မုန်တိုင်း အစပျိုးလာသော
Vol. 21 Ch. 312
“ သူတို့ထဲမှာ ပထမတောင်ထိပ်က မင်းသားပါတယ်။ အဲဒီမှာ မင်းသားဘယ်နှယောက်ရှိနေတာလဲ မသိဘူး ”
ရွှီချင်းသည် မြို့ပြင်သို့ ထွက်လာခဲ့ပြီး အမှောင်ထုထဲ လျှောက်လာခဲ့သည်။ ထို့နောက် အစောပိုင်းက လူအနည်းငယ်အကြောင်းကို သူ တွေးတောလိုက်သည်။
သူတို့သည် သူတို့အရှိန်အဝါများကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသော်လည်း ဝူကျန်းဝူ၏ဓားချီနှင့် ဆင်တူသော ဓားချီများကို ရွှီချင်း အာရုံခံမိခဲ့သည်။ အပြင်လူများအနေဖြင့် ပြောရန်ခက်ခဲကောင်း ခက်ခဲမည်ဖြစ်ပါသော်လည်း ရွှီချင်းသည် ဝူကျန်းဝူနောက်သို့ အချိန်အတော်ကြာ လိုက်လံသတ်ဖြတ်ခဲ့ဖူးသဖြင့် ထိုအရှိန်အဝါကို ကောင်းကောင်း နားလည်နေသည်။
တစ်ယောက်တည်း ဖြစ်နေစဉ်အခါက အာရုံက အလွန်ပြင်းထန်ခြင်း မရှိခဲ့ပေ။ သို့သော် သူတို့အားလုံး စုံလိုက်သောအခါ သူ့အာရုံမှာ မလွဲနိုင်ပေ။
“ သူတို့က စစ်တိုက်နေတဲ့အချိန်ကြီးကို ပြန်လာလို့ရတာလား ”
ရွှီချင်း အတွေးနက်သွားသည်။ ထို့နောက် အစောပိုင်းက ခေါင်းဆောင်၏ စကားများနှင့် ဂိုဏ်းမှထွက်မလာခင်က ခုနစ်ဂိုဏ်းမဟာမိတ်ဝင်ရောက်စွက်ဖက်သည့်သတင်းများကို သူ တွေးမိလိုက်သည်။
သူ အဖြေတစ်ခု ရသွားသည်။
“ စစ်ပွဲက တကယ်ပဲ အဆုံးသတ်တော့မဲ့ပုံပဲ ”
ရွှီချင်းမှာ အနည်းငယ် ရင်ခုန်နှုန်းမြန်သွားသည်။ စစ်ပွဲကြီးပြီးကာ ဂိုဏ်းမှ ခွဲဝေပေးမည့်ဆုကြေးငွေများကို သူ စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်သည်။
ယခု သူ ဆင်းရဲနေပြီဖြစ်သည်။ ယခုလေးတင် သူ ရရှိခဲ့သည့် ဝိညာဉ်ကျောက်တုံးများကို ဝိညာဉ်ဆေးလုံးများ ဝယ်ရာတွင် အသုံးပြုလိုက်သည်။ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ ရင်းနှီးမြှုပ်နံှထားပါသော်ငြား ခွဲဝေရမည့်အချိန် မဟုတ်သေးပေ။
“ ငါ ချမ်းသာလာတော့မှာပါ ”
ရွှီချင်းသည သက်ပြင်းရှိုက်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ အလျင်အမြန် လျှောက်သွားသည်။ လမ်းတွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သူ အသံပို့လွှတ်လိုက်သည်။
“ စောစောက အရောင်းအဝယ်လုပ်တာကို မှတ်တမ်းတင်လိုက်သေးလား ”
“ မှတ်တမ်းတင်လိုက်ပါတယ်သခင်လေး။ ဒါကို သက်သေအနေနဲ့ သခင်လေး အသုံးလိုလောက်မယ်လို့ ကျွန်တော်မျိုး တွေးနေခဲ့တာ။ ကျွန်တော်မျိုးကို သခင်လေး အချက်ပြလိုက်တာနဲ့ ကျွန်တော်မျိုး ချက်ချင်း နားလည်ခဲ့ပါတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စိတ်လှုပ်တရှား ပြောလိုက်သည်။
ရွှီချင်း ကျေနပ်သွားသည်။ သူ ဘာမှလုပ်မည်မဟုတ်ပါသော်လည်း ပထမတောင်ထိပ်မှ မင်းသားများမှာ ခိုးကြောင်ခိုးဝှက်နိုင်လှသည်ဟု သူ ခံစားနေရသည်။ ထို့ကြောင့် နောင်တွင် အသုံးလိုလာပါက အသုံးချရန်အတွက် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ထိုအတွေးများကို ရွှီချင်း ရုတ်သိမ်းလိုက်ပြီးနောက် ရှေ့ဆက်လျှောက်သွားသည်။
ညအမှောင်ထုကြီးထဲ၌ ထူးခြားသောနေရာများမှလွဲ၍ ကျန်နေရာများတွင် လူသွားလူလာ နည်းပါးသည်။ မှောင်ရိပ်ခို၍ ရွှီချင်းကို စောင့်ကြည့်နေသော လူရိပ်များစွာ ရှိသည်။
ထိုလူရိပ်များကို ရွှီချင်း ဂရုမစိုက်ပေ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ သူ ရောက်သွားသည့်တိုင်အောင် လုယက်သူများနှင့် မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် ရွှီချင်းမှာ အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရသည်။
“ ဒီကိုလာတဲ့သူတွေက အရူးတွေမဟုတ်ဘူး။ အများစုက သူတို့ ယုံကြည်မှုမရှိတဲ့အရာတွေကို လုပ်ကြမှာ မဟုတ်ဘူး ”
ရွှီချင်းက ခေါင်းကိုခါယမ်းလိုက်သည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဘေးသို့ သူ ရောက်သောအခါ ခေါင်းဆောင်ကို မမြင်ရသေးသောကြောင့် ကျောက်စိမ်းပေလွှာကို ထုတ်၍ အသံလွှင့်လိုက်သည်။
“ ချင်းလေး၊ အရင်ပြန်သွားလိုက်။ ငါ ဒီမှာ ငတုံးတွေ မြင်လိုက်ရလို့။ ဟား ဟား ပထမတောင်ထိပ်က မင်းသားတွေက စစ်ပွဲရင်းမြစ်တွေကို တိတ်တဆိတ် လာရောင်းနေတာ။ အဲဒါကို မှတ်တမ်းတင်ပြီး ဂိုဏ်းတူဦးလေးဆီကနေ ငွေညှစ်ရမယ် ”
ရွှီချင်း ခေါင်းယမ်းလိုက်သည်။ ခေါင်းဆောင်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် တစ်ထေရာတည်း တူလှသည်ဟု သူ ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်လုံး သူကဲ့သို့ မဟုတ်ဘဲ ရွံစရာကောင်းသည်။ ထိုကဲ့သို့ ကိစ္စများတွင် သူက ဝင်ပါမည်မဟုတ်ပေ။ ထို့ကြောင့် သူ့စိတ်က အမြဲရှင်းလင်းနေ၏။
သူသည် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲသို့ ဝင်သွားပြီး ထွက်သွားသည်။
ချီရွှဲ့ထုံဂိုဏ်း၏ညက ပုံမှန်အတိုင်းပင်။ ကောင်းကင်ယံ၌ လမင်းကြီး ထိန်ထိန်သာနေပြီး လေအေးများ တဟူးဟူး တိုက်ခတ်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် ပင်မမြို့ကြီးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျင့်ကြံသူများစွာ လှည့်ပတ်သွားလာနေကြသည်ကို မြင်ရပေမည်။ စစ်ပွဲကာလဖြစ်သည့်တိုင်အောင် လမ်းကြားလေးများထဲတွင် ဂိုဏ်းသားအချင်းချင်း ပုံမှန်အတိုင်း ချောင်းမြောင်းသတ်ဖြတ်နေကြသည်။
သို့သော် ထိုအခြင်းအရာအားလုံး ရွှီချင်းနှင့် ဘာမှမသက်ဆိုင်ပေ။ သူသည် အောက်ခြေအဆင့်မှ ယခုအဆင့်သို့ ရောက်သည့်တိုင်အောင် သတ်ဖြတ်ခြင်းကို အားပြု၍ တစ်ဆင့်ချင်း တက်လာခဲ့ရခြင်း ဖြစ်သည်။
ရွှီချင်းသည် မြန်ဆန်စွာ သွားလာနေ၏။ ညအခါ လှည့်ပတ်သွားလာနေသော လူဆိုးထိန်းဌာနအဖွဲ့ဝင်များကိုလည်း သူ မြင်လိုက်ရပြီး ပန်းချွမ်လမ်းကို သူ ကျော်ဖြတ်လာခဲ့သည်။
ထိုနေရာအရောက်တွင် သူ ဆတ်ခနဲ ရပ်သွားသည်။
တည်းခိုခန်းကို ပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
မည်သည့်အတွက်ကြောင့်မသိ တည်းခိုခန်းထဲမှ မြွေကြီးအကြောင်းကို ရွှီချင်း တွေးမိလိုက်သည်။
ခဏအကြာ အတွေးစများကို ရုတ်သိမ်းလိုက်ပြီး ပန်းချွမ်လမ်းမှ ထွက်ခွာလာကာ ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ရှိ သူ၏ဆိပ်ကမ်းသို့ ပြန်သွားသည်။ သူသည် မှော်သင်္ဘောကို ချလိုက်ပြီး အခန်းလေးထဲ ဝင်သွားသည်။ ထို့နောက် ဝိညာဉ်ဆေးလုံးများကို ထုတ်လိုက်သည်။
ဆေးလုံးများကို ထပ်မံစစ်ဆေးကြည့်လိုက်ပြီး မည်သည့်အပြစ်အနာဆာမျှ မရှိကြောင်း သူ အတည်ပြုပြီးနောက် မိစ္ဆာမီးတောက်များဖြင့် ဆေးလုံးတစ်လုံးကို လောင်ကျွမ်းစေလိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းစေလိုက်သည်။ မကြာခင် ဝိညာဉ်ဆေးလုံးများထဲရှိ ဝိညာဉ်စွမ်းအားများက သူ့ကိုယ်ထဲ စုစည်းသွားသည်။
ထို့နောက် ထိုစွမ်းအားများက ရှစ်ဆယ်မြောက်ဓမ္မတံခါးဆီသို့ ပြေးဝင်သွားသည်။
အကယ်၍ ဆေးလုံးတစ်လုံးဖြင့် မလုံလောက်လျှင် ဆေးလုံးလေးလုံး သူ အသုံးချပေမည်။ ဆေးလုံးလေးလုံးဖြင့် မလုံလောက်သေးပါက ဆေးလုံးဆယ်လုံး သုံးလိုက်မည် ဖြစ်သည်။
ခဏအကြာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် ဝုန်းခနဲ မြည်ဟည်းသွားပြီး ဓမ္မစွမ်းအားအငွေ့အသက်များ တဟုန်းဟုန်း ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ရှစ်ဆယ်မြောက်ဓမ္မတံခါး ပွင့်သွားခဲ့လေပြီ။
ရွှီချင်းသည် မရပ်နားဘဲ လက်ကျန်ဝိညာဉ်ဆေးလုံးများကို ဆက်လက်သန့်စင်လိုက်သည်။ နှစ်နာရီကြာပြီးနောက် ဝိညာဉ်ဆေးလုံး ( ၄၃ ) လုံးကို သူ သန့်စင်ပြီးသွားသောအခါ ဓမ္မတံခါးရှစ်ဆယ့်သုံးခုအထိ ပွင့်သွားသည်။
ယခုလောလောဆယ်တွင် တတိယမြောက်သက်စောင့်မီးတောက် ပေါ်ထွက်ရန် ဓမ္မတံခါးခုနစ်ခုသာ လိုတော့သည်။
“ ပထမတောင်ထိပ်က ဝိညာဉ်ဆေးလုံးတွေနဲ့ အမှတ်ခြောက်သခင်ကြီးပေးခဲ့တဲ့ ဝိညာဉ်ဆေးလုံးတွေ ကွာခြားနေတာ နာတာပဲ။ ဝိညာဉ်သန့်စင်တဲ့အဆင့်ကလည်း မတူမှမတူတာပဲလေ ”
ရွှီချင်းသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး ပို၍ပင် မျှော်လင့်ချက်များဖြင့် တောက်လောင်လာသည်။
“ တတိယမြောက်သက်စောင့်မီးလုံးကို ဖော်ထုတ်နိုင်ဖို့ မလိုတော့ဘူး။ အဲဒီအချိန်ရောက်ရင် … ”
ရွှီချင်းမှာ အနည်းငယ် ရင်ခုန်နှုန်း မြန်သွားသည်။ တတိယမြောက်သက်စောင့်မီးလုံးပေါ်လာသည်နှင့် သူ၏အတိုက်အခိုက်စွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သွားမည်ဟု သူ ခံစားနေရသည်။
“ သက်စောင့်မီးအိမ်နဲ့ဆိုရင် င့ါမှာ သက်စောင့်မီးလုံးလေးလုံးအစွမ်း ရှိနေမှာပဲ။ ကျင်းဝူလျန့်ဝမ့်လင်အတတ်နဲ့ ပေါင်းစပ်လိုက်ရင် သက်စောင့်မီးလုံးငါးလုံးအဆင့်ကို ရောက်သွားပြီး အခြေတည်အဆင့်ကျင့်ကြံသူတိုင်းကို ငါ ချေမှုန်းနိုင်လောက်မှာ။ အရေးကြီးတာက တစ်ဖက်လူမှာ သက်စောင့်မီးအိမ် ရှိမနေဖို့ပဲ ”
ရွှီချင်းသည် သူ၏သိုလှောင်အိတ်ထဲမှ ဆန္ဒမွန်သေတ္တာနှစ်လုံးကို ထုတ်လိုက်သည်။ ထိုသေတ္တာများကို စစ်ဆေးကြည့်ပြီးနောက် ဓမ္မစွမ်းအားများကို ဆက်လက်လောင်းထည့်လိုက်ပြီး သေတ္တာများကို အားဖြည့်ပေးလိုက်သည်။
“ အဆင်သင့်ဖြစ်ခါနီးပြီ ”
ရွှီချင်းမှာ ပို၍ စိတ်ဓာတ်တက်ကြွလာသည်။ သို့သော်လည်း အပြန်လမ်းမှာ တွေ့ခဲ့ရသည့် ညဉ့်ငှက်အဖွဲ့အစည်းအကြောင်းကို သူ တွေးမိလိုက်ပြီး သူ့မျက်လုံးများထဲ လူသတ်ငွေ့များ ဖြတ်ပြေးသွားသည်။
သို့သော် သူက ဆဋ္ဌမမြောက်တောင်ထိပ်မှလူဆိုးထိန်းဌာန၏ ဌာနမှူးတစ်ယောက်သာ ဖြစ်သည်။ ယင်းအပြင် ပိုးကောင်နက်များအား လေ့လာရန်အတွက် တခြားတောင်ထိပ်များရှိ လူဆိုးထိန်းဌာနများမှ အကျဉ်းသားများကို လုယူခဲ့သည်ဖြစ်၍ ယခုကိစ္စတွင် ပူးပေါင်းဆောင်ရွက်ရန် သူ စည်းရုံး၍ ရမည် မဟုတ်ပေ။ ထို့ကြောင့် အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပြီး အတန်ငယ် တွေးတောကာ အမှတ်ခြောက်သခင်ကြီးထံသို့ အသံလွှင့်လိုက်သည်။
သူသည် လမ်းတွင် ညဉ့်ငှက်အဖွဲ့အစည်းအား တွေ့ခဲ့သည့်အကြောင်းကို တင်ပြလိုက်ပြီး အမှတ်ခြောက်သခင်ကြီး၏ ညွှန်ကြားချက်များကို စောင့်နေလိုက်သည်။
ခဏအကြာ အမှတ်ခြောက်သခင်ကြီးထံမှ ပြန်ကြားစာ ရလိုက်သည်။
“ ရွှီချင်း၊ တခြားတောင်ထိပ်တွေက လူဆိုးထိန်းဌာနတွေကို ဦးဆောင်ပြီး ညဉ့်ငှက်အဖွဲ့အစည်းကို ရှင်းလင်းဖို့ ငါ ခွင့်ပြုလိုက်တယ်။ အင်အားကြီးအုပ်စုတွေနဲ့ ကြုံရရင် ငါ့ကို ပြောလိုက် ”
အမှတ်ခြောက်သခင်ကြီးက ရွှီချင်းကို အထူးအလေးအနက်ထားကာ ပြောလိုက်သည်။ အမှတ်ခြောက်သခင်ကြီး၏ အမြင်၌ ရွှီချင်း၏မေးခွန်းသည် ကလေးတစ်ယောက်က အကြီးအကဲအား ခွင့်တောင်းနေသည်နှင့် ဆင်တူသည်။ ရွှီချင်းသာ လုပ်ရန်ဆန္ဒရှိပါက သူ ထောက်ခံပေးရမည်မှာ သဘာဝပင်။
“ ကျေးဇူးတင်ပါတယ် အမှတ်ခြောက်သခင်ကြီး ”
ရွှီချင်းက တည်ကြည်စွာ အသံပို့လွှတ်လိုက်သည်။ အမှတ်ခြောက်သခင်ကြီး၏ စကားများထဲမှ အဓိပ္ပာယ်ကိုလည်း သူ နားလည်လိုက်ပြီး အမှတ်ခြောက်သခင်ကြီးကို ကျေးဇူးတင်သွားသည်။
နောက်ရက်များအတွင်း ရွှီချင်းသည် တခြားတောင်ထိပ်များရှိ လူဆိုးထိန်းဌာနများသို့ တရားဝင်စာဖိုင် ပို့လိုက်ပြီး ဆိပ်ကမ်းများရှိ သင်္ဘောများအားလုံးကို စစ်ဆေးရန် တောင်းဆိုလိုက်သည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များကို အသုံးချ၍ ဝင်လာကြသည့်လူများကိုလည်း သူတို့ စစ်ဆေးကြရမည်ဖြစ်သည်။
ညဉ့်ငှက်အဖွဲ့အစည်းနှင့် လူဆိုးထိန်းဌာနကြားတွင် ရန်ငြိုးများအာဃာတများရှိပြီး ထိုအကြောင်းအရင်းကြောင့်ဖြစ်စေ၊ တရားဝင်စာဖိုင်ကြောင့်ဖြစ်စေ သူတို့မှာ ငြင်းစရာအကြောင်းပြချက် မရှိပေ။ ယင်းအပြင် ညဉ့်ငှက်အဖွဲ့အစည်းက အလွန် ချမ်းသာသည်။ ထိုအချက်ကို လူဆိုးထိန်းဌာနများ ကောင်းကောင်း သိကြသည်။
ထိုသိ့ုဖြင့် ရွှီချင်း၏ တရားဝင်စာဖိုင် ပျံ့နှံ့သွားသည်နှင့် လူဆိုးထိန်းဌာနအဖွဲ့ဝင်များအားလုံး လှုပ်ရှားသွားကြသည်။ ဆိပ်ကမ်းများနှင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များအပြင် တစ်မြို့လုံး ပိုက်စိပ်တိုက် ရှာဖွေလိုက်ကြသည်။
ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်နေကြပြီဖြစ်သော ညဉ့်ငှက်အဖွဲ့ဝင်များကို သူတို့ ရှာတွေ့သွားကြပြီး ဖမ်းဆီးလိုက်ကြသည်။ တခြားညဉ့်ငှက်အဖွဲ့ဝင်များမှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကိုယ်သူတို့ ပို၍ လုံခြုံအောင် ဖုံးကွယ်နေကြသည်။ လူဆိုးထိန်းဌာနများ၏အကျဉ်းထောင်များထဲတွင် အကျဉ်းသားများဖြင့် ပြည့်နှက်လာပြန်သည်။
ထိုစစ်ဆင်ရေး စတင်နေစဉ်အတောအတွင်း တားမြစ်ပင်လယ်ကြီးတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် သတင်းကြီးတစ်ခု တစ်ဂိုဏ်းလုံး ပျံ့နှံ့သွားသည်။
ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အကြား စစ်ပွဲကြီး ပြီးဆုံးသွားလေပြီ။
ထိုသို့ စစ်ပွဲကြီး ပြီးဆုံးသွားရသည့်အကြောင်းရင်းမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်တစ်ဝက်ကို ချီရွှဲ့ထုံဂိုဏ်း သိမ်းပိုက်နိုင်ပြီးနောက် ဆက်လက်တိုက်ခိုက်နေစဉ်အတောအတွင်း ခုနစ်ဂိုဏ်းမဟာမိတ်က အတင်းအကြပ် ဝင်ရောက်ဟန့်တားလာခြင်းကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်လာမည်ကို ယခင်ကတည်းက မှန်းဆနေခဲ့ကြပါသော်လည်း လက်တွေ့ဖြစ်လာသောအခါ ချီရွှဲ့ထုံဂိုဏ်းကို အကြီးအကျယ် ဒေါသထွက်သွားစေသည်။ သူတို့၏ လက်ရှိအမြန်နှုန်းဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အလွန်ဆုံးနှစ်ဝက်အတွင်း သိမ်းပိုက်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ အချိန်အခါမျိုးတွင် ခုနစ်ဂိုဏ်းမဟာမိတ် ပေါ်လာကာ သူတို့ကို ဟန့်တားခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် ခုနစ်ဂိုဏ်းမဟာမိတ်၏ သဘောထားက ပြင်းထန်ကြမ်းတမ်းသည်။ ရွှယ်လျန့်ကျစ်မှာ အကြီးအကျယ် ဒေါသထွက်သွားပါသော်လည်း မတတ်သာဘဲ နာခံလိုက်ရသည်။
အပေါ်ယံအရကြည့်လျှင် ချီရွှဲ့ထုံဂိုဏ်းက ခုနစ်ဂိုဏ်းမဟာမိတ်၏ ဂိုဏ်းခွဲဖြစ်နေသေးသည် မဟုတ်ပါလား။ ရွှယ်လျန့်ကျစ်ပင် ပင်မဂိုဏ်းကြီး၏ အမိန့်ကို မငြင်းဆန်နိုင်ပေ။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းက ရသင့်ရထိုက်သော အကျိုးအမြတ်များကို အလျော့မပေးပေ။
စစ်ပြေငြိမ်းရေးအတွက် ဂိုဏ်းစောင့်ဘိုးဘိုးရွှယ်လျန့်ကျစ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တောင်းဆိုချက်လေးခု ပေးပို့ခဲ့ကြောင်း ကောလာဟလများ ရွှီချင်း ကြားခဲ့ရသည်။
ပထမတောင်းဆိုချက်မှာ သိမ်းပိုက်ရရှိသွားခဲ့သည့် နယ်မြေများအားလုံး ချီရွှဲ့ထုံဂိုဏ်းမှ ပိုင်ဆိုင်ရမည် ဖြစ်သည်။
ဒုတိယတောင်းဆိုချက်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အနေဖြင့် စစ်လျော်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံးသန်းတစ်သိန်းပေးဆောင်ရမည်ဖြစ်သည်။
တတိယတောင်းဆိုချက်မှာ နှာခေါင်းမပါသော ဘိုးဘေးရုပ်အလောင်းရုပ်ထုမှလွဲ၍ ဘိုးဘေးရုပ်အလောင်းရုပ်ထုရှစ်ခုကို ပေးရမည်ဖြစ်သည်။
စတုတ္ထတောင်းဆိုချက်မှာ ရွှေအမြုတေအဆင့်နှင့်အထက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအနေဖြင့် နှစ်တစ်ရာတိုင်အောင် မျိုးနွယ်အပြင်ဘက်သို့ ထွက်ရမည်မဟုတ်သည့်အပြင် သူတို့၏ ဆက်ခံသူများကိုလည်း ဓားစာခံများအဖြစ် ချီရွှဲ့ထုံဂိုဏ်းသို့ ပို့လွှတ်ရမည်ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က သဘာဝကျစွာပင် ထိုတောင်းဆိုချက်လေးချက်ကို သဘောမတူပေ။ ထိုသို့ဖြင့် စစ်ပြေငြိမ်းရေးမုန်တိုင်းက နောက်ထပ်လဝက်ခန့် ကြန့်ကြာသွားသည်။ ထိုအတောအတွင်း ခုနစ်ဂိုဏ်းမဟာမိတ်က ကြိမ်ဖန်များစွာ အတင်းအကြပ် စေ့စပ်ညှိနှိုင်းပေးခဲ့သည်။ ဆွေးနွေးညှိနှိုင်းပေသည့် ရလဒ်တိုင်းကို ဂိုဏ်းသို့ အကြောင်းကြားခဲ့သည်။
လဝက်ကြာပြီးနောက် နောက်ဆုံးအကြိမ် စေ့စပ်ညှိနှိုင်းအပြီးတွင် သဘောတူညီချက်တစ်ခု ရသွားကြသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အရံကျွန်းနှစ်ကျွန်း၊ သူတို့နယ်မြေ၏ သုံးဆယ်ရာခိုင်နှုန်းနှင့် ဝိညာဉ်ကျောက်တုံး သန်းရှစ်သောင်းပေးမည်ဖြစ်သည်။ ရွှေအမြုတေအဆင့်နှင့်အထက် ကျင့်ကြံသူများကို နှစ်ခြောက်ဆယ်အထိ မျိုးနွယ်အပြင်ဘက်သို့ ထွက်ခွင့်ပြုမည် မဟုတ်ပေ။
ဘိုးဘေးရုပ်အလောင်းရုပ်ထုများသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုကိစ္စကို သူတို့ အခြေအတင် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး၌ ဘိုးဘေးရုပ်အလောင်းရုပ်ထုနှစ်ခုကို ပေးရန် သဘောတူခဲ့ကြသည်။
ချီရွှဲ့ထုံဂိုဏ်းက ထိုအချက်များကို လက်ခံခဲ့သည်။ ထိုသို့ဖြင့် တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့သော မျိုးနွယ်နှစ်ခုကြား စစ်ပွဲက ဆုံးခန်းတိုင်သွားခဲ့သည်။ ဘိုးဘေးနှင့် တခြားသူများ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်ရောက်လာကြပြီး အောင်ပွဲကြီး ဆင်နွှဲကြသည်။
ထိုအောင်ပွဲကြီးကို သုံးလကြာသည်အထိ ကျင်းပမည်ဖြစ်ကြောင်း ဂိုဏ်းက ထုတ်ပြန်ခဲ့သည်။
ထိုသုံးလအတွင်း မျိုးနွယ်အသီးသီးမှ မဟာမိတ်များနှင့် သံတမန်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ ဂုဏ်ပြုစကား ဆိုကြရမည်ဖြစ်သည်။ ထိုသို့ ရောက်ရှိလာကြခြင်းကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းစီးပွားရေးမှာ ပြန်လည်အဆင်ပြေလာမည်ဖြစ်ပြီး စစ်မဖြစ်ခင် အခြေအနေကထက်ပင် တိုးတက်ဖွံ့ဖြိုးသွားနိုင်သည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။
ထိုသို့ဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးမှာ အလွန် သက်ဝင်စည်ကားလာသည်။
သို့သော်လည်း ရွှီချင်းမှာ ထိုအောင်ပွဲကြီးတွင် ဝင်မပါပေ။ နေ့တိုင်းနေ့တိုင်း ကျင့်ကြံခြင်းအပြင် ဆန္ဒမွန်သေတ္တာများကို အားဖြည့်ခြင်း၊ ပိုးကောင်နက်များကို လေ့လာခြင်းနှင့် ညဉ့်ငှက်အဖွဲ့ဝင်များ ရှာဖွေခြင်းများတွင် သူ အာရုံစိုက်နေသည်။
ညဉ့်ငှက်အဖွဲ့အစည်းကို ရွှီချင်း မုန်တီးသည်။ ချီရွှဲ့ထုံဂိုဏ်းသို့ လာစဉ်ကတည်းက ထိုအဖွဲ့အစည်းကို ကြီးကြီးမားမား ပျက်စီးအောင်လုပ်ရန် သူ ပြင်ဆင်ထားခဲ့သည်။ ယင်းအပြင် ညဉ့်ငှက်အဖွဲ့အစည်း၌ ပိုးကောင်နက်များကို မွေးမြူရာတွင် အသုံးချနိုင်သော လူများစွာ ရှိပြီး ထိုလူများ၏ ဝိညာဉ်များကိုလည်း သူ သန့်စင်နိုင်၏။
ထို့ကြောင့် ရွှီချင်းသည် ကျင့်ကြံရင်း ညဉ့်ငှက်အဖွ့ဲဝင်များကိုလည်း ရှာဖွေနေခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် လူသားမဟုတ်သောမျိုးနွယ်များမှ ပထမအသုတ် သံတမန်များ ရောက်လာကြသည်။
ထိုအုပ်စု၌ မိုးပြာရောင်ဝတ်ရုံဝတ် အဘွားအိုတစ်ယောက်လည်း ပါသည်။ ထိုအဘွားအို ပေါ်လာခြင်းသည် ရာသီဥတုကို ပြောင်းလဲသွားစေပြီး ထိုအဘွားအို၏ အရှိန်အဝါက ကောင်းကင်ယံသို့တိုင်အောင် ပျံတက်နေသည်။ ချီရွှဲ့ထုံဂိုဏ်း တုန်ရီသွားပြီး ကြိုဆိုပွဲအခမ်းအနားများ ပြင်ဆင်လိုက်ကြသည်။ ဘိုးဘေးရွှယ်လျန့်ကျစ်ကိုယ်တိုင် ထွက်လာကာ ထိုအဘွားအိုကို ကြိုဆိုလေသည်။
“ တာအိုမိတ်ဆွေတုံယုံကို ချီရွှဲ့ထုံဂိုဏ်းကနေ ကြိုဆိုပါတယ်ဗျာ ”
ထိုအဘွားကြီးသည် တုံယုံကျွန်းပိုင်ရှင် သခင်မကြီးတုံယုံဖြစ်သည်။ သူမသည် ဝတ်စုံနက်မိန်းကလေး၏ အဘွားလည်း ဖြစ်သည်။