ ဖြစ်သည်။ မှောင်ခိုဈေးကွက်ထဲရှိ လူများသည် သူတို့အတွက် ပစ္စည်းများဝယ်ရန် ရောက်လာကြခြင်း မဟုတ်ပေ။ လူအများစုမှာ သူတို့အကြောင်းနှင့်သူတို့ ရှိပေသည်။ သူတို့အတွက် ထိုကဲ့သို့ သွေးဆာနေသော ဓမ္မအသုံးအဆောင်များမှာ ရှားပါးပေသည်။
မကြာခင် ဒုတိယမြောက်ဈေးဝယ်ကို ရွှီချင်း ရရှိလိုက်သည်။ ထိုသူသည် လူသားတစ်ယောက် ဖြစ်ဟန်မတူဘဲ လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဟန်တူသည်။ ရွှီချင်း၏ ကျောက်စိမ်းပေလွှာကို ဖတ်ရှုကြည့်ပြီးနောက် သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ပစ္စည်းသုံးမျိုး တစ်ခါတည်း ဝယ်သွားကာ ထွက်သွားသည်။
ထိုသို့ဖြင့် နေဝင်ရီတရောအချိန်သို့ ရောက်သောအခါ ရွှီချင်း ပြင်ဆင်ထားခဲ့သည့် ဓမ္မအသုံးအဆောင်ရှစ်ခုလုံး ရောင်းထွက်သွားသည်။
ရွှီချင်းသည် ဆိုင်လေးထဲမှ ထွက်လာခဲ့ပြီး ခေါင်းဆောင်ကို ရှာပြီး ဂိုဏ်းသို့ ပြန်ရန် ဈေးထဲ လျှောက်လာခဲ့သည်။
မှောင်နေပြီဖြစ်ပါသော်လည်း ဈေးထဲတွင် ကျင့်ကြံသူများစွာ သွားလာနေဆဲပင်။ ရွှီချင်းသည် လျှောက်သွားနေရင်း ဘေးပတ်လည်ရှိ ဆိုင်တန်းများကို ကြည့်နေသည်။ ရုတ်တရက် သူ့ခြေလှမ်းများ ရပ်သွားပြီး ဘေးရှိ ဆိုင်တစ်ဆိုင်ဆီသို့ အကြည့်ရောက်သွားသည်။
ထိုဆိုင်ပေါ်တွင် ပစ္စည်းများစွာ မရှိပေ။ ဘေးရှိ သစ်သားပြားပေါ်တွင် စကားလုံးအနည်းငယ်သာ ထွင်းထားသည်။ ထိုစကားများက ရွှီချင်း၏စိတ်အာရုံကို ဆွဲဆောင်နေ၏။
“ ဝိညာဉ်ဆေး ”
ဆိုင်ပိုင်ရှင်သည် ဝတ်ရုံနက်ကို ခြုံထားသည်။ ထို့ကြောင့် ဆိုင်ပိုင်ရှင်က ယောက်ျားလား၊ မိန်းမလား သိရန် မဖြစ်နိုင်ပေ။ ယင်းအပြင် တစ္ဆေမျက်နှာဖုံးကိုလည်း တပ်ထားသေးသည်။ ရွှီချင်းက ပစ္စည်းအား စိတ်ဝင်စားနေသည်ကို သတိထားမိ၍ ခေါင်းမော့လာပြီး အေးတိအေးစက်ကြည့်လိုက်သည်။
“ ဆေးလုံးတစ်လုံး ဝိညာဉ်ကျောက်တုံးတစ်သိန်း ”
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုကဲ့သို့ ဝိညာဉ်ဆေးလုံးများက ဈေးခေါင်ခိုက်နေသည်ကို ရွှီချင်း သိသည်။ ဓမ္မအသုံးအဆောင်များ ပြုလုပ်ရာတွင်ဖြစ်စေ၊ ထူးခြားသော ကျင့်ကြံခြင်းနည်းလမ်းများဖြင့် ဓမ္မတံခါးများကို ဖွင့်ရာတွင် ဖြစ်စေ၊ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံရာတွင်ဖြစ်စေ ဝိညာဉ်ဆေးလုံးများက အလွန် အသုံးဝင်သည်။ သို့သော်လည်း ထိုကဲ့သို့ ဈေးနှုန်းဖြင့် အရည်အသွေးမကောင်းပါက အဖိုးမတန်ပေ။
ရွှီချင်း၏ အတွေးများကို ခန့်မှန်းမိသည့်အလား ဆိုင်ရှင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဆေးလုံးအရည်အသွေးက အဆင်ပြေပါတယ်။ အခြေတည်အဆင့်ဝိညာဉ်တွေနဲ့ ဒီဆေးတွေ ဖော်ထားတာ ”
ရွှီချင်း ငြိမ်သက်သွားသည်။ ထိုဆေးလုံးများကို အခြေတည်အဆင့်ဝိညာဉ်များဖြင့် ဖော်စပ်ထားပြီး ဆေးလုံးအလုံအလောက်သာ ရှိနေပါက ဓမ္မတံခါးများ ဖွင့်ရာတွင် အကျိုးရှိပေမည်။ သူ့အနေဖြင့် တတိယမြောက်သက်စောင့်မီးလုံးကို ထွန်းညှိနိုင်ရန် ဓမ္မတံခါးဆယ့်တစ်ခုသာ လိုတော့သည်။
ရွှီချင်းသည် ထိုဓမ္မတံခါးဆယ့်တစ်ခုကို မြန်မြန် ဖွင့်ချင်နေသည်။ ထို့ကြောင့် ဝိညာဉ်လက်မှတ်တစ်ထပ် ပစ်ပေးလိုက်သည်။ ဆိုင်ရှင်က လှမ်းကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ပေးလိုက်သည်။
ရွှီချင်းက လှမ်းယူလိုက်ပြီး သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ အနည်းငယ် မှေးသွား၏။
အမှန်ပင် အခြေတည်အဆင့်ဝိညာဉ်များ ဖြစ်ပေသည်။ ထို့အပြင် ထိုအခြေတည်အဆင့်ဝိညာသ်များမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များ ဖြစ်သည်။ ထိုဝိညာဉ်များထဲတွင် ချီစုစည်းခြင်းအဆင့် ဝိညာဉ်များလည်း ရောနေသည်။ ယင်းချီစုစည်းခြင်းအဆင့် ဝိညာဉ်များသည်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်ပေသည်။
ရွှီချင်းသည် ဆိုင်ရှင်ကို စူးစိုက်ကြည့်လိုက်ပါသော်လည်း ထိုဆိုင်ရှင်၏ကိုယ်မှ ခေါင်းဆောင်၏အရှိန်အဝါကို သူ အာရုံမခံမိပေ။ သို့ဖြစ်ပေရာ ထိုလူ၏ ဝိညာဉ်ဆေးလုံးများအားလုံးကိုသာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များဖြင့် ဖော်စပ်ထားခဲ့သည်ဆိုပါက ထိုလူသည် ချီရွှဲ့ထုံဂိုဏ်းသားဖြစ်နိုင်ချေ အလွန် များသည်။
ယခုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းသည်သာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များစွာကို ပိုင်ဆိုင်ထားနိုင်သည် မဟုတ်ပါလား။
“ ဘယ်နှလုံးလောက်ရှိလဲ ”
ရွှီချင်းက မေးလိုက်သည်။ သူ့ညာလက်က သံတုတ်နက်လေးကို အသာပုတ်လိုက်သည်။
“ အများကြီး ရှိတယ် ”
ဆိုင်ရှင်က ခေါင်းမော့၍ ရွှီချင်းကို အေးစက်မောက်မာသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
ရွှီချင်း တွေးတောကြည့်လိုက်သည်။ ခဏအကြာ သူ ဆုံးဖြတ်ချက်ချလိုက်သည်။
“ ကျုပ် အလုံးလေးဆယ်လိုချင်တယ် ”
ထိုစကားများကို ပြောပြီးသည်နှင့် ချက်ချင်းမှာပင် ဆိုင်ရှင် တအံ့တသြ ဖြစ်သွားသည်။ သူ၏မောက်မာနေသည့်အမူအရာများ ပျောက်ကွယ်သွားပြီး အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။
“ င့ါမှာ အဲဒီလောက်အများကြီး မရှိဘူး။ ခဏလောက် စောင့်ပေးလို့ရမလား။ ငါ့မှာ တခြားအဖော်တွေရှိသေးတယ်။ ငါတို့ပေါင်းလိုက်ရင် ရလောက်မှာပါ ”
“ ကောင်းပြီလေ။ ကျုပ်က ဒီလောက်အများကြီး ဝယ်တာဆိုတော့ အပို ထည့်ပေးမှရမယ်ဗျ ”
ရွှီချင်းက အလေးအနက် ပြောလိုက်သည်။
ဆိုင်ရှင်သည်လည်း ပွင့်လင်းသောလူတစ်ယောက်ဖြစ်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့အဖော်များဆီသို့ အသံပို့လွှတ်လိုက်သည်။ ခဏအကြာ သူကဲ့သို့ ဆင်တူဝတ်ဆင်ထားသည့် ကျင့်ကြံသူငါးယောက်၊ ခြောက်ယောက်ခန့် အလျင်အမြန် ရောက်လာသည်။ သူတို့ အနီးသို့ ရောက်သောအခါ ရွှီချင်းကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။
ထိုကျင့်ကြံသူများအနက် အလွန် အားကောင်းသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားသည့် အရပ်ရှည်ရှည်ကျင့်ကြံသူတစ်ယောက်ရှိသည်။ ထိုကျင့်ကြံသူသည် ရွှီချင်းကို အချိန်ကြာသည်အထိ စိုက်ကြည့်နေ၏။
ရွှီချင်းသည်လည်း သူတို့ကို အကဲခတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် အရပ်ရှည်ရှည်ကျင့်ကြံသူက မခိုးမခန့်ပြောလိုက်သည်။
“ သတ္တမမြောက်တောင်ထိပ်ကလား ”
“ ပထမတောင်ထိပ်ကလား ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အရပ်ရှည်ရှည်ကျင့်ကြံသူ ပြုံးသွားပြီး မေးမြန်းခြင်းကို ရပ်လိုက်သည်။ သူက သိုလှောင်အိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး ရွှီချင်းထံ ပစ်ပေးလိုက်သည်။
“ လေးဆယ့်သုံးလုံး ပါတယ် ”
ရွှီချင်းက လှမ်းဖမ်းကာ စစ်ဆေးကြည့်ပြီးနောက် ဓမ္မအသုံးအဆောင်များကို ရောင်းချရာမှ ရခဲ့သည့် ဝိညာဉ်လက်မှတ်များကို ပေးလိုက်ပြီး လှည့်ထွက်သွားသည်။
သူ ထွက်သွားပြီးနောက် ထိုဝတ်ရုံနက်ကျင့်ကြံသူများက သူ ထွက်သွားသည့်ဘက်သို့ ကြည့်နေကြသည်။ အစောပိုင်းက ရွှီချင်းနှင့် ဆွေးနွေးနေခဲ့သော ဆိုင်ရှင်က ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
“ ဒုတိယအစ်ကိုကြီး၊ သတ္တမမြောက်တောင်ထိပ်က အဲဒီကလေးက ဘယ်သူတုံး။ ဂိုဏ်းက ဆုကြေးတောင် အခုထိ မပေးရသေးတာကို ဘာလို့ ဒီလောက် ချမ်းသာနေရတာတုံး ”
“ ပြောဖို့ခက်တယ်။ အဲဒီသတ္တမမြောက်တောင်ထိပ်က လူတွေအကုန်လုံးက ဝှက်ဖဲထားရတာကို သိပ်ကြိုက်ကြတာ။ နောက်ကျ ငါ စုံစမ်းကြည့်လိုက်မယ်။ သူ ဒီလောက် ချမ်းသာနေပုံထောက်ရင် တာအိုအစောင့်အရှောက်တစ်ယောက်တော့ လိုမှာပဲ။ အချိန်ကျလာရင် ငါတို့ကို ခန့်အောင်လုပ်ပြီး သူ့ဆီကနေ ငွေရလမ်းဖန်တီးရမှာပဲ။ သူ ငါတို့ကို ရက်ရက်ရောရောပေးမှာ သေချာပါတယ် ”
“ အဲဒီကိစ္စ နောက်မှပြောကြတာပေါ့။ အရင်ဆုံး ပစ္စည်းကုန်အောင် မြန်မြန်လေး ရောင်းလိုက်ကြစို့။ စစ်ပွဲက ပြီးတော့မယ်။ ငါတို့ပစ္စည်းတွေ အကုန်လုံး ရောင်းပြီးသွားရင် စစ်ပွဲကို ဆက်သွားလို့ရမှာ မဟုတ်လောက်တော့ဘူး ”