← Chapters

ကြယ်လေးပွင့် မကောင်းဆိုးဝါး သားရဲ

Vol. 1 Ch. 3

ကြယ်လေးပွင့် မကောင်းဆိုးဝါး သားရဲ

Vol. 1 Ch. 3

ဝှစ် ဝှစ်.....

မြက်ဖုတ် အပြင်ဘက်သို့ တော၀က်ပေါက်စလေးတစ်ကောင် ပြေးထွက်လာသည်။ တောက်ပနေသော မျက်လုံးတစ်စုံမှာ လူတိုင်းအား ကြောက်မက်ဖွယ်ကောင်းသည်ဟု မခံစားရစေဘဲ အကြွင်းမဲ့ ချစ်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ငယ်ရွယ်သေးသော်လည်း ၎င်း၏ အစွယ်မှာ လွန်စွာကြီးမားပေသည်။ သူ၏ သေးငယ်သော ကိုယ်လုံးလေးထက် ပိုရှိန်စရာကောင်းသည့် ဧရာမအစွယ်ကြီးမှာ အစစ်အမှန် မိစ္ဆာသားရဲဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေသည်။

လင်းချီ၏ မျက်၀န်းများက ချက်ချင်း တစ်စုံတစ်ခုအား မှတ်မိလိုက်သည့်အလား လင်းလက်သွားသည်။

'အဲ့တာက ဧရာမအစွယ် တော၀က်ပေါက်စလေးပဲ'

ဧရာမအစွယ် တော၀က်များသည် သူတို့၏ အစွယ်ကို တိုက်ခိုက်ရန်အတွက် အဓိက အသုံးပြုကြသည်။ မိစ္ဆာသားရဲများကို ယေဘုယျအားဖြင့် ကြယ်တစ်ပွင့်မှ ဆယ်ပွင့်အထိ အဆင့်များ သတ်မှတ်ထားသည်။

ဧရာမအစွယ်တော၀က်ပေါက်လေးမှာ ကြယ်တစ်ပွင့်သို့ ရောက်ခါစဖြစ်သော်လည်း အရွယ်ရောက်ပြီးသော ဧရာမအစွယ် တော၀က်မှာမူ ကြယ်သုံးပွင့် မိစ္ဆာသားရဲ ဖြစ်သည်။

အဆင့်တစ်မှ သုံးအထိ မိစ္ဆာသားရဲများမှာ သာမန်သားရဲများဖြစ်ကြပြီး အဆင့်နိမ့်ဓားသမားများ အုပ်စုဖွဲ့၍ သတ်ဖြတ်ရန် မခက်ခဲပေ။

အဆင့်လေးမှ ခြောက်အထိ သားရဲများမှာတော့ မကောင်းဆိုးဝါး သားရဲများအဖြစ် လူသိများကြသည်။ဤသားရဲများကို သာမန်လူများ မရင်ဆိုင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်များမှာ ဆင့်ကဲပြောင်းလဲသွားပြီး သာမန်လက်နက်များ မတိုးပေါက်နိုင်တော့သောကြောင့်ပင်။

‌၎င်းတို့၏ဒေါသနှင့် ရင်ဆိုင်ရချိန်တွင်တော့ မှော်ဆရာများပင် ခေါင်းကိုက်ရသည်။

ကြယ်ခုနစ်ပွင့်အဆင့်နှင့်အထက် သားရဲများမှာ ရင်ဆိုင်တွေ့ရှိရန် ခက်ခဲသော်လည်း အလွန်ကြောက်‌မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့၏ သန်မာမှုမှာ သဘာ၀ဘေးအန္တရာယ်ကပ်ဘေးများ၏ အဖျက်စွမ်းအားနှင့်တောင် နှိုင်းယှဉ်နိုင်သည်။

ကုန်းမြေ၏တောင်ဘက်တွင် ဧရာမနဂါးများတည်ရှိပြီး အားအနည်းဆုံး နဂါးတစ်ကောင်ပင် ကြယ်ခုနစ်ပွင့် အဆင့်အထက်ရှိပြီး ကမ္ဘာကြီးကို ဖျက်စီးရန် လုံလောက်သည်အထိ စွမ်းပကားကြီးမားကြသည်ဟု ပြောစမှတ် ပြုကြသည်။

ကြယ်ခုနစ်ပွင့်နှင့်အထက် သားရဲများနှင့် ဆုံခဲ့လျင် တစ်ဦးတည်းသော လွတ်မြောက်ရန် နည်းလမ်းမှာ ထွက်ပြေးခြင်းပင်။

မရေမတွက်နိုင်သော မှော်ဆရာများမှာ ထိုပြိုင်ဘက်ကင်းသားရဲများကြောင့် အသက်များဆုံးရှုံးနေရသောကြောင့် ကြယ်ခုနစ်ပွင့် အထက် သားရဲများကို ရန်မစမိစေရန် အထူးသတိပြုကြရသည်။

"ဒါက ဧရာမအစွယ် တော၀က်လေးပဲ အခုချိန်မှာတော့ ရန်လိုစိတ်နည်းနေတယ် အဲ့တာအပြင် သူတို့က ပုံမှန်ဆိုရင်တော့ လူတွေနဲ့တည့်တယ် ဒါကြောင့် ငါတို့ တိုက်ခိုက်ဖို့ မလိုအပ်ဘူး"

ယွီမုန့်၏ ညင်သာသော အသံလေး ထွက်ပေါ်လာပြီး အသံမှတစ်ဆင့် သူမ စိတ်လှုပ်ရှား‌နေသည်မှာ ပေါ်လွင်နေသည်။ ဧရာမအစွယ် တော၀က်လေးက သူမကို ပျော်ရွှင်စေပုံပင်။

"နေပါဦးဟ...ယွီမုန့်က မိန်းကလေးလား"

လင်းချီ ကြက်သေသေသွားသည်။

ထို့နောက် လိင်အမျိုးအစားနှင့် ဆက်စပ်နေသည့် မှော်စွမ်းရည်များရှိသည်ကို အမြန်သတိရမိလိုက်သည်။အမျိုးသားမီးမှော်ဆရာများက အခြားသော မှော်ဆရာများထက် ပိုမိုလျင်မြန်စွာ တိုးတက်သန်မာလာနိုင်ပြီး များစွာသော အမျိုးသမီးများမှာ ရေမှော်ပညာ၌ အစွမ်းထက်ကြသည်။

"အဲ့သားရဲကို ရန်စဖို့ မကြိုးစားကြနဲ့"

သေသေချာချာစဉ်းစားပြီးနောက် လင်းချီ ပြတ်သားစွာဖြင့် ပြောလိုက်သည်။ "အဲ့တော၀က်ပေါက်စက ရန်မလိုတာမဟုတ်ဘူး ဧရာမအစွယ် တော၀က်တွေက အုပ်စုလိုက်နေတဲ့ သတ္တဝါတွေ ဒါကြောင့် ၀က်ပေါက်စလေးရှိရင် အရွယ်ရောက်ပြီးသား တော၀က်လည်း ဒီနား၀န်းကျင်မှာ ရှိမှာပဲ"

"၀က်ပေါက်လေးကို အနိုင်ကျင့်ပြီး သူ့မိဘတွေကိုတော့ ဒေါသမထွက်စေကြနဲ့"

သူ ပထမတုန်းကတော့ မပြောပြချင်ပေ။ သို့သော် တစ်ယောက်ယောက်မှ ဤအခွင့်အရေးကိုသုံးပြီး ၀က်ပေါက်စလေးအား လွယ်ကူသည့် ပစ်မှတ်ဟု သဘောထားအနိုင်ကျင့်ကာ ကိုယ်ရည်သွေးမှာကို စိုးရိမ်မိသောကြောင့် ပြောလိုက်ရသည်။

မနီးမဝေးရှိ အနက်ရောင် ဇာလွှားလေး၏ အောက်တွင် ယွီမုန့်၏ နီလာကဲ့သို့ မျက်လုံးလေးများက တောက်ပသွားသည်။ လင်းချီလို နာမည်ဆိုးနှင့် ကျော်ကြားသော ကောင်စုတ်လေးမှ ဤကဲ့သို့သော အချက်အလက်မျိုးကို သတိပြုမိလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့်ပင်။

'ကြည့်ရတာတော့ သူက ကောလဟာလတွေထဲက အတိုင်း ဉာဏ်မရှိတဲ့သူတော့ မဟုတ်ဘူးပဲ '

ဇာပုဝါလေးကြောင့် သူမ လင်းချီအား မသိမသာအကဲခတ်နေသည်ကို မည်သူမျှ မမြင်လိုက်ရ။

"ဟမ့်..ဒီသောက် ၀က်ပေါက်စလေးက ဘာလုပ်တတ်မှာမို့လဲ တကယ်လို့ အရွယ်ရောက်ပြီးသား တော၀က်ရောက်လာရင်တောင် ငါကကြောက်မှာမဟုတ်ဘူး ဓားသမားတစ်ဦးအနေနဲ့ အရှေ့ကိုရဲရင့်စွာ လျောက်ရမယ် မင်းတို့လို ငကြောက်ကြီး လုပ်နေလို့မရဘူး"

လူး၀စ်၏ မျက်နှာတွင် အကြွင်းမဲ့ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေပြီး မျက်လုံးများ တလက်လက် တောက်ပနေသည်။

ဝှစ်.....

သူ့လက်ထဲရှိ ဓားရှည်မှာ ၀က်ပေါက်လေးကို လေထဲသို့ ပျံသန်းသွားစေသည်။ ၀က်ပေါက်လေး၏ လေထဲတွင် ပတ်ချာလည်သွားပုံက လူး၀စ်အား စိတ်၀င်စားစရာ အရုပ်တစ်ခုတွေ့သကဲ့သို့ ရယ်မောသွားစေသည်။

ဂီး.....(၀က်အော်သံ)

၀က်ပေါက်စလေး၏ အော်သံမှာ အားလုံး၏ နားထဲတွင် စူးရှသွားပြီး တိတ်ဆိတ်သော တောပတ်လည်တွင် ပဲ့တင်ထပ်သွားစေသည်။

ထို့နောက် လူးဝစ်၏ဓားမှာ ဝက်ပေါက်လေးအား ရက်စက်စွာ ထိုးဖောက်သွားပြီး နီရဲရဲသွေးစက်များက ဓားပေါ်မှ တစ်စက်ချင်း ကျဆင်းလာသည်။

လူတိုင်း ကြက်သေသေသွားသည်။ တော၀က်ပေါက်စလေးကို သတ်ဖြတ်ခြင်းမှာ မလိုအပ်သော လုပ်ဆောင်မှုပင်။

အနက်ရောင် ဇာလွှာလေး၏အောက်တွင် ယွီမုန့်၏ မျက်နှာလေး ရှုံ့မဲ့သွားသည်။ လူး၀စ်တွင် ဂရုဏာစိတ် အနည်းငယ်မျှပင်မရှိ။ သူ၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကို မည်သို့ကျေနပ်အောင် လုပ်ရမည်ဆိုတာကိုသာ သိသည်။ လူအများပြောကြသည့် လူး၀စ်၏ စေတနာတရားတွေ သဘောထားကြီးမှုတွေက မင်းသားမျက်နှာဖုံးတွေသာ ဖြစ်ဟန်တူ၏။

တစ်ကိုယ်ကောင်းဆန်မှုနှင့် အကြင်နာ ကင်းမဲ့ မှုသာလျင် သူ၏ စရိုက် အစစ်အမှန် ဖြစ်သည်။

ရုတ်တရက် ယွီမုန့် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ "ခဏနေဦး..."

သူမ၏ လှပသော မျက်လုံးလေးများမှာ ဧရာမအစွယ် တော၀က်လေး၏ အမြီးကို စိုက်ကြည့်နေပြီး "ဒါက သာမန် ဧရာမအစွယ်တော၀က်မဟုတ်ဘူး သူ့အမြီးကိုကြည့်လိုက်.. နှစ်ခွဖြစ်နေတယ်"

လူတိုင်း နှလုံးခုန် ရပ်သွားသည်။ သူတို့အားလုံး ကူကယ်ရာမဲ့စွာနှင့်

"နှစ်မြီး ဧရာမ အစွယ်တော၀က်ဖြစ်နိုင်လား"

"သာမန် အရွယ်ရောက်ပြီးသား ဧရာမအစွယ် တော၀က်ဆိုရင်တော့ ကြယ်သုံးပွင့် ဒါပေမဲ့ နှစ်မြီးဆိုရင်တော့ ကြယ်လေးပွင့်သားရဲဖြစ်သွားပြီ သူရဲ့ ခွန်အားက အဆင့်နိမ့် သားရဲတွေကို လုံး၀ဖိနှိပ်ထားနိုင်တာကြောင့် လုံးဝကို ငါတို့ရင်ဆိုင်နိုင်တဲ့ သားရဲမဟုတ်ဘူး!"

ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့်မှာ တစ်ပွင့်သာ ခြားနားသော်လည်း ခွန်အားအရာတွင်တော့ မိုးနဲ့မြေပင်။

ကြယ်လေးပွင့် မကောင်းဆိုးဝါးသားရဲတွင် မိစ္ဆာအမြုတေပါရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်များကို အမြုတေသို့ စုဆောင်းထားသောကြောင့် ကြယ်သုံးပွင့် သားရဲများထက် ဆယ်ဆ သန်မာသည်။

အစောင့်ခေါင်းဆောင်၏ မျက်နှာမှာ လေးနက်နေပြီး

"တော၀က်ပေါက်စကို သတ်တာ ဘာမှ အကျိုးမရှိဘူး အချိန်ဖြုန်းတာပဲ ရှိတယ် ဆက်သွားကြစို့"

လူး၀စ် မြေပေါ်သို့ မတ်တပ်ရပ်လိုက်ပြီး "ဘာလို့ပါမွှား ၀က်လေးကို ကြောက်နေကြတာလဲ ဟမ့်.. ငကြောက် တစ်အုပ်ပဲ"

"ဓားသမားတစ်ဦးအနေနဲ့ မင်းက ဘာမဆို ရင်ဆိုင် ရဲရမယ် တစ်ကောင်လာရင် သတ်ပစ်လိုက် နောက်တစ်ကောင်လာလည်း သတ်ပစ်လိုက် နောက်ထပ်လာရဲသေးရင်လည်း အကုန်သတ်ပစ်လိုက်ကွာ ငါတို့ ဒီည ညစာကို ၀က်သားနဲ့ ပွဲတော်တည်ကြမယ်"

လူး၀စ် စူးစူးဝါးဝါး အော်ရယ်လိုက်ပြီး သူ၏ ရယ်သံမှာ တောင်ကြားထဲတွင် ပဲ့တင်ထပ်နေသည်။ ရုတ်တရက် အင်မတန်မှ ၀မ်းနည်းစွာ ငိုကြွေးနေသော အော်သံကြီး ထွက်ပေါ်လာသည်။ ထိုအသံမှာ ၀က်ပေါက်စလေး ငိုသံနှင့် တစ်ထပ်တည်းပင်။

စည်တီး‌နေသကဲ့သို့ ကျယ်လောင်လေးလံသော ခြေသံများထွက်ပေါ်လာပြီး တောကြီးတစ်အုပ်လုံး ငလျင်လှုပ်သကဲ့သို့ စတင် လှုပ်ခတ်လာသည်။

နားအူမတတ် ဆူညံလွန်းလှပေသည်။

"သွားတော့ အမြန်! ဒီအသံက ကြယ်သုံးပွင့်သားရဲတွေ လုပ်နိုင်တဲ့ အသံ မဟုတ်ဘူး!"

အစောင့် ခေါင်းဆောင်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ကြယ်သုံးပွင့်သားရဲပေါင်းများစွာနှင့် ရင်ဆိုင်ဖူးသောကြောင့် ကြယ်လေးပွင့် သားရဲများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိပေသည်။

'တစ်ချက်တွေ့တာနဲ့ ငါတို့တော့ ရေဝေးပဲ' သူ လွန်စွာ စိုးရိမ်မိနေပြီဖြစ်သည်။

"ဒါ ဘယ်လိုလုပ် ကြယ်လေးပွင့် မကောင်းဆိုးဝါးသားရဲ ဖြစ်နိုင်မှာလဲ" လူး၀စ်၏ အသံမှာ တုန်ခါနေပြီး သူ၏ ကိုယ်မှာလည်း တောင့်တင်းနေသည်။

ဓားကိုင်ထားသောလက်သည်ပင် တုန်ရီနေ၏။

လင်းချီ ထို အချင်းအရာကို မြင်ပြီးနောက် တွေးမိလိုက်သည်။ အကယ်၍ လူး၀စ်သာ တကယ်အဆင့်မြင့်ဓားသခင်ဆိုရင် ကြယ်လေးပွင့် သားရဲနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ရမှာ။ ဒါပေမယ့် အခု သူ၏တုန့်ပြန်မှုကကျ သာမန် ဓားသမားတစ်ယောက်တိုင်းပဲ။

'အကြောက်တရားကြောင့်လား ဒါမှမဟုတ် .. သူ့ခွန်အားကို ချဲ့ကားပြီး ပြောထားတာလား'

ရုတ်တရက် လင်းချီမှာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ မြေကြီး၏ တုန်ခါမှုကြောင့် သူသည်လည်း ရွေ့လျားမရဖြစ်နေသည်။ ကြောက်မက်ဖွယ်ရာ ကျယ်လောင်လှပါသော ခြေလှမ်းသံများက သူ၏ နားထဲတွင် တစီစီ မြည်ဟီးနေသည်။

ယွီမုန့်မှာ လင်းချီခေါင်းမော့လိုက်သည်အား မြင်လိုက်သည်။ ဧကန္တ သားရဲကြီး ဘယ်ဘက်က လာမလဲဆိုတာကို သူရှာတွေ့သွားတာလား? ယွီမုန့်မှာ လင်းချီကြည့်နေသော နေရာကိုပဲ လှမ်းကြည့်လိုက်ကာ အေးသက်စွာ ပြောလာသည်။ "ပြေးဖို့ နောက်ကျသွားပြီ"

ဘုန်း....

အလွန့်အလွန် ကြီးမားလှပါသော ဧရာမ တော၀က်ကြီးမှာ သစ်ပင်များကြားမှ ထိုးဖောက်ကာ ပြေးလာနေသည်။ ဧရာမအစွယ်များသည်ပင် ငါးမီတာမျှ ရှည်လျားပြီး မျက်လုံးထဲတွင် သွေးဆာမှုများ ပြည့်နှက်နေသည်။ သူ့ထံ၌လည်း အမြီးနှစ်ချောင်းရှိနေသည်။

နှစ်မြီး အရွယ်ရောက်ပြီးသော ကြယ်လေးပွင့် မကောင်းဆိုးဝါး သားရဲပင်!

ကြောက်ရွံ့မှုကြောင့် လူတိုင်း ချက်ချင်း အေးခဲသွားကြတော့သည်။

•••••••••••••

All Chapters