← Chapters

မှော်ကန်စွန်းဥ

Vol. 1 Ch. 8

မှော်ကန်စွန်းဥ

Vol. 1 Ch. 8

"အဲ့လောက်ကြာတာ မဖြစ်နိုင်လိုက်ဝာာ!"

လူးဝစ်မှ ထိတ်လန့်သွားသည်။ သူ၏လက်နှစ်ဖက်လုံးကို သူ့ကိုယ်လုံး၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ကပ်ကာ လုံးဝရှက်ရွံ့သွားသည်။

“ငါတို့မှာ ပစ္စည်းအလုံအလောက်မရှိဘူး ပြီးတော့အခုမှ တောထဲက နေ ထွက်လာတာ‌လေ အခုပဲသစ်ဖြတ်ဖို့ ပြန်သွားရမှာလား ဒီလိုသာသွားလိုက်လာလိုက်နဲ့ ခရီးဆက်ရရင် အန္တရာယ်များရုံတင်မကဘူး အချိန်လည်းအများကြီးကုန်တယ်”

"မဖြစ်သေးဘူး ငါတို့ အခု ဘာလုပ်ကြမှာလဲ"

"ဟုတ်ပြီ ဆန်းသစ်လတောထဲကို ပြန်သွားပြီး လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင်ရော"

“ငါပြန်မသွားရဲဘူး လုံခြုံတဲ့နေရာမှာ နေရတာဘဲကြိုက်တယ်"

လူတိုင်းမှ တစ်ယောက်တစ်ယောက် ငြင်းခုန်ကြရင်း ဗျာများလာကြသည်။ လင်းချီသည်အားကိုးရာမဲ့စွာ သက်ပြင်းကိုချမိလိုက်သည်။ တဟုန်ထိုး စီးနေတဲ့မြစ်ကို ကြည့်ရင်း သူမ၏စနစ်က ဒီလိုနေရာမျိုးတို့တွင် အကူအညီ မ‌‌ေပးနိုင်မှန်း သူသိသည်။

ဖြေရှင်းရန်နည်းလမ်းကို ရှာတွေ့ဖို့ မျှော်လင့်ချက်မရှိတော့သည့်အချိန်မှာပင် တဖွားဖွားအသံကို ကြားလိုက်ရသည်။

"ဟင်?"

လူတိုင်းသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါတွင်အပြာဖျော့ဖျော့ အလင်းတန်းများ ပစ်လွှတ်နေသည့် မှော်တုတ်တံကို ကိုင်ထား‌ေသာ ယွီမုန့်ကို တွေ့လိုက်ရသည်။

"ရေခဲမှော်အစွမ်း- ရေခဲခြင်း!"

ချက်ခြင်းပင် ယွီမုန့်သည် ထူးခြားသော ရေနှင့် ရေခဲ မှော်ဆရာတစ်ဦးဖြစ်ကြောင်း လူတိုင်းသတိရသွားကြသည်။ ရေရှိနေခြင်းကြောင့် သူမ၏ရေခဲမှော်အစွမ်းကို အသုံးပြုနိုင်လိမ့်မည်။

ယွီမုန့်သည် သူမ၏ မှော်ပညာကို အသုံးပြု၍ ရေမျက်နှာပြင်ကို အေးခဲသွားစေသည့်အတွက်  လူတိုင်း လမ်းလျှောက်သွားနိုင်လောက်အောင် ခိုင်သွားပြီ ဖြစ်သည်။

"အံ့သြစရာပဲ ယွီမုန့်! မင်း ငါတို့ကို ကယ်နိုင်မယ်ဆိုတာ ငါသိတယ်!" လူးဝစ်သည် စိတ်အားထက်သန်စွာ သူမအနားသို့ ပြေးသွားခဲ့သည်။

သို့သော်လည်း ယွီမုန့် မန္တာန်သုံးပြီးတိုင်း ဖြစ်တတ်သည့် အဆင်မပြေဖြစ်သော မူမမှန်မှုကို လင်းချီတွေ့လိုက်ရသည်။ အစကတည်းက အခုချိန်ထိ အချိန်တိုလေးအတွင်းမှာပဲ မန္တာန်သုံးမျိုးသာ ရွတ်ခဲ့ပေမယ့် သူမ‌ေဟာဟဲလိုက်နေသည်။

အဘယ်ကြောင့်ဆိုသော် မှော်ပညာကို အသုံးပြုရာတွင် မန္တာန်ရွတ်ဆိုခြင်းအပေါ်မူတည်၍ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အသုံးပြုရသောကြောင့် ဖြစ်သည်။ မန္တာန်အဆင့် မြင့်လေ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပိုကုန်ခမ်း‌‌ေလဖြစ်သည်။

ငယ်ရွယ်သော မှော်ဆရာများသည် သူတို့၏ အစောပိုင်းလေ့ကျင့်မှု  အဆင့်များတွင် မှော်စွမ်းအင်ကို သိုလှောင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် မှော်ပညာကို အသုံးပြုရသည့် အဖိုးအခသည် ရုပ်ပိုင်းဆိုင်ရာခွန်အား ယိုယွင်းလာမှုပင် ဖြစ်သည်။

အဆင့်မြင့်သောမှော်ဆရာများအဖြစ်သို့ တိုးတက်လာပြီဆိုလျှင် ကိုယ်ပိုင်မှော်စွမ်းအင်ကို သိုလှောင်နိုင်မည်ဖြစ်သည်။

လက်ရှိ ယွီမုန့်တွင် မှော်စွမ်းအင် သိုလှောင်နိုင်မှု မရှိသည်မှာ ထင်ရှားသောကြောင့် သူမသည် ထိုအချိန်တစ်လျှောက်လုံးတွင် ကိုယ်ပိုင်ခွန်အားကို အသုံးချနေခဲ့ရသည်။

ယခုတွင်မူ လူတိုင်းမှလည်း သူမကို အားကိုးအားထားပြု‌ေနကြပြီဖြစ်သည်။ ထို့ပြင် မှော်ပညာသာပျက်သွားခဲ့လျှင် လူတိုင်းမြစ်ထဲသို့ ပြုတ်ကျမည် ဖြစ်သောကြောင့် သူမ မည်သို့ပင်ဖြစ်စေကာမူ ခံနိုင်ရည်ရှိရန်လိုအပ်သည်။

သူမသည် သူမ၏ လက်ရှိစွမ်းအင်ဖြင့် မြစ်ကိုဖြတ်ကူးပြီးသည်အထိ ခန္ဓာကိုယ်ခံနိုင်ရည်ရှိမည်လို့ ထင်ခဲ့ပုံရသည်။

"အားလုံး မြန်မြန်ကူးကြ ရေခဲတွေ အရည်ပျော်လာတဲ့အခါမှ အပြစ်မတင်နဲ့" လူးဝစ်က ယွီမုန့်ရဲ့အနောက်မှာ ရပ်ပြီး သူ့နောက်ကလူတွေကို ခေါင်းဆောင်တစ်ယောက်လို အမိန့်ပေး‌ေနသည်။

"ဟဲဟဲ ယွီမုန့် ကျေးဇူးတင်ပါတယ် မင်းကြောင့် ငါတို့မြစ်ကိုဖြတ်နိုင်ပြီ!" လူးဝစ် လူပါးဝစွာ ပြုံးပြီးနောက်ဆိုကာ ယွီမုန့်ကို ကျေနပ်ချင်သော်လည်း ထိုအချိန်တွင် ယွီမုန့်သည် သူ့ကိုဂရုပြုရန်ပင် အချိန်မရှိခဲ့ပေ။ သူမ အားလျော့စပြုလာနေပြီဖြစ်သည်။

လင်းချီ သူမနောက်ကို လျှောက်သွားသည်။ မကြာမီမှာပင် ရေခဲထုသည် တဖြည်းဖြည်း ပါးလွှာပြီးရင်း ပါးလွှာလာသည်ကို သူမှတွေ့လိုက်ရသည်။ ယွီမုန့်၏ မှော်ပညာစွမ်းအင် ကုန်ဆုံးတော့မည်ဟု သူမှတွေးမိလိုက်သည်။

ရှေ့ကို လှမ်းကြည့်လိုက်လျှင် သူမ‌ဆက်တောင့်ခံရန် မီတာ 50 ကျော်ကျော် ရှိသေးသည်။သို့သော် ယခုအခြေနေကို ကြည့်ခြင်းအားဖြင့် သူမ ဆက်ပြီးတောင့်ခံနိုင်မည်မဟုတ်။

"အာ့!"

သေချာပေါက် ယွီမုန့်သည် သူမ၏ မှော်တုတ်တံကို ဆုပ်ကိုင်ထားရင်း ရေခဲပြင်ပေါ်မှာ ဒူးထောက်ကျသွားသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့ဖျော့နှင့် မောဟိုက်‌ေနသည်ကို မြင်ရ၍ အားလုံး စိုးရိမ်စပြုလာကြသည်။

"မရ... မရဘူးလေ! သူမရဲ့ မှော်စွမ်းအင်တွေ ကုန်သွားပြီလား"

ယွီမုန့်သည် သူမ၏မှော်စွမ်းအင်များ လျင်မြန်စွာ ကုန်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့ကိုယ်ပိုင်စွမ်းအားကို မတန်တဆ တွက်ဆထားပုံရသည်။

ရေခဲပြင်ပေါ်မှာရပ်နေတဲ့ လူတိုင်းရဲ့ ခြေထောက်အောက်သို့ မြစ်ရေသည် စီးဆင်းလာခဲ့သည်နှင့်အမျှ ရုတ်တရက် တစ်ဖက်က ရေခဲတို့အရည်ပျော်ကျလာသည်။

လူတိုင်းမှ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူတို့သာတကယ် ဒီရေစီးကြောင်းထဲ ပြုတ်ကျရင် သေမှာ သေချာသည်။

"ယွီမုန့် မင်း... မင်းအဆင်ပြေရဲ့လား" ယွီမုန့် မှော်ပညာ ဆက်မသုံးနိုင်တော့မှန်း လူးဝစ်က မြင်လိုက်ရပြီး‌ေနာက် သူ့မျက်လုံးထဲ၌ စိတ်ပျက်‌ေန‌ေသာ အရိပ်အယောင်တို့ကို မြင်လိုက်ရသည်။

"ငါ့ရဲ့ မှော်စွမ်းအင်... ကုန်သွားပြီ"

"သေစမ်း!"

လူးဝစ် ကျယ်လောင်စွာအော်လိုက်ပြီး “မင်း… မင်းရဲ့ မှော်ပညာမပါဘဲ မင်းဘယ်မှာအသုံးကျလဲ မင်းကို သန်မာတယ်လို့ ငါထင်ခဲ့တာ! အခု ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ မင်း ငါတို့အားလုံးကို သတ်ပစ်‌ေတာ့မှာ!"

ယွီမုန့် ခေါင်းငိုက်စိုက်ကျသွားသည်။ သူမမှ အလွန်ပြောင်မြောက်သော မှော်ဆရာတစ်ဦးဟု အမြဲတွေးထားခဲ့သော်လည်း ထိုအချိန်တွင် သူမ၏ မှော်ပညာသည် အမှန်တကယ် အားနည်းမှန်း သိရှိခဲ့ရသည်။ မြစ်တစ်စင်းကိုပင် မကျော်ဖြတ်နိုင်ခဲ့ပေ။

"ယွီမုန့်! ငါပြောမယ် တခြားသူတွေကို ထားလိုက် ဒါပေမယ့် မင်း ငါ့ကို ကမ်းပေါ်တင်ပေးရမယ်!"

"တောင်းပန်ပါတယ်... ငါမလုပ်နိုင်ဘူး"

ယွီမုန့်ရဲ့တောင်းပန်စကားကိုကြားပြီးနောက် လူးဝစ် ထိတ်လန့်သွားခဲ့သည်။ သူ့ကိုယ်သူ စက္ကန့်အနည်းငယ်လောက် ပိုကယ်တင်နိုင်ရန်အတွက် အစောင့်တွေကို ပြောလိုက်သည် "မင်းတို့ခုန်ချလိုက်ကြ!"

"ကျေးဇူးပြု၍?"

“မင်းတို့ အများကြီးစု‌ေနရင် အပူချိန် တိုးလာပြီး ရေခဲတွေ အရည်ပျော်လာမှာ နောက်ပြီး ယွီမုန့် ပြန်ကောင်းလာဖို့ အချိန်ပေးရမယ် ပြီးတော့ ငါ့လည်း ဟိုဘက်ကမ်းကို ရောက်ဖို့ မင်တို့ ခုန်ဆင်းရမှမယ်!"

အစောင့်တွေသည် သူတို့သခင်၏အမိန့်ကို မငြင်းဆန်ရဲကြပေ။ မျှော်လင့်ချက်မရှိတော့ဘူးလို့ သူတို့ထင်‌‌ေနသည့်အချိန်မှာပင် လင်းချီ၏ တားမြစ်သံကို ကြားလိုက်ရသည်။ "မင်းတို့ ခုန်ချဖို့ မလိုဘူး! ငါလူတိုင်းကို ကူညီနိုင်တယ်!"

ထိုစကားတစ်ခွန်း‌ေကြာင့် လူတိုင်း သူ့ကိုကြည့်လာကြသည်။

"မင်းက ငါတို့ကို ကူညီပေးနိုင်တယ်"

ထိုအရာကိုကြားပြီးနောက် လူးဝစ် လှောင်ပြောင်ပြောဆိုခဲ့သည် "ကလေးလေးရေ ငါထင်တာကတော့ မှော်ပညာကို ဘယ်လိုသုံးရမှန်းတောင် မင်းကသိတာမဟုတ်ဘူး မင်းက လဝန်းသစ်မြို့တော်က အမှိုက်တစ်စထက်မပိုပါဘူး ဒီနေရာမှာ ကယ်တင်နိုင်တယ်ဆိုတာကို မင်းပြောစရာအ‌ေကြာင်းမရှိဘူး"

"အိုး? မင်းမှာ ပိုကောင်းတဲ့အကြံရှိတာလား ဒါမှမဟုတ် မင်းရဲ့ အစောင့်တွေကို ဘယ်လိုစတေးရမယ်ဆိုတာကိုပဲ မင်းသိလား"

လင်းချီ၏ ချေပချက်ကြောင့် လူးဝစ်မျက်နှာသည် ရှက်ရွံ့စွာ နီရဲလာပြီး အံကြိတ်သွားခဲ့သည်။

"ဟုတ်ပြီ! လင်းချီ မင်းဘာတွေစီစဉ်ထားလဲ"

စားကောင်းသောက်ဖွယ်စနစ်၏ သိုလှောင်မှုအတွင်းမှာ ခရမ်းရောင်ကန်စွန်းဥတစ်လုံးကို မကြာသေးခင်မှ လင်းချီ တွေ့ရှိခဲ့သည်။ ၎င်းသည် သာမာန်ကန်စွန်းဥမဟုတ်ပေ။ ခရမ်းရောင်အလင်းဖြင့် တောက်ပနေသော မှော်ကန်စွန်းဥ ဖြစ်သည်။

မှော်ဆေးတစ်မျိုးဟု ယူဆနိုင်သည့် မှော်ကန်စွန်းဥကို စားသုံးပြီးနောက် ၎င်းတို့၏ မှော်စွမ်းအင်ကို ပြန်လည်ရရှိနိုင်သည်။

“ဒါကို ယူလိုက်!”

လင်းချီသည် စနစ်၏သိုလှောင်မှုအတွင်းမှ ကန်စွန်းဥကို ထုတ်ယူပြီး မောပန်းနွမ်းနယ်နေသော ယွီမုန့်အား ကမ်း‌ေပးလိုက်သည်။ထို့‌ေနာက် သူ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “မလန့်ပါနဲ့ မင်းဗိုက်ပြည့်‌ေအာင် ဒီကန်စွန်းဥကိုစားလိုက်!"

လင်းချီကန်စွန်းဥ ကိုင်ထားတာကို ကြည့်ပြီး လူတိုင်း၏ အမူအရာတို့မှာ မျှော်လင့်ချက်အပြည့်မှ စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားကြရင်း သူတို့ ခေါင်းငိုက်စိုက်ကျကုန်ကြသည်။

"လင်းချီ ဒါရယ်စရာ‌ေကာင်းတယ်လို့ မင်းထင်‌ေနလား" ယွီမုန့် သည် လင်းချီကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

ဘေးမှကြည့်နေသော လူးဝစ်သည်ပင် တစ်ချိန်တည်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ "လင်းချီ မင်း အရူးလိုလုပ်နေတာကို ရပ်လိုက်စမ်းပါ မြန်မြန်မင်းရဲ့အစောင့်တွေကို ခုန်ချဖို့ပြောလိုက် ဒီနည်းကပဲ မင်းကိုအသက်ရှင်စေလိမ့်မယ်”

လင်းချီရဲ့မျက်နှာမှာ တည်ငြိမ်နေသည်။ သူ ယွီမုန့်ကို ကန်စွန်းဥ ဆက်ကမ်း‌ေပးသည်။ "မင်းငါ့ကိုယုံမှရမယ် ဒီကန်စွန်းဥက လူတိုင်းကို တကယ်ကယ်တင်နိုင်လိမ့်မယ်!”

"ကန်စွန်းဥတစ်ကိုက်‌ေလးက လူဒီ‌ေလာက်အများကြီးကို ကယ်တင်နိုင်ပါ့မလား"

"နောက်နေတာလား"

ယွီမိန့်အတွက် ထ်ုအရာကို ယုံဖို့ခက်ခဲနေသည်။ သို့သော် သူမခေါင်း‌ေမာ့ကြည့်လိုက်လျှင် လင်းချီ၏ မျက်လုံးများသည် လေးနက်ကြောင်း တွေ့ရ၍ သူနောက်‌ေနသည့်ပုံ မပေါ်တာကို သတိထားမိသွားသည်။

"တကယ်ကြီးလား...သေချာရဲ့လား" ယွီမုန့်သည် ကန်စွန်းဥကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ဖြည်းညှင်းစွာယူလိုက်သည်။

"ယုံစမ်းပါ ငါ မင်းကိုမလိမ်ပါဘူး!"

သူတို့ရှေ့က ရေခဲတွေ အရည်ပျော်လာကာ သူတို့ဆီ တ‌ဖြည်းဖြည်းနီးကပ်လာသည်။

"မြန်မြန်!"

ယွီမုန့် လင်းချီကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး ကန်စွန်းဥအနည်းငယ်ကို ညင်သာစွာ ကိုက်လိုက်သည်။

သူမ စားလိုက်သော ကန်စွန်းဥသည် သာမန်ကန်စွန်းဥများနှင့် လုံးဝကွာခြားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူမသည် ကန်စွန်းဥကို လုံးဝမကြိုက်ခဲ့ပါသော်လဲ ယခုစားလိုက်သောကန်စွန်းဥက သူမကို ထူးခြားကောင်းမွန်တဲ့ ခံစားချက်ကို ပေးစွမ်းခဲ့သည်။

သူမ၏ခန္ဓာကိုယ်ထဲတွင် မှော်စွမ်းအင်များ တဟုန်ထိုးတိုးလာသလို ခံစားလိုက်ရသည်။

“ဒီခံစားချက်က…”

•••••••••

All Chapters