← Chapters

အသက်နှင့်ရင်း၍

Vol. 5 Ch. 63

အသက်နှင့်ရင်း၍

Vol. 5 Ch. 63

“ အရိပ်သုံးပါးနားမလည်တဲ့ ခွေးကောင်လေး ”

ရွှေရောင်ဝတ်ရုံနှင့် စခန်းခေါင်းဆောင်သည် ဒေါသထွက်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့နေသည်။ မည်သို့ပင်ဆိုစေ သူ့လူများကို အနှီကလေးက ပြားပြားဝပ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အထူးသဖြင့် ထိုကိစ္စကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း ပြီးပြတ်သွားအောင် ကိုင်တွယ်မည်ဟူ၍ သူ ကပ်ဖားရပ်ဖားခြင့် ဆိုခဲ့သေးသည်။ ယခုအခါ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သွားပါသော်လည်း သူ၏လူများကား မရှိတော့ပေ။

“ သောက်သုံးမကျတဲ့ကောင်တွေ ”

စခန်းခေါင်းဆောင်၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူက ခြံပေါက်ဝမှ ထွက်လာကာ ရွှီချင်းဆီ လျှောက်သွားသည်။

သူ၏ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီများ ကြောက်ခမန်းလိလိ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင်လည်း ဝိညာဉ်စွမ်းအားအငွေ့အသက်များက တရိပ်ရိပ် တိုးပွားလာသည်။ သူ၏ဝတ်ရုံအောက်မှ ခန္ဓာကိုယ်က တောင်တစ်လုံးပမာ ဖောင်းကားလာသည်။

သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းဖျော့ဖျော့ပင် ဝင်းလက်နေ၏။

စခန်းခေါင်းဆောင်သည်လည်း အပြင်အားပညာရှင်တစ်ယောက် ဖြစ်ပေသည်။

သို့သော်လည်း သူ ကျင့်ကြံသည့် ပညာရပ်က တောင်တန်းပင်လယ်ပညာရပ်ကဲ့သို့ အဆင့်နိမ့်ပညာရပ် မဟုတ်မှန်း သိသာသည်။ ယင်းပညာရပ်မှာ ကျင်းကန်းဂိုဏ်းမှ ကျင်းကန်းကျင့်စဉ် ဖြစ်ပေသည်။

ထိုစဉ် သူက ချီများကို တစ်ပတ်လှည့်လိုက်ပြီးနောက် သူ၏အရှိန်အဝါများ ဖြာထွက်လာကာ ခြေလှမ်းများ ချက်ချင်း မြန်ဆန်သွားသည်။ ဧရာမအရိပ်ကြီးတစ်ရိပ်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းထံ ပြေးဝင်သွားသည်။

သူသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်း၏ရှေ့ကို ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

သူက တံခါးခုံတွင် ရပ်နေသော ခေါင်းဆောင်လဲ့နှင့် ပိုးဖဲထည်ဝတ် အဘိုးကြီးကို တစ်ချက်ကြည့်၍ အခြေအနေကို အကဲခတ်လိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်စိတ်ကို ချိုးနှိမ်လိုက်ပြီး သူ၏မျက်လုံးများ အနည်းငယ် မှေးသွားသည်။

သူသာ အထက်စီးမှ ရောက်သွားပါက တစ်ဖက်လူက ခေါင်းဆောင်လဲ့နှင့် သူ့ကို ခြိမ်းခြောက်မည်မှာ သေချာသည်။

ယင်းသည် ရွှီချင်း မမြင်ချင်သောအရာဖြစ်သည်။ ထိုသို့မဖြစ်အောင် ကာကွယ်ရန်မှာ ဗြုန်းခနဲ လှုပ်ရှားရန်သာ ရှိသည်။

ထိုသို့ ရုတ်တရက် လှုပ်ရှားလိုက်မည်ဆိုပါက တစ်ဖက်လူအနေဖြင့် တုံ့ပြန်ရန် အချိန်ရသွားမည် မဟုတ်ပေ။

သို့ဖြစ်၍ ရွှီချင်းသည် မျက်လုံးများမှေး၍ စခန်းခေါင်းဆောင်ကို ထိုးလိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရွှီချင်းသည် နောက်သို့ ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်ခွာသွားရသည်။ သို့သော်လည်း သူက နောက်ကို တဖြောင့်တန်းဆုတ်ခွာသွားခြင်း မဟုတ်ဘဲ ဘေးကို အနည်းငယ် ယိုင်၍ ဆုတ်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် နေရောင်ခြည်တန်းများက သူ့အပေါ် ဖြာကျနေသည်ဖြစ်ပြီး သူ၏နောက်ရှိ မြေပြင်တွင် အရိပ်ထင်ဟပ်နေသည်။ ထိုအရိပ်သည်လည်း သူလှုပ်ရှားတိုင်း ရွေ့လျားနေသည်။

စခန်းခေါင်းဆောင်က ရွှီချင်းနှင့် ထိပ်တိုက်တွေ့ဆုံရာမှ ရွှီချင်း၏အားကို ခံစားမိလိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားရပြီး ထပ်တူ နောက်ဆုတ်လိုက်ရသည်။

သို့သော်လည်း သူခေါင်းမော့လိုက်သောအခါ အထင်သေးသောအကြည့် ဖြစ်နေပေသည်။ သူက ခန္ဓာကိုယ်တစ်ချက် လှုပ်ရှားသွားပြီး ရွှီချင်းထံ ခုန်ဝင်သွားပြန်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းစွမ်းအားများ လှည့်ပတ်လာပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာသည်။

သူ၏အကြည့်က အထင်သေးသည့်အကြည့်ဖြစ်ပါသော်ငြား တိုက်ခိုက်သောအခါတွင် အစွမ်းကုန် တိုက်ခိုက်လေသည်။

သူက အပြင်ပန်းတွင် ရည်ရွယ်ချက်ရှိရှိ ထိုသုိ့ ပြုမူနေခြင်း ဖြစ်သည်။ ထို့ပြင် စခန်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရတနာမုဆိုးများကို ကြောက်လန့်တုန်ရီသွားစေနိုင်သည့်သူက ဂိုဏ်းသားတစ်ယောက်ဖြစ်ပါသော်လည်း ရန်သူကို လျော့မတွက်နိုင်ပေ။

“ ကျင်းကန်းလက်သီးသိုင်း ”

စခန်းခေါင်းဆောင်က မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က နောက်တစ်ဖန် ဖောင်းကားလာကာ သူ၏အမြန်နှုန်းသည်လည်း မြင့်တက်သွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူ ရောက်သွားကာ ကရုဏာစိတ်ကင်းမဲ့စွာ ထိုးနှက်လိုက်သည်။

ရွှီချင်းသည် ခေါင်းငုံ့ထားရာ သူ၏မျက်လုံးများကို စခန်းခေါင်းဆောင် မြင်နိုင်စွမ်း မရှိချေ။ ထို့နောက် သူက လက်နှစ်ဖက်ကို မြှောက်၍ တိုက်ကွက်ကို ခုခံလိုက်သည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သူ နောက်ဆုတ်သွားရပြန်ပြီး သူ၏အရိပ်သည်လည်း အနည်းငယ် ကြမ်းတမ်းစွာ လှုပ်ရှားသွားပြန်သည်။

သို့သော်လည်း တစ်ယောက်မှ ထိုအခြင်းအရာကို သတိမထားမိကြချေ။

“ အဆင့်နှစ်ကျင်းကန်းသိုင်း ”

ရွှီချင်းက သူ၏တိုက်ကွက်နှစ်ကွက်အား ခုခံနိုင်သည်ကို မြင်သောအခါ ချီစုစည်းခြင်းအဆင့်ရှစ်၏ အထွတ်အထိပ်ကို ရောက်နေသော စခန်းခေါင်းဆောင်သည် ပို၍ပင် လူသတ်ချင်စိတ်ပြင်းပြလာသည်။

သူ၏ခန္ဓာကိုယ်ကြီး ဖောင်းကားလာပြန်ပြီး ရွှီချင်းထံ နောက်ထပ်လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုလက်သီးချက်မှ ရွှေရောင်အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ သို့သော်လည်း ထိုလက်သီးချက် ကျဆင်းလာသည်နှင့် ရွှီချင်းက ခေါင်းကို ဆတ်ခနဲ မော့လိုက်သည်။

ထိုအခိုက်တွင် သူ၏မျက်လုံးများထဲမှ လူသတ်ချင်စိတ်က တဟုန်းဟုန်း လောင်ကျွမ်းနေ၏။ ကြိမ်ဖန်များစွာ သူ နောက်ဆုတ်နေသည်ဖြစ်၍ နောက်ဆုံးတွင် သူ့အရိပ်က တံခါးခုံနားရှိ ပိုးဖဲထည်နှင့် အဘိုးအိုကို ရင်ဆိုင်နိုင်ပြီဖြစ်သည်။

သူက တိုက်ပွဲကြောင့် နောက်ဆုတ်ရလေဟန်ပြု၍ သူ၏အရိပ်ကို ထိန်းချုပ်ရာမှ ဖြစ်ပေါ်လာသော မူမမှန်သည့် လှုပ်ရှားမှုများကို ဖုံးကွယ်ထားသည်။

ဝေဟင်ရှိ နေမင်းကြီးမှ တရိပ်ရိပ် ထုတ်လွှတ်နေသော ရောင်ခြည်တန်းများကြောင့် သူ၏အရိပ်သည် ရှည်လျားနေပြီး ပိုးဖဲထည်ဝတ်စုံနှင့် အဘိုးအိုရှေ့ကို ရောက်ရန် သိပ်မလိုတော့ပေ။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ လူသတ်ငွေ့များ ဝုန်းခနဲ ထွက်ပေါ်လာသည်။ သူက စခန်းခေါင်းဆောင်၏လက်သီးချက်ကို လျစ်လျူရှုကာ ကပျာကယာ ခုန်လိုက်သည်။

ထိုသို့ သူ ခုန်လိုက်သည့်အခိုက် သူ၏အရိပ်က အဘိုးအိုထံ တဖြည်းဖြည်း ဝင်ရောက်သွားသည်။

အရိပ်သည် လှုပ်ယမ်းနေလျက် ရှည်ထွက်နေပြီး ခေါင်းဆောင်လဲ့ကို ကိုင်ထားသော အဘိုးအို၏ ညာဖက်လက်ကောက်ဝတ်ကို ဖုံးလွှမ်းသွားသည်။

ရွှီချင်း၏အရိပ်က ခေါင်းဆောင်လဲ့အပေါ် မကျရောက်ချေ။

အဘယ်ကြောင့်ဆိုရသော် သူသည် ခုန်လိုက်စဉ်ကတည်းက အကွာအဝေးကို တွက်ဆပြီး အရှိန်ကို ထိန်းညှိထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအခိုက် ရွှီချင်းက ခပ်တိုးတိုး မာန်သွင်းအော်ဟစ်လိုက်ရာ အရိပ်၏ထူးဆန်းသော စွမ်းအားများ ရုတ်ခြည်း ထွက်ပေါ်လာသည်။

ထိုအခါ အဘိုးအိုသည် ကွက်ခနဲ မျက်နှာပျက်သွား၏။ စူးခနဲ သူ နာကျင်သွားရပြီး သူ၏ညာဘက်လက်သည် ဓာတ်နှောများကြောင့် စိမ်းပုပ်ရောင်သမ်းလာ၏။

ထိုရုတ်တရက်အပြောင်းအလဲကြောင့် ခေါင်းဆောင်လဲ့ကို ကိုင်ထားသော သူ၏လက်ကို လွှတ်လိုက်ရသည်။

ထိုသို့ သူ လွှတ်လိုက်စဉ် ရွှီချင်း၏တစ်ကိုယ်လုံးမှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာကာ စခန်းခေါင်းဆောင်၏လက်သီးချက်ကို တောင့်ခံလိုက်ပြီး လတ်ဆတ်သောသွေးများ ပန်းထွက်လာကာ ဝုန်းခနဲ ပြေးထွက်သွားသည်။

သူသည် မူလနေရာမှ ရိပ်ခနဲ ပျောက်သွားကာ ပိုးဖဲထည်ဝတ်ရုံနှင့် အဘိုးအိုထံ ရောက်သွားသည်။

သံတုတ်လေးနှင့် ဓားမြှောင်လေးသည်လည်း အေးစက်စက်ဝင်းလက်နေလျက် တရွှီရွှီမြည်သံပေး၍ ညာဖက်လက်သန္ဓေပြောင်းနေ၍ နာကျင်နေသော အဘိုးအိုထံ ဝင်ရောက်သွားလေရာ ထိုအဘိုးအိုသည် ခက်ခက်ခဲခဲ နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။

သူ ရှောင်တိမ်းလိုက်စဉ်မှာပင် ရွှီချင်းက ပြေးဝင်လာပြီး ခေါင်းဆောင်လဲ့ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည။

ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို ဆွဲယူ၍ လူအုပ်ထဲ ပစ်လိုက်ရာ ကြက်ခြေခတ်နှင့် လွမ်ယာတို့ ချက်ချင်း ထွက်လာပြီး ခုန်ဖမ်းကာ နောက်ဆုတ်သွားသည်။

ထိုအခြင်းအရာအားလုံးသည် မျက်တောင်တစ်ချက်ခတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး စာဖွဲ့၍မရနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။

“ မင်းရဲ့အရိပ် … ”

ပိုးဖဲထည်ဝတ်ရုံနှင့် အဘိုးအိုသည် မျက်နှာပျက်နေပြီး ရွှီချင်းကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။ အစောပိုင်းက ဖြစ်ပျက်သွားခဲ့သမျှသည် ဗြုန်းစားကြီး ဖြစ်ပျက်သွားခဲ့သည်ဖြစ်ပြီး သူ တုံ့ပြန်ရန် အခွင့်အရေး မရခဲ့ပေ။

ထိုအချိန်၌ စခန်းခေါင်းဆောင်၏ မျက်လုံးများသည်လည်း မှေးလာ၏။ ရွှီချင်း၏ တရစပ် လှုပ်ရှားမှုများသည် ပိရိသေသပ်လွန်းလှ၍ သူ့ကို တုန်လှုပ်ချောက်ချားသွားစေသည်။

ရွှီချင်းသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်ပြီး ထိုနှစ်ယောက်ကို အေးတိအေးစက် ကြည့်လိုက်သည်။ ဆည်းဆာနေရောင်ခြည်အောက်၌ သူသည် ဝံပုလွေပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သွေးအေးသောလေသံဖြင့် သူ ပြောလိုက်သည်။

“ ကဲ၊ ကျုပ်အလှည့်ရောက်ပြီ ”

စကားဆုံးသည်နှင့် ရွှီချင်းသည် ပိုးဖဲထည်ဝတ်ရုံဝတ်အဘိုးအိုထံ ဝုန်းခနဲ ပြေးဝင်သွားသည်။ အပြင်အားချင်းနှိုင်းယှဉ်လျှင် ပထမဆုံး သတ်သင့်သည့်လူက တာအို ကျင့်ကြံထားသည့်လူသာ ဖြစ်သင့်သည်ဟု သူ ခံစားမိ၍ ထိုသို့ပြေးဝင်သွားခြင်း ဖြစ်သည်။

ထိုအခိုက် သူသည် ချက်ချင်း နီးကပ်သွား၏။

ပိုးဖဲထည်ဝတ်ရုံဝတ်အဘိုးအိုသည် မျက်နှာကြီး ရှုံ့မဲ့သွား၏။ သူ ချက်ချင်း နောက်ဆုတ်လိုက်ပြီး လက်ဟန်ဖော်ကာ ရွှီချင်းကို ညွှန်လိုက်သည်။ မြူခိုးများ စုစည်းလာပြီး သရဲမိစ္ဆာတစ်ကောင်အရိပ်အသွင် ပြောင်းလဲသွားကာ ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။

စခန်းခေါင်းဆောင်လဲ့သည်လည်း မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဝင်းလက်လာကာ ရွှီချင်းထံ ဝုန်းခနဲ ဝင်ရောက်သွားသည်။ အဘိုးအို၏ တိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့နှစ်ဦးက ရွှီချင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်ပေသည်။

အန္တရာယ်အငွေ့အသက်ကြောင့် ရွှီချင်း၏မျက်ဝန်းများက အေးစက်စက်အလင်းများဖြင့် တဖိတ်ဖိတ်ဝင်းလက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ချီနှင့်သွေးများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

တဝုန်းဝုန်းမြည်ဟည်းနေလျက် သူ၏သက်စောင့်စွမ်းအင်များနှင့် သွေးများ မုန်တိုင်းတစ်ခုပမာ လွင့်ပျံတက်လာသည်။ ဧရာမကွေအရိပ်ကြီးကလည်း ဘေးပတ်ဝန်းကျင်ကို တုန်ခါသွားစေနိုင်လောက်အောင် ငြိမ်သက်စွာ ဟောက်လိုက်သည်။

ရွှီချင်းက လက်နှစ်ဖက်ကို မြှောက်၍ လက်သီးများအဖြစ် ဆုပ်ကာ ဘယ်ညာတစ်ဖက်တစ်ချက်စီကို ထိုးနှက်လိုက်သည်။

ထိုသို့ သူထိုးလိုက်သည့်အခါ သူ၏နောက်ရှိ အရိပ်သည် နှစ်ခြမ်းကွဲထွက်သွားပြီး စခန်းခေါင်းဆောင်နှင့် ပိုးဖဲထည်ဝတ်ရုံဝတ်အဘိုးအိုထံ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားသည်။

“ သွေးချီအရိပ်ဖြစ်တည်ခြင်း၊ ဒါ … ဒါက … ”

စခန်းခေါင်းဆောင်သည် ထိန်းမရနိုင်လောက်အောင် မျက်နှာပျက်သွားသည်။ သူ၏လက်သီးက ရွှီချင်း၏ဘယ်လက်နှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများသည် ကွေအရိပ်၏ အေးတိအေးစက်အပြုံးအောက်တွင် မှေးမှိန်သွားသည်။ ထို့နောက် သူ ပေခုနစ်ဆယ်၊ ရှစ်ဆယ်အကွာအထိ ဒယိမ်းဒယိုင်ဖြင့် ဆုတ်သွားရသည်။

ပိုးဖဲထည်ဝတ်ရုံဝတ်အဘိုးအို၏မျက်နှာတွင်လည်း ထိတ်လန့်ကြောက်ရွံ့နေဟန်များ အထင်းသား ပေါ်လွင်နေသည်။ သူ၏မန္တန်မှ အသွင်ပြောင်းသွားခဲ့သော သရဲမိစ္ဆာသည် ကွေအရိပ်ရှေ့တွင် တုန်ရီနေ၏။ ကွေအရိပ်က သွေးအေးသောအပြုံးဖြင့် သရဲကို ဝါးမျိုပြီးနောက် မရပ်တန့်ဘဲ အဘိုးအိုထံ ဝင်ရောက်သွားသည်။

ဝုန်းခနဲ ပေါက်ကွဲသံကြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပြီး ပိုးဖဲထည်ဝတ်ရုံဝတ်အဘိုးအို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားကာ သူ နောက်သို့ ဒရောသောပါး ဆုတ်ခွာသွားရသည်။

သို့သော် တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အလင်းတန်းတစ်တန်း ဝင်းလက်လာပြီး သူ သွေးအန်ရုံမျှသာ ဖြစ်သွားသည်။ သူ၏ဒဏ်ရာများက ဆိုးဆိုးဝါးဝါး ပြင်းထန်မနေတော့ပေ။

ထိုအလင်းတန်း၏ဇစ်မြစ်သည်ကား အဆောင်တစ်ရွက်ဖြစ်သည်။

ယင်းသည် အဆောင်ရတနာတစ်ပါး ဖြစ်၏။

ရွှီချင်း၏မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူက သန်မာပါသောလည်း စခန်းခေါင်းဆောင်နှင့် အဘိုးအို၏ ပူးပေါင်းတိုက်ကွက်ကို ရင်ဆိုင်လိုက်ရသောအခါ သူ၏ကိုယ်တွင်းအင်္ဂါများသည်လည်း လှုပ်ယမ်းသွားရသည်။

သူ၏ပါးစပ်ထဲမှ လတ်ဆတ်သောသွေးများ စီးကျလာပါသော်လည်း သူ့ခန္ဓာကိုယ်မှ ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များက စိုးစဉ်းမျှ လျော့ပါးမသွားချေ။ စခန်းခေါင်းဆောင် နောက်ဆုတ်သွားသည်ကို အခွင့်အရေးယူ၍ ရွှီချင်းသည် လူသတ်ငွေ့များ ဆူဝေနေသည့် မျက်လုံးများဖြင့် ပိုးဖဲထည်ဝတ်ရုံနှင့် အဘိုးအိုထံ ပြေးဝင်သွားပြီး အားကုန် ထိုးနှက်လိုက်သည်။

“ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ ”

အဘိုးအို၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အေးတိအေးစက် ပြုံးနေသည်။

သူက နောက်ဆုတ်လိုက်ရင်း အကာအကွယ်အဆောင်ရတနာကို သေချာထိန်းညှိလိုက်သည်။ တချိန်တည်းမှာပင် သူက လက်နှစ်ဖက်ဖြင့် လက်ဟန်များဖော်၍ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ မိစ္ဆာသရဲခုနစ်ကောင်၊ ရှစ်ကောင် ရုတ်ခြည်း ပေါ်ထွက်လာသည်။

မိစ္ဆာသရဲတစ်ကောင်စီက ချီစုစည်းခြင်းအဆင့်ခုနစ်ရှိလူတစ်ယောက်ကို ကောင်းစွာ ယှဉ်ပြိုင်နိုင်ပြီး ဟိန်းဟောက်၍ ရွှီချင်းကို ဝါးမျိုတော့မည့်အသွင်များဖြင့် ပြေးလာကြသည်။

ရွှီချင်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းတမ်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။ သူသည် မရှောင်တိမ်းဘဲ အထိုးခံလိုက်သည်။ သို့သော် သူ အရှိန်လည်း လျော့မသွားသလို အားအင်များလည်း မနည်းသွားသည့်အပြင် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး အကာအကွယ်အဆောင်ရတနာ တုန်ခါလာသည်။

သို့သော်လည်း ထိုပစ္စည်းသည် အဆောင်ရတနာ မဟုတ်ပါလား။ တန်ခိုးအစွမ်း မကုန်မချင်း လုံးဝပျက်စီးသွားရန် ခဲယဉ်းပေမည်။

သို့ပေသည့် အဘိုးအိုတွင် ဒုတိယမြောက် အဆောင်ရတနာမရှိသည်မှာ ထင်ရှားသည်။ ထိုအဆောင်ရတနာကို ကြိမ်ဖန်များစွာ အသုံးပြုထားသည်ဖြစ်၍ အဆောင်ရတနာပေါ်ရှိ စာလုံးများသည်ပင် မှိန်ဖျော့လာပြီဖြစ်သည်။

ထိုအချိန်၌ ရွှီချင်း၏ ထိုးနှက်မှုများအောက်တွင် စာလုံးများသည် ဝိုးတဝါးဖြစ်လာ၏။

ထိုအခါ အဘိုးအိုသည် သိသိသာသာ မျက်နှာပျက်လာသည်။

ရွှီချင်းသည် ရက်စက်ကြမ်းကြုတ်လှပြီး သူ သေရေးရှင်ရှေးအခြေအနေနှင့် ရင်ဆိုင်နေသည်ကို ကောင်းစွာနားလည်သည်။ ထို့ကြောင့် သူသည် ရူးသွပ်စွာဖြင့် လက်ဟန်များဖော်ကာ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။ ထိုသွေးက သွေးအရိပ်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းထံ ဝင်ရောက်သွားသည်။

ထိုအချိန်၌ ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးများက အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်နေပြီး အဘိုးအို၏ မန္တန်ကို ဂရုစိုက်မနေတော့ဘဲ အနာခံကာ နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“ ခေါင်းဆောင်လဲ့က နောက်ဆုံးထွက်သက်ကို ရောက်နေတာတောင် မင်းက လုံးဝ လက်မလျော့သေးပါလားကွ ”

ရွှီချင်း၏မျက်လုံးများ နီမြန်းနေသည်။ ထိုစဉ် ကွေအရိပ်သည် ဝေဟင်ကိုကြည့်၍ ဟိန်းဟောက်လိုက်ပြီး သူ၏လက်သီးနှင့် ပေါင်းစပ်ကာ ဝင်ရောက်ထိုးနှက်လိုက်သည်။

အဆောင်ရတနာက တောင့်ခံနိုင်လိုက်ပါသော်လည်း လက်သီးချက်၏ပြင်းအားကြောင့် တစ်ခါက ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားခဲ့ရပါသော ပိုးဖဲထည်ဝတ်ရုံနှင့် အဘိုးအိုသည် သွေးတစ်ပွက်အန်ထုတ်ကာ နောက်သို့ ဒရောသောပါး ဆုတ်ခွာသွားရပြီး သူ၏မျက်လုံးများထဲရှိ ရူးသွပ်သည့်အရိပ်အငွေ့များသည်လည်း သွေးရူးသွေးတမ်းဖြစ်သည့်အသွင် ပြောင်းလဲလာသည်။

အသက်သေရတော့မည့် ခံစားချက်ကြောင့် သူက စူးစူးရှရှ အော်ဟစ်လိုက်သည်။

“ ကျန်းရှစ်ယွမ်၊ မင်းက ဘာတွေစောင့်နေတာတုံးကွ။ ငါနဲ့ လာပေါင်းတိုက်စမ်းပါ ”

ကျန်းရှစ်ယွမ်သည် စခန်းခေါင်းဆောင်၏နာမည်ဖြစ်သည်။ ထိုစကားကို အဝေးမှ ကြားလိုက်ရသောအခါ သူသည် ရင်ထဲရှိ ထိတ်လန့်ကြောက်ရွံ့စိတ်ကို ချိုးနှိမ်၍ အပြေးအလွှား ဝင်ရောက်လာသည်။

ထိုအချိန်၌ ရွှီချင်း၏ဝမ်းဗိုက်တွင် သွေးအရိပ်ဖောက်ဝင်သွားခဲ့သည့် သွေးများစီးကျနေသော တိုးလျှိုပေါက်ဒဏ်ရာကြီးတစ်ခု ရှိနေပါသော်လည်း ထိုဒဏ်ရာမှ ပြင်းထန်သော နာကျင်မှုကို ရွှီချင်းက ဂရုမစိုက်ချေ။ သူ၏ရင်ထဲရှိ အမျက်ဒေါသများနှင့် ရူးသွပ်မှုများက ကန့်သတ်ချက်ကို ရောက်နေပြီဖြစ်ပြီး သူ၏တစ်ကိုယ်လုံးမှ သွေးနှင့်ချီများ ဝုန်းခနဲ ထွက်ပေါ်လာပြန်သည်။

“ ခေါင်းဆောင်လဲ့က ရှောင်ပြေးသွားပေမဲ့ ခင်ဗျားက သူ့ကို လိုက်အနှောင့်အယှက်ပေးတာလေ ”

“ ခေါင်းဆောင်လဲ့က ဆိုးဝါးကြမ်းတမ်းတဲ့ဘဝကို ရသွားတာတောင် ခင်ဗျားက ရက်ရက်စက်စက် လိုက်လုပ်နေတာလေ ”

ရွှီချင်းသည် ရူးသွပ်သွားဟန်တူပြီး လက်သီးချက်တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေသည်။ ကွေအရိပ်သည် လေထဲတွင် ဟိန်းဟောက်၍ သူ၏လက်သီးချက်များနှင့် ပေါင်းစပ်ကာ အဘိုးအို၏ အကာအကွယ်အပေါ်ကို ကျရောက်နေသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ စခန်းတစ်ခွင် လွင့်ပျံနေသည်။ အဆောင်ရတနာပေါ်ရှိ စကားလုံးများ မှေးမှိန်လာပါသော်လည်း လုံးဝ ပျက်စီးမသွားသေးချေ။ သို့သော် ပိုးဖဲထည်ဝတ်ရုံနှင့် အဘိုးအိုသည် ရွှီချင်း၏လက်သီးချက်ပြင်းအားကို တောင့်မခံနိုင်တော့ပေ။

သူ၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်ရွံ့စိတ်များ ကြီးစိုးလာပြီး အသက်သေတော့မည့်ခံစားချက်များလည်း ပို၍ ပြင်းထန်လာသည်။

သူ၏အဆောင်ရတနာက မန္တန်များအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ရှိပါသော်လည်း အပြင်အားပညာရှင်တစ်ယောက်၏ ခွန်အားကြောင့် တစ်ခါက ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားခဲ့ရသောသူသည် ရေရှည်တောင့်မခံနိုင်တော့ပေ။

အဘိုးအိုသည် သွေးများ အဆက်မပြတ် ထွေးထုတ်နေပြီး သူ၏ရင်ထဲတွင် စိုးရိမ်ကြောင့်ကြစိတ်များနှင့် စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေသည်။

သူ အကူအညီတောင်းချင်ပါသော်လည်း လက်သီးချက်ပြင်းအားက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားပြီး အသံမထွက်နိုင်အောင် လုပ်နေသည်။ သူ အထိတ်တလန့်ဖြစ်နေစဉ်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်းဖြစ်လာပြီး မန္တန်ကို မစီရင်နိုင်တော့ဘဲ ရင်ထဲမှသာ အော်ညည်းလိုက်ရလေသည်။

“ ငါ … ငါ မသေချင်သေးဘူး။ ငါ … ”

ထိုတဒင်္ဂ၌ ရွှီချင်း၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး မျက်လုံးများ နီမြန်းလာသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး အကာအကွယ်အဆောင်ရတနာကို ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။

“ သေစမ်းကွာ ”

ပြင်းထန်သော ကြောက်ခမန်းလိလိစွမ်းအားများ တိုးထွက်လာသည်။ အကာအကွယ်အဆောင်ရတနာသည် တွန့်လိမ်ရှုံ့တွလာပါသော်လည်း မပြိုလဲသေးချေ။ သို့သော် အဘိုးအို၏ခန္ဓာကိုယ်ကြီး အပြင်းအထန်တုန်ရီနေပြီး မျက်လုံးများ ပြူးထွက်နေသည်။

ထိုအချိန်၌ သူ၏ခန္ဓာကိုယ်က အဆက်မပြတ် ထိုးနှက်လာသော လက်သီးချက်ပြင်းအားကို တောင့်မခံနိုင်တော့ချေ။

သူ၏မျက်လုံးများ ပေါက်ကွဲသွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားသည်။ သူ၏အသွေးအသားနှင့် ရိုးများ တစစီဖြစ်သွားကာ နုပ်နုပ်စဉ်းခံထားရသည့်အသားပုံကြီးအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ရွှီချင်းသည် ဆတ်ခနဲ နောက်လှည့်ကြည့်လိုက်ပြီး နောက်မှပြေးဝင်လာသော စခန်းခေါင်းဆောင်ကို ညာလက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဒဏ်ရာရထားသော ရွှီချင်းသည် နောက်သို့ ပေခုနစ်ဆယ်၊ ရှစ်ဆယ်အကွာအဝေးထိ လွင့်ပျံသွားသည်။ သက်သာသွားပြီဖြစ်သော သူ၏ဒဏ်ရာအများစုမှာလည်း ပြန်လည်ပွင့်ထွက်လာပြီး သွေးစိမ်းများ လေထဲ လွင့်ပျံသွားသည်။ ဆည်းဆည်ရောင်ခြည်တန်းများအောက်၌ သူသည် သွေးအလိမ်းလိမ်း ဖြစ်နေ၏။

စခန်းခေါင်းဆောင်သည်လည်း စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။

သူက အသားစများအဖြစ် ပြောင်းလဲသွားသော သူ၏အဖော်ကို ကြည့်လိုက်ပြီးနောက် သွေးအလိမ်းလိမ်းဖြင့် ကုန်းရုန်းထလာကာ နောက်တစ်ဖန် တိုက်ခိုက်ရန် ပြင်နေသော ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းသည် သွေးအေးသောအကြည့်ဖြင့် သူ့ကို ကြည့်နေပေရာ သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။

ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများကိုလည်း တုန်လှုပ်ချောက်ချားသွားစေသည်။ ရွှီချင်းကို ကြည့်လိုက်သည့်သူတို့အကြည့်များထဲတွင် လေးစားကြည်ညိုသည့်အရိပ်အယောင်များ ယှက်သန်းနေ၏။

All Chapters