လောကကြီးကို လှုပ်ယမ်းပစ်နိုင်သော အဆိပ်
Vol. 21 Ch. 315
ဆန္ဒမွန်သေတ္တာလေးကို စူးစိုက်ကြည့်နေသော ရွှီချင်း၏ မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းများ ဝင်းလက်နေသည်။
ဆန္ဒမွန်သေတ္တာထဲတွင် ပစ္စည်းမျိုးစုံ ရှိနေတတ်ကြောင်း ယခင်က ဝူကျန်းဝူ ပြောသည်ကို သူ ကြားခဲ့ဖူးသည်။ အကောင်းဆုံးပစ္စည်းများမှာ ဧကရာဇ်အဆင့်အမွေဖြစ်ပြီး အဆိုးဆုံးမှာ သစ်ရွက်ခြောက်များသာ ဖြစ်သည်။
ပစ္စည်းအကောင်းအဆိုးမှာ ကံကြမ္မာအပေါ် မူတည်သည်။
ယခု ဆန္ဒမွန်သေတ္တာထဲတွင် ဆေးလုံးတစ်လုံးနှင့် ကျောက်စိမ်းပေလွှာရှိနေသည်။ ရွှီချင်း၏ နားလည်ထားမှုအရ ထိုသည်မှာ အလွန်ကံကောင်းသည်ဟု ယူဆနိုင်ပြီဖြစ်သည်။
သူသည် ခံစားချက်များကို ငြိမ်သက်အောင်ထိန်းချုပ်ကာ ကျောက်စိမ်းပေလွှာကို ယူကြည့်ရန် ပြင်လိုက်သည်။
ထိုအချိန်၌ ရွှီချင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဆန္ဒမွန်သေတ္တာကို သူ ပိတ်လိုက်ပြီး အထဲတွင် အရှိန်အဝါကို ပိတ်လှောင်လိုက်သည်။ သို့သော် ပကတိမျက်လုံးနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သူ့တစ်ကိုယ်လုံး မည်းနက်လာသည်။
“ အဆိပ်လား ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
သူ့အသွေးအသားသာမက သူ့ကိုယ်တွင်းအင်္ဂါများသည်ပင် ဆွေးမြေ့ပျက်စီးသွားတော့မည့်ဟန်တူသည်။ ရွှီချင်းအတွက် အံ့အားသင့်စရာအကောင်းဆုံးတစ်ချက်မှာ မည်သည့်နာကျင်မှုမျှ မခံစားရခြင်း ဖြစ်သည်။
မူမမှန်သောအခြင်းအရာတစ်ခုမျှ မရှိပေ။ မည်းနက်ပြီး ဆွေးမြေ့ပျက်စီးသွားသည့်အရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည့်အလားပင်။ အမှန်စင်စစ် သူ၏အသိစိတ်နှင့် သူ့ကိုယ်ထဲရှိ ဓမ္မစွမ်းအားများသည်ပင် မည်သည့်အရာကိုမျှ အာရုံခံ၍မရပေ။
သို့သော်လည်း အဆိပ်တာအိုမှာ သူ၏နားလည်မှုအရ သူ မိထားသည့်အဆိပ်က ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သေချာသိသည်။
“ ဒါ ဘာအဆိပ်တုံး ”
ရွှီချင်း တီးတိုးရေရွတ်လိုက်စဉ် သူ့မျက်နှာပေါ်မှ သွေးများနှင့်အတူ အသားများ အောက်ကျသွားသည်။ သူ့မျက်နှာသာမက သူ့တစ်ကိုယ်လုံး အရည်ပျော်လာသည်။
သို့တိုင်အောင် မည်သည့်နာကျင်မှုကိုမျှ သူ မခံစားရသေးပေ။
ရွှီချင်းက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံး ဆယ့်ငါးမိနစ်ခန့်သာ ကြာသည်။ ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်သက်သာနိုင်စွမ်းကြောင့် ရွှီချင်း၏ တစ်ကိုယ်လုံး ဆွေးမြေ့ပျက်စီးနေပါသော်လည်း သူ၏ပြန်လည်ကောင်းမွန်နိုင်စွမ်းသည်လည်း ထပ်တူ မြန်ဆန်နေသည်။
ထိုသို့ဖြင့် ဆွေးမြေ့ပျက်စီးသည့်နှုန်း လျော့ကျသွားသည်။ နောက်ထပ်ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ခရမ်းရောင်အလင်းများ ဖြာထွက်လာပြီး တဖြည်းဖြည်း သူ သက်သာလာသည်။ တစ်နာရီကြာပြီးနောက် သူ့ခန္ဓာကိုယ် ပုံမှန် ပြန်ဖြစ်သွားသည်။
ရွှီချင်းသည် အသက်ရှူရပ်သွားပြီး ဆန္ဒမွန်သေတ္တာကို စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ သွေးအေးသောအလင်းတစ်စ ဝင်းလက်သွားသည်။
“ ဒါက အဆိပ်ဆေးလား ”
“ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပိတ်လှောင်ထားတဲ့ အဆိပ်ဆေးပဲ။ ဆေးရဲ့အရှိန်အဝါနဲ့တင် ခန္ဓာကောဝိညာဉ်ကော ဖျက်ဆီးပစ်နိုင်တယ် ”
ရွှီချင်းသည် တွေးတောကာ ဆန္ဒမွန်သေတ္တာကို ပြန်ဖွင့်လိုက်သည်။
ခရမ်းရောင်သလင်းကျောက်ဖြင့်ပင် အဆိပ်၏အစွမ်းမှာ ကြောက်ခမန်းလိလိ ဖြစ်နေဆဲပင်။ ရွှီချင်းသည် အဆိပ်ဆေးကို တိုက်ရိုက်မကိုင်ဝံ့ပေ။ ခရမ်းရောင်သလင်းကျောက်၏ အစွမ်းက အဆိပ်ပျံ့နှံ့နှုန်းထက် နှေးကွေးနေမည်ကို သူ စိတ်ပူသည်။ ယင်းမှာ အလွန် အန္တရာယ်များသည်။
သို့သော်လည်း အဆိပ်တာအိုမှာ သူ၏နားလည်မှုက နက်ရှိုင်းသည်ဖြစ်ပြီး ထိုကဲ့သို့ကိစ္စတစ်ခုအား မည်သို့ ဖြေရှင်းရမည်ကို သူ သိသည်။ အတန်ငယ်တွေးတောပြီးနောက် ဖွင့်ထားသော ဆန္ဒမွန်သေတ္တာကို သူ ကြည့်လိုက်သည်။ ခဏအကြာ ဆန္ဒမွန်သေတ္တာကို ပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ စတင်ပျက်စီးလာသည်။
“ ပုံမှန်ဆိုရင် လူတစ်ယောက်က ခဏခဏ အဆိပ်မိခံရပါများလာရင် အဆိပ်ဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်လာတယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ပျက်စီးလာနေသော သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်ပေ။ သူက ဘေးရှိ ဆေးပင်များထားရာ စင်မှ ဆေးပင်အမြောက်အမြား ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အခြေအနေအားလိုက်၍ ဆေးလုံးများ ဖော်စပ်လိုက်သည်။
ထိုအဆိပ်၏ အဓိကပါဝင်ပစ္စည်းကို ရွှီချင်း မသိပေ။ ထို့ကြောင့် ထိုအဆိပ်ကို သူ မဖြေနိုင်ပေ။ ယခု သူ လုပ်နေသည်မှာ အဆိပ်အာနိသင်ကို ကုသရန် ဖြစ်သည်။ ထိုအဆိပ်က ဆွေးမြေ့ပျက်စီးစေသည်ဖြစ်၍ ထိုအာနိသင်ကို ချေဖျက်ရန် သွေးနှင့်ချီအားတိုးဆေးကို သူ လုပ်မည်ဖြစ်သည်။
မကြာခင် ဆေးအရည် ထွက်ပေါ်လာပြီး ရွှီချင်းက တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထိုအဆိပ်အာနိသင် ပျယ်သွားပြီးနောက် သူသည် ဆန္ဒမွန်သေတ္တာကို ထပ်ဖွင့်လိုက်သည်။ ထိုသို့ဖြင့် ညနေစောင်းလာသည့်တိုင်အောင် သူသည် ထပ်ခါထပ်ခါ လုပ်နေပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က ထိုအဆိပ်ဒဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိလာသည်။
ထိုအခါမှသာ သူသည် လက်အိတ်စွပ်၍ ကျောက်စိမ်းပေလွှာကို ဂရုတစိုက်ဖြင့် ကိုင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာထဲသို့ သူ၏ဓမ္မစွမ်းအားများ ထည့်သွင်းလိုက်သည်။ ထိုအခါ အနည်းငယ် အားပျော့နေသည့် ရှေးဟောင်းအသံကြီးတစ်သံ ရွှီချင်း၏စိတ်ထဲ ပဲ့တင်ထပ်သွားသည်။
“ မဟာတာအိုဆိုတာ ဘာလဲ ”
“ မဟာတာအို ( ၃၀၀၀ ) က ကိုးကွယ်ယုံကြည်မှုကို ဦးတည်သွားနိုင်တယ်။ အဆိပ်တာအိုဟာလည်း အဲဒီမဟာတာအို ( ၃၀၀၀ ) ထဲမှာ အဆိပ်တာအို ပါလား ”
“ လောကကြီးထဲက လူတွေက မိစ္ဆာနဲ့ အဆိပ်ကို ရွံရှာစက်ဆုပ်ကြတယ်။ အဲဒီလို အစဉ်အလာမဟုတ်တဲ့နည်းလမ်းတွေက ကြီးကြယ်မြင့်မြတ်မှုဆီ ရောက်နိုင်လား ”
“ တစ်ခါက ငါလည်း တွေးခဲ့ဖူးတယ်။ နတ်လောကအပြင်ဘက်ကို ထွက်လာတဲ့ လူသားမဟုတ်တဲ့မျိုးနွယ်ဝင်တစ်ယောက်ကို မသတ်မိခင် အချိန်အထိ အဆိပ်ကို ရွံရှာစက်ဆုပ်ခဲ့တယ်။ အဲဒီကျင့်ကြံသူရဲ့ တိုက်ရည်ခိုက်ရည်က ကြောက်စရာကောင်းသလို သူ လေ့ကျင့်တဲ့တာအိုကလည်း သွေးအေးရက်စက်တယ်။ သူ မသေခင် ငါ့ကို ရက်စက်ကြမ်းကြုတ်တဲ့အကြည့်နဲ့ စူးစူးစိုက်စိုက်ကြည့်သွားတယ်။ အဲဒီအကြည့်ကြောင့် ငါ့ကျင့်ကြံခြင်းအဆင့်က တစ်နေ့ပြီးတစ်နေ့ လျော့ကျလာတယ်။ ဆယ်ရက်ကြာတဲ့အခါ ငါ သာမန်လူတစ်ယောက်ဖြစ်သွားပြီး လူ့လောကမှာ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုဝေဒနာတွေကို နှစ်ခြောက်ဆယ်တိတိ ခံစားတွေ့ကြုံခဲ့ရတယ်။ ရတနာတွေ မရေမတွက်နိုင်လောက် အသုံးပြုခဲ့ရတယ်။ နောက်တော့ ငါ အသက်ပြန်ရှင်လာခဲ့တယ်။ ငါ့ခန္ဓာကိုယ်ထဲကနေ အဲဒီအဆိပ်ကိုလည်း ထုတ်လိုက်ပြီး ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်တယ် ”
“ အဲဒီအချိန်ကစပြီး ကပ်ဘေးကြီး ကျရောက်မလာခင်အချိန်အထိ အဲဒီဆေးလုံးကို လေ့လာနေခဲ့တယ်။ ငါ အောင်မြင်အောင် မလေ့လာနိုင်ခဲ့လို့ ဒီဆေးလုံးကို နောက်မျိုးဆက်အတွက် ချန်ထားခဲ့တယ် ”
“ ဒီဆေးက အဆိပ်ဆေးဖြစ်သလို တားမြစ်ချက်လည်း ရှိတယ်။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဒီဆေးကို ရသွားရင် ကိုယ်တိုင် အသုံးမချနဲ့။ အဆုံးမဲ့ပျက်စီးခြင်းနဲ့ ကြုံတွေ့လိုက်ရပြီး သေကိန်းဆိုက်သွားမယ်။ အဆင့်နိမ့်ကောင်းကင်နန်းတော် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဒီဆေးကို ရသွားရင် ကောင်းကင်နန်းတော်ထဲက ရွှေအမြုတေနေရာမှာ ဒီဆေးကို အစားထိုးနိုင်တယ်။ အဲဒါဆိုရင် တခြားသူတွေနဲ့ မတူညီတဲ့ အဆိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ် ”
“ အဲဒီအခါ သက်စောင့်ဝိညာဉ်က ပြောင်းလဲသွားပြီး ဒီတားမြစ်ဆေးလုံးရဲ့ လမ်းစဉ်ကို လျှောက်လှမ်းနိုင်မယ် ”
“ ငါ့တွက်ချက်မှုတွေအရတော့ တားမြစ်လမ်းစဉ်မှာ လူတစ်ယောက်က အဆိပ်ကိုသုံးပြီး လောကကြီးကို တုန်ခါသွားအောင်လုပ်နိုင်တယ်။ အသက်ကြီးငယ်မရွေး ဖျက်ဆီးပစ်နိုင်တယ်။ ဒါဟာ နတ်လောကရဲ့ ကြောက်စရာကောင်းပြီး ခန့်မှန်းမရနိုင်တဲ့နည်းလမ်းပဲ။ နောက်ဆုံးမှာ နတ်လောကဟာ မျိုးနွယ်အားလုံးရဲ့ ဘုံရန်သူတော်ကြီး ဖြစ်သွားတယ် ”
ကျောက်စိမ်းပေလွှာကို စိုက်ကြည့်နေရင်း ရွှီချင်း၏စိတ်ထဲ တုန်ခါနေသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်မှာ ဆွေးမြေ့ပျက်စီးတော့မည့်လက္ခဏာများ ပြသလာပြန်သည်။
သူ မျက်လုံးများကို မှိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာထဲမှ စာသားများကို တိတ်ဆိတ်စွာ ပြန်စဉ်းစားလိုက်သည်။ ခရမ်းရောင်သလင်းကျောက်က တဖျပ်ဖျပ်လက်နေပြီး သူ့ကိုယ်ထဲမှအဆိပ်ကို တွန်းလှန်နေသည်။
ထိုသို့ဖြင့် တစ်နေ့ ကုန်လွန်သွားပြီး ညအချိန်သို့ ရောက်လာသည်။ ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာလာသောအချိန်တွင် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။
သူ့ခန္ဓာကိုယ်က ထူးဆန်းသောအဆိပ်ကို အဆက်မပြတ် တွန်းလှန်နေရင်း သူ၏အဆိပ်ခံနိုင်ရည်မှာ တိုးတက်သည်ထက် တိုးတက်လာသည်။ ထို့ကြောင့် ဆန္ဒမွန်သေတ္တာကို သူ ဂရုတစိုက် ထပ်ဖွင့်လိုက်ပြီး အဆိပ်ဆေးလုံးကို စူးစိုက်ကြည့်လိုက်သည်။
သူ လက်အိတ်ကို စွပ်ထားပါသော်လည်း ထိုအဆိပ်ကို မကိုင်ဝံ့သေးပေ။
“ ဒါ အရင်ခေတ်က ချန်ခဲ့တဲ့ ပြိုင်ဘက်ကင်း အဆိပ်ဆေးပဲ။ လူတွေစားဖို့ မဟုတ်ဘူး။ အဆိပ်ကို သန့်စင်ပြီး ရွှေအမြုတေထဲမှာ ထည့်ထားဖို့ ”
ရွှီချင်းသည် ဂရုတစိုက် စစ်ဆေးကြည့်နေရင်း မျက်လုံးများ ဝင်းလက်သွားသည်။ ထိုအတောအတွင်း ဆန္ဒမွန်သေတ္တာကို ကြိမ်ဖန်များစွာ ပိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ပြန်လည်သက်သာလာပြီး အသားကျလာသောအခါတွင် သေတ္တာကို ထပ်ဖွင့်လိုက်ပြီး ဆက်လက်လေ့လာလိုက်သည်။
ကောင်းကင်ကြီး ထိန်လင်းလာပြီး တစ်ညလုံး ကြိမ်ဖန်များစွာ သူ လေ့လာပြီးသောအခါမှသာ အချက်အလက်အနည်းငယ် ရသွားသည်။
သူ၏အမြင်၌ ဤဆေးသည် မဟာတာအိုအခွင့်အရေးတစ်ခုဖြစ်ပြီး ရွှေအမြုတေအဆင့်အတွက် အခွင့်အလမ်းလည်း ဖြစ်သည်။ ယင်းအပြင် ဤဆေးသည် ယခုခေတ် ရွှေအမြုတေအဆင့်နှင့် လုံးလုံးလျားလျား ကွဲထွက်နေသည်။ သူသာ ထိုဆေးကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့ပါက သူက ကြောက်စရာကောင်းလောက်အောင် အန္တရာယ်ပေးနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။
သို့သော်လည်း ထိုဖြစ်စဉ်သည် အလွန်အန္တရာယ်များပြီး ခက်ခဲသည်။
ရွှီချင်းသည် အတွေးနက်သွားပြီး ကျောက်စိမ်းပေလွှာထဲရှိ ဖော်ပြချက်ကို ပြန်စဉ်းစားလိုက်သည်။ ယခု သူက ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း ထိုအဆင့်သို့ ရောက်ရန် မလိုတော့ပေ။
“ ဒီဆေးက တစ်ဝက်တပျက်ဖြစ်နေတာ နှမျောစရာပဲ။ ပြီးတော့ အချိန်တွေအကြာကြီး ဖြတ်သန်းခဲ့ရတော့ ဆေးဓာတ်ပျယ်ချင်နေတဲ့လက္ခဏာတွေ ပြနေပြီ ”
အဆိပ်ကို နားလည်မှုအရ ထိုအနက်ရောင်အဆိပ်ဆေးက ဓာတ်ပျယ်နေသည့်အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထိုဆေးကိုသာ အသုံးပြုချင်ပါက ထပ်မံပြုပြင်ဖော်စပ်ပေးရမည်ဖြစ်သည်။
ယင်းအပြင် ထိုပြုပြင်ဖော်စပ်သည့်ဖြစ်စဉ်က သူ၏လေ့လာမှုနှင့် ထိုဆေးအပေါ် နားလည်နိုင်မှုတို့အပေါ် မူတည်သည်။
“ ဒီဆေးကို ဖော်စပ်ပြီး အသုံးပြုဖို့ဆိုရင် အဆိပ်တွေအများကြီး လိုမှာ ”
ရွှီချင်းသည် ဆန္ဒမွန်သေတ္တာကို ပိတ်ကာ ဂရုတစိုက် သိမ်းဆည်းပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
ယခုတစ်ခေါက် ဆန္ဒမွန်သေတ္တာထဲမှ ရခဲ့သည့်ပစ္စည်းမှာ သေချာပေါက် ကြီးကျယ်နေမည်ဟု သူ ခံစားလိုက်ရသည်။
ယင်းကြောင့် ယခုတိုင်အောင် မပြည့်သေးသည့် တခြားဆန္ဒမွန်သေတ္တာကို သူ ပို၍ စိတ်ဝင်စားလာသည်။
“ စစ်ဆုကြေးတွေ ဘယ်တော့ခွဲပေးမလဲ မသိဘူး ”
ထိုဆေးလုံးကို ပြုပြင်ဖော်စပ်ချင်ပါက အဆိပ်မြက်အမျိုးမျိုးကို ဝယ်ရန် ဝိညာဉ်ကျောက်တုံးအများအပြား သူ လိုသည်။ ယင်းကြောင့် လတ်တလော ငွေပြတ်နေသော သူသည် စစ်ဆုကြေးငွေအကြောင်းကို တွေးစပြုလာသည်။
သို့သော်လည်း ယခုတိုင်အောင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က စစ်လျော်ကြေး မပေးရသေးသည်ဖြစ်၍ ဂိုဏ်းအနေဖြင့် ဆုကြေးငွေများကို ခွဲဝေမပေးနိုင်သေးပေ။ ရွှီချင်းသည် ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သည့် သတင်းများကို စစ်ဆေးကြည့်ရန် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
သူ ကြည့်လိုက်ပြီးနောက် မျက်လုံးများ ချက်ချင်း မှေးသွားသည်။
ထိုရက်အနည်းငယ်အတွင်း သူသည် အဆိပ်တားမြစ်ဆေးအား လေ့လာရာတွင် စိတ်ကို လုံးလုံးလျားလျား နစ်မြုပ်ထားသည်။ သို့ဖြစ်၍ ဂိုဏ်းသားအားလုံးကို တုန်လှုပ်သွားစေခဲ့သည့် ဖြစ်ရပ်အနည်းငယ် ဖြစ်ပျက်ခဲ့ကြောင်း သူ မသိခဲ့ပေ။
ထိုဖြစ်ရပ်များသည် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များနှင့် ဆက်နွယ်နေသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များ ရောက်လာခဲ့သည်။ သူတို့ရောက်လာခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးရှိ ဂိုဏ်းသားများ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ တုနှိုင်းမဲ့အရှိန်အဝါများနှင့် သူတို့ပေါ်လာပုံမှာ ပို၍ပင် မျက်စိပသာဒဖြစ်လှသည်။
နောက်တစ်နေ့တွင် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များက တာဝန်တစ်ခုအလား ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးမှ မင်းသားများကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့သည်။
သူတို့က သူတို့အစွမ်းကို ထုတ်ဖော်ပြသချင်နေသည့်အလားပင်။
တိမ်လွှာဓားဂိုဏ်း၏ သူတော်စင်ကြယ်က ပို၍ပင် ပေါ်လွင်ထင်ရှားသည်။ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ နံပါတ်တစ်ကောင်းကင်လက်ရွေးစင်ဖြစ်ပြီး နံပါတ်တစ် ဆက်ခံသူဖြစ်သည်နှင့်အညီ အဆင့်တူကျင့်ကြံသူအားလုံးကို အနိုင်ယူနိုင်သည်။
သူ၏နာမည်ဂုဏ်သတင်းက ယင်ဟွမ်ပြည်နယ်ထဲမှာသာမက ဖုန်းဟိုင်မြို့ကြီးထဲရှိ တခြားပြည်နယ်များသို့တိုင်အောင် ပျံ့နှံ့နေသည်။ သူ စိန်ခေါ်သည့်တောင်ထိပ်မှာ ပထမတောင်ထိပ်ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ ပထမတောင်ထိပ်သည် သူတော်စင်ကြယ် လာခဲ့သော တိမ်လွှာဓားဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုနေ့က သူတော်စင်ကြယ်သည် ပထမတောင်ထိပ်သို့ ဆင်းသက်သွားပြီး ဂိုဏ်းစောင့်ဘိုးဘိုးနှင့် ပထမတောင်ထိပ်သခင်ကို နှုတ်ဆက်ခဲ့သည်။ ထို့နောက် ပထမတောင်ထိပ်၏ ပထမမင်းသားကို စိန်ခေါ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း ပထမတောင်ထိပ်၏ ပထမမင်းသားသည် ရွှေအမြုတေအဆင့်သို့ ရောက်ရန် တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်၍ စိန်ခေါ်မှုကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ပထမတောင်ထိပ်၏ ဒုတိယမင်းသားက စိန်ခေါ်မှုကို လက်ခံခဲ့သည်။
ထိုတိုက်ပွဲထဲတွင် သူတော်စင်ကြယ်က ဒုတိယမင်းသား၏ အရိုးများအားလုံးကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်သာမက ကျင့်ကြံခြင်းအခြေခံကိုလည်း ဖျက်ဆီးခဲ့သည်။
ရွှေအမြုတေအဆင့်အကြီးအကဲပင် မဟန့်တားနိုင်ခဲ့ပေ။ လေထဲမှာ သူတော်စင်ကြယ်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်ရပြီး ပေတစ်ထောင်နီးပါး နောက်သို့ လွင့်သွားသည်။
ထိုဖြစ်ရပ်သည် ချီရွှဲ့ထုံတစ်ဂိုဏ်းလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ရွှေအမြုတေအဆင့်အကြီးအကဲကို သူတော်စင်ကြယ် တိုက်ခိုက်စဉ်အခါက သက်စောင့်မီးလုံးလေးလုံးနှင့် သက်စောင့်မီးအိမ်ကို အသက်သွင်းလိုက်ရာ သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးငါးလုံးအစွမ်းသို့ ရောက်သွားသည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် သက်စောင့်မီးလုံးခြောက်လုံးအစွမ်းသို့ သူ ရောက်သွားခဲ့သည်။
ထိုတိုက်ရည်ခိုက်ရည်သည် အခြေတည်အဆင့်ကျင့်ကြံသူများကြားတွင် ဒဏ္ဍာရီလာအဆင့်တစ်ခု ဖြစ်သည်။ ထိုအဆင့်သို့ရောက်ရန် လူမရေမတွက်နိုင်လောက်အောင် စိတ်ကူးယဉ်ဖူးကြပါသော်လည်း တစ်ယောက်မှ မရောက်ကြပေ။ သူ့ကို မျိုးနွယ်အားလုံးမှအခြေတည်အဆင့်ကျင့်ကြံသူများအနက် ထိပ်သီးပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
ထိုတိုက်ပွဲကြောင့် ရှေးဟောင်းအရှင်သခင်တစ်ပါး၏ အလားအလာကို ပိုင်ဆိုင်ထားသောသူ့အကြောင်းက နန်းဟွမ်ဒေသတစ်ခွင် ပျံ့နှံ့သွားသည်။ ယင်းကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးရှိ ဂိုဏ်းသားများကို အားပျက်သွားစေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်မှ တခြားကောင်းကင်လက်ရွေးစင်များသည်လည်း သက်ဆိုင်ရာဂိုဏ်းအသီးသီးမှ တောင်ထိပ်များကို စိန်ခေါ်လိုက်ကြလေသည်။ သို့သော် သူတို့မှာ သူတော်စင်ကြယ်ကဲ့သို့ တောင်တစ်ခုလုံးကို တစ်ယောက်တည်း ဖိနှိပ်ပစ်နိုင်သည့်အားမာန် မရှိကြပေ။
ထိုစိန်ခေါ်ပွဲများတွင် အနိုင်အရှုံးရှိသည်။ သို့သော်လည်း ခြုံကြည့်လျှင် ခုနစ်ဂိုဏ်းမဟာမိတ်မှ ကောင်းကင်လက်ရွေးစင်များက ပို၍ မြင့်မားနေဆဲပင်။ သို့သော် တောင်ထိပ်အားလုံးကို စိန်မခေါ်ရသေးပေ။ သတ္တမမြောက်တောင်ထိပ်ကို စိန်ခေါ်ရန်လည်း ကျန်သေးသည်။
တောင်ထိပ်တစ်လုံးက ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားမပြုပါသော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အနိုင်ရလိုက်၍ ပျော်ရွှင်နေကြသော ချီရွှဲ့ထုံဂိုဏ်းမှာ စိတ်ထိခိုက်သွားသည်။
ထိုစိန်ခေါ်ပွဲများကို ဂိုဏ်းသို့ အလည်လာကြသော မျိုးနွယ်များလည်း မြင်တွေ့သွားကြသည်။ ထိုတိုက်ပွဲများက ခုနစ်ဂိုဏ်းမဟာမိတ်၏ အစွမ်းကို လှစ်ဟပြလိုက်သလိုလည်း ဖြစ်သွားပေသည်။
ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းကို သင်ခန်းစာပေးပြီး သူတို့အစွမ်းကို ပြသချင်၍ ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာခြင်းဖြစ်ကြောင်း မည်သူမဆို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူတို့က ထိပ်သီးအချင်းချင်း မယှဉ်ပြိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မလိုသောကြောင့်ပင်။
ရွှယ်လျန့်ကျစ်သည် ထူးခြားသောပါရမီရှိပြီး မယုံနိုင်စရာကောင်းလောက်သည့်အခွင့်အရေးများကို ပိုင်ဆိုင်ထားကာ ဝိညာဉ်သိုက်အဆင့်မှ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ ဘိုးဘေးများနှင့်အဆင့်တူဖြစ်သော ဗလာနတ္ထိအဆင့်သို့ ရောက်သွားသည့်တိုင်အောင် သူတစ်ယောက်တည်းသာ ဖြစ်သည်။
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့တွင် ထိပ်သီးကျင့်ကြံသူခုနစ်ဦးကျော် ရှိသည်။ ပို၍ အရေးကြီးသည်မှာ ထိုဂိုဏ်းခုနစ်ဂိုဏ်းတွင် တားမြစ်ဓမ္မရတနာများ ရှိကြသည်။
သို့ဖြစ်၍ ထိပ်သီးတိုက်ရည်ခိုက်ရည်မှာ ယှဉ်စရာမလိုအောင် ရှင်းလင်းနေပြီဖြစ်သည်။ ထို့ကြောင့် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ထိပ်သီးကျင့်ကြံသူတစ်ယောက်မှ ရောက်မလာခဲ့ခြင်း ဖြစ်သည်။ ထိုအစား ကောင်းကင်လက်ရွေးစင်တပည့်များကိုသာ အသီးသီး စေလွှတ်ခဲ့ကြသည်။ သူတို့ အလိုရှိသည်မှာ ချီရွှဲ့ထုံဂိုဏ်း၏ လက်ရှိမျိုးဆက်ကို ဖိနှိပ်ပြီး ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့အား အံတု၍ ရမည်မဟုတ်နိုင်ကြောင်းအသိကို ရင်ထဲမှာ အမြစ်တွယ်သွားစေချင်သည်။
ရွှီချင်းသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ပါသော်လည်း ထိုကိစ္စသည် သူနှင့် မသက်ဆိုင်ပေ။ သူက မင်းသားတစ်ယောက် မဟုတ်ပေ။ ကြီးကျယ်သော ကိစ္စတစ်ခု ဆောင်ရွက်ခဲ့ပြီး ဆက်ခံသူစာရင်းဝင်တစ်ယောက် ဖြစ်လာပါသော်လည်း ထိုကိစ္စကြီးထဲမှာ သူက အဓိကလက်သည် မဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်းထဲတွင် မင်းသားများစွာ ရှိပေရာ သူ့ကို တစ်ယောက်မှ ဂရုစိုက်ကြမည် မဟုတ်ပေ။
ထိုသို့ဖြင့် နေ့ရက်များ ကုန်လွန်သွားသည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကောင်းကင်လက်ရွေးစင်များက တောင်ထိပ်များကို ဆက်လက်စိန်ခေါ်နေကြသည်။ သူတို့၏ နာမည်ဂုဏ်သတင်း ကြီးမားလာပြီး ချီရွှဲ့ထုံဂိုဏ်းသားများမှာ အသက်ရှူကြပ်လာသလို ခံစားလာရသည်။ ညသန်းခေါင်ယံအချိန်တွင် အဆိပ်ဆေးကို လေ့လာနေသော ရွှီချင်းသည် ရုတ်တရက် သူ့ကျောက်စိမ်းပေလွှာကို ထုတ်ကြည့်လိုက်သည်။ လူဆိုးထိန်းဌာနမှ သတင်းတစ်ခု သူ ရလိုက်ခြင်း ဖြစ်သည်။
“ ဆရာ၊ ဆိပ်ကမ်းနံပါတ် ( ၇၉ ) မှာ လူတစ်ယောက်က ညဉ့်ငှက်အဖွဲ့ဝင်တွေအများကြီးနဲ့ ပစ္စည်းလဲလှယ်နေပါတယ်။ အဲဒီအဝယ်သမားက ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ထဲက မိစ္ဆာသားကောင်ဂိုဏ်းက စီမာလင်းလို့ သံသယရှိပါတယ် ”
“ ဆရာ၊ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ အမိန့်ရှိပေးပါ ”