အကြီးဆုံးသခင်မလေးကနည်းနည်းတော့ထူးဆန်းတယ်
Vol. 1 Ch. 3
'ရှဲ့ချောင်က ရုပ်ရည်ကြမ်းတမ်းတဲ့ မိန်းကလေးဖြစ်မယ်လို့ ထင်ထားတာ ဒီလောက်လှလိမ့်မယ် လို့မတွေးထားမိဘူး'
'ကံကောင်းချင်တော့ သူကြည့်ရတာ သင့်တင့်လျောက်ပတ်အောင် နေတတ်ပုံမပေါက်ဘူး နန်းမြို့တော်က လူချမ်းသာလေးတွေက အလှမျိုးစုံကို မြင်ဖူးပြီးသားမို့'
'ယောက်ျားတစ်ယောက်က ကြင်ဖက်ရှာတဲ့အခါ အကျင့်စာရိတ္တကို အရမ်းဦးစားပေးတတ်တာပဲလေ'
ရှဲ့ချောင်တွင် ပိုင်ဆိုင်မှုဟူ၍ သိပ်မရှိပါ။ သူမ ရှိသမျှ ပစ္စည်းလေးများကို သိမ်းဆည်းပြီးနောက် သခင်မလုနှင့် သူ့သမီးတို့၏ နောက်မှ ထပ်ကြပ်မကွာ တောင်အောက်သို့ လိုက်သွားခဲ့လေသည်။
ရထားပေါ်တွင် ထိုင်နေရင်း သခင်မလု၏မျက်နှာအမူအရာမှာ တစ်စထက်တစ်စ ပျက်ယွင်းလာသည်။
“ဒီလိုမိန်းကလေးမျိုးတစ်ခါမှ မတွေ့ဖူးပါဘူးတော် ငါတို့မိသားစုက အသားစားဖို့ မတတ်နိုင်တာမျိုးလည်း မဟုတ်တာကို အိမ်မွေးတိရစ္ဆာန်နဲ့ အတူတူလှည်းစီးဖို့ ဆုံးဖြတ်ရတယ်လို့... နန်းမြို့တော်ကို ရောက်ဖို့က တစ်လခွဲလောက်ကြာဦးမှာ ဒီတိရိစ္ဆာန်နဲ့ပဲ စားအတူတူ အိပ်အတူတူနေနေတာ ဘယ်လောက် အနံ့ဆိုးလိုက်မလဲ” သခင်မလုမှာ စဉ်းစားရုံလေးဖြင့်ပင် ယင်းအနံ့ဆိုးကို ရှူရှိုက်မိပြီးသွားသည့်အလား သူမ၏ နှာခေါင်းကို ပွတ်သပ်လိုက်လေတော့သည်။
ရှဲ့ချောင် တောင်အောက်ဆင်းလာစဉ်က ဝါးသေတ္တာတစ်လုံးကို ယူဆောင်လာခဲ့သည်။ ထိုအထဲမှာ မည်သည့်အရာပါနေမှန်း မည်သူမှ မသိကြပေ။
သူမနှင့်အတူ ဆူဖြိုးသော သက်ရှိကြက်ဖကြီးတစ်ကောင်ကိုပါ ခေါ်လာခဲ့သည်။
ထိုကြက်ဖ၌ နေရောင်အောက်တွင် ထင်းလင်းသည့် အရောင်အသွေးနှင့် ကြည့်ကောင်းသော အမွှေးများရှိသည်။ ရှဲ့ချောင် သွားသည့်နေရာတိုင်းကို ထိုကြက်ဖကလည်း အနီးကပ် လိုက်လေ့ရှိ၏။
“မေမေ ဟိုအကြီးဆုံးအစ်မပုံစံက နည်းနည်းထူးဆန်းနေတယ် ဒါပေမယ့် ဘာကထူးဆန်းနေတာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး” ဖေဝမ်ယွဲ့က အနည်းငယ်မျှမျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။ “နောက်ပြီး သူမကို ကြည့်ရတာ ကျန်းမာရေးသိပ်ကောင်းပုံလည်းမရဘူး...”
“သူမရဲ့ ကျန်းမာရေးက မကောင်းဘူးလေ သမီးရဲ့ ဦးလေးရှဲ့ပြောတာတော့ မွေးကတည်းက ဒဏ်ရာရဖူးတယ်ဆိုလားပဲ” သခင်မလုက တွေးဆဆဖြင့် ခေါင်းကို ညိတ်လိုက်သည်။
“ဒါပေမယ့် ငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်အနေနဲ့ ဘာလို့များ တာအိုဘုရားကျောင်းမှာနေဖို့ ရွေးချယ်ခဲ့တာလဲမသိဘူးနော် သူမသာ နေမကောင်းဘူးဆိုရင် အိမ်မှာထားတာက ပိုမကောင်းဘူးလား။” ဖေဝမ်ယွဲ့ က မေးခွန်းထုတ်လေသည်။
သခင်မလုက ပြောစရာမဲ့သွားသည့်အလျောက် ပြန်မဖြေမိ ခေတ္တမျှ စဉ်းစားနေလေသည်။ “ပြောတာတော့ အရွယ်မရောက်ခင်အထိ သူ့မိသားစုကို တွေ့လို့မရဘူးတဲ့ မဟုတ်ရင် ငယ်ငယ်လေးနဲ့ သေလိမ့်မယ်လို့ ပြောတယ်”
ရှဲ့နျိုရှန်းမှ သူမအား တစ်ကြိမ်သာ ပြောခဲ့ဖူးရာ သူမလည်း ထိုအချိန်မှစ၍ ထပ်မမေးမိခဲ့တော့ချေ။
"သမီးရဲ့ ဦးလေးရှဲ့က ဒီမိန်းကလေးကို မြှောက်စားပါ့မလားတော့ မေမေလည်း သိဘူး သူပြောတာတော့ တစ်ခါမှ မကြားဖူးဘူး သူ့မှာ သမီးတစ်ယောက်ရှိသေးတာကို မေ့နေသလိုမျိုး ဒီနှစ်တွေမှာ အဲ့မိန်းကလေးကို ဘာမှတောင် မပေးဖူးဘူး ဒါပေမယ့် ဒီတစ်ခါတော့ သူ့ကိုသေချာပြန်ခေါ်လာပြီး ကောင်းကောင်းဂရုစိုက်ပေးဖို့ အမေ့ကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့တာ” သခင်မလုသည် သခင်ကြီးရှဲ့၏ သဘောထားအား နားလည်ရန် ရုန်းကန်နေရ၏။
ခင်ပွန်းသည်က ဓားပြဖြစ်ဖူးသောကြောင့် အနည်းငယ် ကြောက်လန့်နေသည်လည်း ပါသည်။
သူမမှာ ကိုယ်ပိုင်ခန့်မှန်းချက်များ ထုတ်နိုင်လောက်သည်ထိ သတ္တိမရှိခဲ့ပေ။
“အကြီးဆုံး အစ်မက လှလွန်းတယ် နန်းမြို့တော်ကို ရောက်တဲ့အခါ ဦးလေးရှဲ့က သူ့ကို အစပိုင်းမှာ သဘောမကျရင်တောင်မှ နောက်ပိုင်းကျ သူ့ကို တဖြည်းဖြည်းနဲ့ ပိုသဘောကျလာမှာပဲလေ” ဖေဝမ်ယွဲ့မှ ဝမ်းနည်းကြေကွဲသော လေသံနှင့် တိုးတိုးလေးပြောကြားခဲ့သည်။
သခင်မလုသည်လည်း သူမ၏ စကားကြောင့် ထိတ်လန့်သွားခဲ့သည်။
ထို့နောက် ခေါင်းခါလိုက်ရင်း “စိတ်မပူပါနဲ့ သူက အပြင်ပိုင်းသာ လှတာ ... ဂီတတူရိယာတွေ ဘယ်လိုတီးခတ်ရမလဲ စစ်တုရင်ဘယ်လိုကစားရမလဲ လက်ရေးလှဘယ်လိုရေးရမလဲနဲ့ ပန်းချီဆွဲတာတွေကိုတောင် သိပါ့မလား? အခြေခံယဥ်ကျေးမှုထုံးတမ်းလေးတွေကိုတောင် နားလည်မှာမဟုတ်ဘူး... သူမကို ဘယ်သူက သဘောကျမှာတဲ့လဲ။ နန်းမြို့တော်ကိုရောက်တာနဲ့ သမီး စကားကိုချိုသာအောင် ပြောတတ်ရမယ်နော် ဦးလေးရှဲ့လို့ ခေါ်မယ့်အစား အဖေလို့ ခေါ်သင့်တယ် အဲ့လိုလုပ်တာက မေမေတို့ကို မိသားစုလေးတစ်ခုလို ဖြစ်နေစေတာပေါ့”
"အဖေလို့ ခေါ်ရမယ် ဦးလေးရှဲ့က ကြားရင် ပျော်ပါ့မလား” ဟု ပြောလိုက်သော်ငြား ဖေဝမ်ယွဲ့မှာ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားနှင့်ပြီးသား ဖြစ်နေလေသည်။
ဖေမိသားစုသည် ကုန်သည်များသာဖြစ်ပြီးအရာရှိများ မဟုတ်သော်လည်း ပြည်သူကောင်းများဖြစ်ကြသည်။
သူမ၏ဖခင်သေဆုံးပြီးနောက် ဖေမိသားစုတွင် ဖေဝမ်ယွဲ့အတွက် နေရာမရှိတော့ပေ။ ဤနန်းမြို့တော်သို့ ခရီးစဉ်မှာ သူမအတွက် ရှဲ့မိသားစုအောက်၌ ခိုလှုံရန် သွားရောက်ခြင်းဖြစ်ပေသည်။
“သူ အရမ်းပျော်သွားမှာပါ သမီးရဲ့ သူက သမီးအကြောင်းကိုတောင် ခဏခဏ မေးနေသေးတာ” သခင်မလုက အခိုင်အမာဆိုလေသည်။
ထိုအချက်က ဖေဝမ်ယွဲ့၏ စိုးရိမ်နေသော စိတ်အခြေအနေကို တည်ငြိမ်စေလိုက်သည်။
ရှဲ့ချောင်၏ လက်ထဲတွင် ပိုးကောင်ခြောက်လေးများကို ကိုင်ထားသည်။ သူမသည် ယင်းတို့ကို ပန်းကန်သေးသေးလေးထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် ကြက်ဖကြီးမှ မြိန်ရေရှက်ရေ စားနေသည်အား ထိုင်ကြည့်နေသည်။
“ဟူး” တောင်စောင်းကို ကျော်ဖြတ်ပြီးနောက် ရှဲ့ချောင်မှ ရုတ်တရက် သက်ပြင်းချလိုက်သည်။
ခဏအကြာတွင် သူမက "ရပ်" ဟု အပြင်ဘက်ကို လှမ်းပြောလိုက်၏။
အပြင်မှ ရထားလုံးဆရာလည်း အံ့အားသင့်သွားပြီး အပြင်ဘက်မှ လှမ်းအော်လိုက်သည်။ ”ဘာများဖြစ်လို့လဲ ပထမသခင်မလေး? သခင်မက ညနေမစောင်းခင် အနီးဆုံးမြို့ကိုရောက်ရမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်”
သခင်မလုသည် ဤခရီးစဉ်တွင် လူအယောက်နှစ်ဆယ်ကို ခေါ်ဆောင်လာခဲ့သည်။
အစက ဤရထားလုံးကို ဖေဝမ်ယွဲ့အတွက် ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါတွင်မူ ရှဲ့ချောင်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် သူမကိုသာ ပေးလိုက်ရလေသည်။
ထုံးစံအရ သူမ၏ စကားများကို တစ်ဆင့်ပို့ဆောင်ပေးရန် အမျိုးသမီးအစေခံတစ်ဦးရှိသင့်ပေသည်။ သို့သော် သခင်မလုတွင် ထိုသို့ လုပ်ပေးရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် ရှဲ့ချောင်မှာ သူမလိုအပ်သည်များကိုသာ အစေခံများအား တိုက်ရိုက်ပြောရပေတော့သည်။
••••••••••