← Chapters

ချမ်းသာခြင်းနတ်ဘုရားတော့ထွက်ပြေးရှာပြီ

Vol. 1 Ch. 1

ချမ်းသာခြင်းနတ်ဘုရားတော့ထွက်ပြေးရှာပြီ

Vol. 1 Ch. 1

ယွင်ကျင်းတောင်တန်းတွင် တည်ရှိ‌သော ရွှေယွဲ့တာအိုဘုရားကျောင်းလေးသည် ပူပြင်းသော နွေရာသီဖြစ်နေသော်လည်း တောင်အောက်ရှိ ပူပြင်းလှသောရာသီဥတုဒဏ်ကို မခံရသကဲ့သို့ တည်ရှိနေသည်။ ထိုသေးငယ်လှသော ဘုရားကျောင်းလေးမှာ ရိုးရှင်းစွာ လန်းဆန်းသည့် ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေသည်။နွေဦးရာသီကဲ့သို့ပင် ခံစားရစေလေသည်။

ထိုဘုရားကျောင်း၏ ဗိမ္မာန်တံတိုင်းဘေးတွင် နူးညံ့သော ထိုင်ခင်းတစ်ခုရှိသည်။ ထိုထိုင်ခင်းလေးပေါ်တွင် အလွန်ချောမောလှပသည့် မိန်းမပျိုလေးတစ်ဦးထိုင်နေ၏။

သူမသည် တာအိုဝတ်ရုံကို ဆင်မြန်းထားပြီး ဗိမ္မာန်တံတိုင်းအားမှီကာ ထိုင်လျက်ရှိနေသည်။ တစ်ကြိမ်ကြည့်ရုံဖြင့် မျက်စိဖမ်းစားနိုင်သော ငှက်‌မွှေးယပ်တောင်အားဖြူ၀င်းသောလက်ကလေးဖြင့် ဆုပ်ကိုင်လျက် ဖြည်းညင်းစွာယပ်ခပ်နေ၏။

လက်တွင်ဆင်မြန်းထားသော ခေါင်းလောင်းငယ်လေးမှာ သူမ၏လှုပ်ရှားမှုများအား အဖြေပေးနေဟန်ဖြင့် တစ်ခါတစ်ရံ နှစ်ကြိမ်ခန့် အသံပေးနေလေသည်။

ရှည်လျားသော သူမ၏ဆံနွယ်များကို ဆံထုံးငယ်လေးပုံစံ တစ်ဝက်ထုံးဖွဲ့ထားပြီး သစ်သားဆံထိုး‌တစ်ချောင်းကိုလည်း ဆံထုံးထဲတွင်အလျားလိုက်စိုက်ထားဟန်ဖြင့်ရှိနေသည်။ သူမ၏ ပခုံးထက်တွင် ဆံထုံးထုံးရာ၌ ကျကျန်ခဲ့သော ဆံနွယ်အချို့က ဝဲကျနေသေးသည်။ သူမ၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများမှာ ပျင်းရိခြင်းအငွေ့သက်ကို ပြနေလေသည်။

"အိုး..”

သူမ ဘေးနားမှအဖိုးအိုတစ်ဦးမှာ သက်ပြင်းအခါခါချနေ၏။

ရှဲ့ချောင်သည်ယပ်တောင်ခပ်နေခြင်းအားရပ်တန့်လိုက်ကာ

"ဒီတစ်ခဏလေးအတွင်းမှာ အဖိုး သက်ပြင်းချတာ ဆယ်ခါထက်မနည်း‌တော့ဘူး ”

ထို့နောက်ယပ်တောင်ပေါ်မှ ဌက်မွှေးများအား လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။

“ကျွန်မကိုတစ်ကယ်မသွားစေချင်ရင်လည်း ဟိုကလေးကိုလွှတ်ပြီးပြောခိုင်းလိုက်ပါလား ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်မကို ကြိုးနဲ့ ချည်ပြီးခေါ်သွားလို့ရမှာလည်း မဟုတ်ဘူးလေ"

တာအိုဘုန်းတော်ကြီးသည်မျက်လုံးအားလှိမ့်

လိုက်ကာ

“မင်း နားမလည်ပါဘူး”

ရှဲ့ချောင်သည်မျက်ခုံးပင့်တင်၍မဲ့ပြုံးပြုံးလိုက်ရင်း

“ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်မ ရှင့်ကို သူတော်စင်လို ဟန်ပန်မျိုး မသေမျိုးတစ်ပိုင်း အထက်ပုဂ္ဂိုလ်လို ဖြစ်အောင် ပုံရိပ်လုပ်ပေးခဲ့ပြီးပြီ ဒါပေမယ့် ရှင်ပါးစပ်ဟလိုက်တာနဲ့ ကျွန်မကြိုးစားမှုတွေအကုန် အလဟဿဖြစ်ကုန်တယ် အဖိုးကြီး ရှင့်ရဲ့ဒီလိုအပြုအမူတွေကိုသာ တစ်ယောက်ယောက်များမြင်သွားရင် ဒီတာအိုဘုရားကျောင်းကို အလှူငွေတွေ ပေးကြဦးမယ်ထင်လား”

တာအိုဘုန်းတော်ကြီးမှာနှာခေါင်းရှုံ့ပြလိုက်ပြီး

“ တခြားသူတွေ့ရှေ့မှာတော့ ဒီလိုမနေပါဘူး”

ထို့နောက် ရှဲ့ချောင်က ချောင်းအနည်းငယ်ဟန့်လိုက်ပြီး

“ရှင်က တကယ့်ကို စိတ်မချရဘူး စဉ်းစားရင်း ပိုပိုပြီးကို စိုးရိမ်‌မိနေပြီ။ ကြည့်ရတာ ကျွန်မတစ်ကယ် မသွားသင့်ဘူး ထင်တာပဲ”

“အဲ့လို လုပ်လို့မရဘူးလေ။ ငါတို့ရဲ့ ရွှေယွဲ့တာအိုဘုရားကျောင်းက ဆွေကြီးမျိုးကြီး မိသားစုထဲက မိန်းမပျိုတစ်ယောက်ကို သီလရှင်လုပ်ခိုင်းလို့ရမှ မရဘဲ။ မင်းလည်း ဒီမှာ နှစ်တွေအကြာကြီးနေခဲ့ပြီးပြီ။ မင်းအဖေကလည်း မင်းကို ဆွေကောင်းမျိုးကောင်းထဲက အမျိုးသားကောင်းနဲ့ လက်ထပ်ပေးပြီး သာမန်ဘဝကိုဖြတ်သန်းစေချင်နေတာ။ ငါသာသူ့ကိုသွားတားရင် ငါ့ကိုသတ်ပစ်လိမ့်မယ်”  ထိုဓားပြအကြောင်း တွေးလိုက်သည့်အခါတိုင်း တာအိုဘုန်းတော်ကြီး ၏ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာလေသည်။

အချိန်သည် ကုန်တာမြန်လွန်းလှပေသည်။

တာအိုဘုန်းတော်ကြီးသည် လွန်ခဲ့သောနှစ်အနည်းငယ်မှ အဖြစ်ပျက်တစ်ခုကို အမှတ်ရမိနေသည်။ သူသည် တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကာ ခရီးသွားနေစဉ်တွင် လူရှုပ်၊ ရှဲ့နျိုရှန်း ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရလေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုလူ၏ ဇနီးမှ မရဏကံကြမ္မာဆိုးနှင့် မိန်းကလေးငယ်အား ဖွားမြင်ခဲ့သည်။ ထိုကလေးမလေး မွေးပြီး မကြာခင်တွင် မိခင်ဖြစ်သူ အသက်ဆုံးရှုံးခဲ့ရသည်။ အဖေမှာလည်း အစိုးရအရာရှိများ၏ အသတ်ခံရဆဲဆဲအခြေနေနှင့် ကြုံခဲ့ရသည်။

တောင်ပေါ်စခန်းရှိ ဗျူဟာအကြံပေးက ထက်မြက်သည့်အလျောက် ချက်ခြင်းဆိုသလိုပင် ထိုကလေးငယ်လေး၏ ကံတရားသည် သူမမိဘများအပေါ်တွင်ပါ သေစေလောက်အောင် လွှမ်းမိုးမှုရှိကြောင်း သိရှိခဲ့သည်။

ထို့ကြောင့် ရှဲ့နျိုရှန်းက သူ့သမီးအား တာအိုဘုန်းတော်ကြီးထံ၌ အရွယ်ရောက်သည်ထိ စောင့်ရှောက်စေခဲ့ပြီး ရွှေယွဲ့တာအိုဘုရားကျောင်းအား ပြုပြင်မွမ်းမံရန် အလှူငွေတချို့ထောက်ပံ့ပေးခဲ့သည်။ လိုအပ်ချက်မှာ သူ့သမီးအား ကောင်းမွန်စွာထားရန်သာဖြစ်၏။

သို့သော် တာအိုဘုန်းတော်ကြီးမှာ အငြင်းသန်သည်။ ပါးစပ်ဟလိုက်သည်နှင့် သူများအားထိခိုက်အောင် ပြောဆိုပြီးလျက် ရှိနေတတ်သည်။ ထို့ကြောင့် ရွှေယွဲ့တာအိုဘုရားကျောင်းသည် အလှူငွေ ဟူ၍မရတတ်ပေ။ မိန်းမငယ်လေး အရွယ်ရောက်လာသည့်အခါမှသာ ချောင်လည်လာခဲ့သည်ဟု ဆိုရမည်။

'အခု ‌ဒီကောင်မလေးက ထွက်သွားတော့မယ်ဆိုတော့ကာ ချမ်းသာခြင်းနတ်ဘုရားလည်း သွားတော့မယ့် သဘောမှာရှိနေတယ်'

‘ဒါပေမယ့် သူ့ကိုမသွားနဲ့လို့ တားဖို့ကလည်း မလွယ်ဘူးလေ’

“ကောင်းပြီ အထုတ်အပိုးတွေသိမ်းပြီးသွားတော့။  ဒီတာအိုဘုရားကျောင်းကို မစီမံနိုင်တော့ဘူးဆိုရင် မင်းကိုလာအကူညီတောင်းမယ် ဟုတ်ပြီလား။ မင်းကို ဒီလောက်နှစ်တွေအကြာကြီး ကျွေးမွေးပြုစုစောင့်ရှောက်လာတာ မင်းအဖေက ဟင်းစားမကပ်ပဲ ငါ့ကိုအငတ်ထားလိမ့်မယ်လို့တော့ မထင်ဘူး”

ဘုန်းတော်ကြီးသည် ၎င်းအား ပြန်တွေးလိုက်သည်နှင့် သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေတော့သည်။

အနည်းငယ် ဖျော့တော့နေသော နှုတ်ခမ်းများဖြင့် ရှဲ့ချောင်ပြုံးလိုက်သည်။

သူမတွေ မည်သည့်ပစ္စည်းဥစ္စာမျှမရှိပေ။ အလှူငွေအားလုံးမှာလည်း တာအိုဘုရားကျောင်းအတွက်သာ။ ထို့အပြင် ရှဲ့မိသားစုမှာ သူမအား ကောင်းကောင်းမဆက်ဆံမှာမဟုတ်သည့်အတွက် သူမပိုက်ဆံယူသွားရန် မလိုအပ်ပေ။

သူတို့ စကားပြောနေကြစဉ်အတွင်း တာအိုဆရာလေးတစ်ယောက် ပြေးဝင်လာကာ “ဆရာ အဲ့အမျိုးသမီးက ဆရာတူအစ်မ ဘယ်အချိန်ထွက်လာမလဲမေးနေတယ်”

ရှဲ့ချောင်က “ငါခဏနေ လာခဲ့မယ်” ဟုပြောလိုက်ကာ သူမ၏အဝတ်ပေါ်တွင် မရှိသည့်ဖုန်အား ခါရင်း မတ်တပ်ရပ်လိုက်လေသည်။

“အဖိုးကြီး ကျွန်မသွားပြီ။ မောက်မာတာ၊ စိတ်မရှည်လက်မရှည်ဖြစ်တာနဲ့ အရက်သောက်တဲ့နေရာနဲ့ မိန်းမကိစ္စတွေမှာ ကိုယ့်ဟာကိုယ် သတိထားဖို့ မမေ့နဲ့အုံး” လို့ပြောသွားလေသည်။

အဖိုးကြီးမှာ မျက်စောင်းထိုးကာ“သွား သွား သွား နင်ကဆရာလား ငါကဆရာလား ငါ့ကို နင့်ရဲ့ဩဝါဒတွေချွေဖို့မလိုဘူး”

ရှဲ့ချောင် တစ်ယောက် တာအိုဘုရားကျောင်းအတွင်းမှ လေပေါ်တွင်ပျံဝဲနေသကဲ့သို့ သွက်လက်ပေါ့ပါးစွာ ထွက်သွားလေသည်။

ပြင်ပနေရောင်ခြည်သည် သူမ၏ ဝင်းပသောအသားအရည်အား ပေါ်လွင်စေကာ မျက်နှာပေါ်တွင် တောက်ပစွာကျရောက်လျက်ရှိသည်။

ရွှေယွဲ့တာအိုဘုရားကျောင်းသည် ကြီးကြီးမားမား မဟုတ်သော်လည်း ညအိပ်ဧည့်သည်များ လက်ခံတတ်သည်က ရှား၏။

ထိုအချိန်တွင် သခင်မလု ဦးဆောင်သော လူတစ်စုက ဘုရားကျောင်းပင်မခန်းဆောင်ရှေ့တွင် စောင့်နေကြသည်။

အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် အနည်းငယ် စိတ်မရှည်ဖြစ်လာကြပုံရှိသည်။

“ဒီကောင်မလေးကို မတွေ့ရတာ နှစ်တွေလည်းကြာပြီ။ အိမ်ပြန်လာတာရော တရုတ်နှစ်သစ်ကူးမှာ ငါတို့ဆီလာလည်တာ မတွေ့ဖူးဘူး။ သခင်ကြီးရှဲ့က သူ့ကိုချစ်တာများ ငါ့ကို လူကိုယ်တိုင်တောင်ခေါ်ခိုင်းလိုက်တယ်။ ဒါပေမယ့် သူ့ကိုကြည့်ပါဦးတော် တစ်နာရီကျော်လောက်ရှိနေပြီ အခုထိတောင် မျက်နှာမပြသေးဘူး”

••••••••••

All Chapters