ကူညီပေးသောလက်တစ်စုံ....
Vol. 16 Ch. 215
" လီလော့...နင်အဆင်ပြေရဲ့လား.... "
ကျန်းချင်းအာက စိုးရိမ်နေဟန်ဖြင့်မေးလိုက်သည်။
"နည်းနည်းတော့ ပင်ပန်းတယ်.....
သူမသည်လည်း စွမ်းအားကုန်ခမ်းမှုမျိုးကြုံခဲ့ဖူးသော်လည်း လီလော့ဖြစ်နေသလောက်တော့အခြေနေမဆိုးသေးပေ။
//ခြေထောက်နှစ်ချောင်းပေါ် ရပ်နေနိုင်တယ်ဆိုတော့ အခြေနေကောင်းသေးသားပဲ.....//
" ဉက္ကဌယု....လီလော့ပင်ပန်းနေပြီမို့ ကျွန်မတို့အရင်ပြန်နှင့်တော့မယ်....."
" ကောင်းကောင်းအနားယူလိုက်ပါ...."
ကျန်းချင်းအာက သတို့သားလောင်းဖြစ်သူလီလော့ကိုတွဲခေါ်သွားသည့်မြင်ကွင်းနောက်သို့ လုချင်းအာ၏ စိုးရိမ်ပူပန်နေသော အကြည့်များ ကပ်ညိလိုက်ပါသွားလေ၏။
လီလော့တို့ထွက်သွားပြီး သိပ်မကြာခင်မှာ မင်းသမီးကြီးတို့လည်း နှုတ်ဆက်ပြီးတာ နန်းတော်သို့ပြန်သွားခဲ့ကြသည်။
မင်းသမီးကြီးတို့ပြန်သွားသည်နှင့်တပြိုက်နက် အမှောင်ထုထဲတွင်ပုန်းအောင်း စောင့်ကြပ်နေသူများလည်း တမဟုတ်ချင်းပျောက်ကွယ်သွားခဲ့ကြသည်။
" အမေ....လီလော့ကုသပေးနိုင်တယ်ထင်လား....."
" အဓိပ္ပာယ်မရှိတာတွေမပြောစမ်းနဲ့.....မငိးကြီးရဲ့ရောဂါကို မြို့စားအဆင့်တွေတောင် မကုပေးနိုင်တာ လီလော့က အခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာ ဘယ်လိုလုပ် ကုပေးနိုင်မှာလဲ....."
စိတ်ကူးယဉ်ဆန်လွန်းနေသော သမီးဖြစ်သူကို ထိုသို့ပြောလိုက်သော်လည်း မင်းသမီးကြီးထွက်ခွာသွားစဉ်က ပေါ့ပါးနေသောခြေလှမ်းများကို မြို့စားအဆင့်ဖြစ်သော ယုဟုန်ရှီ သတိပြုခဲ့မိပါသည်။
ထို့အပြင် မင်းကြီးကိုကြည့်ရသည်မှာလည်း ပျော်လွန်းလို့ အော်ဟစ်ချင်နေပုံရသည်။
ထိုမျှလောက်မှ အကဲမခတ်နိုင်လျှင် ရွှေနဂါးဘဏ်တိုက်ကို မည်သို့ဉီးဆောင်နိုင်မည်နည်း.....အခန်းထဲတွင် အရေးကြီးသောကိစ္စရပ်များဖြစ်ပွားခဲ့သည်ကို သူမရဲရဲကြီး အာမခံနိုင်ပါသည်။
သို့သော်လည်း ထိုကိစ္စရပ်သည် ကျန်းချင်းအာနှင့်လီလော့တို့ကို ပိုမိုနီးစပ်စေမည့်ကိစ္စလော.....မင်းကြီးကိုကုသပေးနိုင်ခဲ့ခြင်းလော......
......................................................
တော်ဝင်မိသားစု၏ရထားလုံးဖြတ်သန်းလာရာလမ်းတစ်လျှောက်ကို လျှို့ဝှက်သက်တော်စောင့်များက ကြိုတင်လမ်းရှင်းပေးထားသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေလေ၏။
ရထားလုံးထဲတွင်......
ဧကရာဇ်ငယ်လေး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသောအရိပ်အယောင်များ ဖုံးဖိမရအောင် ထင်ဟပ်နေသည်။
"မမ..ကျွန်တော့်ရောဂါကို ကုသနိုင်ပြီပေါ့နော်.....လီလော့က တကယ် ကုသပေးနိုင်ပြီပေါ့......"
ဧကရာဇ်ငယ်လေးသည် ကလေးပီပီ ပျော်ရွှင်နေမှုကို ချုပ်ထိန်းထားစရာမလိုဘဲ လွတ်လပ်စွာထုတ်ဖော်ပြသနေသည်။
" ဒါပေါ့....ခုနကလေးတင် အတည်ပြုပြီးခဲ့ပြီမဟုတ်လား....."
ရွှေနဂါးဘဏ်တိုက်တွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်ကတည်းက လီလော့ မင်းကြီးကို ပေးခဲ့သည့် ဝိဉာဉ်ရည်၏အစွမ်းထက်မှုကို သူမကိုယ်တိုင်တွေ့မြင်ခဲ့ပြီးဖြစ်သည်။သို့သော်လည်း တိုက်ဆိုင်မှုတစ်ခုအဖြစ်သာပေါ့ပေါ့တန်တန်သဘောထားခဲ့မိသည်မှာ သူမ၏မဟာအမှားကြီးတစ်ခုသာပင်......
" ဒါပေမယ့်.....သူဘယ်လို လုပ်လိုက်တာလဲဟင်....."
" ဒါကသိပ်ထူးဆန်းလွန်းလို့ မမလည်းသေချာဘယ်နားလည်ပါ့မလဲ....အဖိုးဟွေးကိုမေးကြည့်လိုက်တာပိုကောင်းမယ် "
" မင်းကြီး....သခင်လေးလီလော့ကသာမာန်လူတွေနဲ့မတူတဲ့ လူထူဆန်းတစ်ယောက်ပါ.....သူရဲ့ ပဲ့တင်ထပ်သံနှစ်ခုကြောင့်အခုလို ထူးဆန်းတာတွေဖြစ်လာတယ်လို့ပဲထင်မိတယ်....မင်းကြီး စိတ်မသန့်ရင် နောက်တစ်ခါ သူ့ရဲ့စွမ်းအားကို ဒီအဖိုးကြီး စစ်ဆေးလိုက်ပါ့မယ်....."
" မဖြစ်ဘူး...လီလော့ရဲ့မိဘတွေက သိပ်ကိုအစွမ်းထက်ကြတာဆိုတော့ သူတို့ရဲ့နည်းစနစ်တွေက သာမန်ထက်ထူးခြားနေမှာအမှန်ပဲ.....သူတို့သားအတွက် ထူးခြားတဲ့အရာတွေသေချာပေါက်ချန်ထားပေးခဲ့လိမ့်မယ်......အခုချိန်မှာ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး မင်းကြီးကိုကုသပေးနိုင်ဖို့သာ အရေးကြီးဆုံးပါ......ဘာမဟုတ်တဲ့သံသယတစ်ခုကြောင့် မိတ်ပျက်အောင်လုပ်လိုက်လို့မဖြစ်ဘူး.....လီလော့ရဲ့စွမ်းအားတွေ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်မမောင်လေးကို ကုသပေးနိုင်ရင် ရပြီ....."
" ဒါဆို မင်းသမီးဘက်က လော့လန်အိမ်တော်နဲ့ခင်မင်ကြောင်း အတိအလင်းထုတ်ပြတော့မယ်ပေါ့....."
"ကျန်းချင်းအာက သိပ်ကိုထူးချွန်လွန်းတယ်......ကျွန်မရဲ့တွက်ချက်မှုအရဆို နောက်သုံးနှစ်မတိုင်ခင် ကျန်းချင်းအာ မြို့စားအဆင့်ရောက်လောက်ပြီ.....ကျန်းချင်းအာက ရှပြည်ထောင်စုရဲ့အသက်အငယ်ဆုံး မြို့စားအဆင့်ကျွမ်းကျင်သူဖြစ်လာလိမ့်မယ်..... ဒါက ဒီနေ့ညမတိုင်ခင်တွေးခဲ့မိတာပါ.....ဒီနေ့ည ဖြစ်ပျက်ခဲ့သမျှကို သုံးသပ်လိုက်တော့ တောက်ပလွန်းတဲ့နေမင်းက လမင်းရဲ့ထွန်းလင်းမှုကို ဖုံးကွယ်ပေးထားသလိုဖြစ်နေမှန်းသိလိုက်ရတယ်....လီလော့က အားလုံးကို အံသြအောင်လုပ်ပြခဲ့တယ်လေ..... လော့လန်အိမ်တော်က အခုချိန် အကြပ်အတည်းနဲ့ရင်ဆိုင်နေရပေမယ့် လီလော့နဲ့ကျန်းချင်းအာတို့လက်ထဲမှာ ရင်မဆိုင်နိုင်တဲ့အရာမရှိလောက်အောင် အောင်မြင်ကြော်ကြားလာတော့မှာ....ဒါ့ကြောင့် လော့လန်အိမ်တော်နဲ့ခင်မင်ကြောင်း ဘာလို့ လူသိရှင်ကြား ထုတ်မပြရဲရမှာလဲ......"
မင်းသမီးကြီး၏ ချက်ကျလက်ကျ သုံးသပ်မှုကြောင့် အဖိုးဟွေး တခဏမျှငြိမ်ကြသွားခဲ့လေတယ်.....
" ဒါပေမယ့်..... လော့လန်အိမ်တော်ကို ဆန့်ကျင်ချင်နေတဲ့ အင်အားစုတွေကိုလည်း မေ့မထားသင့်ဘူး မင်းသမီး......လီတိုင်ရွှမ်တို့လင်မယား ချန်ထားခဲ့တဲ့ ဘုရင်အဆင့်လျှို့ဝှက်ချက်ကို စိတ်ဝင်စားနေတဲ့ မြို့စားအဆင့်တွေ မနည်းမနောပဲ.......အခုဆို လော့လန်အိမ်တော်ရဲ့ ကာကွယ်ရေးစနစ်ကလည်း တဖြည်းဖြည်း အားနည်းလာပြီ....ပြီးခဲ့တဲ့တစ္တေပွဲတော်တုန်းကတောင် ကိုယ်ပွားတစ်ခုကျုးကျော်သွားခဲ့သေးတယ်......မင်းသမီး.....လော့လန်အိမ်တော် အရေးကြုံတဲ့အခါ ကျုပ်တို့တွေ တကယ်ကူညီနိုင်ပါ့မလား......"
" ကျွန်မတို့ဘက်က အရင်လက်ဉီးမှု ယူလိုက်ရုံပေါ့.....ခြံစည်းရိုးခွထိုင်နေလို့ကတော့ အတန္တာရာယ်တွေကို လက်ယက်ခေါ်သလိုဖြစ်လာလိမ့်မယ်......"
" ဒါ...ဒါပေမယ့်....မင်းသမီးထင်ထားသလိုမဖြစ်လာရင်ဘယ်လိုလုပ်မလဲ....."
"ဒါဆိုလည်း လော့လန်အိမ်တော်ပျက်စီးသွားတဲ့အပေါ် နောင်တရနေစရာမလိုတော့ဘူးပေါ့.....အကူညီမဲ့နေသူကို ကူညီပေးဖို့ကကျွန်မတို့အပိုင်း....ဒီအကူညီနဲ့မုန်တိုင်းကြမ်းတွေကို ဖြတ်ကျော်ဖို့က သူတို့အပိုင်း......"