← Chapters

သူ၏ဒေါသ

Vol. 1 Ch. 9

သူ၏ဒေါသ

Vol. 1 Ch. 9

ရှဲ့ချောင်သည် ကံကြမ္မာ ဖတ်ရန် အတွက် လူဦး‌ရေ ကန့်သတ်ခဲ့သည်မှာ အကြောင်းပြချက် တစ်ခု ရှိ၏။ သူမ၏ ဆရာသည် အလွန်ပါရမီ မရှိသော်လည်း အခြေခံပိုင်နိုင်ကာ ကြိုးစားမှုရှိသောကြောင့် ကံကြမ္မာဖတ်သည့် အခါတွင် အလွန်တိကျပေသည်။ သို့သော်လည်း သူ့ထံသို့ လာရောက်၍ ကံကြမ္မာဖတ်ရှု ကြသူများ သိပ်မရှိပေ။

နောက်ပိုင်း၌ သူမသည် ရွှေယွဲ့တာအို ဘုရားကျောင်း၏ တာအိုကျင့်ကြံသူ ဆရာကြီးသည် အလွန် အံ့ဩစရာ ကောင်း၍ တစ်နေ့လျှင် လူသုံးဦး၏ ကံကြမ္မာကိုသာလျှင် ဖတ်သည် ဟူသော သတင်းများကို ဖြန့်ခဲ့သည်။ သတင်းများ ပြန့်နှံ့သွားသောအခါ အနီးပတ်ဝန်းကျင်၌ နေထိုင်ကြသူများသည် ဆရာကြီးအား တွေ့ရန် တန်းစီနေကြတော့သည်။

များစွာသော လူတို့သည် ပဟေဠိ ဆန်သော ဆရာကြီးအား တွေ့ရန် အခွင့်အရေး မရှိကြောင်း သိသွားကြချိန်တွင် သူမ၏ဆရာအား ပိုမို၍ပင် လေးစား လာကြတော့သည်။

'လူတွေက ရှားပါးတဲ့ အရာတွေကို ပို အဖိုးတန်တယ်လို့ ထင်ကြတယ်၊ တကယ်လို့ ဝန်ဆောင်မှု ကို ကန့်သတ် မထားရင် သူတို့က တန်ဖိုးရှိတယ်လို့ ထင်ကြမှာ မဟုတ်ဘူး'

"ဒီတွင်းကို ဖြည့်လိုက်ပါ၊ ပြီးရင် ရှင်တို့နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်၊ ပင်လည်း ပင်ပန်းနေတော့ အလုပ်လုပ်ရင်း အနားယူဖို့ လိုတယ်။" ရှဲ့ချောင်သည် စကားပြော၍ ပြီးသောအခါ အားလျော့စွာဖြင့် ချောင်း နှစ်ကြိမ် ဆိုးလိုက်သည်။

သူမ၏ မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူလျော့နေပြီး ခန္ဓာကိုယ်မှာလည်း အလွန် သွယ်လျနေသောကြောင့် သူမ၏ ကျန်းမာရေးမှာ ကောင်းမွန်နေသည့်ပုံ မပေါ်ပေ။

ကျောက်ရွှမ်ကျင်းသည် လက်ဟန်အမူအရာ ပြလိုက်သောအခါ ကိုယ်ရံတော်များသည် ရှေ့သို့ သွားကာ အားအနည်းငယ် စိုက်ထုတ် ရုံဖြင့် ကြီးမားသော တွင်းကြီးအား ဖို့နိုင်ခဲ့ကြသည်။

ရှဲ့ချောင်သည် သူမ၏ စကားကို တည်ကာ ကိုယ်ရံတော်များ၏ နားနေရာ စခန်းသို့ လိုက်သွားခဲ့သည်။

ထိုမျိုးရိုးမြင့်သခင်လေးက သူမအား တဲငယ်လေးထဲ၌ နေစေခဲ့သည်၊ သူမသည် စိတ်ကျေနပ်စွာဖြင့် လျှောက်သွားပြီး ထိုင်ချလိုက်သည်၊ သူမ၏ပုံစံသည် အနည်းငယ်ပျင်းရိ၍ ပင်ပန်းသည့်ပုံ ပေါ်နေခဲ့သော်လည်း အချိန်မဆိုင်းဘဲ ပြောလိုက်သည်။ "ကဲ ဘယ်သူ အရင်လာမလဲ"

နန်းတွင်းသက်တော်စောင့်ကျို့သည် ရိုးရှင်းစွာပင် လူတစ်ယောက်အား လက်ညှိုးထိုးပြလိုက်သည်။

အမိန့်ပေး ခံရသော ကိုယ်ရံတော်သည် ချက်ချင်းပင် မတ်တပ်ထရပ်၍ "ကျွန်တော် အရင်" ဟု ပြောကာ ရှဲ့ချောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။

"ဒီနေ့ ရှင့်ရဲ့ လက်ဖဝါးနဲ့ မျက်နှာကိုပဲ ကြည့်မယ်။" ရှဲ့ချောင်၏ အသံသည် ဖျော့တော့ကာ ညင်သာ‌နေသည်။

"ရှင့်ရဲ့ လက်ဖဝါး ကိုပြပါ။"

ထိုသူသည် သူမ၏ စကားများကို လိုက်နာခဲ့သည်။

ရှဲ့ချောင်သည် ငှက်မွှေးယပ်တောင်အား ကိုင်၍ ယပ်တောင်၏ ထိပ်ဖျားအား ထိုသူ၏ လက်ထိပ်ပေါ်သို့ တင်လိုက်သည်။ သူမသည် ထိုသူ၏ လက်ဖဝါးအား ကြည့်လိုက်သည်။ အချိန် ခဏကြာထိ ကြည့်ရှုပြီး‌နောက် သူမသည် လက်ဖမိုးကို လှန်ကာ လက်ချောင်းတို့ကို ကြည့်လိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် သူမ၏ ခေါင်းကို ငြိမ့်လိုက်တော့သည်။

"ရှင်ငယ်ငယ်က မှီခိုအားထားစရာ တစ်ယောက်မှ မရှိခဲ့ဘူး။ နောက်တော့ ရှင့်ရဲ့ အမေက နောက်အိမ်ထောင် ပြုလိုက်တယ်။ ဒါမှမဟုတ် ရှင်က တစ်ခြားသူ တစ်ယောက်ရဲ့ မွေးစားကလေး ဖြစ်ခဲ့တယ်။ ရှင့်ရဲ့ အချစ်ရေး လမ်းကြောင်းနဲ့ အသိဉာဏ် လမ်းကြောင်း ကြားမှာ လမ်းကြောင်း တစ်ခု ရှိနေပေမယ့်လည်း အဲ့တာက မှုန်ဝါးနေတယ်။ ဒါကြောင့် တစ်ခြားသူတစ်ယောက်ရဲ့ သားဖြစ်လာပြီး နောက်မှာ ရှင် အလွန်ပျော်ရွှင်ခဲ့တယ်။ ရှင့်မှာ ညီအစ်ကို တစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ ရှင့်ရဲ့ ကံကြမ္မာ သတ်မှတ်ချက်အရ သူနဲ့ ဒီဘဝမှာတော့ ပြန်ဆုံ နိုင်မှာ မဟုတ်ဘူး။"

ထို့သို့ပြောရင်း ရှဲ့ချောင်သည် သူမ၏ ခေါင်းအား ဖြည်းဖြည်းချင်း ပြန်မတ်ကာ ထိုသူ့အား ကြည့်လိုက်သည်။

"ရှင့်ရဲ့ သက်တမ်း အကန့်အသတ် ကတော့ သေချာမြင်ရတယ်။ ပြီးတော့ ရှင့်ရဲ့ နှာခေါင်းရိုးမှာ ပုံပျက်နေတာ တစ်ခု ရှိတယ်။ ထပ်ပြီးပြောရရင် ရှင့်ရဲ့ ခန္ဓာကိုယ် ထဲမှာ ယင်စွမ်းအင်တွေ များနေတယ်။ ရှင့်ရဲ့ဇနီးကလည်း ရှင့်ကို သမီးတွေပဲ မွေးပေးလိမ့်မယ်။ သားတွေတော့ မမွေးဘူး.." ရှဲ့ချောင်၏ အသံမှာ အနည်းငယ် သိမ်ဝင် သွား၏။

" ရှင့်ရဲ့ နဖူးမှာ အမှောင်စွမ်းအင်တွေ စုပုံနေပြီး ရှင့်နှုတ်ခမ်းထောင့်တွေမှာလည်း အမဲရောင် အစက်တစ်ချို့ ရှိ‌နေတယ်။ ဒီလို လက္ခဏာတွေ ရှိလာပြီဆိုရင် ရှင် ရေတွင်းထဲပြုတ်ကျပြီး ရက် ၅၀ အတွင်း သေရလိမ့်မယ်။ ရှင်…ရှင့်မှာ ဒီလိုကံကြမ္မာ ရှိနေခဲ့တာ ရက် အတော်အတန် ကြာနေပြီ။ ရှင့်ရဲ့သက်တမ်းက ရက်အနည်းငယ်အတွင်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ကြိုတင် ပြင်ဆင်ထားပါ။"

ရှဲ့ချောင်သည် စကားပြော၍ ပြီးသောအခါ သက်ပြင်းချ လိုက်သည်။

'ရှင် ရေနစ်ပြီး သေခဲ့တဲ့ မကောင်းဆိုးဝါးဝိဉာဥ်မျိူးနဲ့ ဘယ်မှာ ပတ်သတ်မိခဲ့တာလဲ ဆိုတာတော့ ကျွန်မ မသိဘူး။ အခုတော့ မကောင်းဆိုးဝါးဝိဉာဥ်က ရှင့်ရဲ့နဖူးကို အပိုင်စီးပြီးနေပြီ'

ရှဲ့ချောင်သည် ထိုသူ၏ နဖူးကို သူမ၏ လက်နှင့် အုပ်လိုက်သည်။

ထိုမကောင်းဆိုးဝါးဝိဉာဥ် ၏ ပုံပန်းသဏ္ဍာန်သည် သူမ တူးခဲ့သော အလောင်း ထက်ပင် ပို၍ ဆိုးရွားနေခဲ့သည်။ နှစ်ဦးစလုံးသည် ကံဆိုးမိုးမှောင် ကျခဲ့ခြင်းပင်။

မကောင်းဆိုးဝါးဝိဉာဥ်၌ ဖူးရောင်နေသော ခန္ဓာကိုယ် ရှိကာ ရေများသည် သူ့၏ ခန္ဓာကိုယ်မှ ကျနေဆဲဖြစ်သည်။ သူ့၏ အဖြူရောင် မျက်လုံးများမှာ လှည့်လည် နေပြီး သူသည် စကားတစ်ခွန်းမျှပင် ဝင်မပြောချေ။ သူသည် ညစ်ပတ်နေဆဲဖြစ်သည်။ မကောင်းဆိုးဝါးဝိဉာဥ်သည် အချိန် ဘယ်လောက်ကြာကြာ ရေထဲ၌ ‌နစ်မြုပ် နေခဲ့၍ စကားတောင် မပြောနိုင်ပဲ ဖြစ်နေသလဲဆိုတာ သူမ မသိပေ။

"ကျုပ်က? ရေတွင်းထဲကိုကျပြီးသေမယ်?!" ကိုယ်ရံတော်သည် ရုတ်တရက် ပေါက်ကွဲထွက်မတတ် ရယ်တော့သည်။

"နောက်ဆုံးတစ်ခု မရောက်ခင် သူမ အရင်ပြောခဲ့တာတွေကရော မှန်တာ တစ်ခုခုရှိလား?" ဟု ကျောက်ရွှမ်ကျင်း မေးလိုက်သည်။

"သခင်လေး သူမပြောတာတွေ တစ်ခုမှ မမှန်ပါဘူး။" ကိုယ်ရံတော်သည် သူ၏ ခေါင်းကို ယမ်းပြလိုက်၏။ "ကျွန်တော်က ကျွန်တော့် မိဘတွေရဲ့ တစ်ဦးတည်းသော သားပါ။ ပြီးတော့ ကျွန်တော့်အမေက နောက်အိမ်ထောင် မပြုခဲ့ဖူးပါဘူး။ အခု ကျွန်တော့်ဇနီးမှာလည်း ကိုယ်ဝန်ရှိနေပြီး အခုချိန်ထိ မမွေးဖွားရသေးပါဘူးဗျာ!"

"မိန်းကလေး မင်းအခု နားလည်ပြီလား။"  ကျောက်ရွှမ်ကျင်းက မေးလိုက်သည်။

ရှဲ့ချောင်သည် ခေါင်းငြိမ့်၍ "အို ... ကြည့်ရတာ ကျွန်မ မှားသွားတဲ့ပုံပဲ။"

ရှဲ့ချောင်သည် သူမ၏ အမှားအား ဝန်ခံရန် အသင့်ဖြစ်နေခြင်းကြောင့် ကျောက်ရွှမ်ကျင်း အနည်းငယ် အံ့အား သင့်သွားခဲ့သည်။

"ရှင့်ရဲ့အမေက သူမရဲ့ နောက်အိမ်ထောင် အကြောင်း ရှင့်ကို မပြောပြတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ အိမ်ကိုပြန်ပြီး မေးမကြည့်တာလဲ။ ရှင်အမှန်တရားကို သိလိုက်တဲ့ အချိန်မှာ ဝမ်းနည်းစရာ မလိုပါဘူး။ မွေးစားမိဘတွေရဲ့ ကြင်နာမှုက မိဘအရင်းတွေရဲ့ ကြင်နာမှုထက် ပိုကြီးပါတယ်။ ကြည့်ရတာ ရှင့်ရဲ့ မွေးစားအဖေနဲ့ ရှင့်ရဲ့ ဆက်ဆံရေးက ပိုကောင်းတဲ့ပုံပဲ။" ဟု ရှဲ့ချောင်က ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် အသံထွက်ရယ်မောလုမတတ်ဖြစ်သွားရ၏။

'ဒီလို ရိုင်းစိုင်းပြီး ဦးနှောက်မရှိတဲ့ ကောင်မလေးမျိုး ဘယ်ကများ ‌ထွက်ပေါ် လာခဲ့တာလဲ? သူမက တကယ်ကို‌ ပုတ်ခတ်ပြီး ပြောဆိုနေတာပဲ။'

"မိန်းကလေး မင်းက အခုထိ အသက်ငယ်သေးတယ်…မင်းရဲ့ မိဘတွေ ဘယ်မှာလဲ? မင်း ဒီလိုမျိုး လူတွေအ‌ပေါ် လိမ်ညာနေတာကို သူတို့က ဘယ်လိုများ ခွင့်ပြုပေးနေကြတာလဲ?" ကျောက်ရွှမ်ကျင်းသည် ထိုကဲ့သို့ စိတ်ဝင်စားစရာ ကောင်းသည့် လူမျိုးကို အချိန်အတော်ကြာ မတွေ့ခဲ့ရသည့်အတွက် ပြုံးလိုက်မိသည်။

"လူလိမ်?" ရှဲ့ချောင်မှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

တစ်စုံတစ်ယောက်သည် သူမ၌ တိုတောင်းသော သက်တမ်းရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးသည်။ ထိုအရာသည် မှန်ကန်သောကြောင့် သူမ သဘောတူခဲ့၏။

'ဒါပေမဲ့ ငါ့ကို လူလိမ်လို့ ခေါ်တာတော့ တော်တော်များသွားပြီ!'

•••••••••

All Chapters