ရွှမ်ယုံရှေးဟောင်းလမ်း
Vol. 21 Ch. 313
သခင်မကြီးတုံယုံ ရောက်လာသည်ကို ရွှီချင်း ချက်ချင်း သိလိုက်သည်။
သခင်မကြီးတုံယုံက ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ ဆင်းသက်ခြင်း မဟုတ်ပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးရှိ လူဆိုးထိန်းဌာနများသည် လက်ရှိတွင် ရွှီချင်း၏ ဦးဆောင်မှုအောက်၌ ညဉ့်ငှက်အဖွဲ့အစည်းကို ရှာဖွေဖမ်းဆီးနေသည်ဖြစ်၍ သခင်မကြီးတုံယုံအကြောင်းကို ရွှီချင်း သိလိုက်သည်မှာ သဘာဝကျသည်။
ညဉ့်ငှက်အဖွဲ့ဝင်များအား ဖမ်းဆီးခြင်းကိစ္စသည် ရွှီချင်းနှင့် တခြားတောင်ထိပ်များရှိ လူဆိုးထိန်းဌာနမှူးများအကြား မကျေလည်မှုများကိုလည်း ပြေလည်သွားစေခဲ့သည်။
စွမ်းဆောင်မှုအရဖြစ်စေ၊ အကျိုးအမြတ်အရဖြစ်စေ နှစ်ဦးနှစ်ဖက် မြင့်မားစွာ ရရှိခဲ့ကြသည်။ ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းမိတိုင်း ဝိညာဉ်ကျောက်တုံးအများအပြား ရနိုင်သည်။
ယင်းကြောင့်လည်း တခြားတောင်ထိပ်ခြောက်လုံးရှိ လူဆိုးထိန်းဌာနမှူးများက ရွှီချင်း၏အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ကြခြင်းလည်း ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ရွှီချင်း၏ တိုက်ရည်ခိုက်ရည်နှင့် ဂုဏ်သတင်းက ကြီးကျယ်နေသည့်တိုင်အောင် ရွှီချင်း၏ ညွှန်ကြားချက်များကို သူတို့ နားမထောင်ဘဲနေမည်သာ ဖြစ်သည်။
ဤလောကကြီးထဲ၌ မည်သူ့အပေါ်တွင်မှ ကျေးဇူးကြွေးမရှိကြသည် မဟုတ်ပါလား။
ဆက်ခံသူစာရင်းထဲ ရွှီချင်း ရောက်နေသည့်တိုင်အောင် ယခင်က အကြောင်းပြချက်မရှိဘဲ သေသွားသော ဆက်ခံသူမရှိသည် မဟုတ်ပေ။ သူတို့အားလုံးက တောင်ခြေရှိ သွေးပင်လယ်ထဲမှ အထက်သို့ တက်လှမ်းလာကြသူများဖြစ်သည်။ သူတို့သည် တောင်ထိပ်အသီးသီးရှိ ဌာနမှူးများ ဖြစ်ကြပေရာ အသိဉာဏ်မကင်းမဲ့ကြဘဲ ကိုယ်စီ ဝှက်ဖဲများစွာ ရှိကြသည်။
သို့သော် အကျိုးအမြတ်နှင့် တွေ့သောအခါတွင် သူတို့အားလုံး မိတ်ဆွေများ ဖြစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် သတင်းများ ပေးပို့ကြလေသည်။
ထိုသတင်းကို ရွှီချင်း ကြားသောအခါ အလွန် သတိထားသွားသည်။ သို့သော်လည်း ထိုကိစ္စကို သူ စေ့စေ့စပ်စပ် ဆင်ခြင်စဉ်းစားပြီးသွားပြီ ဖြစ်၍ သူ သတိထားနေသည့်တိုင်အောင် သူ့နေတဓူဝအလုပ်များကို သက်ရောက်သွားစေမည် မဟုတ်ပေ။
ရွှီချင်း သတိထားနေစဉ် ရွှယ်လျန့်ကျစ်က သခင်မကြီး တုံယုံကို စတုတ္ထမြောက်တောင်ထိပ်သို့ ဖိတ်ကြားခဲ့သည်။
ရွှယ်လျန့်ကျစ်သည် စတုတ္ထမြောက်တောင်မျ လာခဲ့သည်ဖြစ်၍ များသောအားဖြင့် စတုတ္ထမြောက်တောင်၌ အနေများသည်။ သူတို့နောက်လိုက်များကို လူစုခွဲစေလိုက်ပြီးနောက် ထိပ်သီးအဆင့်သို့ ရောက်နေကြပြီဖြစ်သော သူတို့နှစ်ဦးသည် အရေးကြီးကိစ္စများကို ဆွေးနွေးတိုင်ပင်လိုက်ကြသည်။
ထိုဆွေးနွေးပွဲ အဆုံးသတ်သွားသောအခါ သခင်မကြီးတုံယုံက ပြောလိုက်သည်။
“ ဒီအတောအတွင်း ကျုပ်မြေးမလေးက ချီရွှဲ့ထုံဂိုဏ်းက ရွှီချင်းလို့ခေါ်တဲ့ကလေးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်နေတယ်လို့ကြားတယ်။ ရွှီချင်းက လူကောင်းလေးဖြစ်တဲ့ပုံပဲ။ ကျုပ် သူ့ကို လက်ဆောင် ပေးချင်တယ် ”
အရေးအကြောင်းများဖြင့် သခင်မကြီးတုံယုံ၏ မျက်နှာတွင် အပြုံးတစ်တစ ပေါ်လာသည်။ သခင်မကြီးတုံယုံက ကျောက်စိမ်းသေတ္တာလေးကို ထုတ်လိုက်ပြီး ရွှယ်လျန့်ကျစ်ကို ပေးလိုက်သည်။
ရွှယ်လျန့်ကျစ်သည် ရယ်မောလိုက်သည်။ သူက ငနုံတစ်ယောက် မဟုတ်ပေ။ သူတို့ကျင့်ကြံခြင်းအဆင့်များ၌ ကိစ္စများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ရသည်။ ဥပမာအနေဖြင့် သခင်မကြီးတုံယုံက ထိုအကြောင်းကို ထပ်မမေးတော့ပါသော်လည်း လက်ဆောင်ပေးလိုက်ခြင်းအားဖြင့် သူမ၏သဘာထားကို ပြသလိုက်ပြီ ဖြစ်သည်။
ထိုသည်ကို သဘာဝကျစွာပင် ရွှယ်လျန့်ကျစ် သတိထားမိပြီး လက်ဆောင်ကို ယူလိုက်သည်။ သူတို့နှစ်ယောက် စစကားပြောနေစဉ် အပြင်ဘက်မှ တရွှီရွှီမြည်သံများ လွင့်ပျံလာသည်။ ခဏအကြာ ယခုလေးတင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ယန်ယန် ရောက်ချလာသည်။
အကျဉ်းကျနေစဉ်အတောအတွင်း ယန်ယန်မှာ ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမပုံစံက ခက်ထန်ကြမ်းကြုတ်သည့်ပုံ မရှိတော့ပေ။ ထိုအချိန်၌ သူမ၏အဘွားကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားသည်။ သူမက အလျင်အမြန် ပြေးသွားပြီး သခင်မကြီးတုံယုံ၏ လက်ကို ဖက်၍ ချစ်စဖွယ်ကောင်းသောလေသံဖြင့် ပြောလိုက်သည်။
“ ဘွားဘွား၊ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲဟင် ”
သခင်မကြီးတုံယုံသည် သူမ၏မြေးမလေးအပေါ် အကြည့်ရောက်သွားသည်။ သူမ၏မြေးမလေး အဆင်ပြေသည်ကို မြင်လိုက်ရသည်ဖြစ်၍ အနည်းငယ် ပြုံးလိုက်သည်။ သို့သော်လည်း ထိုရက်အနည်းငယ်အတွင်း သူမ၏မြေးမလေး ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို တွေးမိသောအခါ ရင်ထဲတဆစ်ဆစ် နာကျင်သွားရသည်။ ရွှီချင်းဆိုသည့် ကောင်လေးကို အနည်းငယ် မကျေမနပ် ဖြစသွားသည်။ သူမက ယန်ယန်၏ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ပြီး စကားပြောရန်ပြင်လိုက်သည်။
သို့သော်လည်း အံ့အားသင့်စရာကောင်းလှသည့် ယန်ယန်၏စကားတစ်ခွန်း ရုတ်တရက် ထွက်ပေါ်လာသည်။
“ ဘွားဘွား၊ ရွှီချင်းကို သမီး လက်ထပ်ချင်တယ် ”
သခင်မကြီးတုံယုံ အံ့အားသင့်သွားရသည်။ မြေးဖြစ်သူ၏ ပြဿနာကို သူမ သိသည်။ ထိုသို့ ကောင်းကောင်း သိနေသည့်အတွက်ကြောင့်လည်း ထိုရုတ်တရက် ပြောလိုက်သော စကားတစ်ခွန်းကြောင့် ပို၍ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
ရွှယ်လျန့်ကျစ်သည်လည်း မှင်တက်သွားရသည်။ ယင်းသည် သူ မျှော်မှန်းထက်သည်ထက် အမှန်ပင် ကျော်လွန်နေ၏။ သူ့မိတ်ဆွေဟောင်း၏ မြေးမလေးမှာ တစ်ခုခုလွဲမှားနေသည်ကို သူ သိထားပြီး ဖြစ်ပါသော်လည်း ရွှီချင်း၏ ထိုးကြိတ်ခြင်းခံရပြီး လအနည်းငယ်ကြာ ချုပ်နှောင်ခံလိုက်ရပြီးနောက် အကျဉ်းထောင်မှ လွတ်လွတ်ချင်း ယခုလို စကားများ ပြောလာလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိခဲ့ပေ။
“ ဒီလောကကြီးထဲမှာ သူတစ်ယောက်ပဲ သမီးနဲ့ ထိုက်တန်တယ်လို့ ထင်တယ်။ ဘွားဘွား၊ သူ့ကို လက်ထပ်ချင်တယ်။ သူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး ”
ယန်ယန်က သခင်မကြီးတုံယုံ၏လက်ကို တစ်ခါမှမကြုံဖူးသော လေးနက်တည်ကြည်ခြင်းမျိုးဖြင့် ခါလိုက်သည်။
“ မိုက်ရိုင်းလှပါလား။ လူကြီးတွေရှေ့မှာ ဘယ်လိုလုပ်နေတာတုံး ”
ထိုသည်ကို မြင်၍ သခင်မကြီးတုံယုံက အော်ငေါက်လိုက်သည်။ ယန်ယန်သည် စိတ်ထိခိုက်စွာဖြင့် ခေါင်းငုံ့သွား၏။
ထိုသည်ကို သခင်မကြီးတုံယုံမြင်သောအခါ ပို၍ပင် အံ့အားသင့်သွားရပြီး ရွှယ်လျန့်ကျစ်ကို လှမ်းကြည့်လိုက်သည်။
“ တာအိုရောင်းရင်းရွှယ်၊ အချိန်ရရင် စီစဉ်ပေးပါလား။ အဲဒီကလေးရွှီချင်းကို ကျုပ် မြင်ချင်တယ် ”
ရွှယ်လျန့်ကျစ် ချီတုံချတုံ ဖြစ်သွားသည်။ ထိုကိစ္စက အနည်းငယ် ထူးဆန်းပါသော်လည်း ထိုလက်ထပ်ပွဲကို အမှန်တကယ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်လျှင် မဆိုးလှဟု တွေးမိလိုက်သည်။ သူ ရယ်မောလိုက်ပြီး သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်ပါသော်လည်း အချိန်အတိအကျကို မပြောပေ။
မည်သည့်အကြောင်းအရင်းကြောင့်မသိ ထိုကိစ္စက တစ်ဂိုဏ်းလုံး ချက်ချင်း ပျံ့သွားသည်။ တစ်ရက်အတွင်း ထိုကိစ္စကို တောင်ထိပ်အားလုံး သိသွားကြသည်။ ထိုသို့သိသွားကြသည့် ဂိုဏ်းသားများအနက် တင်းရွှယ်မှာ အကြီးအကျယ် ပေါက်ကွဲသွားသည်။
ကျောက်ကျုံးဟန်မှာ အပျော်ကြီးပျော်သွားသည်။
ယင်းအပြင် ဒုတိယမြောက်တောင်ထိပ်ရှိ ကူးမုချင်း၏ ဂူထဲမှ ဆေးလုံးပေါက်ကွဲသံများ ကြိမ်ဖန်များစွာ ထွက်ပေါ်နေသည်။
ရွှီချင်းသည်လည်း ထိုသတင်းကို ကြားလိုက်သည်။ သူ မျက်မှောင်ကြုတ်သွားပြီး ထိုကိစ္စက အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ယင်းအပြင် ထိုကဲ့သို့ အချစ်ကိစ္စများသည် အကျိုးအမြတ်မရှိလှဘဲ ကျင့်ကြံခြင်းအချိန်အား ဖြုန်းတီးနေသည်ဟု သူ ခံစားရသည်။
သူ ကလေးအရွယ်က ယောက်ျားနှင့်မိန်းမအကြား ခံစားချက်များအကြောင်း သူ့ဆရာပြောသည်ကို သူ ကြားခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်တိုင်အောင် အချစ်ကို သူ တစ်ခါမှ မကြုံခဲ့ဖူးဘဲ မည်သို့ရှိသည်ကိုလည်း သူ မသိပေ။
သူ့မှတ်ဉာဏ်များထဲတွင် ဆင်းရဲသားရပ်ကွက်များနှင့် ရတနာမုဆိုးစခန်းများ၌ တစ်ယောက်တည်းနေထိုင်ကြသော လူများဖြင့်သာ ပြည့်နေသည်။
“ စိတ်ရှုပ်စရာပဲ ”
ရွှီချင်း၏အမူအရာက တည်ငြိမ်နေပြီး သူ့ရင်ထဲတွင် ခံစားချက်များ လုံးဝ မရှိပေ။
နောက်ရက်များတွင် ကြိမ်ဖန်များစွာ ယန်ယန် တွေ့ခွင့်တောင်းသည်ကို သူ ငြင်းပယ်ခဲ့သည်။
ဆန္ဒမွန်သေတ္တာများကို အားဖြည့်ရန်နှင့် ညဉ့်ငှက်အဖွဲ့ဝင်များအား ဖမ်းဆီးရန်အပေါ်တွင် စိတ်နှစ်ထားသော ရွှီချင်းအတွက် အချိန်က အလွန် အဖိုးတန်သည်။ အရေးမပါသောလူများနှင့်ကိစ္စများကို သူ ဂရုမစိုက်ချင်ပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းများမှာ ပင်လယ်ရပ်ခြားရှိ မျိုးနွယ်များမှ သံတမန်များ၊ မဟာမိတ်များဖြင့် အလွန်စည်ကားလာသည်။ ချီရွှဲ့ထုံဂိုဏ်းထဲတွင် ဝမ်ကူးဒေသမှကျင့်ကြံသူများသည်လည်း ပထမဆုံးအကြိမ် ပေါ်လာသည်။
ဝမ်ကူးဒေသမှ ရောက်လာသော ကျင့်ကြံသူများမှာ အစိမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး မျက်နှာဖုံးများ တပ်ထားသည့် အမျိုးသမီးသုံးဦး ဖြစ်သည်။
ထိုအမျိုးသမီးများသည် လှပကြော့ရှင်းပြီး သူတို့ပတ်လည်တွင် မြူခိုးဖျော့ဖျော့ ရစ်သိုင်းနေသည်။ ယင်းမှာ ချီရွှဲ့ထုံဂိုဏ်းနှင့် လုံးဝကွဲထွက်နေသော ကျင့်ကြံခြင်းအတတ် ဖြစ်မှန်း သိသာသည်။
ဝတ်ရုံရှည်ပေါ်တွင် နတ်တောင်တန်းတစ်ခုပုံကို ရေးဆွဲထားသည်။ ထိုတောင်တန်းပုံ၌ တာအိုဓာတ်များ ကိန်းအောင်းနေဟန်တူပြီး သူတို့ကို ကြီးကြယ်မြင့်မြတ်သူများအဖြစ် ခံစားရစေသည်။
အထူးသဖြင့် သူတို့ခန္ဓာကိုယ်များထဲတွင် ဓာတ်နှောများ အလွန့်အလွန် နည်းပါးသည်။ သေသေချာချာ သတိထားမကြည့်ပါက သူတို့ကိုယ်ထဲတွင် ဓာတ်နှောများရှိနေသည်ကို သိနိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ထိုအခြင်းအရာအားလုံးကြောင့် သူတို့ကို ချီရွှဲ့ထုံဂိုဏ်းသားများ စိတ်ဝင်စားသွားကြသည်။
နှစ်ပေါင်းများစွာတစ်လျှောက် ချီရွှဲ့ထုံဂိုဏ်းသို့ ဝမ်ကူးဒေသကြီးမှ တစ်ယောက်မျှ ရောက်မလာခဲ့ပေ။ ချီရွှဲ့ထုံဂိုဏ်းသားများအတွက် ဝမ်ကူးဒေသကြီးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ အမှန်စင်စစ် ဂိုဏ်းသားအများစုက ဝမ်ကူးဒေသမှ ကျင့်ကြံသူများမှာ ကြီးကျယ်မြင့်မြတ်နေသည့်အလား အလိုလို ခံစားနေကြသည်။
အမှန်တွင်လည်း ထိုသို့သာ ဖြစ်ပေသည်။ ဝိညာဉ်စွမ်းအားများအရဖြစ်စေ၊ ကျင့်ကြံခြင်းအတတ်များအရဖြစ်စေ၊ အတွေးအမြင်အရဖြစ်စေ ဝမ်ကူးဒေသကြီးသည် ချီရွှဲ့ထုံဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်သည်။ ဝမ်ကူးဒေသကြီးရှိ ဂိုဏ်းများနှင့် ကျင့်ကြံသူများက မြင့်မားသောစိတ်ဓာတ်များ ရှိကြသည်။
ထိုအမျိုးသမီးသုံးဦးထံမှ နူးညံ့သောအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်သာမက သူတို့ကိုယ်များမှလည်း အမွှေးနံ့များ ထွက်ပေါ်နေသည်။ သူတို့ကျင့်ကြံခြင်းအဆင့်များသည်လည်း အံ့သြစရာကောင်းလှသည်။
ထိုအမျိုးသမီးသုံးယောက်အနက် နှစ်ယောက်က ဓမ္မတံခါးတစ်ရာခန့် ဖွင့်ထားခဲ့ပြီးပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က စတုတ္ထမြောက်သက်စောင့်မီးလုံးကို ဖော်ထုတ်နိုင်မည်မှာ သေချာသည်။
သူတို့ထဲတွင် အရပ်အရှည်ဆုံး တတိယမြောက်အမျိုးသမီးက ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို ဖွင့်ထားပြီးပြီဖြစ်ပြီး ကြယ်အလင်းကဲ့သို့ ဝင်းလက်နေသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်မထားသည့်တိုင်အောင် သူမထံမှ လောကကြီးအား ကြယ်များဖြင့် အလှဆင်ထားသကဲ့သို့ အရှိန်အဝါတစ်ခု ထွက်နေသည်။
သူတို့ ရောက်ရှိလာခြင်းသည် လမင်းကြီး ထွန်းလင်းလာသည့်အလား ဖြစ်သွားပြီး မရေမတွက်နိုင်သော ကြယ်များကို မှေးမှိန်သွားစေသည်။ တခဏလေးအတွင်း သူတို့သည် ဂိုဏ်းသားအများအကြား ရေပန်းစားသွားပြီး ဂိုဏ်းထဲ ဟိုးလေးတကြော်ကြော် ဖြစ်သွားသည်။
ရွှီချင်းသည် သူတို့ကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း စာဖိုင်တွဲမှနေ၍ သူတို့အကြောင်း အသေးစိတ် သိလိုက်သည်။
ထိုအမျိုးသမီးသုံးယောက်သည် ထိုက်စီရှန်းမုန်ဂိုဏ်းဆိုသည့် အင်အားစုတစ်စုကို ကိုယ်စားပြုသော ကျင့်ကြံသူများ ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းသည်လည်း ဝမ်ကူးဒေသကြီးနှင့် ပတ်သက်သည့် လျှို့ဝှက်အချက်အလက်များအား အခြေတည်အဆင့်ကျင့်ကြံသူများကို ကြေညာချက်ထုတ်ပြန်ထားခဲ့သည်။
များသောအားဖြင့် ထိုကဲ့သို့ အကြောင်းအရာများကို ဂိုဏ်းက အလွယ်တကူ ပြောကြားခြင်းမရှိသည်ဖြစ်၍ ဂိုဏ်းသားအများစုမှာ မသိကြပေ။ ယခုအချိန်၌ ဝမ်ကူးဒေသမှလူများ ရောက်လာကြပြီး ဂိုဏ်းဘက်မှ သတင်းအချက်အလက် ပေးမှရမည်ဖြစ်ရာ ချီရွှဲ့ထုံဂိုဏ်းသားများ၏ ရင်ထဲတွင် ပိတ်ကွယ်နေသော ထူးဆန်းသည့် ဇာပဝါစ ဖယ်ရှားခံလိုက်ရလေသည်။
ဝမ်ကူးဒေသကြီးသည် အဆုံးအစမရှိ ကျယ်ပြန့်သည်။ ဝမ်ကူးဒေသကြီးကို ဒေသပေါင်းများစွာ ခွဲခြားထားသည်။ ထိုဒေသများထဲတွင် နိုင်ငံပေါင်းများစွာ ရှိပြီး ထိုနိုင်ငံများထဲတွင် ပြည်နယ်ပေါင်းများစွာ ရှိသည်။ သောင်းချီသော မျိုးနွယ်များနှင့် သဘာလွန်သတ္တဝါများ ဝမ်ကူးဒေသအနှံ့အပြားတွင် ရှိသည်။
ဝမ်ကူးဒေသတစ်ခွင် သွားလာနိုင်သူ မရှိသလောက်ပင်။
ဝမ်ကူးဒေသကြီး၏ အရွယ်အစားမှာ စိတ်ကူးယဉ်နိုင်သည်ထက် ကြီးမားသည်။
လူသားမျိုးနွယ် အစပြုရာအရပ်သည် မယုံနိုင်စရာကောင်းလောက်အောင် ထည်ဝါသည့် ဝမ်ကူးဒေသကြီး၏ အတွင်းပိုင်းတွင် တည်ရှိပြီး ချီရွှဲ့ထုံဂိုဏ်းနှင့် အလွန့်အလွန် ကွာဝေးသည်။
ထိုနေရာသည် လူသားမျိုးနွယ်၏ နောက်ဆုံးဘုရင် နန်းစိုက်ခဲ့ရာ နန်းမြို့တော်တည်ရှိရာနေရာ ဖြစ်သည်။ ဝမ်ကူးဒေသကြီးထဲရှိ လူသားမျိုးနွယ်အတွက် မြင့်မြတ်သောနေရာတစ်ခုလည်း ဖြစ်သည်။
ထိုရှေးဘုရင်၏ နာမည်က ရွှမ်ယုံဖြစ်သည်။
ဘုရင်ရွှမ်ယုံသည် အသင်္ချေသောမျိုးနွယ်များကို ပေါင်းစည်း၍ ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့သည်သာမက ဝမ်ကူးဒေသကြီးတစ်ခုလုံးကို သွေးစည်းညီညွတ်စေခဲ့သည်။ နန်းမြို့တော်မှ တားမြစ်ပင်လယ်သို့ သွားသည့် လမ်းတစ်လမ်းကို ဖောက်လုပ်ခဲ့ပြီး ထိုလမ်းက ဒေသကြီး ( ၃၇ ) ခုကို ဖြတ်သွားသည်။
ယခင်က ထိုလမ်းမကြီးကို ‘ ရွှမ်ယုံတော်ဝင်လမ်း ’ ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ယခု ခေတ်အလီလီ ဖြတ်သန်းကျော်လွန်လာပြီးနောက် ထိုလမ်းနာမည်မှာ ‘ ရွှမ်ယုံရှေးဟောင်းလမ်း ’ ဟူ၍ ပြောင်းလဲသွားခဲ့သည်။
အသင်္ချေသောမျိုးနွယ်များ ပေါက်ဖွားလာပြီး မရေမတွက်နိုင်သော တားမြစ်နယ်မြေများ ဖြစ်ပေါ်လာပြီး လူသားမျိုးနွယ် နိမ့်ပါးသွားခဲ့ပြီး ကြီးမားသောပိုင်နက်တစ်ခုကို ဆုံးရှုံးလိုက်ရသည့်တိုင်အောင် ရှေးဟောင်းလမ်းကြီးကို ပိုင်ဆိုင်ထားဆဲပင်။
ထိုရှေးဟောင်းလမ်းမကြီးပတ်လည်တွင် လူသားမျိုးနွယ်လည်း အဆက်မပြတ် ရပ်တည်လာခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုရှေးဟောင်းလမ်းကြီးပေါ်တွင် လူသားမျိုးနွယ်နေထိုင်ရာ မြို့ကြီးခုနစ်မြို့ ပေါ်ပေါက်လာခဲ့သည်။ ဂိုဏ်းများ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် လူသားမျိုးနွယ်၏ အင်အားက လျော့ကျလာခဲ့သည်။ သို့တိုင်အောင် မြို့ကြီးခုနစ်မြို့နှင့် နန်းမြို့တော်ရှိ လူသားမျိုးနွယ်က ဝမ်ကူးဒေသကြီးထဲတွင် အင်အားကြီးမားသော မျိုးနွယ်များအနက် တစ်ခု ဖြစ်နေဆဲပင်။
ရွှမ်ယုံရှေးဟောင်းလမ်းမကြီးပေါ်ရှိ လူသားမျိုးနွယ်မြို့ကြီးခုနစ်မြို့မှာ နယ်မြေများအသီးသီး ပိုင်ခြားထားသည်။ ရှေးဟောင်းလမ်းမကြီး၏ အဆုံးသတ်တွင် လူသားမျိုးနွယ်၏ သတ္တမမြောက်မြို့ကြီး ရှိသည်။ ထိုမြို့ကြီးသည် ရှန်းလန်ဒေသကြီးထဲတွင် တည်ရှိပြီး တားမြစ်ပင်လယ်နှင့် နီးသည်။ ထိုမြို့ကြီးကို ဖုန်းဟိုင်မြို့ကြီးဟူ၍ ခေါ်ကြသည်။
ထိုသို့မြို့ကြီးတစ်မြို့အဖြစ် ခေါ်ကြပါသော်လည်း အမှန်စင်စစ် ၎င်း၏အရွယ်အစားက ချီရွှဲ့ထုံဂိုဏ်းနှင့် မယှဉ်နိုင်လောက်အောင် ကျယ်ပြန့်သည်။ ထိုမြို့ကြီးကို ပြည်နယ်ငါးခုခွဲခြားထားပြီး ပြည်နယ်တစ်ခုချင်းစီ၏ အရွယ်အစားက နန်းဟွမ်ဒေသကြီးထက် ဆယ်ဆပို၍ ကြီးသည်။
ထိုပြည်နယ်များအနက် တားမြစ်ပင်လယ်နှင့် အနီးဆုံးပြည်နယ်မှာ ယင်ဟွမ်ပြည်နယ်ဖြစ်သည်။
ရှေးဘုရင်ရွှမ်ယုံသည် ပင်လယ်ရပ်ခြားတွင် တာအိုကို ပေါက်မြောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး ထိုပြည်နယ်မှအစပြုကာ ဝမ်ကူးဒေသကြီးကို သွေးစည်းညီညွတ်အောင် စွမ်းဆောင်နိုင်ခဲ့သည်ဟူ၍ ကောလာဟလများ ရှိသည်။ ထိုအချိန်မှစ၍ ယင်ဟွမ်ပြည်နယ်ဟု ခေတ်အဆက်ဆက် ခေါ်ခဲ့ကြသည်။
ယင်ဟွမ်ပြည်နယ်ထဲတွင် အင်အားစုအသီးသီးနှင့် အဖွဲ့အစည်းများ ရှိသည်။ စခန်းများဆောက်ကာ မြို့များထောင်၍ နေထိုင်နေကြသော လူသားမဟုတ်သည့်မျိုးနွယ်များပင် ရှိသည်။ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး အပြောင်းအလဲများစွာ ကြုံတွေ့လိုက်ရပြီးနောက်တွင် ထိုပြည်နယ်၌ ထိပ်သီးအင်အားစုကြီးခြောက်စု ရှိလာပြီး ထိုအင်အားစုကြီးခြောက်စု၏ နာမည်က ပြည်နယ်တစ်ခွင် ပျံ့နှံ့သွားသည်။
ထိုအင်အားစုကြီးခြောက်စုမှာ အောက်ပါအတိုင်း ဖြစ်သည်။
ယင်ဟွမ်ပြည်နယ်တစ်ခွင်၌ အလတ်စားဂိုဏ်းများနှင့် ဂိုဏ်းသေးပေါင်း ရာချီ၍ရှိပြီး ထိုဂိုဏ်းများကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ဦးဆောင်ထားကာ ထိုအင်အားစုကို ခုနစ်ဂိုဏ်းမဟာမိတ်ဟု ခေါ်ကြသည်။
လီထူဂိုဏ်းက ရှေးဘုရင်ရွှမ်ယုံကို အလွန်အမင်း သက်ဝင်ယုံကြည်ကြသည်။ သူတို့သည် ရူးနှမ်းသောလုပ်ရပ်များစွာ လုပ်ကြပြီး ယဇ်ပူဇော်ခြင်းများ ပြုလုပ်ကြသည်ဖြစ်၍ သူတို့ကို လီထူတာအိုယဇ်ပလ္လင်ဟူ၍ ခေါ်ကြသည်။
ယင်ဟွမ်ဒေသခံများသည် ထူးဆန်းသောအမွေကို ဆက်ခံရရှိထားကြသည်။ နာမည်အရ သူတို့သည် ယင်ဟွမ်ဒေသကြီး၏ ခေါင်းဆောင်ဖြစ်ပြီး သူတို့ကို ထိုက်စီရှန်းမုန်ဂိုဏ်းဟူ၍ ခေါ်ကြသည်။
ယင်ဟွမ်ပြည်နယ်၌ မရေမတွက်နိုင်သော သဘာဝလွန်သတ္တဝါများ ရှိကြသည်။ သူတို့သည် အသွေးအသားများကို စားသုံးပြီး ဝိညာဉ်များကို သောက်သုံးကြသည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ကျင့်ကြံသူများအားလုံး ကြောက်ရွံ့ထိတ်လန့်ကြသည်။ သူတို့သည် လူသားမျိုးနွယ်ကို အလောင်းများ ပြန့်ကျဲနေသည့် မြို့ကြီး (၁၃၇ ) မြို့တွင် မွေးမြူထားသည်။ ပုပ်ပွနေသော အသားစများကြောင့် မြေပြင်သည် စေးကပ်နေပြီး တခြားအင်အားစုများမှာ သူတို့နှင့် ရင်ဆိုင်ရာတွင် ကူကယ်ရာမဲ့ ဖြစ်သွားကြရသည်။ ထိုအင်အားစုမှာ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်အင်အားစု ဖြစ်သည်။
ပဉ္စမမြောက်အင်အားစုမှာ ပို၍ပင် တသီးတခြားနေသည်။ ထိုအင်အားစုသည် ယင်ဟွမ်ပြည်နယ်၏ ပြဿနာများတွင် ဝင်ရောက်ပါဝင်လေ့မရှိသလောက်ပင်။ သူတို့သည် အနယ်နယ်အရပ်ရပ်မှ စုံရုံးရောက်ရှိလာကြပြီး လွန်ခဲ့သော ခေတ်ပေါင်းများစွာက အမည်မသိ အရှင်သခင်တစ်ပိုင်းအဆင့်ကျင့်ကြံသူ ချန်ထားခဲ့သည့် လီယုံကျောက်တိုင်ပတ်လည်တွင် နေထိုင်ကြသည်။
ထိုလီယုံကျောက်တိုင်သည် အမွေပစ္စည်းတစ်ခု ဖြစ်သည်။ ထိုတိုင်ကြီးသည် မိုးသားတိမ်စိုင်များသို့ ရောက်သည့်တိုင်အောင် ရှည်လျားပြီး တိုင်ထိပ်သို့ တက်နိုင်သူ အလွန့်အလွန် နည်းပါးသည်။ တိုင်ထိပ်သို့ ရောက်နိုင်သူများမှာ ၎င်း၏အမွေကို ဆက်ခံနိုင်သည်ဟူ၍ ဆိုကြသည်။
ယခုအချိန်တိုင်အောင် တိုင်ထိပ်သို့ ရောက်နိုင်သူ နှစ်ယောက်သာ ရှိသည်။ လီယုံကျောက်တိုင်ကြီးပေါ်တွင် နာမည်များ မရေမတွက်နိုင်အောင် ရေးထွင်းထားသည်။ ထိုသို့ လီယုံကျောက်တိုင်ကြီးပေါ်တွင် နာမည်ရေးထွင်းခွင့်ရသူများမှာ လီယုံကျောက်တိုင်ကြီး၏ နတ်ဝိညာဉ်အကာအကွယ်ကို ရရှိမည် ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သောဇစ်မြစ်နှင့် ရက်စက်ကြမ်းကြုတ်သော တစ္ဆေကြီးတစ်ကောင်သည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍ ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး ပခုံးနှစ်ဖက်တွင် စကားနှစ်လုံး ထွင်းထားသည်။ ထိုတစ္ဆေကြီးသည် ပေသန်းချီ၍ ရှည်လျားပြီး မိစ္ဆာနတ်ဘုရား၏ဝိညာဉ်နှင့် ဆင်တူသည်။ ၎င်းက ယင်ဟွမ်ပြည်နယ်ကြီးထဲတွင် တောင်ကြီးတစ်လုံးကဲ့သို့ ထိုင်နေသည်။
ထိုမိစ္ဆာနတ်ဘုရား၏ဝိညာဉ်ကို နန်ယွဲ့တစ္ဆေဧကရာဇ်ဟူ၍ သိကြပြီး ၎င်း၏ပခုံးပေါ်ရှိ စကားနှစ်လုံးမှာ ဆဋ္ဌမမြောက်အင်အားစုဖြစ်သော နန်ယွဲ့တစ္ဆေတောင် ဖြစ်သည်။
ယင်းအပြင် ယင်ဟွမ်ပြည်နယ်၌ လူသားမဟုတ်သောမျိုးနွယ်စခန်းများနှင့် တားမြစ်နယ်မြေအမြောက်အမြား ရှိသည်။ နှစ်စဉ်နှစ်တိုင်း ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ပျံ့နှံ့နေသော တားမြစ်ဒေသကြီးနှစ်ခုလည်း ရှိသည်။
ဘာသာပြန်သူမှတ်စု။ 'ယင်ဟွမ်' ဆိုသည်မှာ ' ဧကရာဇ်ကို ကြိုဆိုခြင်း ' လို့အဓိပ္ပာယ်ရပါတယ်။