← Chapters

ရုပ်ဆိုးမရဲ့သမီး

Vol. 1 Ch. 2

ရုပ်ဆိုးမရဲ့သမီး

Vol. 1 Ch. 2

သခင်မလုသည် ထိုအချိန်တွင် ဒေါသတကြီးဖြစ်ကာ မကျေနပ်မှုများကို ထုတ်ဖော်ပြောနေသည်။

သူမကို လမ်းတစ်လျှောက်လုံး အဖော်ပြုပေးလာသူ ဖေဝမ်ယွဲ့မှာ သူမ၏အရင်အိမ်ထောင်နှင့် မွေးဖွားထားသော သမီးဖြစ်သည်။

"အရမ်းစိတ်သောကမရောက်ပါနဲ့ မေမေရယ်  ဒီဘုရားကျောင်းမှာနေတဲ့ တာအိုကျင့်ကြံသူတွေက လောကီရေးရာနဲ့ မိသားစုကိစ္စ‌တွေကို သိပ်ဂရုစိုက်တာမဟုတ်ပါဘူး” ဖေဝမ်ယွဲ့က ပြုံးပြလိုက်သည်။

သခင်မလုမှာ စိတ်ပျက်လျက်ရှိသည်။

ဤခရီးသည် ရှဲ့ချောင်ကို ခေါ်ဆောင်ရန်တင်မဟုတ်ပေ။

သူမသည် ရှဲ့နျိုရှန်းနှင့် အိမ်ထောင်မကျခင်အချိန်က ယခင်အိမ်ထောင်ဖြင့်ရခဲ့သော သမီးလေးရှိနှင့်ကာ သူမ၏မိခင်ထံ၌ အပ်နှံပြီးစောင့်ရှောက်စေခဲ့သည်။ ယခု သူမခင်ပွန်း၏ခွင့်ပြုချက်ဖြင့် သူမ၏သမီးကို သွားရောက်ကာ ခေါ်ခဲ့သည်။ အပြန်ခရီးတွင် ခင်ပွန်းဖြစ်သူထံမှ အချိန်အခါမဟုတ် စာပို့ခိုကလေးတစ်ကောင်ကို လက်ခံရရှိခဲ့ပြီး သူ၏သမီးအကြီးဆုံးမှာ အရွယ်ရောက်ပြီ ဖြစ်ကြောင်း၊ ကောင်းမွန်စွာနေထိုင်ရန် သင့်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အတွက် သူမ ဤနေရာသို့ တောက်လျှောက်လာခဲ့ရခြင်းဖြစ်သည်။

သူမသည် ရှဲ့နျိုရှန်း ၏တတိယမြောက်ဇနီးဖြစ်သည်။ ရှဲ့မိသားစု နန်းမြို့တော်တရားရုံးတွင် အရာရှိဖြစ်လာသောအခါမှသာ သူမကလက်ထပ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ခင်ပွန်းဖြစ်သူ၏ပထမဇနီးသည်မှာ ခင်ပွန်းဖြစ်သူနှင့် ငယ်စဉ်ကတည်းက သူငယ်ချင်းများဖြစ်ခဲ့သည်ဟူသော ကောလဟာလများမှလွဲ၍ မည်သူဖြစ်သည်ကို သူမ အတိအကျမသိခဲ့ပေ။ ပထမဇနီးသည်မှာ သခင်မဖုန်ဟု လူသိများပြီး သူမ၏ဖခင်မှာ ယခင်က တောင်ပေါ်စခန်းရှိ ဓားပြများ၏ ခေါင်းဆောင်ဟောင်းဖြစ်ပေသည်။ သူမ၏ဖခင်သေဆုံးပြီးနောက်တွင် သူမခင်ပွန်းနှင့် ဖုန်မိသားစုတို့ တောင်ပေါ်စခန်းအား ဆက်လက်စီမံအုပ်ချုပ်ခဲ့ကြခြင်းဖြစ်သည်။

ဖုန်မိသားစုမှ လူများသည် အဆင်းမရှိဟု လူများကပြောကြသည်။

သူမသည် သခင်မဖုန်ကို တစ်ခါမျှမတွေ့ဖူးသော်လည်း သူမ၏ခင်ပွန်းနှင့် သခင်မဖုန်၏ အကြီးဆုံးသား ရှဲ့ဖင်းကန်းနှင့်တွေ့ဖူးသောကြောင့် ထိုကောလဟာလမှာ မှန်ကန်ကြောင်း ခန့်မှန်းမိပြီး ဖြစ်သည်။

ထိုကလေးသည် အလွန်တရာကြမ်းတမ်းထွားကျိုင်းလှပြီး သူ့ဖခင်ထက် ခေါင်းတစ်ဝက်စာပိုမြင့်ကာ သာမန်လူထက် နှစ်ဆပိုကြီးသည်။ သခင်မလုအတွက်တော့ ထိုကလေးသည် ကြောက်လန့်စရာကောင်းလှပေသည်။ ယခု ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း၏ ညီမအရင်းဖြစ်၏။

သူမအနေနဲ့ လူကောင်သေးနိုင်စရာ အကြောင်းမရှိဘူးလေ... ဟုတ်တယ်မလား?

သခင်မလု သက်ပြင်းချလိုက်သည်။

"သူ့အဖေကလည်း ဒီလိုပဲ ပြောတာ... ဒီကလေးမ လှလှပပ မကြီးပြင်းလာခဲ့မှာကိုကြောက်လို့ သူမကိုအိမ်ထောင်မြန်မြန်ချပေးဖို့ လာခေါ်ခိုင်းတာလေ" သခင်မလုသည် သူမ၏ နားထင်တို့ကို နှိပ်နယ်ရင်း “ငါတို့မိသားစုထဲက ကလေးတွေအားလုံးက နန်းမြို့တော်မှာ နာမည်ဆိုးတွေနဲ့ချည်းပဲကို အခု နောက်တစ်ယောက် ထပ်ခေါ်လာတော့ မြို့ရဲ့ လှောင်စရာကြီးဖြစ်ရဦးမယ်”

ဖေဝမ်ယွဲ့လည်း ထိတ်လန့်သွားသည်။ “ဒါပေမယ့် အခု ဦးလေးရှဲ့က ဓားပြမဟုတ်တော့ဘူးလေ အစ်မကိုလက်ထပ်ယူမယ့် ယောကျ်ားတစ်ယောက်ကို သွားပြီး ပြန်ပေးဆွဲလို့တော့မရဘူးလေနော်”

"ဟုတ်တာပေါ့? အချိန်ကျလာလို့ သူ့သမီး လက်ထပ်လို့မရတဲ့အခါ သမီးဦးလေးရှဲ့က လက်ညှိုးကြီးထိုးပြီး ငါ့ကို လုံလုံလောက်လောက် မကြိုးစားပေးဘူးလို့ပြောအုံးမှာ မြင်‌ယောင်သေး” သခင်မလုက တွေးကြည့်ရင်း ခေါင်းခါလိုက်မိသည်။

ဖေဝမ်ယွဲ့သည် ဤ မိန်းကလေးရှဲ့နှင့် ပတ်သတ်ပြီး အမြဲ သတိကြီးကြီးထားခဲ့သည်။

ယခု ဒီစကားကို ကြားလိုက်ရတော့ သူမစိတ်သက်သာရာရပြီး သက်ပြင်းချမိလိုက်သည်။

သူမသည် မိန်းကလေးရှဲ့နှင့် အသက်ရွယ်တူလောက်သာရှိပြီး နန်းမြို့‌တော်ထဲသို့ အတူတူဝင်ကြရမည်ဖြစ်သည်။ တစ်ချိန်ချိန်မှာတော့ အချင်းချင်းထိပ်တိုက်တွေ့ကြရမည်ဖြစ်သောကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သတင်းသည် ရေမြောင်းထဲတွင်ရောက်နေလျှင် သူမအတွက်လည်း ကောင်းတာတစ်ခုမှ မဖြစ်နိုင်တော့ပေ။

သို့သော် မိန်းကလေးရှဲ့၏ ရုပ်ရည် အလွန်တရာဆိုးနေလျှင်တော့ ဖေဝမ်ယွဲ့မှာ သူများအမြင်တွင်ပိုပြီး ကြည့်ကောင်းနေမှာအသေအချာပင်။

“စိတ်လျော့ပါ မေမေရဲ့ သမီးအိမ်ထောင်မပြုနိုင်ရင်တောင် ဖေဖေ့ကို မှီခိုပြီး တစ်သက်လုံးနေလို့ရတာပဲ။ အဲဒါအတွက်တော့ သူတို့ မေမေ့ကို အပြစ်တင်လို့ မရပါဘူး” ရှဲ့ချောင်က တံခါးမှ ထွက်လာရင်း အားနည်း၍ တိုးလွန်းသောအသံလေးဖြင့် လှမ်းပြောလိုက်သည်။

သခင်မလုမှာ တုန်လှုပ်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူမအံ့အားသင့်သွားသည်။

အသစ်ရောက်လာသူလေးသည် အပြာရင့်ရောင်တာအိုဝတ်စုံကို ၀တ်ဆင်ထားသည်။ သူမသည် အရပ်ခပ်မြင့်မြင့်နှင့် အနည်းငယ်မာနကြီးပုံပေါ်သည်။ သူမ၏ အသံသည် ဝါးတောကိုဖြတ်၍ စီးဆင်းနေသော မြစ်ကဲ့သို့ ကြည်လင်ပြတ်သား‌နေကာ ပေါ့ပါးပြီး နုရွနေလေသည်။

သူမ၏ပုံစံသည် သိပ်အသက်ဝင်ပုံမပေါ်သော်လည်း သူမ၏မျက်လုံးများတွင် နူးညံ့သောအကြည့်တစ်ခုရှိသည်။ သူမ၏ခန္ဓာမှာ သွယ်လျ၍ ခါးသည်ပိန်သွယ်သည်။ သို့သော် သူမ၏ ခန္ဓာတစ်စိတ်တစ်ပိုင်းကမျှ ဖြားယောင်းနေသည် ဟုမဆိုနိုင်ပါ။ သူမတွင် နံ့သာမွှေးရနံ့သင်းသင်းလေးရှိပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်သော အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှုန်မှိုင်းသွားစေသည့်အထိ

ညို့ယူနိုင်လေသည်။

“မင်း… မင်းက…” သခင်မလုသည် ဤသည်ကို မယုံနိုင်လောက်အောင်ဖြစ်‌နေတော့သည်။ ဒါက ရုပ်ဆိုးတဲ့ သခင်မဖုန်ရဲ့သမီး ဖြစ်နိုင်လို့လားဟု တွေးမိသည်အထိပင်။

"မင်္ဂလာပါ  အမေ” ရှဲ့ချောင်က လေးလေးစားစား ခေါင်းလေးငြိမ့်၍နှုတ်ဆက်သည်။ "သမီးက ရှဲ့ချောင်ပါ"

သခင်မလုက တံတွေးကို ခြောက်သွေ့စွာ မျိုချလိုက်သည်။

ရှဲ့ချောင် သည် သခင်မလုနှင့် ပတ်ဝန်းကျင်ရှိလူများကို ဂရုမစိုက်ပေ။

အမှန်တော့ သူမမှာ ခေါင်းကို အနည်းငယ်ငုံ့ထားသည်။ သူမလက်ထဲမှ ဌက်မွှေးယပ်တောင်လေးကို စိုက်ကြည့်နေပုံရသော်လည်း ရုတ်တရက် ကြည့်လိုက်လျှင် သူမမှာ မည်သည်ကိုမှ အာရုံမစိုက်ထားသည့် ပုံပေါ်သည်။

သို့သော် သူမဘေးနားရှိ ထိုတာအိုကျင့်ကြံသူလေးမှာ သူမ သဘာဝလွန်အရာတစ်ခုကို မြင်လိုက်သယောင်၊ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ဖောက်ထွင်းမြင်လိုက်ကြောင်း သိနေခဲ့သည်။

"မင်းရဲ့.. မင်းရဲ့ ရုပ်ရည်က မဆိုးပါဘူး ဒါပေမယ့် မင်းရဲ့ ပျင်းရိနေတဲ့ပုံစံက မိန်းမငယ်လေးတစ်ယောက်အနေနဲ့ မသင့်တော်တဲ့ပုံစံပေါက်စေတယ် နန်းမြို့တော်ကို ပြန်ရောက်လို့ တခြားသူတွေနဲ့တွေ့ရင် ဒီလိုပြုမူလို့မရဘူး မင်းက မင်းညီမလေးနှစ်ယောက်စလုံးအတွက် စံနမူနာကောင်းပြရမယ်လေ” သခင်မလုက သူမ၏သမီးကို ကြည့်ပြီး ရှဲ့ချောင်အား ပြန်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မသက်မသာ ခံစားချက်ကို ခံစားလိုက်ရသည်။

••••••••••••

All Chapters