← Chapters

မာနကို နင်းခြေခြင်း

Vol. 25 Ch. 363

မာနကို နင်းခြေခြင်း

Vol. 25 Ch. 363

လက်ရှိတွင် အိုးရန်ချင်းက ယခင်က ရှိခဲ့သော မည်သို့သော မောက်မာမှုကိုမှ မပြသချေ။ သူမ၏ မျက်လုံးများက ဖိတ်ဖိတ်တောက်နေပြီး ရဲ့လင်းချန်အား ရောထွေးနေသော ခံစားချက်များနှင့်အတူ ကြည့်နေသည်။ သူမ ပင့်သက်ရှိုက် လိုက်သည်။

“ငါ အရင်က နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်ဆိုတာကို ငါ သိပါတယ်၊ အခု နင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိမ့်မယ်လို့ ငါ မျှော်လင့်တယ်၊ ငါ …”

“ခင်ဗျား ကျုပ်အကူအညီကို တောင်းဖို့ လာတာဆိုရင် ထားလိုက်တော့”

ရဲ့လင်းချန်က လက်ခါပြပြီး စိတ်ပျက်နေသည်။

“ကျုပ် ခင်ဗျားကို အပြင်ကန်မထုတ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ခင်ဗျားက ရှုနန်နဲ့ ရှုဝမ်ချင်တို့ရဲ့ ဝမ်းကွဲ ဖြစ်နေလို့ပဲ၊ အခြားပြောစရာ မရှိဘူးဆိုရင် ထွက်သွားလိုက်ပါ”

“ရဲ့လင်းချန် ငါ ပြီးခဲ့တဲ့အချိန်တွေက မှားခဲ့တယ်ဆိုတာ ငါ သိပါတယ်၊ ငါ ဒီကို စိတ်ရင်းအတိုင်း တောင်းပန်ဖို့ လာတာပါ”

အိုးရန်ချင်းက ရဲ့လင်းချန်ကို အလေးအနက် ဦးညွှတ်လိုက်သည်။

“ငါတို့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက တရုတ်နိုင်ငံတစ်ခုလုံးမှာ နာမည်ကြီးတဲ့ အမှတ်တံဆိပ်လို့ ပြောလို့ရတယ်၊ အခု တရုတ်နိုင်ငံတွင်းက အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်က အလျင်အမြန် တိုးတက်လာနေတာ၊ ငါတို့နိုင်ငံက ကားတွေက အမြဲ ကမ္ဘာ့နံပါတ်တစ် နိုင်ငံတွေအနောက်မှာ ကျန်ရစ်ခဲ့တာ၊ တကယ်လို့ ငါတို့ကုမ္ပဏီ ကျဆင်းသွားရင် တရုတ်နိုင်ငံရဲ့ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်က ရှင်သန်နိုင်မှာ မဟုတ်ဘူး”

“ဟားဟား … ကျုပ်က ဒီကိစ္စအကြောင်း ပြောရမယ့်လူ မဟုတ်ဘူး၊ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ် ဘာလုပ်လုပ် ကျုပ်အပူ မဟုတ်ဘူး”

ရဲ့လင်းချန်က အရေးမစိုက်စွာ ခေါင်းခါပြလိုက်သည်။

“မစ္စတာ ရဲ့လင်းချန်၊ ငါ နင့်ကို အလိုအလျောက် မောင်းနှင်ရေးယာဉ်ရဲ့ အခြေအနေတွေကို ပြောစရာ မလိုပါဘူး၊ နင်က တော်တော်လေး ထူးချွန်ပြီးတော့ အလိုအလျောက် မောင်းနှင်ရေးနယ်ပယ်မှာ ထိပ်တန်းဖြစ်အောင် လုပ်နိုင်မှာ အသေအချာပဲ၊ ငါ့ရဲ့ မောက်မာမှုကြောင့် အရင်က ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့မိတယ်၊ တကယ်လို့ နင် ငါတို့ကုမ္ပဏီကို ကူညီပေးချင်စိတ် ရှိတယ်ဆိုရင် ငါတို့ နင့်ကို ကုမ္ပဏီရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်း ပေးနိုင်ပါတယ်”

အိုးရန်ချင်းက တောင်းဆိုသည်။

“ဒီနည်းနဲ့ဆို နင် တရုတ်နိုင်ငံရဲ့ အလိုအလျောက် မောင်းနှင်ရေး နည်းပညာကို ရှေ့ရောက်အောင် ဦးဆောင်နိုင် ပြီးတော့ ငါတို့ကုမ္ပဏီကို ကူညီတဲ့အတွက် နင် အောင်မြင်ကျော်ကြားမှုတွေ ရနိုင်ပါတယ်”

အိုးရန်ချင်းက ဤသို့သော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်က မဆန်းတော့ချေ။ သူမက အတော်လေး ထက်မြက်ပြီး ညှိနှိုင်းခြင်း၌ ကောင်းမွန်ပြီး သူ့အား အားသာချက်များနှင့် အကျိုးအမြတ်များဖြင့် ဘယ်လို သိမ်းသွင်း စည်းရုံးရမလဲ သိလေသည်။

“ဟားဟား ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဟုတ်လား၊ ဝမ်ရုံ‌ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ လက်ရှိ အကျပ်အတည်းနဲ့ဆိုရင် မင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းက ဘယ်လောက် တန်လဲ ငါ သိချင်မိသား”

ရဲ့လင်းချန်က အိုးရန်ချင်းကို ရယ်သွေးသွမ်းသော အပြုံးဖြင့် ကြည့်နေလိုက်သည်။

အိုးရန်ချင်း၏ နှုတ်ခမ်းများ တုန်လာပြီး ပြန်ဖြေနိုင်စွမ်း မရှိပေ။

ဝမ်ရုံ လုပ်ငန်းစုက ဤဒုက္ခမှ ရှင်သန်နိုင်လျင်တောင်မှ ၎င်း၏အဆင့်အတန်းက ကျောက်တုံးတစ်တုံးကဲ့သို့ ထိုးကျသွားပေလိမ့်မည်။ ၎င်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းက ရဲ့လင်းချန်၏စံအိမ်လောက်ပင် တန်ဖိုးမရှိလောက်ပါ။

“ပြီးတော့ ကျုပ်က အလိုအလျောက် မောင်းနှင်ရေးယာဉ် နည်းပညာ ပံ့ပိုးမယ်ဆိုရင် ဘယ်အလိုအလျောက် မောင်းနှင်ရေး ကုမ္ပဏီက ငြင်းမှာလဲ၊ ကျုပ်က ဘာလို့ ခင်ဗျားတို့ ဝမ်ရုံလုပ်ငန်းစုနဲ့ အလုပ်လုပ်ရမှာလဲ”

ရဲ့လင်းချန်၏စကားက အိုးရန်ချင်း၏ မျက်နှာကို ဖြူရော်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။ ယင်းက သူမ၏ အကြီးမားဆုံး အားနည်းချက်ပင်။

“မစ္စတာ ရဲ့လင်းချန်၊ ဝမ်ရုံလုပ်ငန်းစုကို ကယ်တင်ပေးဖို့ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်၊ ရှင်က ရှုနန်ရဲ့ ဆရာလေ၊ သူ့အဖေက ဒီကုမ္ပဏီထဲမှာ ကျွန်မအဖေနဲ့အတူ သူ့ဘဝ‌ တော်တော်များများကို မြှုပ်နှံထားခဲ့တာ၊ သူတို့ ဝမ်ရုံ လုပ်ငန်းစုကို အဆုံးရှုံး မခံနိုင်ဘူး၊ ဒီကုမ္ပဏီ ကျရှုံးလို့ မဖြစ်ဘူး”

အိုးရန်ချင်း နှုတ်ခမ်းကိုက်ထားမိသည်။

“နင်သာ ဝမ်ရုံ လုပ်ငန်းစုကို ကယ်ပေးချင်စိတ် ရှိတယ်ဆိုရင် ငါ နင် ခိုင်းတာ ဘာမဆို လုပ်ပါ့မယ်”

“ခင်ဗျား ဘာမဆို လုပ်မှာလား”

ရဲ့လင်းချန်၏ မျက်လုံးများက ကျီစယ်လိုဟန်တို့နှင့်အတူ ဝင်းလက်သွားသည်။ သူ့မျက်လုံးများက အိုးရန်ချင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို သေချာ ကြည့်လာသည်။

အိုးရန်ချင်း၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားက အကောင်းဆုံး အမျိုးအစားဖြစ်သလို သူမ၏ သန်မာသော အမျိုးသမီး အရည်အသွေးနှင့်လည်း လိုက်ဖက်နေသည်။ သူမသည် အခြားသူများ၏ သူမအပေါ် စိုးမိုးလိုစိတ်ကို အလွယ်တကူ လှုံ့ဆော်နိုင်လေသည်။ ယခင်က သူမ၏ ရဲ့လင်းချန်အပေါ် ဆက်ဆံပုံအရ သူ့အတွက် မကျေနပ်စိတ် မထားရန် မဖြစ်နိုင်ချေ။

သူမ၏ မောက်မာမှုကို သူ တကယ် နင်းချေချင်မိသည်။

သို့သော် အိုးရန်ချင်း၏ မျက်လုံးတွင် ကိုယ့်ကိုယ်ကိုယ် ပြန်သရော်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် သူမ၏ ပခုံးမှ အင်္ကျီကြိုးကို လက်နှစ်ဖက်လုံးဖြင့် ဆွဲချလိုက်ပြီး သူမစကပ်က ခန္ဓာကိုယ်မှနေ၍ ကြမ်းပြင်ပေါ်သို့ ပုံကျသွားလေသည်။

သူမတစ်ကိုယ်လုံးက ရဲ့လင်းချန်ရှေ့၌ မိမွေးတိုင်းဖမွေးတိုင်းကဲ့သို့ ရှိနေ၏။

(စကားချပ်။ ။ ဒီအပိုဒ်နှစ်ပိုဒ်က English Translation မှာ မပါပင်မယ့် မူရင်း တရုတ်အပိုင်းမှာ ပါဝင်နေတဲ့ အတွက် ထည့်သွင်းရေးသားသွားပါမယ်)

“မစ္စတာ ရဲ့လင်းချန်၊ ရှင် ဝမ်ရုံလုပ်ငန်းစုကို ကယ်သရွေ့ ကျွန်မ ရှင်ပြောတဲ့ ဘယ်အရာကိုမဆို လုပ်ပါ့မယ်”

အိုးရန်ချင်း၏ မျက်လုံးတွင် ပြတ်သားသော အရိပ်အယောင် ရှိနေသည်။

“နောင်အနာဂတ်မှာ ကျွန်မ ရှင့်ရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် ရှိနေပေးပါ့မယ်၊ ကျွန်မကိုယ်ကျွန်မ ရှင့်ကို ရောင်းတဲ့ စာချုပ်တစ်ခုကိုလည်း လက်မှတ် ထိုးပေးနိုင်ပါတယ်”

ရဲ့လင်းချန်၏ အကြည့်တွင် ကသိကအောက် ဖြစ်ဟန် ပေါ်လာသော်လည်း သူမရှေ့၌ သူ နောက်ဆုတ်ချင်စိတ် မရှိပါ။ သူ ဆက်လက်၍ ပြုံးထားပြီး သရော်ဟန်ဖြင့် အိုးရန်ချင်းကို ခေါင်းစခြေဆုံး ကြည့်နေလိုက်သည်။

“ငါ အရင်က တစ်ခါမှ ချစ်သူ မထားခဲ့ဖူးပါဘူး၊ အဲ့ဒါအတွက် နင် စိုးရိမ်စရာ မလိုပါဘူး”

အိုးရန်ချင်းက ခေါင်းငုံ့၍ ရဲ့လင်းချန်၏ အကြည့်ကို ရှောင်ဖယ်နေသည်။ သူမ စကားပြောနေစဉ်မှာပင် မျက်ရည်များ စီးကျလာသည်။

သူမသည် ခန္ဓာကိုယ်ကို အနေရခက်စွာ လက်ဖြင့်ကာနေပြီး တစ်ကိုယ်လုံး တုန်နေလေသည်။

ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ အသာပြုံး၍ ပြောလိုက်သည်။

“မင်းက အချိုးအစားတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ငါ ကျေနပ်ပါ့မလားတော့ မသိဘူး”

အိုးရန်ချင်းက နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားသဖြင့် သွေးစများပင် စို့လာသည်။ သူမက အက်ကွဲနေသော အသံဖြင့် ပြောသည်။

“ငါ … ငါ လုပ်နိုင်ပါတယ်”

ရဲ့လင်းချန်က ဘာမှထပ်မပြောချေ။ ငါးမိနစ်တိတ် စောင့်နေပြီးနောက် အိုးရန်ချင်း ပိုပို၍ နေရခက်လာသည်။ ထိုစဉ် သူက အကြည့်လွှဲသွားပြီး ဖြည်းညင်းစွာ ပြောသည်။

“ခင်ဗျားအဝတ်အစားတွေကို ဝတ်လိုက်”

“ဟင်”

အိုးရန်ချင်း အံ့ဩသွားပြီး ခေါင်းမော့၍ ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်လေသည်။

သူမက စိတ်ကို အသင့်ပြင်ထားပြီးသား ဖြစ်သည်။ သူမခန္ဓာကိုယ်ကို သူမ အလွန် ယုံကြည်မှု ရှိပြီး ရဲ့လင်းချန်ထံ၌ နှိပ်စက်ခံရမည့် မရေတွက်နိုင်သော မြင်ကွင်းများကိုလည်း တွေးထားခဲ့မိသည်။

“ကျုပ် ခင်ဗျားကို အဝတ်ဝတ်ခွင့် ပေးလိုက်တာလေ”

ရဲ့လင်းချန်က တည်ငြိမ် ရိုးရှင်းသော အမူအရာဖြင့် ဆက်ပြောနေပြီး သူ ဘာတွေးနေသလဲ မည်သူမှ မသိနိုင်ပါ။

“အင်း…”

အိုးရန်ချင်း အဝတ်အစားကို မြန်မြန်ဝတ်လိုက်ပြီးနောက် ရဲ့လင်းချန်ကို ကြည့်ကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

“ဒါဆို နင် …”

“ငါ ကူညီမယ်လို့ ကတိမပေးဘူး၊ ဒါ ငါ့ဒေါသကို ဖြေရုံသက်သက်ပဲ”

“နင်”

အိုးရန်ချင်း၏ မျက်နှာ ချက်ချင်း နီရဲလာပြီး အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

(စကားချပ်။ ။ ဒီအပိုဒ်တွေက English Translation မှာ မပါပင်မယ့် မူရင်း တရုတ်အပိုင်းမှာ ပါဝင်နေတဲ့ အတွက် ထည့်သွင်းရေးသားသွားပါမယ်)

“ဒါပေမဲ့ ခင်ဗျားက စိတ်ရင်းနဲ့ဆိုတော့ ကျုပ်တို့ အဲ့အကြောင်း ဆွေးနွေးလို့ ရပါတယ်”

ရဲ့လင်းချန်က လေသံပြောင်း၍ ဆက်ပြောလေသည်။

“ကျုပ် ဝမ်ရုံလုပ်ငန်းစုရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်း လိုချင်တယ်”

“ဘာ”

အိုးရန်ချင်း ထိတ်လန့်သွားသည်။ သူမ ချက်ချင်း ခေါင်းခါလိုက်သည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းဆိုလျင် ရဲ့လင်းချန်က အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာမည့် အဓိပ္ပာယ် ဖြစ်ပြီး သူ့အား အကြီးဆုံး ခြယ်လှယ်အုပ်ချုပ်နိုင်စွမ်း ပေးလိုက်သလို ဖြစ်သွားပေမည်။ ယင်းက ဝမ်ရုံလုပ်ငန်းစုကို ရဲ့လင်းချန်၏ ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် အတူတူပင်။

“မဖြစ်နိုင်ဘူးဆိုရင် ငါတို့ ဆွေးနွေးစရာ မလိုဘူး၊ ဒါရိုက်တာ အိုးရန် ကျေးဇူးပြုပြီး အိမ်ပြန်လိုက်ပါ”

ရဲ့လင်းချန်က သူ့အခန်းသို့ ပြန်သွားရန် ပြင်လိုက်သည်။

“မစ္စတာ ရဲ့လင်းချန် နေပါဦး”

အိုးရန်ချင်းက ချက်ချင်း ဖြတ်ပြောသည်။

“ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး၊ ကျွန်မတို့ကုမ္ပဏီက ပူးပေါင်းတည်ထောင်ထားတဲ့ ကုမ္ပဏီပါ၊ ရှယ်ယာရှင်တွေက အများကြီးပါ၊ ဥက္ကဋ္ဌရှုနဲ့ ကျွန်မအဖေရဲ့ ပိုင်ဆိုင်မှုကို ပေါင်းရင်တောင်မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပဲ ရှိတာပါ”

“ဒါဆို ညှိနှိုင်းဖို့ မလိုဘူးပဲ”

ရဲ့လင်းချန်က အချိန်ဆွဲမနေဘဲ အပေါ်ထပ်သို့ ဆက်တက်သွားလေ၏။

“ကျွန်မ ဥက္ကဋ္ဌရှုနဲ့ ကျွန်မအဖေကို သူတို့ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်း လွှဲပေးဖို့ လုပ်ပေးနိုင်ပါတယ်၊ ပြီးတော့ ကျန်တာကိုလည်း အခြား ရှယ်ယာရှင်တွေဆီက ရှင် ဝယ်လို့ရအောင် ကူညီပေးနိုင်ပါတယ်”

အိုးရန်ချင်းက သူ့နောက်လိုက်၍ ခပ်သွက်သွက် ပြောသည်။

“အခု ကျွန်မတို့ ကုမ္ပဏီက ခက်ခဲတဲ့အချိန်တစ်ချို့နဲ့ ကြုံနေရတာပါ၊ ရှယ်ယာရှင် တော်တော်များများက သူတို့ ရှယ်ယာတွေကို ဝယ်ဖို့ အသင့်ဖြစ်နေကြတာ၊ ကျွန်မ သူတို့ဆီက ရအောင် ကူညီပေးနိုင်တယ်”

ရဲ့လင်းချန် လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး စဉ်းစားလိုက်သည်။

“အဲ့သဘောက မင်းက သူတို့ဆီက ဝယ်ဖို့ ငါ့ကို ငါ့ပိုက်ဆံတွေ သုံးစေချင်တာလား”

ရဲ့လင်းချန် ပြုံးနေသည်။

“အဲ့ဒါက ပြဿနာ မဟုတ်ပါဘူး၊ မင်းရဲ့ ရှယ်ယာက တစ်ရာခိုင်နှုန်းကို ဘယ်လောက်တန်လဲ”

ရဲ့လင်းချန် တန်းမငြင်းသည်ကို မြင်ပြီး အိုးရန်ချင်း စိတ်အေးသလို သက်ပြင်းချလိုက်မိသည်။

“အဲ့ဒီလူတွေက ကုမ္ပဏီရဲ့ မူလအဖွဲ့ဝင်တွေ၊ ကုမ္ပဏီ တည်ထောင်တုန်းက ရင်းနှီးမြှုပ်နှံမှုက အဲ့လောက် မများဘူး၊ ရှယ်ယာရဲ့ တစ်ရာခိုင်နှုန်းက တစ်သန်းတောင် မတန်ဘူး၊ ပြီးခဲ့တဲ့နှစ်တွေထဲမှာ အတော်လေး တက်လာတယ် ဆိုပင်မယ့် ရှယ်ယာ တစ်ရာခိုင်နှုန်းရဲ့ ဈေးက ၁.၅ သန်းအတွင်း ရှိမယ်လို့ ကျွန်မ ယုံကြည်တယ်”

All Chapters