← Chapters

ထူးဆန်းသောအသံ

Vol. 1 Ch. 7

ထူးဆန်းသောအသံ

Vol. 1 Ch. 7

ထိုည ဆန်းသစ်လတောအုပ်၌ အထီးကျန်ဆန်လွန်းလှပေသည်။ အစောင့်တော်တော်များများက ပြောမပြတတ်သော ခံစားချက်တစ်မျိုးကို ခံစားနေကြရသည်။ ဤပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများသည် အလွန်ရက်စက်ပြီး ညအချိန်သည် ၎င်းတို့၏ အမဲလိုက်သည့်အချိန်ဖြစ်သည်ဟု မကြာခဏကြားသိခဲ့ရသည်။

သို့သော် ယခုအချိန်တွင် သူတို့သည် ဆန်းသစ်လမြို့သို့ ရောက်နေသကဲ့သို့ပင်။ ညဥ့်နက်သန်းခေါင်ယံအချိန်၌ပင် လွန်စွာတိတ်ဆိတ်နေသည်။

ရုတ်တရက် လူတိုင်း၏ အိပ်‌‌ငိုက်မှုတို့ကို ပြေပျောက်သွားစေသော ဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ဘယ်သူ ဒီလောက်တောင်ဟောက်နေတာလဲကွ" လင်းချီ ဒေါသတကြီးဖြင့် သူ့တဲထဲမှ ထွက်လာခဲ့သည်။

ယွီမုန့်က သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်စွာ ခေါင်းယမ်းပြသည်။ "ဘယ်သူ ဖြစ်နိုင်မှာလဲ"

ဟောက်သံကြားရာသို့ ကြည့်မိသည့်အချိန်တွင် ယင်းအသံမှာ လူးဝစ်၏ တဲထဲမှ ထွက်လာသည်ကို လင်းချီသိလိုက်ရသည်။

တောအုပ်အလယ်မှာ ဝက်တစ်ကောင်လို အိပ်နေလိုက်တာများ ဘယ်မှာ အဆင့်မြင့်ဓားသခင်နဲ့ တူနေလို့လဲ? တစ်ဖန် လူတိုင်းက လူးဝစ်သည် အဆင့်မြင့်ဓားသခင်ဆိုသော ဂုဏ်ဒြပ်နှင့် မတန်လောက်အောင် အရမ်းလွတ်လပ်ပေါ့ပါးနေလွန်းသည်ဟု တွေးလိုက်ကြသည်။

လင်းချီ၏ပုံစံမှာလည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။ သူလှည့်လိုက်ပြီး ယွီမုန့်ကို မေးလိုက်သည် "မင်းလည်း အိပ်လို့မရဘူးလား"

"ဒီအသံကိုနားထောင်ရင်း အိပ်လို့မှ မရတာ" ယွီမုန့်က မျက်ဖြူလှန်ပြလိုက်သည်။

ရုတ်တရက် ဟောက်သံက ပိုကျယ်လာသည်။ လူတိုင်းအတွက် သည်းခံနိုင်စွမ်းမရှိတော့ပေ။

"အား ငါ ထပ်သည်းမခံနိုင်တော့ဘူး!"

လင်းချီသည် ထိုကြောက်မက်ဖွယ်အသံကို တစ်စက္ကန့်ကြာအောင် သည်းမခံနိုင်တော့ဘဲ လူးဝစ်၏တဲဆီသို့ ဦးတည်လိုက်သည်။ သူ့ကို နှိုးခါနီးအချိန်တွင်ပင် လူးဝစ်ကိုယ်တိုင်ပင် ရုတ်တရက် လန့်နိုးလာသည်။

လူးဝစ် သူ့တဲထဲမှ ရုတ်တရက် ထွက်လာပြီး မထီမဲ့မြင်ဖြင့် “ဘယ်ကောင် ဒီလောက် အကျယ်ကြီး ဟောက်နေတာလဲ”ဟု အော်ပြော‌လာသည်။

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်း ချက်ချင်း တောင့်ခဲသွားကြသည်။ အချင်းချင်း အံ့အားသင့်စွာ နားမလည်နိုင်စွာ ကြည့်နေကြသည်။

"ဟင် မင်းတို့ဘာလို့ ငါ့ကိုဒီလိုမျိုးကြည့်နေကြတာလဲ" လူးဝစ်သည် စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီး ထိုအချိန်မှာပင် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသည်။

လူတိုင်း လိပ်ပြာလွင့်လုနီးပါးပင်။

"အဲဒါ... ဒီအသံက လူးဝစ် ဟောက်တာမဟုတ်ရင် ဘယ်က‌နေ ထွက်လာတာလဲ။"

လင်းချီက လှည့်ကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူလည်း စိတ်ပူပန်နေသည်။ "အားလုံး သတိရှိကြပါ။"

လူတိုင်း လေးလေးနက်နက် ဖြစ်လာသည်။ သူတို့ခံစားနေရသည့်  ငိုက်မျဉ်းမှုများပင် ပြေပျောက်သွားသည်။

လူးဝစ် နောက်ဆုံးတွင် တုံ့ပြန်လာသည်။ သူလှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ့အသံပင်တဆတ်ဆတ်တုန်လာသည်။ "မဟုတ်ဘူး... မဖြစ်နိုင်ဘူးမလား? အဲဒါ မိစ္ဆာသားရဲရဲ့ အသံလား"

"ငါလည်း သေချာမသိဘူး ဘယ်လိုဖြစ်ဖြစ် ဒါက လူတွေဆီကနေ ထွက်နိုင်တဲ့ အသံမဟုတ်တာတော့သေချာတယ် နောက်တစ်ခုက... ငါ့ခြေထောက်ကို လွှတ်ပေးလို့ရမလား"

လူးဝစ်သည် ယခုအခါ၌ အလွန်စိတ်လှုပ်ရှားနေပြီး လှုပ်လှုပ်ရှားရှားဖြစ်‌နေသည်။ ထို့ကြောင့် ယခု သူ့ပုံစံမှာ ကြောက်လန့်တကြားဖြင့် လင်းချီ၏ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမိသားဖြစ်နေသည်။

"ဒါ..ဒါ မင်းတို့ ထင်သလိုမဟုတ်ဘူး!"

ထိုလုပ်ရပ်က လူတိုင်းကို ရယ်မောစေခဲ့ပြီး လေးလံ‌နေသောလေထုကို သက်သာရာရစေသည်။

အသံမှာ ထပ်ပြီး မနီးကပ်လာတာကို လင်းချီ သတိထားမိလိုက်သည်။ ထိုအသံသည် မိစ္ဆာသားရဲတစ်‌ကောင် ဟောက်‌နေခြင်းဖြစ်နိုင်သည်။ ဒ့ါကြောင့် သူသည် ယခုအချိန်တွင် ထိုအသံနဲ့ပတ်သက်ပြီး အလွန်အကျွံမစိုးရိမ်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ တွေးပြီး စိုးရိမ်နေလို့လည်း အသုံးမှမဝင်တာ။

ပတ်ဝန်းကျင်သည်လည်း မည်းမှောင်နေပြီး ထွက်ပြေးရန်ဆိုသည်က မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ စည်းလုံးခြင်းသည် အင်အားမဟုတ်ပေလော။ တောထဲမှာ တစ်ယောက်တည်း သားရဲကောင်ကို ရှာဖွေရင်း အမှောင်ထဲမှာ လမ်းပျောက်နေတာထက် အားလုံးစည်းစည်းလုံးလုံးနေတာက အကောင်းဆုံးဖြစ်သည်။

“အသံက ပိုပြီးမနီးလာတော့ဘူး အားလုံး စိတ်အေးအေးထားကြပါ" လင်းချီသည် ထိတ်လန့်မှုကြောင့် တဒုတ်ဒုတ်ခုန်‌နေသော သူ၏နှလုံးကို တည်ငြိမ်အောင် ကြိုးစားရင်း လူတိုင်းကို နှစ်သိမ့်ပေးသည်။

အစောင့်တွေက ထိုနေရာတစ်ဝိုက်ကို ဝိုင်းထားပြီး‌ စောင့်ကြည့်နေကြသည်။

“သခင်လေးလင်း စိတ်မပူပါနဲ့ တဲအပြင်ဘက်မှာ ကျွန်တော်တို့ စောင့်ကြည့်ထားလိုက်ပါ့မယ်”

"မင်းတို့ ဘာလို့ သွားအိပ်ပြီး အနားမယူကြတာလဲ မနက်ဖြန် ငါတို့သွားရမယ့် ခရီးက အရှည်ကြီး ကျန်သေးတယ်လေ”

“ဒါပေမယ့်…”

လင်းချီ သူ့လက်ကို အရေးမကြီးဟန် ခါရမ်းလိုက်သည်။ “ကိစ္စမရှိပါဘူး ဒီအကောင်ကြီးကလည်း ပေါ်မှ မပေါ်လာသေးတာ”

လင်းချီ၏ခွင့်ပြုချက်ဖြင့် အစောင့်များ ကောင်းစွာအနားယူ၀ံ့ကြသည်။

တစ်ဖက်တွင် လူးဝစ်က သူ့အစောင့်များကို ပြောသည် “မင်းတို့နိုးကြားနေရမယ် သတိရှိနေရမယ် အိပ်မပျော်သွားစေနဲ့!"

သူ့ကိုကာကွယ်ဖို့အတွက် လူးဝစ်က အစောင့်များကို သူ့တဲပတ်လည်၌ စောင့်ခိုင်းထားသည်။ သူ့အစောင့်များထံမှ သတိပေးချက်တစ်စုံတစ်ရာရတာနဲ့ တစ်ပြိုင်တည်း သားရဲကောင်မနီးလာခင်  လွတ်လမ်းရှာဖွေနိုင်ရန် ဖြစ်သည်။

သို့သော် သူ့လုပ်ရပ်သည် အခြားသူများ၏ အမြင်၌ အပြင်ထွက်ရန် ကြောက်ရွံ့နေသော ကြွက်တစ်ကောင်နှင့်သာ တူစေခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် ယွီမုန့်သည် သူမ၏ မှော်တုတ်တံကို မြှောက်လိုက်ပြီး ရွတ်ဆိုလိုက်သည် "ရေမှော်အစွမ်း ရေအဟန့်အတား!"

သူမ၏ အမိန့်အရ အနီးနားရှိ ချောင်းရေသည် မြင့်တက်လာခဲ့ပြီး သူမနှင့် သူမ၏ အစောင့်များကို စက်ဝိုင်းပုံစံအတားအဆီးဖြင့် ဝန်းရံ‌စေသည်။ အလွန်ခိုင်ခံ့သော အတားအဆီးမဟုတ်သော်လည်း သူမနှင့် သူမအစောင့်များ အိပ်ပျော်နေချိန်တွင် တစ်ခုခု ဝင်ရောက်လာပါက အနည်းဆုံးတော့ ၎င်းသည် သူမအား သတိပေးနိုင်သည်။

"ယွီမိသားစုရဲ့သမီးလို့ မပြောရဘူး မှော်ပညာကိုသုံးပြီး ရေအတားအဆီးတစ်ခုကို ပုံဖော်နိုင်တယ်"

“ဟုတ်တယ် ငါတို့လည်း အထဲကိုဝင်ချင်လိုက်တာ”

ယွီမုန့်ရဲ့ စခန်းဘက်ခြမ်းကို ရေအတားအဆီးနှင့် ဖုံးအုပ်ထားတာကို လူးဝစ်မြင်လိုက်ရတော့ သူ့မာနကိုတောင် မျိုချပြီး သွားမေးလိုက်သည်။ "ယွီမုန့် မင်း ကိုယ့်ကို ဝင်ခွင့်မပေးချင်ဘူးလား တစ်ခုခုဖြစ်လာခဲ့ရင် ကိုယ် မင်းကို ကာကွယ်ပေးနိုင်တာပေါ့”

ယွီမုန့် သူ့ကို မကြားသလို ဟန်ဆောင်ကာ ခေါင်းကို ခါယမ်းရင်း သူမ၏ တဲထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။

လုံးဝလျစ်လျူရှုခံရသော လူးဝစ်သည် အလွန်အရှက်ကွဲသွားသည်။ မထီမဲ့မြင်ပြုဟန်ဖြင့် နှာတစ်ချက်မှုတ်ပြီး “ကောင်းပြီလေ မင်းကဒီလိုပေါ့!"

ထိုည၌ ထူးဆန်းသော ဆူညံသံသည် လူတိုင်း အိပ်စက်နေကြချိန်တစ်ချိန်လုံး ခြောက်လှန့်နေခဲ့သည်။ အားလုံး မျက်လုံးမှိတ်ထားသော်လည်း ဘယ်သူမှ အိပ်ပျော်ဖို့ မဝံ့ရဲကြ‌ပေ။

သူတို့အတွက် ဒီညကို ဖြတ်ကျော်ဖို့ ခက်ခဲ‌ပေသည်။ ဒုတိယနေ့သို့ ဝင်ရောက်လာသည်နှင့် ကောင်းကင်သည်လည်း တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။ မနေ့ညက ထူးထူးဆန်းဆန်း အသံသည်လည်း ပျောက်ကွယ်သွားခဲ့၏။

ခရီးဆောင်အိတ်များ ထုပ်ပိုးပြီးနောက် တောလမ်းအတိုင်း ဆက်သွားခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့အားလုံး ဆန်းသစ်လတောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ကြသည်။ တကယ့်ကို မယုံနိုင်စရာကောင်းတာက တောထဲမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိ‌ပေ။

ဆန်းသစ်လတောအုပ်သည် အတော်လေး အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။ အနည်းဆုံး လူအနည်းငယ်လောက်တော့ ဒဏ်ရာ ရလိမ့်မယ်လို့ အစောင့်တွေက တွေးထင်ခဲ့ကြသည်မှာ ထင်ရှားသည်။ ယခုကဲ့သို့ အားလုံး ဘေးကင်းစွာ ထွက်လာနိုင်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထား‌ပေ။

"ဟားဟား၊ ငါနောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ!"

လူးဝစ်သည် သစ်တောထဲမှ ပထမဆုံးခြေလှမ်းကို လှမ်းပြီးနောက် အလွန်စိတ်လှုပ်ရှားနေသည်။

“ဒါက အရမ်းကြောက်စရာကောင်းတဲ့ ဆန်းသစ်လတောအုပ်တဲ့လား ဘာမှ သိပ်မဟုတ်သလိုပဲ”

သူ့အသံကိုကြားတော့ လူတိုင်း မျက်လုံးပြူးသွားကြသည်။ မနေ့ညက သူတို့ထဲမှာ အကြောက်ဆုံးက သူပဲမဟုတ်လား။ သူဘယ်လောက်တောင်အရေထူတယ်ဆိုတဲ့ အချက်အပေါ် အံ့အားသင့်မိကြသည်။

လူးဝစ် စိတ်လှုပ်ရှားနေစဉ်တွင် သွေးနီရောင်မျက်လုံးတစ်စုံသည် သူတို့၏‌နောက်ကျောဘက် တောအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာကာ သူတို့အား စိုက်ကြည့်နေခဲ့၏။

လင်းချီသည် သူ၏ကျောရိုးတလျှောက် စိမ့်ကနဲ ခံစားလိုက်ရသည်။ ချက်ချင်း သူ့နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ထူးထူးခြားခြား မတွေ့ခဲ့ရပေ။

"ဖြစ်နိုင်ပါ့မလား... ငါပဲကယောင်ချောက်ချားဖြစ်နေတာလား"

တောထဲက ထွက်လာပြီး‌နောက်တွင် ကျယ်ပြန့်တဲ့ မြစ်တစ်စင်းကို ဖြတ်ကျော်ကြရသည်။ မြစ်၏ရေစီးကြောင်းသည် အလွန်သန်ပြီး ရေမှာ နက်ရှိုင်း‌လှသည်။ ကျွမ်းကျင်သော ရေကူးသမားပင်လျှင် ဘေးကင်းစွာ ဖြတ်ကျော်နိုင်မည်မဟုတ်။

မြေပုံပေါ်တွင် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်သည့် သစ်သားတံတားတစ်စင်း ရှိသည်ဟု ညွှန်ပြနေသည့် ပုံတစ်ခုရှိသည်။ သို့သော် သတ်မှတ်ထားသောနေရာသို့ ရောက်သောအခါတွင် တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိလိုက်ကြသည်။

သစ်သားတံတားမှာ ကျိုးပျက်နေသည်။

တစ်စုံတစ်ခုကြောင့် တစ်စစီဖြစ်သွားပုံရသည်။ နတ်ဆိုးသားရဲတစ်ကောင်‌‌ကောင်ကြောင့်များ ဖြစ်နိုင်သလား။

"ငါတို့ ဘာလုပ်သင့်လဲ တံတားကလည်း ပျက်နေတယ် ရေကူးရင်လည်း ဒီတဟုန်ထိုး ရေစီးကြောင်းနဲ့ မျောပါသွားလိမ့်မယ်” အစောင့်ခေါင်းဆောင်ကပြောလိုက်သည်။

အမွေဆက်ခံသူသခင်‌လေးများမှာ မြစ်တစ်ဖက်ကမ်းရှိ တောသို့သွားရမည့်လမ်းကို တွေးတောကြံဆရင်း ခေါင်းကုတ်နေကြသည်။

"ဒီတစ်ခု ပျက်နေပြီဆိုမှတော့ ငါတို့နောက်တစ်ခု ထပ်ဆောက်လိုက်ရုံပေါ့!"

လူးဝစ်က ဦးဆောင်ပြီး လျှောက်လာခဲ့သည်။ သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး အခြားသူများကို အမိန့်ပေးလိုက်သည်။ “လာကြ တံတားအသစ်ကို ဆောက်ဖို့ အတူအလုပ်လုပ်ကြရအောင် အဲ့လိုသာဆို မမှောင်ခင် ပြီးနိုင်လောက်တယ်”

လူတိုင်း ခေါင်းကိုခါယမ်းလိုက်ကြပြီး အစောင့်‌ခေါင်းဆောင်က ပြောလာသည်။ “မဟုတ်ဘူး သစ်သားတံတားတစ်ခုဆောက်ဖို့ အနည်းဆုံး နှစ်ရက်လောက် ကြာမှာ”

•••••••••

All Chapters