ဒေါသထွက်နေသော ရှုနန်
Vol. 25 Ch. 361
“ရှင့်အသက်က ဘယ်လောက် ရှိသေးလို့လဲ၊ ဘဏ်ကို ဓားပြသွားတိုက်ရင်တောင်မှ ရှင် ဒီလောက် ပိုက်ဆံ မြန်မြန် မရနိုင်ဘူး”
ရှုနန်က ပြန်ပြောသည်။ သို့သော် ထိုသို့ပြောပြီးသည်နှင့် သူမလေသံထဲမှ ယုံကြည်ချက်ရှိဟန်တို့ ပျောက်ဆုံးသွားသည်။ ရဲ့လင်းချန်၏ အစွမ်းအစများကို ပြန်စဉ်းစားမိပြီးနောက် သူမ ဖြစ်နိုင်ချေ ရှိသည်ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ သူမဆရာ၏ အရည်အချင်းများအရ ပိုက်ဆံရှာခြင်းက တကယ်ကို အလွယ်လေး ဖြစ်ပုံရသည်။
“ကျောင်းသား ရဲ့လင်းချန်၊ မင်းနဲ့ အတူနေတဲ့ တစ်ယောက်က မိန်းကလေးတစ်ယောက် ဟုတ်တယ်မလား”
ရှုဝမ်ချင်က ဝရန်တာ၌ လှန်းထားသော အဝတ်အစားကို လက်ညှိုးထိုးပြသည်။
“ဟုတ်တယ်၊ အတိအကျ ပြောရရင် မိန်းကလေး နှစ်ယောက် ရှိတာ”
ရဲ့လင်းချန်က ခေါင်းညိတ်၍ ထိုစကားကို ဝန်ခံသည်။
“ကျောင်းသား ရဲ့လင်းချန်၊ ဆရာတစ်ယောက်အနေနဲ့ ငါ နင့်ကို သတိပေးမှဖြစ်မယ်၊ ပထမအချက်က နင် ကိုယ့်အကန့်အသတ်ကို သိဖို့ လိုတယ်၊ ဒုတိယအချက်က ယောက်ျားတစ်ယောက်က တာဝန်ယူတတ်ဖို့ လိုအပ်တယ်”
ရှုဝမ်ချင်က လေသံမာမာဖြင့် သူ့ကို သတိပေးသည်။
သူမဘေးမှ ရှုနန်က နှုတ်ခမ်းဆူနေပြီး မျက်နှာအမူအရာက မည်းမှောင်နေသည်။
“ဆရာ ရှင်က တရားမဝင် အတူတူ နေနေတာပဲ၊ ကျွန်မမှာ ရှင့်ကို ဖမ်းဆီးပိုင်ခွင့် ရှိတယ်”
“မင်းက တော်တော် သွေးကြီးလာတာပဲ၊ ကိုယ့်ဆရာကို ဒီလိုပြောရဲတယ်ပေါ့လေ”
ရဲ့လင်းချန်က လက်မြှောက်၍ ရှုနန်၏ နဖူးကို တောက်ရန် ပြင်လိုက်သည်။
“ဟွန့်”
ရှုနန်က မကျေနပ်သံပြုလိုက်ပြီးနောက် တစ်ဖက်သို့စောင်း၍ ရဲ့လင်းချန်၏ လက်ကို ရှောင်လိုက်သည်။ သူမက ခေါင်းကို စောင်း၍ မကြားတကြား ပြောနေသည်။
“ယောက်ျားနဲ့ မိန်းမဆိုတာ ခပ်ကွာကွာ နေသင့်တယ်၊ ကျွန်မ ရှင့်ကို အနှောင့်အယှက် ပေးမှုနဲ့ တရားစွဲလို့ ရတယ်”
ရဲ့လင်းချန် ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်မိသည်။
*ဒီကောင်မလေးရဲ့ စိတ်သဘောထားက နည်းနည်း ထူးဆန်းနေတယ်*
ရှုဝမ်ချင်က ရဲ့လင်းချန်ကို ကြည့်နေပြီးနောက် ရှုနန်ကို တစ်ချက်ကြည့်သည်။ သူမအကြည့်က သူမ တစ်ခုခုကို စဉ်းစားနေကြောင်း ပြသနေလေသည်”
“ဗွီ ဗွီ ဗွီ”
ထိုအခိုက်တွင် သူတို့သုံးယောက်လုံး၏ ဖုန်းများ ပြိုင်တူ တုန်ခါလာသည်။
သူတို့ ဖုန်းထုတ်ကြည့်လိုက်သောအခါ သူတို့ ထင်ထားသည့်အတိုင်း ဖြစ်နေသည်။ ၎င်းမှာ နောက်ဆုံးရ ပြည်သူ့သတင်း ဖြစ်သည်။ အကြောင်းအရာကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်က ဘာတုံ့ပြန်မှုမှ မပြဘဲ မျက်နှာ တည်မြဲ တည်နေသည်။ တစ်ဖက်တွင်မူ ရှုနန်နှင့် ရှုဝမ်ချင်တို့၏ အမူအရာများက ချက်ချင်းဆိုသလို ဖြူရော်ကုန်၏။
သတင်းမှာ အလိုအလျောက် မောင်းနှင်ခြင်းယာဉ် ပြပွဲမှ မတော်တဆမှု အကြောင်းပင်။
ဖြစ်ပြီးခါစသာ ရှိသေးသော်လည်း အခုအခါ၌ သတင်းကြီး ဖြစ်နေသည်။ ၎င်းက အဓိက မီဒီယာ ပလက်ဖောင်း အားလုံး၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားသည်။ သူတို့အားလုံး အပြေးအလွှား သတင်းယူကြသဖြင့် ယခု နောက်ဆုံးရ သတင်း တင်ဆက်မှု ဖြစ်လာခြင်းပင်တည်း။
သတင်း၌ ပါဝင်နေသည်များမှာ ဤသို့ ဖြစ်သည်။
[အလိုအလျောက် မောင်းနှင်ခြင်းယာဉ် နည်းပညာက မပြည့်စုံဘူး၊ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ စမ်းသပ်မှုက အများပြည်သူ စိုးရိမ်နေတဲ့ကြားက လူ ၉၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်၊ ထိုအထဲက ၂၁ ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွဦးပါတယ်၊ ကံကောင်းထောက်မစွာနဲ့ သေဆုံးသူ မရှိခဲ့ပါဘူး … ကျွန်တော်တို့ ချန်နယ်က နောက်ဆုံးရ သတင်းများကို တတ်နိုင်သမျှ ဆက်လက်ပြီး တင်ဆက်သွားပါမယ်၊ အကယ်၍ တစ်ယောက်ယောက် သေဆုံးခဲ့ရင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ထောင်ဒဏ်နဲ့ ရင်ဆိုင်ရ လောက်ပါတယ်]
ထို့အပြင် သူတို့သည် ဤမတော်တဆမှုမှနေ၍ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဆုံးရှုံးမှုများကို အကြမ်းဖျင်း တွက်ချက်ဖော်ပြနေပြီး အနာဂတ်တွင် ရင်ဆိုင်ရမည့် အခြေအနေများကိုပါ ခန့်မှန်းနေကြသည်။ ဆောင်းပါးအား ဝေဖန်အကဲဖြတ်သည့်ပုံစံဖြင့် ရေးသားထားသည်။
ဝေ့ပေါ်သတင်း၊ Tecent News နှင့် အစိုးရ တရုတ်ဗဟိုသတင်းဌာနကတောင်မှ ချက်ချင်း သတင်း တင်ဆက်ခဲ့သည်။ ဥက္ကဋ္ဌရှုသည် အလွန် လေးစားခံရသော ဥက္ကဋ္ဌတစ်ယောက် အဖြစ်မှ ချက်ချင်းဆိုသလို လူအများ မုန်းတီးခံရသည့် လမ်းဘေးကြွက်တစ်ကောင်သဖွယ် ဖြစ်သွားလေသည်။
မတော်တဆမှု၏ ရိုက်ခတ်မှုများက အွန်လိုင်းတွင်လည်း ပြည့်နှက်နေ၏။
ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု မှီခိုအားထားနေသော အလိုအလျောက် မောင်းနှင်ခြင်းယာဉ် နည်းပညာက သူတို့၏ ကျဆုံးမှုအဖြစ် ပြောင်းလဲသွားပြီ။ သူတို့၏ ဂုဏ်သတင်း မြောင်းထဲ ရောက်သွားပြီ။
[သူတို့က ဒီနည်းပညာကို ကြွားဝါရဲတယ်လား၊ ဒီလို နှလုံးသားမရှိတဲ့ ကုမ္ပဏီက ပိတ်လိုက်သင့်တယ်]
[သူတို့က အလိုအလျောက် မောင်းနှင်ခြင်းယာဉ် နည်းပညာကို သုံးပြီး ငါတို့ ပိုက်ဆံတွေကို လိမ်ယူဖို့ မျှော်လင့်နေတာ မဟုတ်လား၊ သူတို့ စမ်းသပ်မှု မအောင်မြင်လို့ တော်သေးတယ်၊ အောင်မြင်သွားလို့ကတော့ ဒါကို သုံးလို့ မိသားစု ဘယ်လောက်များများက ပျက်စီးသွားရမလဲ မသိဘူး]
[အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ သူတို့က တော်တော် တာဝန်မဲ့တာပဲ၊ ဒါ တခြားသူတွေရဲ့ အသက်ကို ကစားနေတာ၊ ဒီကုမ္ပဏီကို ဝင်စစ်ဆေးဖို့ နိုင်ငံတော်ကို အကြံပြုရမယ်၊ မဟုတ်တာ တစ်ခုခုတော့ ဖြစ်နေတာ သေချာတယ်]
[သေစမ်းကွာ၊ ငါ အရင်တုန်းက ဒီကုမ္ပဏီကို တအား အားပေးထောက်ခံခဲံတာ၊ အော်မိုမိုဘိုင်း နယ်ပယ်ရဲ့ ပထမလို့များ ပြောရဲသေးတယ်၊ အဓိပ္ပာယ် မရှိတာတွေ၊ မင်းက ငါတို့ကို နိုင်ငံတကာမှာပါ အရှက်ရအောင် လုပ်ခဲ့တာကွ၊ မင်းတို့ သိရဲ့လား]
[ဟုတ်တယ်၊ နိုင်ငံတကာ သတင်းတွေကတောင် ဒီမတော်တဆမှုကို အစီရင်ခံနေတာ၊ သူတို့ ကြွားဝါတာက ဘာမှ ဖြစ်မလာဘဲ လူသိရှင်ကြား ပါးဖြတ်ခံလိုက်ရပြီ]
…
သူတို့ ဆက်ဖတ်လေလေ ရှုနန်နှင့် ရှုဝမ်ချင်တို့ ပို၍ စိုးရိမ်ပူပန်လာလေ ဖြစ်လာသည်။ သူတို့နှစ်ယောက်လုံး မသိမသာ ငိုင်တွေနေ၏။
အလိုအလျောက် မောင်းနှင်ခြင်းယာဉ် ကျရှုံးလိမ့်မည်ဟု သူတို့ ခန့်မှန်းထားသော်လည်း ဤသို့ ကြီးမားသည့် အကျိုးဆက်များ ဖြစ်လိမ့်မည်ဟု ထင်မထားမိပါ။ ယင်းက သူတို့ဖခင်အတွက် ပြင်းထန်သော ရိုက်ချက်တစ်ခု ဖြစ်မှာ အသေအချာပင်။
သူတို့၏ နှလုံးသားထဲတွင် အပြစ်ရှိသော ခံစားချက် ဖိစီးနေ၏။ သူတို့ အစကတည်းက ရဲ့လင်းချန်၏ စကားကို နားထောင်ပြီး သူတို့ဖခင်နှင့် ဆက်ဆံရေးကို စွန့်စားပြီး ဤပြပွဲအား ဖြစ်မလာအောင် တားဆီးခဲ့သင့်သည်။
“ဆရာ …”
ရှုနန်က ရဲ့လင်းချန်ကို ကြည့်လာသည်။ မျက်ရည်များက သူမပါးပေါ်သို့ ဒလဟော စီးကျလာ၏။
ရှုဝမ်ချင်ကမူ သူမဖခင်ကို အလျင်အမြန် ဖုန်းခေါ်လေသည်။
ထိုအခိုက်တွင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု ဌာနချုပ်၌ …
အစည်းအဝေးခန်းက သုသာန်အလား တိတ်ဆိတ်နေ၏။ လူတိုင်း သုန်မှုန်သော မျက်နှာအမူအရာမျိုး ဖြစ်နေကြပြီး ဘယ်သူမှ အသံမထွက်ရဲပေ။ သူတို့ရင်ဘတ်ကို ကျောက်တုံးကြီးတစ်တုံးက လာဖိထားသလို ခံစားရပြီး အသက်ရှူရ ခက်နေလေသည်။
*ဘယ်လိုလုပ် ကိစ္စတွေက ဒီလို ဖြစ်ကုန်တာလဲ*
ထိုသို့သောအချိန်၌ အိုးရန်ချင်း၏ စိတ်ထဲတွင် ကြံရာမရသလို ခံစားနေရသည်။ သူမသည် မတ်တပ်ရပ်မနေဘဲ အစည်းအဝေးခန်းအလယ်၌ ဒူးထောက်နေလေသည်။ သူမနှုတ်ခမ်းကို သွားဖြင့် ဖိကိုက်ထားသဖြင့် သွေးများ ထွက်နေ၏။
“ဦးလေးရှု၊ အဖေနဲ့ ရှယ်ယာရှင်အပေါင်းတို့၊ ကျွန်မ ဝမ်ရုံ လုပ်ငန်းစုကို ကျရှုံးအောင် လုပ်ခဲ့မိပါတယ်”
ထိုသို့ပြောပြီးနောက် သူမကဲ့သို့ စိတ်မာသော အမျိုးသမီးတစ်ယောက်ထံမှ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာသည်။
ဘယ်သူမှ ပြန်မပြောပေ။ အခန်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
အချိန်နှောင်းလွန်းသွားလေပြီ။
“ကလင် ကလင် ကလင်”
ဥက္ကဋ္ဌရှု၏ဖုန်း မြည်လာသည်။ သူ ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချ၍ ကိုင်လိုက်သည်။
“အဖေ အခြေအနေက အဖတ်ဆယ်လို့ ရနိုင်သေးလား”
ရှုဝမ်ချင်က မျှော်လင့်ချက် တစ်စွန်းတစကို ဆုပ်ကိုင်ထား၍ မေးလေသည်။
ဖုန်းတစ်ဖက်မှ အချိန်ကြာသည်အထိ တိတ်ဆိတ်နေခြင်းနှင့် သူမ ရင်ဆိုင်လိုက်ရသည်။
ဘာများ အဖတ်ဆယ်နိုင်စရာ ရှိဦးမည်နည်း။ ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခု၏ အဆိုးရွားဆုံး အိပ်မက်ဆိုးမှာ နာမည်ဆိုး တွင်ခြင်း ဖြစ်သည်။ ထို့အပြင် ဤမတော်တဆမှုမှ ဆုံးရှုံးမှုများက ကြီးမားလွန်းသည်။ ကြောက်စရာ ကောင်းသည်ဟုပင် ဆိုနိုင်လေသည်။ အနာဂတ်တွင် ဝမ်ရုံ လုပ်ငန်းစုသည် ၎င်း၏ ရင်းနှီးမြှုပ်နှံသူများကို ဆုံးရှုံးနိုင်ပြီး အခြားသော ကုမ္ပဏီများကလည်း သူတို့နှင့် ပူးပေါင်းမှု ရပ်ဆိုင်းလာနိုင်သည်။ ယင်းက မျှော်လင့်ချက် မရှိလုနီးပါး အခြေအနေပင်။
အထူးသဖြင့် သတင်းများမှတစ်ဆင့် ဝမ်ရုံလုပ်ငန်းစု၏ ပြိုင်ဘက်များနှင့် အချို့သော နိုင်ငံတကာ ကုမ္ပဏီများက ဤအခွင့်အရေးကို အသုံးချ၍ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို နင်းချေလာမည်ကို ကောက်ချက်ချနိုင်ပေသည်။ ဤသို့သော အခြေအနေ၌ ဘယ်လိုလုပ် ပြန်ပြောင်းလဲနိုင်မည်နည်း။
အားလုံး ကျဆင်းပေတော့မည်။
ရှုဝမ်ချင် စိတ်လေးသလို ခံစားလိုက်ရသည်။ ထိုစဉ် ရှုနန်က သူမထံမှ ဖုန်းကို လုယူ၍ ဒေါသတကြီး အော်ဟစ် ပြောဆိုသည်။
“အဖေ၊ ဒီပြပွဲကို ကျွန်မ သဘောမတူဘူးလို့ အစောကြီးကတည်းက ပြောခဲ့သားပဲ၊ ကျွန်မဆရာက အလိုအလျောက် မောင်းနှင်ခြင်းယာဉ် နည်းပညာက ပြစ်ချက်ရှိတယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ အဖေက ကျွန်မစကားကို ဥပေက္ခာပြုခဲ့တယ်လေ၊ ကျွန်မက အဖေ့သမီးပါ၊ ကျွန်မက အဖေ့ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားတယ်လို့ ထင်နေတာလား၊ အဖေက ကျွန်မကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ”
ထိုသို့သောအချိန်၌ ရှုနန်၏ ဒေါသနှင့် ဝမ်းနည်းစိတ်တို့ ရောပြွမ်းလာသည်။ သူမက ငိုလျက် အော်ပြောသည်။
“အဖေ ဘယ်တုန်းကမှ ကျွန်မကို မယုံကြည်ဘူး ကျွန်မက ပေါ့ပေါ့တန်တန် နေတယ်လို့ အမြဲ ပြောတယ်၊ ကျွန်မ ပြောတာကို ဘယ်တော့မှ နားမထောင်ပေးဘူး၊ အစက ကျွန်မဆရာကို ပြပွဲဆီ ခေါ်လာပြီး နောက်ဆုံးချိန်လေး ပြင်နိုင်မယ့် အခွင့်အရေး ရှာတွေ့မလားလို့ မျှော်လင့်မိခဲ့တာ၊ ဒါပေမဲ့ အဖေက ကျွန်မတို့ကို ဝင်မလာအောင် တားခဲ့တယ်၊ ကျွန်မတို့ ညီအစ်မနှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ နှိမ့်ချပြီး ကျွန်မဆရာကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့ရလဲ သိလား၊ ကျွန်မက အဖေ့ကို ကူညီဖို့ ကြိုးစားခဲ့ပင်မယ့် အဖေ ကျွန်မကို အခွင့်အရေး ပေးခဲ့လား”
“ပြီးတော့ အဲ့ဒီ အိုးရန်ချင်း၊ အဲ့ဆရာမကြီး မြဲ့ကြွယ်ကို ဒီကိစ္စကို တာဝန်ယူခိုင်းလိုက်၊ ဒါတွေအားလုံးက သူ မောက်မာလို့ ဖြစ်တာ၊ သူက အဓိက တရားခံပဲ၊ ကျွန်မဆရာက အလိုအလျောက် မောင်းနှင်ခြင်းယာဉ် နည်းပညာရဲ့ ချို့ယွင်းချက်တွေကို သူ့အတွက် ချရေးထားပေးခဲ့ပြီးသား၊ ဒါကို သူမ ကြည့်တောင်မကြည့်ဘူး၊ ကျွန်မဆရာကို အထင်သေးရအောင် သူက ဘယ်လောက်များ တန်ဖိုးရှိနေလို့လဲ၊ ကျွန်မစိတ်ထဲမှာတော့ သူက ကျွန်မဆရာရဲ့ ဖိနပ်ကိုတောင် စွပ်ပေးဖို့ မထိုက်တန်ဘူး”
အစည်းအဝေးခန်း တစ်ခုလုံး ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ လူတိုင်း ရှုနန်၏အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူတို့အတွက် နားထောင်ရ အဆင်မပြေသဖြင့် အောင့်သက်သက်ဖြင့် မျက်နှာ မဲ့နေကြသည်။ သူတို့သာ ယခင်က ရှုနန်၏ အကြံပေးမှုကို နားထောင်ခဲ့လျင် အခြေအနေက ဤသို့ ဖြစ်လာမည် မဟုတ်လောက်ပါ။
….