ကောင်းချီးမင်္ဂလာမြေ
Vol. 1 Ch. 5
တိုးညှင်းသောအသံဖြင့် ရှဲ့ချောင် ပြန်ဖြေလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ကာ ဝါးသေတ္တာထဲမှ ပေါက်တူးတစ်ချောင်းထုတ်ယူလိုက်ပြီး ထိုနေရာတွင်ပင် ကျင်းတစ်ခု ထတူးလိုက်သည်။
“အဲ့တော့ ကျုပ်ကသေသင့်တယ်လို့ ပြောလိုက်တာလား”
ထိုမကောင်းဆိုးဝါးဝိညာဉ်မှာ ထိန်းမနိုင်သိမ်းမရဒေါသထွက်ကာ ဒေါသတကြီးမေးလိုက်ပြီးသည့်နောက် ရှဲ့ချောင်၏ခြေဖျားအောက်မှသစ်ရွက်များမှာ စတင်လှုပ်ခတ်စပြုလာသည်။
သို့သော် ရှဲ့ချောင်မှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲပြောလိုက်သည်။
“ရှင်ရဲ့ အသွင်အပြင်က ရှင်သေခါနီး ဖြစ်သွားခဲ့တဲ့ပုံစံပဲ ရှင့်မျက်လုံးတွေက နီရဲနေပြီးတော့ မုတ်ဆိတ်မွေး တွေကတော့ နည်းနည်းဝါနေတယ်။ ကြည့်လိုက်တာနဲ့ ရှင်ကစိတ်ဆတ်ပြီး စိတ်မရှည်တတ်တဲ့ လူဆိုတာသိနိုင်တယ်။ ဒီလိုစိတ်ထားမျိုးက ရှင့်က်ိုကံဆိုးမှုတွေဆီ မလွှဲမရှောင်သာ ပို့ပေးမှာပဲ နောက်ပြီးပါးစပ်နဲ့ အသက်ရှူတယ် နားရွက်နောက်မှာ အနက်ရောင်အစက်တွေ ရှိနေတယ် အဲဒါက မရင်းနှီးတဲ့နေရာတစ်ခုမှာ သေဆုံးရမယ့် ကံကြမ္မာဆိုးရဲ့ လက္ခဏာပဲ။ ဝိဉာဉ်တစ်ယောက်ရဲ့ အသွင်အပြင်က သူနောက်ဆုံးချိန်မှာကြုံခဲ့တဲ့ အတွေးကြောင့် ဖြစ်လာတယ်ဆိုတာ ရှင်နားလည်လား?"
ထိုမကောင်းဆိုးဝါးဝိညာဥ်၏မျက်လုံးများသည် ယခင်ကထက်ပင် ပိုနီသွားကာ သူမကို အရှင်လတ်လတ်သတ်စားတော့မည့်ဟန်နှင့် ရွေ့လျားလာသည်။
ရှဲ့ချောင်အနားသို့ ထိုမကောင်းဆိုးဝါးဝိညာဉ်ရောက်လာသည်နှင့်အမျှ ၎င်းသည် သူမထံမှ အမွှေးနံ့သာသင်းရနံ့ဖျော့ဖျော့လေးရလိုက်၏။
ရုတ်တရက် မကောင်းဆိုးဝါး ဝိညာဥ်မှာ ရပ်တန့်ကာ ငြိမ်သက်သွားလေသည်။
"မင်းပြောတာဟုတ်ပါတယ် ကျုပ်က စိတ်မြန်လက်မြန်လုပ်တတ်ပြီး ကျုပ်သခင်ကို ဒုက္ခရောက်အောင်လုပ်ခဲ့မိတယ် ကျုပ်ကြောင့်သာမဟုတ်ရင် ကျုပ်သခင်ရဲ့လုပ်ရပ်တွေပေါ်သွားမှာမဟုတ်ဘူး အဲ့တော့ကျုပ်လည်းလိုက်ရှာခံရပြီး အသတ်ခံရမှာမဟုတ်ဘူး အခုဒီနေရာမှာကျုပ်သေသွားပေမယ့် ကျုပ်သခင်ကတော့ သေလားရှင်လားတောင် မသိနိုင်သေးဘူး”
ရုတ်တရတ် သူ့မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီး ငိုချတော့သည် ။
"ပါးစပ်ပိတ်ထား အသံထွက်မနေနဲ့"
အနည်းငယ်စိတ်မရှည်ဟန်ဖြင့် ရှဲ့ချောင်မှပြောလိုက်သည်။
“ဟင့်”
ထိုမကောင်းဆိုးဝါးဝိညာဥ်သည် ချက်ချင်းဆိုသလိုပင် အငိုရပ်သွားသည်။
“ကျုပ်အိမ်က ဒီနေရာနဲ့ ဝေးတယ် ကျုပ်အတွက် ဒီနေရာမှာပဲ သာယာတဲ့နေရာလေးရှာပေးပြီး အဲဒီမှာသဂြိုလ်ပေးဖို့ပဲ သခင်မကိုတောင်းဆိုချင်တာပါ ကျန်တာဘာမှ မလိုပါဘူး...”
“ရှင် တောင်းဆိုရင်တောင် ကျွန်မသေချာပေါက်မလုပ်ပေးနိုင်ဘူး”
ရှဲ့ချောင်သည် ရယ်ရင်းပြောလိုက်သည်။
“…....."
မကောင်းဆိုးဝါးဝိညာဥ်မှာ ဝမ်းနည်းကြေကွဲသွားလေသည်။
“ဒီနေရာက ဖုန်းရွှေကအရမ်းကောင်းခဲ့မှာပဲ ထူထပ်နေတဲ့တောကြီးရှိပြီး တောင်ဘက်မှာလည်း ကျောက်စိမ်းကျောက်တောင်ရှိတယ် မြောက်ဘက်တောင်တန်းက ရေတွေကလည်း ရေပြာအိုင်အဖြစ် ဒီနေရာမှာလာဆုံတယ်။ ဒီနေရာက ရေကောင်းတွေ စုနေတဲ့နေရာလို့ပြောရမယ်။
ဒါပေမယ့်အခုကြ ကျောက်စိမ်းတောင်ကြီးကို အသည်းအသန် တူးဖော်နေကြတော့ နေရာတိုင်းမှာ အပေါက်တွေမနည်းမနောပဲ။ မြက်ပင်တွေလည်းမရှိသလောက်ပဲ နောက်ပြီးတောင်ပေါ်မှာ သစ်ပင်တွေက နည်းလွန်းတော့ သစ်တောထဲမှာအစိုဓာတ်လည်း မရှိတော့ဘူး တစ်ဖြည်းဖြည်းနဲ့ ဒီနေရာကယင်စွမ်းအင်တွေ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်လာလိမ့်မယ် ရှင်လည်းသေသွားတာတောင် အခုထိအရမ်းခေါင်းမာတုန်းပဲနော်”
ရှဲ့ချောင် သက်ပြင်းချလိုက်သည်။
‘သူဒီမှာ နှစ်နည်းနည်းပဲနေရင်တော့ ကိစ္စမရှိဘူး ဒါပေမယ့် အကြာကြီးနေမယ်ဆိုရင်တော့ ပြန်လည်မွေးဖွားဖို့အခွင့်အရေး ဘယ်တော့မှရနိုင်တော့မှာမဟုတ်ဘူး'
ရှဲ့ချောင်မှာ နုတ်ထွက်ချင်သလို ခံစားလိုက်ရသည်။
နေဝင်နေပြီဖြစ်သဖြင့် ဆောင့်ကြောင့်ထိုင်ကာ အရိုးတွေကိုရှာဖို့ ကျင်းတူးရန်သူမစိတ်မပါတော့ပေ။
'မဖြစ်ပါဘူးလေ ငါ့အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်မှရမယ်”
သူမကိုယ်သူမ အားပေးလိုက်သည်။
မေ့ပျောက်ခြင်းစွတ်ပြုတ် မသောက်ခဲ့မိပဲ ပြန်လည်မွေးဖွားလာသည့်အတွက် ဖွားမြင်ပြီးနောက် ဝိညာဉ်များအား မြင်နိုင်နေခြင်းလား သူမကိုယ်တိုင်ပင်မသိတော့ပေ။
ယခင်အချိန်များကမူ ဝိညာဉ်များ၏ယင်စွမ်းအင်က သူမအနားသို့ ရောက်လာသည့်အခါတိုင်း ဖျားနာတတ်သည်။ ထို့ကြောင့် တာအိုဘုရားကျောင်းတွင် အချိန်အတန်ကြာနေခဲ့ရခြင်းပင်။
သူမ၏ဆရာသခင် အမည်မှာ မော့လင်းကျစ်
ဖြစ်သည်။ ရွှေယွဲ့တာအိုဘုရားကျောင်း၏ ငါးဆယ့်ရှစ်ယောက်မြောက် ဆက်ခံသူလည်း ဖြစ်သည်။ သူသည် အရည်အချင်းမရှိသောကြောင့် မကျော်ကြားခဲ့ပေ။
သို့သော်လည်း ရွှေယွဲ့တာအို ဘုရားကျောင်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက နက်ရှိုင်းစွာအမြစ်တွယ်နေသည့် မျိုးဆက်မျိုးစွာမှ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ဤအရာအားလုံးက သူမအားဆယ်နှစ်ကျော် အကာအကွယ်ပေးခဲ့ခြင်းပင်။
နောက်ပိုင်းတွင် သူမသည် မော့လင်းကျစ်နှင့် အတူတာအိုဘုရားကျောင်းရှိ စာပေများကို လေ့လာခဲ့သည်။
ရံဖန်ရံခါ ဖြတ်သွားဖြတ်လာ ဝိညာဉ်များကို အကူအညီပေးတတ်ကာ အရွယ်ရောက်လာသည်နှင့်အမျှ သရဲတစ္ဆေများက သူမအပေါ်လွှမ်းမိုးမှု လျော့နည်းလာသည်။
ထို့အပြင် သူမသည် ဝိညာဉ်များအား မြင်နေမှုကို ကုစားလိုလျှင် ၎င်း၏ ပြဿနာအရင်းအမြစ်မှ စတင်ဖြေရှင်းရန် လိုအပ်သည်။ ၎င်းတို့အား ဖမ်းပေးသည်ဖြစ်စေ ကူညီပေးသည်ဖြစ်စေ အကျိုးကျေးဇူးများအား သူမခံစားရသည်။
'အသက်ရှင်နေတာကပဲ ငါကံကောင်းနေပြီ'
'အဲဒါကြောင့် ပုံမှန်လိုပဲ ကောင်းကောင်းနေရမယ်'
"ရှင်ရဲ့အရိုးတွေက ဟိုးအနက်ကြီးထဲမှာ မြုပ်နေပြီ"
ရှဲ့ချောင်သည် အသက်ကိုဝအောင်ရှူလိုက်သည်။ အနည်းငယ် မောပန်းနေဟန်ရှိကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည် ။
မကောင်းဆိုးဝါးဝိညာဥ်သည် ပြုံးလိုက်ကာ
“သူတို့ကျုပ်ကိုမြုပ်သွားတာ မြင်လိုက်တယ်။ အဲ့တုန်းက မိုးရွာနေတော့ ရေတွေဝင်ပြီး ကျုပ်ပြန်ပေါ်လာမှာကို ကြောက်ကြလို့ တွင်းကိုရှစ်ပေ၊ ကိုးပေလောက်နက်အောင် တူးလိုက်ကြတာ နောက်ပြီး စကားမဆက်ကျုပ်အဝတ်အစားထဲမှာ ပိုက်ဆံနည်းနည်းရှိတယ် လေးစားသမှုနဲ့ပေးတဲ့ လက်ဆောင်လေးတစ်ခုအနေနဲ့ ယူပေးပါ”
"ဟင်း” နှာခေါင်းသံသဲ့သဲ့လေးအား ရှဲ့ချောင်ထုတ်လိုက်သည် ။
ကောင်းကင်ကြီးမှောင်လာသည်နှင့်အမျှ အလုပ်ပြီးမြောက်အောင် ပို၍မြန်ဆန်စွာရှဲ့ချောင်ကြိုးစားနေသည်။
အရိုးများမှာဘောလုံးတစ်လုံးကဲ့သို့ ဖြစ်မလာနိုင်သောကြောင့် သူမမြေတွင်းတူးရမည့် နေရာသည် အလွန်ကျယ်သည်။
ထိုမကောင်းဆိုးဝါးဝိညာဥ်မှာမူ ဘာမျှမလုပ်နိုင်သောကြောင့် စိတ်အားထက်သန်စွာသာ ကြည့်နေလေသည်။
ကြားထဲတွင် ရှဲ့ချောင်အကြိမ်ပေါင်းများစွာ အနားယူခဲ့ရသည်။ သူမ၏ နူးညံ့သိမ်မွေ့သောအသွင်အပြင်သည် သူ့အားဂေါ်ပြားကိုယူ၍ ကိုယ်တိုင်ပင် တူးပေးချင်စိတ်ကို ဖြစ်စေသည်။
သို့သော် သူသည် ဝိညာဥ်သာဖြစ်၍မည်သည့်အရာကိုမျှ ထိ၍မရပေ။
ထို့အပြင် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ရနံ့ကြောင့် မလှုပ်ဝံ့ပေ။
သူမဘေးနားရှိ ဝါးသေတ္တာထဲတွင်အဆောင်များအထပ်လိုက်ရှိနေသည်။ ၎င်းတို့ကိုမည့်သည့်အတွက်သုံးကြောင်း သူမသိချေ။
ကြက်ဖကြီးတစ်ကောင်လည်း ရှိနေခဲ့သည်။
သူ မသေခင်အချိန်တွင် ကြက်များစွာကို သတ်ခဲ့ဖူးသော်လည်း ယခုချိန် ထိုကြက်ဖကြီးစိုက်ကြည့်နေမှုကြောင့် နေရခက်နေသည်။
ဒီကြက်ဖကြီးတွင် ယန်စွမ်းအင်စီးကြောင်း ရှိနေသည်။ ဤသတ္တဝါကြီး၏ရုတ်တရက် ထတွန်သံကြောင့် သူ၏ဝိညာဉ် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားမည်အား သူအလွန်ကြောက်ရွံ့နေခဲ့သည်။
•••••••••••