သူတော်စင်ကြယ်
Vol. 21 Ch. 314
ဝမ်ကူးဒေသကြီးအကြောင်း သတင်းအချက်အလက်များ ပျံ့နှံ့သွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်းသားများအားလုံး တအံ့တသြ ဖြစ်သွားကြသည်။ ပိတ်ကာထားခဲ့သော ဇာပဝါကို ဖယ်ထုတ်လိုက်သည့်ခံစားချက်က ဂိုဏ်းသားများကို လောကကြီးနှင့် ပတ်သက်သော အမြင်များ ကျယ်ပြန့်သွားစေခဲ့သည်။
ရွှီချင်းက တခြားဂိုဏ်းသားများကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထိုအကြောင်းကို သူ ထပ်တွေးကြည့်လိုက်သည်။ ယခုအချိန်၌ ထိုသတင်းစကားကို ချီရွှဲ့ထုံဂိုဏ်း ကြေညာလိုက်သည့်ရည်ရွယ်ချက်မှာ အလွန်လေးနက်သည်။ ဂိုဏ်းဘက်က ဂိုဏ်းသားများအားလုံးကို ကြိုတင်၍ ပြင်ဆင်စေချင်ဟန်တူသည်ဟု ရွှီချင်း ခံစားလိုက်ရသည်။
သူ တစ်ယောက်တည်းသာ ထိုသို့ ခံစားရခြင်းမဟုတ်ကြောင်း သူ ယုံသည်။
သူ တွေးထားသည့်အတိုင်းပင်။ ထိုသတင်း ပျံ့နှံ့သွားပြီးနောက် အဆိပ်ကောင်မွေးမြူသကဲ့သို့ ပတ်ဝန်းကျင်တွင် ရုန်းကန်နေကြသော ဂိုဏ်းသားများသည် ထိုသတင်းအချက်အလက်မှနေ၍ အကြောင်းအရာများစွာ ခံစားလိုက်ရသည်။
အထူးသဖြင့် ဂိုဏ်းက တခြားအင်အားစုငါးစုအကြောင်းကို အကျဉ်းချုပ်သာ ရှင်းပြထားပြီး အဓိကရည်ရွယ်ချက်ဖြစ်သော ယင်ဟွမ်ပြည်နယ်ရှိ အင်အားစုခြောက်စုအနက်တစ်စုဖြစ်သော ခုနစ်ဂိုဏ်းမဟာမိတ်အကြောင်းကို အကျယ်ရှင်းပြထားပေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်သည် အရွယ်အစားအမျိုးမျိုးရှိသော ဂိုဏ်း ( ၁၃၇ ) ဂိုဏ်းဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအဖွဲ့အစည်းကို အစွမ်းထက်ဆုံးဂိုဏ်းကြီးခုနစ်ဂိုဏ်းက ဦးဆောင်ထားသည်။
ထို့ကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်ဟု ခေါ်ကြခြင်း ဖြစ်သည်။
ထိုဂိုဏ်းကြီးခုနစ်ဂိုဏ်းက ခေါင်းဆောင်များ ဖြစ်နေကြရခြင်းမှာ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များ၊ အလယ်အလတ်အဆင့်အကြီးအကဲများနှင့် အောက်ခြေဂိုဏ်းသားများ ရှိခြင်းကြောင့်သာမက တခြားအရေးကြီးသော အကြောင်းအရင်းတစ်ချက်ကြောင့်လည်း ဖြစ်သည်။
ထိုအရေးကြီးသော အကြောင်းအရင်းမှာ ဂိုဏ်းပေါင်း ( ၁၃၇ ) ဂိုဏ်းအနက် ထိုဂိုဏ်းကြီးခုနစ်ဂိုဏ်း၌သာ တားမြစ်ဓမ္မလက်နက်များကို ပိုင်ဆိုင်ထားသည်။
ဓမ္မရတနာများသည် ဝမ်ကူးဒေသကြီးမှာပင် ရှားပါးသည်။ ဓမ္မရတနာတစ်ခုချင်းစီက မိုးမြေတုန်ဟီးစေနိုင်သောအစွမ်းများ ရှိကြသည်။ သို့သော်လည်း ဓမ္မရတနာများကို အသုံးပြုသည့်အခါတိုင်း ဓမ္မရတနာများ ညစ်ညမ်းသွားတတ်သည်ဖြစ်၍ သတိကြီးကြီးထား၍ အသုံးပြုကြရသည်။ ကြိမ်ဖန်များစွာ အသုံးပြုပါက ဓမ္မရတနာများမှာ အသုံးဝင်တော့မည် မဟုတ်ပေ။
သို့ဖြစ်၍ ဓမ္မရတနာများအား လက်ဝယ်ပိုင်ဆိုင်ထားသူက ဓမ္မရတနာအား အသုံးပြုသည့်အကြိမ်အရေအတွက်ကို ထိန်းချုပ်ရသည်သာမက ဓမ္မရတနာများကိုလည်း အချိန်တိုင်း အားဖြည့်ပေးနေရပြီး ဓမ္မရတနာများပေါ်ရှိ ဓာတ်နှောများကို ဖယ်ရှားပေးရသည်။
‘ တားမြစ် ’ ဆိုသည့်ဝေါဟာရမှာ ဓမ္မရတနာများ အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါ အသုံးပြုသည့် ဝေါဟာရဖြစ်သည်။ ထိုကဲ့သို့ ဓမ္မရတနာများက အလွန် ရှားသည်။ ယင်းအပြင် တားမြစ်အဆင့်သို့ ရောက်သွားသော မည်သည့်ဓမ္မရတနာမဆို ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်သည်။
ထိုကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်သော အစွမ်းရှိသည့် ဓမ္မရတနာများကို ပိုင်ဆိုင်ထားသည့် အင်အားစုများသည်သာ ယင်ဟွမ်ဒေသကြီးထဲရှိ တခြားအင်အားစုများကို ယှဉ်ပြိုင်နိုင်ပြီး တန်ခိုးအာဏာကို ရယူပိုင်ဆိုင်နိုင်ကြသည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်း တန်ခိုးထွားလာခြင်းသည် သူတို့၏ တိုက်ရည်ခိုက်ရည်ကြောင့်သာမက တားမြစ်ဓမ္မရတနာများကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်က ယင်ဟွမ်ဒေသ၏ အင်အားကြီးအုပ်စုခြောက်စုထဲ ပါဝင်နေရခြင်းလည်း ဖြစ်သည်။
တားမြစ်ဓမ္မရတနာခုနစ်ပါးကို ပိုင်ဆိုင်ထားသော ခုနစ်ဂိုဏ်းမဟာမိတ်သည် လီထူတာအိုယဇ်ပလ္လင်၊ ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် တခြားအင်အားစုများကို အကြီးအကျယ် ပျက်စီးသွားအောင် လုပ်ဆောင်နိုင်သည်။
ထိုအရည်အချင်းသည် အဆင့်အတန်း ဖြစ်ပေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်ထဲရှိ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာ တိမ်လွှာဓားဂိုဏ်း၊ မိုးသောက်ဝိညာဉ်တောင်ကြား၊ မိစ္ဆာသားကောင်ဂိုဏ်း၊ မဟာကျယ်ပြန့်တာအိုနန်းတော်၊ ကံကြမ္မာဗိမာန်၊ ကောင်းကင်ရတနာဂိုဏ်းနှင့် ရွှမ်ယုံဂိုဏ်းတို့ ဖြစ်သည်။
နောက်ရက်များအတွင်း ထိုသတင်းသည် ချီရွှဲ့ထုံဂိုဏ်းသားများအကြား ရေပန်းစားနေသည့် ထိုက်စီရှန်းမုန်ဂိုဏ်းသူသုံးယောက်အကြောင်းထက် ပို၍ လူပြောများလာခဲ့သည်။
ကျန်းစန်းသည် ရွှီချင်းထံသို့ အသံပို့လွှတ်၍ပင် ထိုအကြောင်း ဆွေးနွေးခဲ့သည်။ သို့သော်လည်း ရွှီချင်းမှာ ထိုအကြောင်းကို စိတ်ဝင်စားခြင်းမရှိပေ။ သူ့စိတ်က ဆန္ဒမွန်သေတ္တာများအပေါ်တွင်သာ ရောက်နေသည်။
ရေသူမမျိုးနွယ်ဝင်သခင်လေးထံမှ ရရှိခဲ့သော ဆန္ဒမွန်သေတ္တာမှာ တစ်ဝက်ပြည့်နေပြီးသား ဖြစ်သည်။ မြင်းလေးထံမှ ရရှိခဲ့သော ဆန္ဒမွန်သေတ္တာမှာ တစ်ခါမှ မဖြည့်ထားခဲ့ရသေးပေ။
ထို့ကြောင့် မြင်းလေးထံမှ ရခဲ့သည့်ဆန္ဒမွန်သေတ္တာကို ဖွင့်ရန် အချိန်များစွာ လိုသေးသည်။ သို့သော်လည်း ရေသူမမျိုးနွယ်ဝင်သခင်လေးထံမှ ရခဲ့သော ဆန္ဒမွန်သေတ္တာမှာ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းမှ ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ရောက်လာပြီ ဖြစ်သည်။ ထိုသေတ္တာကို အလွန်ဆုံး သုံးရက်မှ ငါးရက်အတွင်း ဖွင့်နိုင်မည်ဟု သူ ခံစားနေရသည်။
“ အဲဒီဆန္ဒမွန်သေတ္တာထဲ ဘာရှိနေမလဲ မသိဘူး ”
ရွှီချင်း၏ ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ အထူးသဖြင့် ဝူကျန်းဝူ ဖွင့်ခဲ့သော ဆန္ဒမွန်သေတ္တာကို သူ ပြန်တွေးမိလိုက်သောအခါတွင် ဖြစ်သည်။ ဝူကျန်းဝူ၏ ဆန္ဒမွန်သေတ္တာမှာ အလွန်ထူးဆန်းဟန်တူသည်။
“ သူ ဘာရသွားတာတုံး ”
ရွှီချင်းမှာ အနည်းငယ် သိချင်စိတ်ဖြစ်သွားရပါသော်လည်း ထိုအရူးမှာ လုံးဝပြောပြမည်မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ နေ့စဉ်နေ့တိုင်း အပြင်လူများ တဖွဲဖွဲ ရောက်လာသည်။ ရွှီချင်း၏ ဆန္ဒမွန်သေတ္တာ ပွင့်သွားတော့မည့်ရက်ဖြစ်သော ပဉ္စမမြောက်နေ့တွင် ချီရွှဲ့ထုံဂိုဏ်းအပြင်ဘက်သို့ သင်္ဘောကြီးခုနစ်စင်း ရောက်လာသည်။
ထိုသင်္ဘောကြီးခုနစ်စင်းသည် အလွန် ထည်ဝါပြီး ပေထောင်ချီ၍ ရှည်လျားသည်။ အနီးကပ်ကြည့်ပါက အရှင်လတ်လတ်သန့်စင်ခြင်းခံလိုက်ရသော နတ်ပင်လယ်သတ္တဝါများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောနိုင်သည်။
သင်္ဘောကြီးတစ်စင်းစီက ပုံပန်းသွင်ပြင်ကွဲပြားသည်။ နတ်မိုဆာဆော၊ ကြောက်စရာရေခူကြီး၊ သွေးဆာနေရာဧရာမလိပ်ကြီး စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပြီး လက်သည်းချွန်သုံးခုနှင့် အနက်ရောင်အကြေးခွံနဂါးကြီးတစ်ကောင်ပင် ပါသည်။
ထိုသင်္ဘောကြီးများ၏ ပုံပန်းသွင်ပြင်က ချီရွှဲ့ထုံဂိုဏ်းရှိ ဆိပ်ကမ်းများကို အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားစေပြီး ဆူနာမီလှိုင်းကြီး ဝင်ရောက်လာသည့်အလား မရေမတွက်နိုင်သော လှေကလေးများ ယိမ်းထိုးသွားသည်။
ထိုသင်္ဘောကြီးများသည် ခံ့ညားထည်ဝါစွာဖြင့် ပင်လယ်ပြင်ကို ခုတ်မောင်းလာပြီးနောက် ရောက်လာသည်။
၎င်းတို့သည် ချီရွှဲ့ထုံဂိုဏ်း၏ အကာအကွယ်အစီအရင်ကြီးကိုပင် လျစ်လျူရှု၍ ဆိပ်ကမ်းသို့ တဟုန်ထိုး ဝင်ရောက်သွားကြသည်။ တုန်လှုပ်စရာကောင်းသည့်အချက်မှာ ချီရွှဲ့ထုံဂိုဏ်း၏အစီအရင်က ထိုသင်္ဘောကြီးများပေါ်တွင် သက်ရောက်မှုမရှိခြင်း ဖြစ်သည်။
ဂိုဏ်းမန္တန်အစီအရင်ကြီးကို ချုပ်ကိုင်ရာ၌ ရောက်ရှိလာသော ကျင့်ကြံသူများ၌ ပို၍ မြင့်မားသော အာဏာရှိနေသည့်အလားပင်။
ယနေ့တွင် နှစ်ပေါင်းများစွာတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဂိုဏ်းကို သတင်းမပေးဘဲ ဝင်လာခဲ့သော လူတစ်ယောက်ကို ချီရွှဲ့ထုံဂိုဏ်းသားများ မြင်ခဲ့ကြရသည်။ ဂိုဏ်းသည်လည်း ထူးထူးခြားခြား ငြိမ်သက်နေ၏။
သင်္ဘောကြီးခုနစ်စင်း ဆိပ်ကမ်းခုနစ်ခုသို့ ဝင်ရောက်လာသည်။ သင်္ဘောခုနစ်စင်းအနက် ခြောက်စင်းမှ လူများသည် ကောင်းကင်ကြီး၏ အရှိန်အဝါကို အစားထိုးနိုင်သည့်အလား စူးရှတောက်ပသော အလင်းများ ဖြာထွက်နေလျက် ဆင်းသက်လာကြသည်။
ထိုသင်္ဘောကြီးများသည် ခုနစ်ဂိုဏ်းမဟာမိတ်သင်္ဘောကြီးများ ဖြစ်သည်။ သင်္ဘောကြီးများပေါ်မှ ဆင်းလာသူများသည် ချီရွှဲ့ထုံဂိုဏ်းသို့ အလည်အပတ်ရောက်လာသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ သံတမန်များ ဖြစ်ကြသည်။ သူတို့သည် ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ မျိုးဆက်သစ်ကောင်းကင်လက်ရွေးစင်များလည်း ဖြစ်ကြသည်။
ထိုသူများထဲတွင် ယောက်ျားများ၊ မိန်းမများ အစုံအလင်ပါရှိပြီး အသက်အရွယ်ကြီးရင့်သူ တစ်ယောက်မှ မပါပေ။ သူတို့အဝတ်အစားများသည် အဖိုးတန်ပြီး သူတို့အရှိန်အဝါများက ထည်ဝါလှသည်။
အံ့သြတုန်လှုပ်စရာကောင်းလောက်အောင်ပင် သူတို့အားလုံး၌ သက်စောင့်မီးလုံးလေးလုံး ရှိနေသည်။
သူတို့အားလုံးက ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ကို ဖွင့်ထားပြီးပြီ ဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် ကြယ်များအလား စူးရှတောက်ပနေပေရာ ၎င်းတို့ကို မြင်လိုက်ရသည့်လူတိုင်း တုန်ရီသွားကြသည်။ ယင်းက ကြည့်မိသူတိုင်းကို အလိုလို သိမ်ငယ်စိတ်ဝင်သွားစေသည်။
သူတို့သည် လူသားလောကသို့ ဆင်းသက်လာသော နတ်ဘုရားသားတော်များအလားပင်။
စစ်သင်္ဘောကြီးခြောက်စင်းမှ ဆင်းသက်လာသော လူခြောက်ယောက်သည် အမှန်ပင် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့က အပြင်သို့ လျှောက်လာပြီးနောက် လက်သည်းချွန်သုံးခုနှင့် အကြေးခွံနက်နဂါးကြီးကို ကြည့်လိုက်ကြသည်။
ထိုနဂါးကြီးသည် ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။ မိုးခြိမ်းသံအလား ထိုနဂါးကြီး၏ အော်မြည်သံ ပဲ့တင်ထပ်သွားစဉ် နဂါးခေါင်းကြီးက ကမ်းခြေသို့ ဆင်းသက်သွားပြီး မျက်ခုံးမွေးနှစ်ခုကြားတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ထိုအက်ကွဲကြောင်းမှနေ၍ ရွှေရောင်ခါးစည်းကို ခါးတွင် ပတ်ထားပြီး ရွှေရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခေါင်းတွင် ကျောက်စိမ်းသရဖူဆောင်းထားသည့် လူငယ်လေးတစ်ယောက် တစ်လှမ်းချင်း ဆင်းလာသည်။
ကျစ်လျစ်တောင့်တင်းသောခန္ဓာနှင့် တည်ငြိမ်သော မျက်နှာသွင်ပြင်က မြင့်မြတ်သောရုပ်အဆင်းကို ဖော်ပြနေသည်။ သူ အပြင်ထွက်လာသည့်အခါ နတ်ဘုရားသားတော်များကဲ့သို့ ကောင်းကင်လက်ရွေးစင်ခြောက်ယောက်က ခေါင်းများငုံ့လိုက်ကြသည်။
ထိုလူငယ်က သူတို့ထက် မြင့်မားသောနေရာတွင် ရှိနေသည့်အလားပင်။
သူ လျှောက်လာနေစဉ် သူ၏ခေါင်းအထက်တွင် သက်တန့်ရောင်ကဲ့သို့ အလင်းကွန်ခြာတစ်ခု ပေါ်လာပြီး သူ့ပတ်လည်တွင် လေတိုးသံ တရွှီရွှီမြည်လာသည်။ ထိုကွန်ခြာသည် အမှန်စင်စစ် သက်တန့်လေပြေသံစဉ်မီးအိမ် ဖြစ်ပေသည်။
ထိုသက်စောင့်မီးအိမ်သည် သက်တန့်ရောင်စဉ်များ ဖြာထွက်နေပြီး ဘေးပတ်ဝန်းကျင်ကို တုန်ခါသွားစေနိုင်သော အစွမ်းကို ထုတ်ဖော်နေသည်။ ယင်းကြောင့် မရေမတွက်နိုင်သော ကြည့်ရှုနေကြသူများ၏ နှလုံးသားများထဲတွင် လှိုင်းများ ရိုက်ခတ်သွားသည်။
“ သက်စောင့်မီးအိမ် ”
လူတစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။ တခဏလေးအတွင်း တအံ့တသြ ရေရွတ်သံများ ပျံ့နှံ့သွားပြီး ကျယ်လောင်သည်ထက် ကျယ်လောင်လာသည်။
ထိုသက်တန့်လေပြေသံစဉ်မီးအိမ်သည် ဒဏ္ဍာရီလာသက်စောင့်မီးအိမ်မှလွဲ၍ တခြားမဟုတ်ပေ။
သက်စောင့်မီးအိမ်နှင့် ထိုလူငယ်သည် ဓမ္မတံခါး ( ၁၂၀ ) ဖွင့်ပြီးသွားပြီ ဖြစ်သည်။ သူ့နောက်တွင် အနီရောင်အမြီး၊ အစိမ်းရောင်ခန္ဓာနှင့် ဖိအားများ ထုတ်လွှတ်နေသော ထူးဆန်းသည့်ငှက်တစ်ကောင်၏ အရိပ်လည်း ရှိသည်။
ယင်းသည် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၏ သရုပ်သကန် ဖြစ်ပေသည်။
ထိုအခြင်းအရာအားလုံး စုဆုံသွားသောအခါ မိုးမြေတုန်ဟီးစေနိုင်သော အရှိန်အဝါတစ်ခု ဖြစ်လာသည်။ သက်စောင့်မီးအိမ်၏အစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်လက်ရွေးစင်အားလုံးကို ချုပ်ကိုင်နိုင်သည့်လက္ခဏာရပ် ဖြစ်လာသည်။
ထိုလူငယ်သည် ခုနစ်ဂိုဏ်းမဟာမိတ်၏ လက်ရှိနံပါတ်တစ်ကောင်းကင်လက်ရွေးစင်တစ်ယောက်ဖြစ်သော တိမ်လွှာဓားဂိုဏ်းမှ ချူးရှန်ယွင်မှလွဲ၍ တခြားမဟုတ်ပေ။
သူသည် ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်သည်။ ထို့ကြောင့် တိမ်လွှာဓားဂိုဏ်း၏ ဘိုးဘေးဖြစ်သော သူ့အဘိုးက သူ့ကို ‘ သူတော်စင်ကြယ် ’ ဟူသည့် တာအိုဘွဲ့ အပ်နှင်းထားသည်။
သူသည် တိမ်လွှာဓားဂိုဏ်း၏ နံပါတ်တစ်ဆက်ခံသူဖြစ်ပြီး ရှေးအရှင်သခင်များနှင့် ဘုရင်များ၏ လမ်းစဉ်ကို လျှောက်လှမ်းမည့်သူအဖြစ် သူ့ကို ကြီးမားစွာ မျှော်လင့်ထားကြသည်။
သူသည် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့အစည်းထဲမှာလည်း အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူသည် တခြားအင်အားစုငါးစု၏ တာအိုကလေးငယ်များနှင့် ယှဉ်နိုင်သော ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ မွေးမြူထားသည့် တုနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူသည် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့အစည်းရှိ မရေမတွက်နိုင်သော ဂိုဏ်းသားများထဲတွင် ဧကရာဇ်အဆင့်အတတ်နှင့် သက်စောင့်မီးအိမ်ကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်း ဖြစ်သည်။
သူသည် ကြောက်မက်ဖွယ်အရှိန်အဝါ ရှိရုံမျှသာမက သူ့ရုပ်ရည်သည်လည်း ထူးခြားသည်။ ဖြူဖွေးပြီး ပန်းပုထုထားသည့်အလား ပိရိသေသပ်သော မျက်နှာသွင်ပြင်က သူ့ကို လူအားလုံး မယှဉ်နိုင်သည့်အလားပင်။ သူ၏ရုပ်ရည်က ရွှီချင်းနှင့် အမှန်ပင် ယှဉ်ပြိုင်နိုင်သည်။
သို့သော်လည်း သူသည် တခြားသူများကို ပုရွက်ဆိတ်များအလား မထူးခြားဟန်ဖြင့် ကြည့်သည်။
ယင်းအကျင့်သည် ရွှီချင်းနှင့် ကွဲပြားသည်။
ရွှီချင်းသည် ရေကန်ဟောင်းတစ်ကန်အလား တည်ငြိမ်သည်။ လူများကို သူ ကြည့်သည့်အခါ လည်ပင်းများကိုသာ ကြည့်တတ်သည်။
သင်္ဘောကြီးများ၏ ဖိအားကြောင့် ဖြစ်ပေါ်လာသော လှိုင်းကြီးများက ရွှီချင်းနေသည့် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ပါ ရိုက်ခတ်သွားသည်။ ထို့ကြောင့် ဆန္ဒမွန်သေတ္တာကို အားဖြည့်နေသော ရွှီချင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အပြင်ဘက်မှ ဖိအားကို သူ အာရုံရလိုက်ပြီး ဆတ်ခနဲ မတ်တတ်ရပ်လိုက်သည်။ အခန်းလေး အပြင်ဘက်သို့ သူ ထွက်လာပြီး အဝေးရှိ ပထမဆိပ်ကမ်းရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကြောင့် ရောက်ရှိလာသော ထိုကောင်းကင်လက်ရွေးစင်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တစ်ကိုယ်လုံး ဝင်းလက်တောက်ပနေသည့် ထူးခြားသော ကောင်းကင်လက်ရွေးစင်ကိုလည်း သူ မြင်လိုက်သည်။ ထိုကောင်းကင်လက်ရွေးစင်၏ ခေါင်းအထက်တွင် သက်တန့်လေပြေသံစဉ်သက်စောင့်မီးအိမ်ရှိနေပြီး အစိမ်းရောင်ခန္ဓာ၊ အနီရောင်အမြီးနှင့် ထူးဆန်းသော ငှက်တစ်ကောင်ကိုလည်း သူ တွေ့လိုက်ရသည်။
သက်တန့်လေပြေသံစဉ်သက်စောင့်မီးအိမ်ကို မြင်သည့်အခိုက် သူ့စိတ်ထဲ တုန်ရီသွားပြီး မျက်လုံးများ ဝင်းလက်သွားသည်။
ထိုအစိမ်းရောင်ခန္ဓာ၊ အနီရောင်အမြီးနှင့် ထူးဆန်းသောငှက်ကို သူ မြင်သောအခါ သူ၏ကျောပေါ်မှ ရွှေကျီးကန်းဆေးမှင်ကြောင်မှာ ရွှေကျီးကန်းအဖြစ် ရုပ်လုံးပေါ်လာပြီး ထိုထူးဆန်းသောငှက်ကို ဖိနှိပ်ချင်နေသည့်အလား သူ့ကျောရိုးတစ်လျှောက် ပူခနဲ ဖြစ်သွားသည်။
ရွှေကျီးကန်းကို ထိုကဲ့သို့ ဖြစ်သွားစေသည်မှာ ထိုထူးဆန်းသောငှက်သည်လည်း ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၏ သရုပ်သကန် ဖြစ်မည်ဖြစ်ကြောင်း ရွှီချင်း ချက်ချင်း နားလည်လိုက်သည်။
သက်စောင့်မီးအိမ်နှင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်အား ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ကို ပထမဆုံးအကြိမ် ရွှီချင်း မြင်ဖူးခြင်း ဖြစ်သည်။
ရွှီချင်းသည် စူးရှစွာ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ အခန်းလေးထဲ ဝင်သွားသည်။
ထိုလူငယ် မည်သူမည်ဝါဖြစ်သည် သို့မဟုတ် လူအားလုံးက ထိုလူငယ်အား အာရုံစိုက်နေကြသည်ကို ရွှီချင်း ဂရုမစိုက်ပေ။ ထိုလူငယ်သာ သူ့ကို သတ်ဖြတ်ချင်စိတ်ရှိလာပါက သူ လက်စတုံးပစ်မည်သာ ဖြစ်သည်။
အပြင်ဘက်လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှအရာအားလုံးက ဆန္ဒမွန်သေတ္တာတမျှ အရေးမပါပေ။
ရွှီချင်းသည် ထိုင်ချလိုက်ပြီး သတ္တုပြားလေးကို ငုံ့ကြည့်လိုက်သည်။ သူ့အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာပြီး သူ့မျက်လုံးများထဲတွင် ပြင်းပြင်သော စိတ်ဆန္ဒများဖြင့် ဝင်းလက်လာသည်။
ယခင်က ဆန္ဒမွန်သေတ္တာကို ဝူကျန်းဝူ မဖွင့်ခင် ဖြစ်ပျက်နေသောအမူအရာနှင့် မတူဘဲ ရွှီချင်းသည် အသက်ဝဝရှူသွင်းကာ ခံစားချက်များ တည်ငြိမ်စေရန် မျက်လုံးများကိုသာ မှိတ်လိုက်သည်။ သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်နှင့် သူ၏ညာလက်က သတ္တုပြားလေးအပေါ်သို့ အနည်းငယ် ဝှေ့ယမ်းသွားသည်။
ဖျစ် ဖျစ်
ရှေးခေတ်မှ ဆင်းသက်လာခဲ့ပြီး နောက်မျိုးဆက်အတွက် ချန်ထားရစ်ခဲ့သော ထိုဆန္ဒမွန်သေတ္တာလေးမှာ ရွှီချင်း၏ ရှေ့တွင် ပွင့်သွားသည်။
ရွှီချင်းသည် ဆန္ဒမွန်သေတ္တာလေးကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ဝင်းလက်လာပြီး အသက်ရှူသံများ မဆိုစလောက် မြန်ဆန်လာသည်။
ထိုဆန္ဒမွန်သေတ္တာလေးထဲတွင် ပစ္စည်းနှစ်မျိုး ရှိနေသည်။
တစ်မျိုးမှာ အနက်ရောင်ဆေးလုံးတစ်လုံး ဖြစ်သည်။
နောက်တစ်မျိုးမှာ အနည်းငယ် မည်းနက်နေသည့် ကျောက်စိမ်းပြားလေး ဖြစ်သည်။