၀က်ကလေး၏ လှပသော အိပ်မက်
Vol. 1 Ch. 4
"ဟွင်း...ဟွင်း..."
ဧရာမအစွယ် တော၀က်၏ တုတ်ခိုင်လှသော ခန္ဓာကိုယ်မှာ လွန်စွာ ဒေါသထွက်နေပြီး သူမှုတ်လိုက်သော လေများမှာ ပတ်ဝန်းကျင်ကိုတောင် အပူချိန်မြင့်တက်လာစေသည်။ လူတိုင်း သူတို့ရှေ့မှ ဧရာမ သတ္တဝါကြီးကို မော့ကြည့်လိုက်ကြသည်။
ခန္ဓာကိုယ်မှာ ငါးမီတာ ရှည်လျားပြီး ကြောက်မက်ဖွယ်ရာ ဧရာမအစွယ်ကြီးမှာလည်း ငါးမီတာ ရှည်သည်။ သန်မာသောကြွက်သားများနှင့် အပြင်ပိုင်းမှာလည်း ကျောက်ခဲကဲ့သို့ မာကြောသည်။
သေချာပေါက် အမြီးလည်းနှစ်ချောင်းလည်း ပါရှိနေသေးသည်။
"ရန်မစမိစေနဲ့ ၀က်ပေါက်လေးရဲ့ အလောင်းကို မတွေ့ခင် ချက်ချင်း ပြန်ဆုတ်ကြ"
လင်းချီ သူ့ကိုယ်ကို တည်ငြိမ်စေရန် တွန်းအားပေး၍ ခပ်တိုးတိုးပြောလိုက်သည်။ လင်းချီ၏ အသံကို ကြားမှ အခြားသူတွေလည်း ကမန်းကတန်း အသိပြန်၀င်လာသည်။
အကြောက်တရားမှာ သူတို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေပြီး ပြေးနေရင်းပင် ခြေထောက်များ တုန်ခါနေသည်။
ကံမကောင်းစွာနှင့် တော၀က်ကြီးမှာ သူ့ကလေး၏ အနံ့ကို မမှတ်မိဖို့ရာ မဖြစ်နိုင်ပေ။ သနားစရာကောင်းစွာ သေဆုံးနေသော သူ့ကလေး၏ အလောင်းကို ချက်ချင်း ရှာတွေ့သွားပြီး ပူဆွေးသောကရောက်စွာ တစ်ချက် မြည်ကြွေးလိုက်သည်။ သူ၏ဧရာမ အစွယ်များဖြင့် ညင်သာစွာ မလိုက်ပြီး သူ၏ကလေးကို လမ်းပြန်လျှောက်စေချင်နေပုံပင်။ သို့သော်လည်း မကြာမီတွင် သူ၏ကလေးမှာ ထာ၀ရသူ့ကို ခွဲခွာသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။
ပူဆွေးသောကများနှင့်တကွ နားကွဲမတတ် အော်ဟစ်မြည်တမ်းလိုက်ပြီး မကြာမီ မကောင်းဆိုးဝါးသားရဲကြီးမှာ မြေပြင်ကို နှစ်ချက်သုံးချက်ခန့် ယှက်၍ နှာမှုတ်ပြီး လူအုပ်ကြီးဆီသို့ တရှိန်ထိုး ပြေးထွက်လာခဲ့သည်။
"ပုံစံဖွဲ့ပြီး ဆက်ခံသူတွေကို ကာကွယ်ကြ..."
ခေါင်းဆောင်၏ အမိန့်ကို ကြားသောအခါ မြင်းစီးသူရဲအားလုံး ပုံစံယူလိုက်ကြသည်။ သူတို့၏ အဓိက တာ၀န်မှာ မြင့်မြတ်မိသားစုများ၏ ဆက်ခံသူ သခင်လေးများကို ကာကွယ်ရန်ပင်။
အကယ်၌ ဆက်ခံသူအားလုံး ဤနေရာ၌ သေဆုံးသွားပါက သူ့တို့အတွက် အရက်စက်ဆုံးသော ပြစ်ဒဏ်က စောင့်ကြိုနေလိမ့်မည်။
သို့သော် ဧရာမအစွယ်တောဝက်ကြီး၏ အားကုန်တိုးဝင်မှုကြောင့် မကြာသေးခင်မှာတင် တပ်ပျက်ရတော့သည်။ မြင်းစီးသူရဲများမှာ မြေပြင်ပေါ်၌ နာကျင်စွာ လူးလှိမ့်အော်ဟစ်နေကြဆဲ။
"ပါမွှား ကြယ်လေးပွင့် သားရဲလေးကများ ဘယ်လိုတောင် ငါ့အရှေ့မှာ ရိုင်းစိုင်းရဲတာလဲ ငါမင်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးပြမယ်"
လူ၀စ် မြင်းကို တစ်ချက်ပုတ်ကာ ဓားကိုဝှေ့ယမ်း၍
အော်လိုက်သည်။
ဧရာမအစွယ် တော၀က်ကြီးမှာ ဓားပေါ်မှ သူ့ကလေး၏ သွေးနံ့များကို ရလိုက်သောအခါ မျက်လုံးများရဲရဲနီသွားပြီး လူး၀စ်ဆီသို့ ရူးသွပ်စွာ ပြေး၀င်သွားသည်။
ဘုန်း....
လူး၀စ်နှင့် သူ၏ မြင်းမှာ အနောက်သို့ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။ မည်သူမျှ သေလားရှင်လားမသိ။
"အဆင့်မြင့် ဓားသခင် လူး၀စ်တောင် ကြယ်လေးပွင့် မကောင်းဆိုးဝါးရဲ့ တိုက်ခိုက်မှုကို တစ်ချက်တောင် မခံနိုင်မှတော့ ငါတို့ဆိုရင်တော့ ဝေးပြီပေါ့ကွ"
"ငါတို့အားလုံး သေရတော့မှာလား"
အားလုံး စိတ်ပျက်နေကြ၏။ ကြယ်လေးပွင့်သားရဲမှာ သန်မာလွန်းလှပြီး သူတို့ မည်သို့မျှ မယှဉ်နိုင်ပေ။
လင်းချီ၏ ခြေထောက်များမှာလည်း တုန်ခါနေပြီး မျက်လုံးထဲတွင်လည်း အကြောက်တရားများ နှင့်ပြည့်နှက်နေသည်။
လင်းချီ တည်ငြိမ်ချင်ယောင် ဆောင်ထားသော်လည်း
သေခြင်းရှင်ခြင်း အခိုက်အတန့်တွင်တော့ သူသည်လည်းသာမန်လူတစ်ဦးကဲ့သို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။
သူ့ရှေ့တွင် ရှူးရှူးရှားရှားဖြစ်နေသော သားရဲကြီးကိုကြည့်ရင်း ဒဏ္ဍာရီလာ မှော်ပညာများ ကြီးစိုးသော ဤနေရာသည် သူ၏ ယခင်ဘ၀မှ အေးချမ်းသော နိုင်ငံမဟုတ်ကြောင်း သာမန်လူတို့၏ အသက်မှာ မြက်လောက်ပင် တန်ဖိုးမရှိကြောင်း သတိရသွားသည်။ သူ့တွင် လုံလောက်သောစွမ်းအားမရှိပါက သေချာပေါက် အသက်ဆုံးရှုံးရပေလိမ့်မည်။
"ရေခဲမှော် .. ရေခဲပေါက်ကွဲခြင်း!" ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ယွီမုန့်၏ လက်ထဲရှိ မှော်ကြိမ်လုံးမှာ မှော်အလင်းများ တောက်ပသွားပြီး ရေခဲများ လေထဲမှ တစ်ဆင့် ဖြတ်သန်းသွားကာ ဧရာမ သားရဲကြီးကို နေရာတွင် ခဲသွားစေသည်။
"လင်းချီ နင်ဘာရပ်ကြည့်နေတာလဲ လူး၀စ်ရဲ့ ဓားကို ကောက်ပြီး တော၀က်ကို အမြန်သတ်လေ ငါ့ရဲ့ ရေခဲမှော်အစွမ်းက သူ့ကို အကြာကြီး မခဲထားနိုင်ဘူး နင်တစ်ခုခု မလုပ်ရင် ငါတို့အားလုံး သေကုန်မယ်နော်"
ယွီမုန့်၏ စကားလုံးများမှာ လင်းချီကို သတိပြန်၀င်သွားစေသည်။သူသည် အရင်ဘ၀တွင် ကြက်တစ်ကောင်ပင် မသတ်ဖူးသော်လည်း ယခုတွင်တော့ ကြောက်မက်ဖွယ် သားရဲကြီးကို သတ်ရတော့မည်။
တုန်ရီစွာနှင့် ဓားကို ကောက်ကိုင်လိုက်သော်လည်း ခြေလှမ်းတို့မှာ ရှေ့မတိုးနိုင်ဘဲ တုံ့ဆိုင်းနေသည်။ သာမန်လူတစ်ယောက်သာ ဤကဲ့သို့ ရင်ဆိုင်ရပါက သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးမှာ မဟုတ်ဘဲ ကြောက်လန့်လွန်း၍ စဉ်းစားနိုင်စွမ်းမဲ့သွားခြင်းပင်ဖြစ်၏။ ဤသည်မှာ လင်းချီ ယခုကြုံတွေ့နေရသည့် အခြေအနေဖြစ်သည်။
ခရက်!
ခရက်!
ဧရာမအစွယ်တော၀က်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ခြေထောက်နားရှိ ရေခဲများမှာ တစ်လက်မချင်း ကွဲအက်လာသည်။
"နင်ဘာလို့ အဲ့မှာ ရပ်နေသေးတာလဲ" ယွီမုန့် စိတ်ဆိုးစွာ အော်ဟစ်လိုက်ပြီး သူမ၏မျက်ခုံးလေးများမှာ တွန့်ကွေးနေသည်။ သူမ၏ စွမ်းအားများမှာ မကြာခင် ကန့်သတ်ချက်သို့ ရောက်ရှိတော့မည်။
"နင်သေချင်နေတာလား ငါတော့ ဆက်မထိန်းနိုင်တော့ဘူးနော်"
ခရက်!
ဧရာမတော၀က်၏ ခြေထောက် တစ်ချောင်းမှာ ခဲနေရာမှ လွတ်လပ်သွားလေပြီ!
"သေလိုက်တော့....."လင်းချီ အံကြိတ်၍ အော်လိုက်သည်။
'ငါက ခုမှ ကူးပြောင်းလာတာ လှပပြီး ဇိမ်ရှိတဲ့ ဘ၀လေးကိုတောင် မခံစားရသေးဘူး ဒီမှာတော့ မသေနိုင်သေးဘူးကွ...'
သူ့ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး သားရဲကြီး၏ ဦးခေါင်းကို အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်သည်။
ဘန်း..
လင်းရီ၏ ဓားမှာ ကျိုးသွားသော်လည်း တော၀က်၏ ကိုယ်ပေါ်တွင်တော့ ခြစ်ရာသေးသေးလေးသာ ရှိနေသည်။
"ဧရာမအစွယ် တော၀က်ရဲ့ အဓိကစွမ်းရည်က ခုခံခြင်းပဲ ဒါကြောင့်မို့ သာမန် တိုက်ခိုက်ချက်တွေက ထိရောက်မှာ မဟုတ်ဘူး"
အစောင့်ခေါင်းဆောင်၏ စကားလုံးများမှာ လူတိုင်း၏နှလုံးသားကို နစ်မြုပ်သွားစေသည်။
လင်းချီ ၀မ်းနည်းသွားသည်။ သာမန်တိုက်ခိုက်မှုက အသုံးမ၀င်လျင်သူတို့တွင် သုံးစရာ အခြားဘာနည်းလမ်းမျှ မရှိတော့။
"သေစမ်း....ဒါဆို ငါတို့က သေဖို့ ထိုင်စောင့်နေရုံပဲပေါ့"
ဘုန်း
ဂီး...(၀က်အော်သံ)
ဧရာမ အစွယ် တော၀က်မှာ ရေခဲထဲတွင် ပိတ်မိနေရာမှ လွတ်မြောက်သွားပြီး ယွီမုန့်ကို ရဲရဲနီနေသော မျက်လုံးများဖြင့်ကြည့်နေ၏။ သိသာစွာပင် သူမက သူ့ကို ပိတ်လှောင်ထားခဲ့သူမှန်း မှတ်မိနေခဲ့သည်။ ထို့ကြောင့် ပြန်ကလဲ့စားချေရမည်!
"သွားပြီ...အားလုံး ပြီးသွားပြီ" ယွီမုန့်၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားသည်။ မှော်စွမ်းအားကို အလွန်အကျွံသုံးထားသောကြောင့် မောပန်းနေပြီး
သူမတွင် ထွက်ပြေးဖို့ရန်ပင် ခွန်အားမရှိတော့ပေ။
"မပြီးသေးဘူး!"
ရုတ်တရက် လင်းချီစိတ်ထဲတွင် စနစ်မှ ချီးမြှင့်ထားသော လူသစ်လက်ဆောင်ထုပ်ထဲမှ ၀က်ကလေး၏ လှပသောအိပ်မက်ကို သတိရသွားသည်။
[၀က်ကလေး၏ လှပသော အိပ်မက် : ၀က်တိုင်း နှစ်သက်သော အစားအစာတစ်မျိုးဖြစ်ပါတယ်။ သင့်ရဲ့ ၀က်တွေ ဆူညံလွန်းလို့ နားညည်းနေပြီလား သင့်၀က်တွေရဲ့ ကြီးထွားနှုန်း နှေးလွန်းလို့ စိတ်ညစ်နေပါသလား ၀က်ကလေးရဲ့ လှပသော အိပ်မက်ကသင့်၀က်ကို ပို၀ ပိုအိပ်စေပြီး သင့်ကို နားညီးမှုမှ သက်သာစေပါတယ် သင့်၀က်ကလေးတွေကို ကျွေးဖို့အတွက် အကောင်းဆုံးပါပဲ]
'ဒါက တကယ် အလုပ်ဖြစ်ပါ့မလား'
လင်းချီ မသေချာပေ။ သူ၏ နဖူးပြင်ပေါ်တွင် ချွေးအေးများ စီးကျနေသည်။ သို့သော် တခြားရွေးချယ်စရာလည်း မရှိပေ။
ယွီမုန့်သည်လည်း သူ့ဘဝသူ လက်လျှော့ရန် ဆန္ဒမရှိပေ။ သူမသည် ရေမှော်စွမ်းအား၏ ဆင့်ကဲတိုးတက်မှုဖြစ်သော ရေခဲမှော်ကိုပင် အသုံးပြုနိုင်သည်။ သူမတွင် ပါရမီနှင့် အရည်အချင်းများ ပြည့်စုံနေပြီး အနာဂတ်တွင် ပြိုင်ဘက်ကင်း မှော်ဆရာတစ်ပါး ဖြစ်လာနိုင်ခြေရှိ၏။ ယခုတော့ မကောင်းဆိုးဝါး သားရဲ၏ လက်ထဲတွင် အဆုံးသတ်လုနီးပါး ဖြစ်နေသည်။
သူမ၏ ဖြူဖွေးသော လက်လေးများကို ကျစ်နေအောင် ဆုပ်လိုက်သည်။ သူမ ... အရှုံးတော့ မပေးနိုင်ဘူး!
တော၀က်၏ ဧရာမ ပုံရိပ်မှာ နေရောင်အား ကွယ်လျက် သူမဆီသို့ ပြေးလာခဲ့သည်။
ထိုအချိန်တွင် ပိန်ပါးပြီး အားနည်းသော ပုံရိပ်တစ်ခုက တော၀က်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ပုံရိပ်မှာ ပထမက အနည်းငယ် တုန်ခါနေသော်လည်း နောက်တခဏတွင် မြို့တံတိုင်းကြီးပမာ သူမရှေ့၌ ခိုင်မြဲစွာ ရပ်တည်လိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
လူငယ်လေး၏ ဆံပင် မှာ လေတိုက်တိုင်း လွင့်မျောနေသည်။
လင်းချီ၏ တည်ကြည်ခန့်ညားပြီး ဆုံးဖြတ်ချက်ပြတ်သားပုံပေါ်နေသော မျက်နှာမှာ ပေါ်ထွက်လာသည်။ သူ၏မဲမှောင်နေသော မျက်၀န်းများက မတူညီသော ဇာတ်လမ်းတို့ကို ပြောပြနေသည့်အလား -- သူသည် ကြောက်ရွှံ့နေသော်လည်း ယွီမုန့်အား ကာကွယ်ရန် သူမရှေ့တွင် ခိုင်မာစွာ ရပ်တည်ပေးခဲ့သည်။
ထို့နောက်သူ့ ရှိသမျှ ခွန်အားကို သုံး၍ ၀က်ကလေး၏ လှပသော အိပ်မက်ကို ဧရာမအစွယ် တော၀က်၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဂီး...(၀က်အော်သံ)
ဧရာမအစွယ် တော၀က်မှာ ဒေါသဖြင့် အော်ဟစ်လိုက်ကာ ရူးသွပ်စွာ ပြေးလာသည်။ ရုတ်ခြည်းဆိုသလို မေ့ဆေးပြင်းပြင်းအထိုးခံလိုက်ရသကဲ့သို့ ခြေလှမ်းများ တဖြည်းဖြည်း နှေးကွေးလာပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားတော့သည်။
တော၀က်ကြီးမှာ သတိလစ်သွားပြီဖြစ်သည်။
အားလုံး၏ အကြည့်များမှာ အံ့ဩနေကြသည်။ သူတို့ယခုလေးတင် သေဘေးမှ လွတ်မြောက်လာသည်လား...။ အဆက်မပြတ်ခုန်နေသော နှလုံးခုန်သံများကသာ သူတို့အား အသက်ရှင်နေသေးသည်ဟူသော ခံစားချက်ကို ရရှိစေသည်။
တော၀က်ကြီးရှေ့တွင် အသက်ကိုပြင်းစွာ ရှူရှိုက်နေသည့် ငယ်ရွယ်သောပုံရိပ်လေးမှာ ယခုအချိန်တွင်တော့ လွန်စွာ စွမ်းအားကြီးဟန်ပေါ်လေသည်။
•••••••••••