← Chapters

အရှိန်အဝါကြီးမားသော

Vol. 21 Ch. 316

အရှိန်အဝါကြီးမားသော

Vol. 21 Ch. 316

လူဆိုးထိန်းဌာနသည် မိစ္ဆာသားကောင်ဂိုဏ်း၏ ထိုလက်ရွေးစင်အကြောင်း အချက်အလက်များကိုလည်း စုံစမ်းထားခဲ့ပြီး ရွှီချင်းထံ ပို့ပေးလိုက်သည်။

ရွှီချင်းသည် တည်ငြိမ်စွာဖြင့် စာကို ဖတ်ကြည့်လိုက်သည်။

“ စီမာလင်းက မိစ္ဆာသားကောင်ဂိုဏ်းရဲ့ လက်ရှိနံပါတ်တစ် ကောင်းကင်လက်ရွေးစင်ပါ။ သူက သက်စောင့်မီးလုံးလေးလုံးကို ထုတ်ဖော်ထားနိုင်ပါတယ်။ သူ့မှာ သက်စောင့်မီးအိမ်မရှိသလို ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်လည်း မရှိပါဘူး။ သူ ကျင့်နေတဲ့အတတ်က ဝိညာဉ်ချုပ်နှောင်မှတ်တမ်း အတတ်ပါ ”

“ စီမာလင်းက မိစ္ဆာတွေအများကြီးကို ခန္ဓာကိုယ်ထဲ ချုပ်နှောင်ထားပါတယ်။ သူက ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သလို တတိယမြောက်တောင်ထိပ်က တတိယမင်းသားကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက တတိယမြောက်တောင်ထိပ်က ပထမမင်းသားနဲ့ လက်ရည်တူယှဉ်ပြိုင်နိုင်ခဲ့ပြီး မနက်ဖန်မနက်ခင်းမှာ ထပ်တိုက်ဖို့ သဘောတူထားပါတယ် ”

“ စုံစမ်းစစ်ဆေးကြည့်ပြီးတဲ့နောက် အဲဒီစီမာလင်းဆိုတဲ့လူက ညဉ့်ငှက်အဖွဲ့အစည်းနဲ့ ပစ္စည်းလဲလှယ်ဖို့ ချီရွှဲ့ထုံဂိုဏ်းကို လာဖို့ ချိန်းဆိုခဲ့တဲ့ အဓိကဝယ်လက်တွေထဲက တစ်ယောက်ပါ ”

“ ဆရာ၊ ဒီကိစ္စကို ကျုပ်တို့ ဘယ်လိုဖြေရှင်းလိုက်ရမလဲ ”

ရွှီချင်း၏မျက်လုံးများ ဝင်းလက်နေပြီး သူက တည်ငြိမ်စွာဖြင့် အသံပို့လွှတ်လိုက်သည်။

“ သူတို့ကို ဖမ်းဆီးလိုက်။ ပြန်ခုခံရင် အင်အားသုံးပြီး လိုအပ်ရင် သတ်ပစ်လိုက် ”

“ ဆရာဌာနမှူးရဲ့အမိန့်ကို နာခံပါတယ် ”

ရွှီချင်း အမိန့်ပေးပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ လူဆိုးထိန်းဌာနခုနစ်ခုက တစ်ခုပြီးတစ်ခု ထွက်သွားကြသည်။ လူဆိုးထိန်းဌာနဂိုဏ်းသားပေါင်းထောင်ချီက ဆိပ်ကမ်းနံပါတ် ( ၇၉ ) သို့ ဦးတည်သွားလေသည်။

ဂိုဏ်းသားအုပ်စုနှစ်စုကို သက်ဆိုင်ရာဌာနမှူးနှစ်ယောက်က ဦးဆောင်ထားသည်။ တစ်ယောက်က ပထမတောင်ထိပ်ရှိ လူဆိုးထိန်းဌာနမှဌာနမှူးဖြစ်ပြီး နောက်တစ်ယောက်က တတိယမြောက်တောင်ထိပ်ရှိ လူဆိုးထိန်းဌာနမှ ဌာနမှူးဖြစ်သည်။ တတိယမြောက်တောင်ထိပ်ရှိ လူဆိုးထိန်းဌာန၏ဌာနမှူးက မိစ္ဆာသားကောင်ဂိုဏ်းမှ ထိုကောင်းကင်လက်ရွေးစင်ကို အလွန်သဘောမကျသည်မှာ သိသာသည်။

ရွှီချင်းသည်လည်း မတ်တတ်ရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာသည်။ သူက မှော်သင်္ဘောကို သိမ်းဆည်းလိုက်ပြီး လေထဲသို့ ပျံတက်ကာ ဆိပ်ကမ်းနံပါတ် ( ၇၉ ) သို့ ဦးတည်သွားသည်။

လမင်းကြီး ထိန်ထိန်သာနေသော ညတစ်ည ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပါသော်ငြား ဆိပ်ကမ်းနံပါတ် ( ၇၉ ) မှာ လရောင်ကြောင့် ဝင်းလက်နေသည်ဟု ဆိုနိုင်သည်။ ကမ်းခြေ၌ ဧရာမသင်္ဘောကြီးတစ်စင်း ရှိသည်။

ထိုသင်္ဘောကြီးသည် ပေတစ်ထောင်ရှည်ပြီး ညအခါတွင် ဧရာမလူ့ဘီလူးကြီးတစ်ကောင်အလား ထင်ရသည်။ သင်္ဘောပေါ်တွင် မြင်းလှည်းများစွာ ရှိနေသည်။

ဆိပ်ကမ်း၌ အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်၍ သင်္ဘောကြီးအား အေးတိအေးစက်ကြည့်နေသည်ကို မြင်နိုင်သည်။

ထိုလူငယ်သည် ( ၂၇ ) နှစ် သို့မဟုတ် ( ၂၈ ) နှစ်ခန့် ရှိသည်။ သူ့မျက်လုံးများသည် ကြယ်များပမာ ဝင်းလက်နေပြီး သူ့ခန္ဓာကိုယ်မှ မိစ္ဆာများ၏ အရှိန်အဝါများ ထွက်နေသည်။ အမှန်စင်စစ် သူ့ပတ်လည်တွင် တခြားနေရာများထက် ဓာတ်နှောများ ပို၍ ထူထပ်သိပ်သည်းသည်။

သူ့မျက်လုံးများသည် အရောင်မတူညီပေ။

ဘယ်ဘက်မျက်လုံးက အနီရောင်ဖြစ်ပြီး ညာဘက်မျက်လုံးက အပြာရောင်ဖြစ်သည်။

ထိုအရောင်မတူညီသော မျက်လုံးများကြောင့် ထိုလူငယ်မှာ သာမန်နှင့်မတူညီဘဲ ကွဲထွက်နေသည်။ အနီးကပ်စစ်ဆေးကြည့်ပါက သူ့မျက်လုံးများထဲတွင် အနီရောင်နှင့် အပြာရောင်မီးတောက်များ အသီးသီး တောက်လောင်နေသော ငရဲဘုံနှစ်ခု ရှိနေသည်ကို မြင်နိုင်သည်။

ထိုမီးပင်လယ်များထဲတွင် ထူးဆန်းသော မြူခိုးများ ရစ်သိုင်းနေပြီး စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်နေသည်။

ထိုအသံကို သာမန်နားဖြင့် မကြားနိုင်ပါသော်လည်း ထိုလူငယ်၏အနီးသို့ ကပ်သွားလိုက်ပါက စိတ်ထဲတုန်ခါသွားပြီး မရေမတွက်နိုင်သော အသံစူးစူးများကို ကြားလာရမည်ဖြစ်သည်။

ထိုလူငယ်သည် မောက်မာဝင့်ကြွားပြီး အေးစက်စက်အမူအရာရှိသည်။ သူသည် တခြားလူ မြင်သွားမှာကို မကြောက်သည့်အလား မျက်နှာကိုပင် ဖုံးမထားပေ။ အကယ်၍ တခြားလူ မြင်သွားပါကလည်း ရေးကြီးခွင်ကျယ်ဖြစ်မည်မဟုတ်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှုရှိနေသည်။

ထိုလူငယ်သည် မိစ္ဆာသားကောင်ဂိုဏ်း၏ ကောင်းကင်လက်ရွေးစင်ဖြစ်သော စီမာလင်းမှလွဲ၍ တခြားလူ မဟုတ်ပေ။

စီမာလင်းရှေ့တွင် ဝတ်စုံနက်ယောက်ျားကြီးဆယ်ယောက်ကျော် ရှိသည်။ ထိုဝတ်စုံနက်ယောက်ျားကြီးများအားလုံး ညဉ့်ငှက်အဖွဲ့ဝင်များ ဖြစ်သည်။ သူတို့သည် မြင့်မားသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပါသော်လည်း အလွန်သတိထားနေကြသည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေရင်း အလုပ်သမားများကိုလည်း မြန်မြန်လုပ်ကြရန် အော်ပြောနေကြသည်။

မနီးမဝေးရှိ အဆောက်အုံတစ်လုံးပေါ်၌ ပိုးဖဲထည်အဝတ်အစားများနှင့် အဘိုးအိုတစ်ဦးရှိသည်။ ထိုအဘိုးအိုသည် လရောင်အောက်တွင်ရပ်၍ ထိုမြင်ကွင်းကို ကြည့်နေသည်။ သူ့ခန္ဓာကိုယ်မှ ရွှေအမြုတေအဆင့်အငွေ့အသက်များ ထွက်ပေါ်နေ၏။

သူ့မျက်လုံးများထဲတွင် စီမာလင်းတစ်ယောက်သာ ရှိသည်။ ကျန်လူများကို သူ ဂရုမစိုက်ပေ။ သူသည် ချီရွှဲ့ထုံဂိုဏ်းသို့ အဖော်အဖြစ် လိုက်ပါလာသော စီမာလင်း၏ တာအိုအစောင့်အရှောက်ဖြစ်သည်။

ထိုအချိန်၌ ညဉ့်လေပြေများ ဆော်သွေးတိုက်ခတ်လာပြီး စီမာလင်း၏ဆံပင်များ တဖျပ်ဖျပ်လွင့်သွားသည်။ သူက ပုလဲနက်တစ်လုံးကို ထုတ်လိုက်ပြီး မကျေနပ်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

“ ဒါပဲလား။ ဒီတစ်ခေါက် မင်းတို့ညဉ့်ငှက်အဖွဲ့အစည်းက ပို့တာ နည်းလှချည်လား ”

“ သခင်လေး စီမာ၊ အဲဒါ ကျုပ်တို့နဲ့ မဆိုင်ပါဘူး။ သခင်လေးက ချီရွှဲ့ထုံဂိုဏ်းမှာ အရောင်းအဝယ်လုပ်ဖို့ ကျုပ်တို့ကို အတင်းအကြပ် ပြောခဲ့တာ။ ချီရွှဲ့ထုံဂိုဏ်းက ကျုပ်တို့ညဉ့်ငှက်အဖွဲ့အစည်းကို အငြိုးထားနေတာ။ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကဆိုရင် ဖမ်းဆီးတာတွေပါ လုပ်ခဲ့သေးတယ် ”

“ တကယ်က ဒီတစ်ခေါက် အခုထက်ပိုပြီး ကျုပ်တို့ ပို့ခဲ့တာ။ ဒါပေမဲ့ အနိမ့်ဆုံး သုံးဆယ်ရာခိုင်နှုန်းအထိကို ချီရွှဲ့ထုံဂိုဏ်းက ရှာတွေ့သွားတယ်။ ချီရွှဲ့ထုံဂိုဏ်းရဲ့ လူဆိုးထိန်းဌာနက ကိုင်တွယ်ရသိပ်ခက်ပါတယ် ”

စီမာလင်း၏ရှေ့ရှိ ဝတ်စုံနက်ဆယ့်နှစ်ယောက်အနက် တစ်ယောက်က ခါးသက်သက်လေသံဖြင့် ပြောလိုက်သည်။

“ လူဆိုးထိန်းဌာနလား ”

စီမာလင်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး အနည်းငယ် ဘဝင်မကျဖြစ်သွားသည်။ မိစ္ဆာသားကောင်ဂိုဏ်း၏ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ဝမ်ကူးဒေသကြီးမှ ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၍ ချီရွှဲ့ထုံဂိုဏ်းကို အစကတည်းက သူ သဘောမကျပေ။ တတိယမြောက်တောင်ထိပ်မှ မင်းသားများကို သူ စိန်ခေါ်ပြီးနောက် ပို၍ အထင်သေးသွားသည်။

လူဆိုးထိန်းဌာနအကြောင်းကိုလည်း ထိုအတောအတွင်း သူ ကြားခဲ့ဖူးသည်။ မကြာသေးခင်က ထိုဌာနက ညဉ့်ငှက်အဖွဲ့ဝင်များကို တက်ကြွစွာ ဖမ်းဆီးခဲ့သည်ကိုလည်း သူ သိခဲ့ရသည်။

“ သခင်လေးစီမာ၊ ကျုပ် တစ်ခုလောက် အကြံပေးပါရစေ။ သခင်လေးအနေနဲ့ ရမ်းကားတာမျိုး မလုပ်ရင် အကောင်းဆုံးပါ။ ချီရွှဲ့ထုံဂိုဏ်းရဲ့ လူဆိုးထိန်းဌာနက တိတိကျကျဆိုရရင် သတ္တမမြောက်တောင်ထိပ်ရဲ့ လူဆိုးထိန်းဌာနက ဌာနမှူးအသစ်ရွှီချင်းကို ပြောင်းလဲလိုက်ကတည်းက သွေးထွက်သံယိုကိစ္စတွေ ဖြစ်လာပါတယ် ”

“ ရွှီချင်းလား၊ ငချွတ်လေးတစ်ကောင်ပါပဲ။ ဘာမှစိတ်ပူနေစရာမလိုပါဘူး။ သူတို့ မလာရင်တော့ ဘာမှမဖြစ်ဘူး။ လာဝံ့ရင်တော့ ဂိုဏ်းခွဲက ဂိုဏ်းသားတွေက ပင်မဂိုဏ်းကြီးရဲ့ကိစ္စတွေမှာ ဝင်ရှုပ်မလား ကြည့်ရသေးတာပေါ့။ မင်းသားတောင်မဖြစ်သေးတဲ့ ရွှီချင်းမပြောနဲ့ သူတို့ပင်မဂိုဏ်းရွှမ်ယုံဂိုဏ်းက ဟွမ်ရီခွန် လာရင်တောင် ကျုပ်ကိစ္စတွေမှာ ဝင်ရှပ်ရဲတာ မဟုတ်ဘူး ”

စီမာလင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ဝတ်စုံနက်လူ ချီတုံချံတုံဖြစ်သွားပြီး ဆက်ပြောရန်ပြင်လိုက်သည်။ ထိုစဉ် အဝေးမှ လေတိုးသံတရွှီရွှီ ထွက်ပေါ်လာသည်။ အချက်ပြမီးကျည်တစ်ခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေထဲတွင် ပေါက်ကွဲသွားကာ ‘凶’ ပုံစံ စာလုံးကြီးတစ်လုံး ပေါ်လာသည်။

အရပ်မျက်နှာအနှံ့မှ လူရိပ်များ ပြေးလွှားလာကြပြီး အေးစက်စက်အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။

“ ညဉ့်ငှက်အဖွဲ့အစည်းနဲ့ ပါဝင်တဲ့လူမှန်သမျှကို ဖမ်းဆီးဖို့ လူဆိုးထိန်းဌာနအနေနဲ့ အမိန့်ရထားပါတယ်။ မပါတဲ့လူတွေ နောက်ဆုတ်ထားပါ ”

ဝတ်စုံနက်များ ကွက်ခနဲ မျက်နှာပျက်သွားကြသည်။ သူတို့ နောက်ဆုတ်လိုက်စဉ် သူတို့ထံသို့ လူဆိုးထိန်းဌာနဂိုဏ်းသားများ တဟုန်ထိုး ပြေးလာကြသည်။ ထိုစဉ် စီမာလင်းက ရယ်သွမ်းသွေးလိုက်ပြီး ရှေ့တစ်လှမ်းတိုးသွားသည်။

“ အတင့်ရဲလှချည်လားကွ ”

သူ့ခြေလှမ်းများ မြေပြင်သို့ ကျသွားစဉ် သူ့ကိုယ်ထဲမှ သက်စောင့်မီးလုံးလေးလုံး ချက်ချင်း တောက်လောင်လာသည်။ သူ့ကိုယ်မှ ကောင်းကင်နှင့်မြေပြင်ကို တုန်ဟီးသွားစေနိုင်သော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သူ တစ်လှမ်း လှမ်းလိုက်စဉ် တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။ အဝေးမှ ပြေးလွှားလာနေကြသော လူဆိုးထိန်းဌာနအဖွဲ့ဝင်များ သွေးအန်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လွင့်သွားကြသည်။

မုန်တိုင်းက စီမာလင်းကို ဗဟိုပြု၍ တိုက်ခတ်နေ၏။

“ ကုန်တွေကို သင်္ဘောပေါ် ဆက်တင်လိုက်ကြ ”

စီမာလင်းသည် မျက်နှာများပျက်ကာ ရှေ့ဆက်မတိုးဝံ့ကြတော့သော လူဆိုးထိန်းဌာနမှဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အထင်သေးဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုဂိုဏ်းသားများထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများကိုလည်း သူ မြင်လိုက်၏။

ဖြုံလောက်သော ကျင့်ကြံခြင်းအဆင့်နှင့် လူနှစ်ယောက်ပင် ရှိသည်။ တစ်ယောက်ထံတွင် တိမ်လွှာဓားဂိုဏ်းမှ အရှိန်အဝါရှိနေပြီး တခြားတစ်ယောက်ထံတွင် မိစ္ဆာသားကောင်ဂိုဏ်း၏ ထူးဆန်းသောအငွေ့အသက်များ ရှိနေသည်။ ထိုနှစ်ယောက်သည် ပထမတောင်ထိပ်နှင့် တတိယမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနများ၏ ဌာနမှူးများ ဖြစ်ကြသည်။ ထိုအချိန်၌ သူတို့သည် တစ်စုံတစ်ခုကို စောင့်နေသည့်အလား တစ်ယောက်မှ အနီးကပ်မသွားကြပေ။

ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်ခုနစ်လုံးမှ ကျင့်ကြံနေသော ကျင့်ကြံခြင်းအတတ်များသည် အမှန်စင်စစ် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ကျင့်ကြံခြင်းအတတ်များ ဖြစ်သည်။ သို့သော်လည်း သူတို့၏ကျင့်ကြံခြင်းအဆင့်များ သိသိသာသာ ပိုနိမ့်ကျသည်။

“ ဂိုဏ်းက ဘာတွေကို စိုးရိမ်နေတာလဲ နားမလည်တော့ဘူး။ ဒီကောင်တွေက အသုံးမကျတဲ့ကောင်တွေပဲကို ”

စီမာလင်းသည် အလွန်မောက်မာဝင့်ကြွားသော စရိုက်ရှိသူဖြစ်သည်။ သူ့ဂိုဏ်းထဲမှာလည်း ထိုသို့ပင်ဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာသောအခါတွင် ပိုဆိုးသည်။

ဘေးပတ်လည်ရှိ ညဉ့်ငှက်အဖွဲ့ဝင်များနှင့်တခြားသူများမှာ တုန်ရီနေခဲ့ကြပြီး ချီရွှဲ့ထုံဂိုဏ်း၏ လူဆိုးထိန်းဌာနမှ ဖမ်းဆီးခြင်းခံလိုက်ရမည်ကို ကြောက်လန့်နေခဲ့ကြသည်။ ထိုအချိန်၌ လူဆိုးထိန်းဌာနအား ခြိမ်းခြောက်လိုက်သည်ကို မြင်၍ သူတို့ စိတ်သက်သာရာရသွားသည်။ တချိန်တည်းမှာပင် လူဆိုးထိန်းဌာနမှာ အထင်ကြီးစရာတစ်ကွက်မှ မရှိကြောင်း သူတို့ ခံစားလိုက်ရသည်။ ပင်မဂိုဏ်းကြီးကို မြင်ပြီးနောက် ချီရွှဲ့ထုံဂိုဏ်းသားများ ဦးညွှတ်နေကြရမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် သူတို့သည် ဂရုမစိုက်ဘဲ သင်္ဘောပေါ်သို့ မြင်းလှည်းများ ဆက်တင်လိုက်ကြသည်။ ထိုစဉ် အဝေးမှ အနက်ရောင်အလင်းတန်းတစ်တန်း တိတ်တဆိတ် ပျံသန်းလာသည်။ ၎င်းသည် အနက်ရောင်မိုးကြိုးပစ်ခတ်လိုက်သည့်အလား မြန်ဆန်သည်။

ထိုအနက်ရောင်အလင်းတန်းမှာ မိုးကြိုးတစ်စင်းဟူ၍ပင် ဆိုနိုင်သည်။

၎င်းက တခဏလေးအတွင်း အနီးသို့ ရောက်လာပြီး ဝတ်စုံနက်တစ်ယောက်၏ လည်ပင်းကို ထိုးဖောက်သွားသည်။ သူ စူးစူးဝါးဝါး မအော်နိုင်ခင်မှာပင် ထိုအနက်ရောင်အလင်းတန်းက လျင်မြန်စွာ ပျံသန်းသွားပြီး ဝတ်စုံနက်ခုနစ်ယောက်၊ ရှစ်ယောက်၏ လည်ပင်းများကို ထိုးဖောက်သွားသည်။

ထို့နောက် အလင်းတန်းက သံတုတ်နက်လေးအဖြစ် ပြောင်းလဲသွားသည်။ သံတုတ်နက်လေးပေါ်မှ လျှပ်စီးကမ္ပည်းစာများမှာ တဖျပ်ဖျပ်ဝင်းလက်နေပြီး လျှပ်စီးကွန်ခြာအဖြစ် အဖက်ဖက်သို့ ဖြာကျသွားသည်။

ထိုအခါ သွေးပျက်ခမန်းအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ညဉ့်ငှက်အဖွဲ့ဝင်များ မျက်နှာပျက်သွားကြသည်။

စီမာလင်း၏ မျက်ခုံးမွေးနှစ်ဖက် အပေါ်သို့ ပင့်တက်သွားပါသော်လည်း သံတုတ်နက်လေးကို သူ အာရုံမစိုက်ပေ။ ထိုအစား အဝေးသို့ သူ လှမ်းကြည့်လိုက်သည်။

သူ လှမ်းကြည့်လိုက်သည့်အရပ်၌ မိုဆာဆောကိုစီး၍ လူတစ်ယောက် ချဉ်းကပ်လာနေသည်။

မိုဆာဆော၏ခေါင်းပေါ်ရှိ ထိုလူသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဆံပင်ရှည်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး တုဖက်ကင်းအောင် ချောမောခံ့ညားသောမျက်နှာ ပေါ်လာသည်။ သူသည် မယုံနိုင်စရာကောင်းလောက်အောင် ချောမောလှသည်ဖြစ်၍ မြင်သူတိုင်း လေးစားစိတ်ဖြင့် တအံ့တသြ ဖြစ်သွားရမည်သာ ဖြစ်သည်။

အေးစက်ပြီး မာနကြီးဟန်မျက်လုံးများက အလေးထားစရာတစ်ခုမျှ မရှိသည့်ဟန်တူသည်။ သူ၏နက်မှောင်သောမျက်လုံးများထဲတွင် ပကတိတည်ငြိမ်ခြင်းများဖြင့် ပြည့်နေပြီး တဖြည်းဖြည်း သူ နီးကပ်သွားသည်။

ညဉ့်လေပြေ ဆော်သွေးတိုက်ခတ်သွားပြီး နက်မှောင်သောဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်သွားရာ သူ့ပုံစံက တန်ခိုးရှင်တစ်ပါးအလားပင်။

သူ ရောက်သွားသည့်အခါ ဆံပင်များ ထောင်ထသွားစေနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်တစ်ခု သူ့ကိုယ်မှ ပျံ့လွင့်လာပြီး သူ့မျက်လုံးများက ပို၍ပင် တည်ငြိမ်လာသည်။

သူသည် အရာအားလုံးကို ချိုးနှိပ်ကာ ဖျက်ဆီးပစ်နိုင်သည့်အလားပင်။

စီမာလင်း၏ မျက်လုံးများ အနည်းငယ် မှေးသွားသည်။

တချိန်တည်းမှာပင် အစောပိုင်းက ဖိအားပေးခံခဲ့ရပြီး ရှေ့မတိုးဝံ့သော လူဆိုးထိန်းဌာနအဖွဲ့ဝင်များအားလုံး ဒူးထောက်ကာ သံပြိုင်ဟစ်ကြွေးလိုက်သည်။

“ ဌာနမှူးကို နှုတ်ဆက်ပါတယ် ”

သူတို့အသံများသည် မိုးခြိမ်းသံအလား အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။ အထူးသဖြင့် သတ္တမမြောက်တောင်ထိပ်မှ အဖွဲ့ဝင်များပင်။ သူတို့အားလုံး သံကုန်အော်ဟစ်လိုက်ကြပေရာ ညဉ့်ငှက်အဖွဲ့ဝင်များအားလုံး တုန်ရီသွားကြသည်။

ပထမမြောက်တောင်ထိပ်နှင့် တတိယမြောက်တောင်ထိပ်မှ ဌာနမှူးများသည်ပင် သက်ပြင်းချလိုက်ကြပြီး လက်နှစ်ဖက်ဆုပ်လိုက်ကြသည်။

“ ငါ မင်းကို အကြံတစ်ခုပေးမယ်။ ငါ့ကိစ္စထဲ ဝင်မရှုပ်နဲ့ ”

စီမာလင်း၏ မျက်လုံးများထဲတွင် ရန်လိုသောအရိပ်အယောင်တစ်ခု ပေါ်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

ရွှီချင်းသည် သူ့ကို မကြည့်ပေ။ ထိုအစား နှုတ်ဆက်နေသော ပထမတောင်ထိပ်နှင့် တတိယမြောက်တောင်ထိပ်မှ ဌာနမှူးများကို ပြန်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ လူဆိုးထိန်းဌာနက အဖွဲ့ဝင်တို့ ဒီကောင်တွေကို ဖမ်းဆီးကြ ”

“ ဆရာဌာနမှူးရဲ့အမိန့်ကို နာခံပါတယ် ”

တခဏလေးအတွင်း လူဆိုးထိန်းဌာနမှအဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ညဉ့်ငှက်အဖွဲ့ဝင်များထံ ဝင်ရောက်သွားသည်။ ဂိုဏ်းသားတချို့က သင်္ဘောကြီးပေါ်သို့ပင် ခုန်တက်လိုက်ကြသည်။ မကြာခင် တိုက်ပွဲကြီးတစ်ပွဲ ပေါ်ပေါက်လာသည်။

ညဉ့်ငှက်အဖွဲ့ဝင်များ တုန်ရီနေကြ၏။ ရွှီချင်း ပေါ်လာသည်ကို သူတို့မြင်သည့်အခိုက်မှာပင် သူတို့အားလုံး စိတ်ထဲမှ ကျိန်ဆဲနေခဲ့ကြသည်။ နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဆိုသောအသိဖြင့် အမြန်ထွက်ပြေးသွားကြသော ညဉ့်ငှက်အဖွဲ့ဝင်အနည်းငယ်ပင် ရှိခဲ့သည်။ သို့သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လူဆိုးထိန်းဌာနက ပိတ်ဆို့ထားလိုက်ပြီဖြစ်၍ မျက်တောင်တစ်ချက်ခတ်အတွင်း သတ်ဖြတ်သံများ ပေါ်ထွက်လာသည်။

“ ရွှီချင်း၊ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ ”

ရွှီချင်းက လျစ်လျူရှုထားသည်ကို မြင်၍ စီမာလင်း၏ရင်ထဲ လူသတ်ချင်စိတ်များ တောက်လောင်လာသည်။ သူ့တစ်ကိုယ်လုံး တဝုန်းဝုန်းမြည်ဟည်းလာပြီး သူ၏ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူသည် လျှပ်စီးတန်းအသွင်ဖြင့် ရွှီချင်းထံ တမုဟုတ်ချင်း ပြေးဝင်သွားသည်။ သူ့ညာလက်က လက်သည်းချွန်တစ်ခုဖြစ်သွားပြီး ရွှီချင်း၏မျက်လုံးများကို ကြမ်းတမ်းစွာ လှမ်း၍ ကုတ်ဆွဲလိုက်သည်။

All Chapters