စီမာလင်းကို ချုပ်နှောင်ခြင်း
Vol. 21 Ch. 317
ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းအား အာဏာပြရန် ဆုံးဖြတ်လိုက်ကတည်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော မိစ္ဆာသားကောင်ဂိုဏ်းသည်လည်း အစွမ်းထက်တပည့်တစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုသို့ စေလွှတ်ခံရသူသည် မိစ္ဆာသားကောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းအနေဖြင့် ဂုဏ်သိက္ခာက အလွန် အရေးကြီးသည်။ ယင်းသည် ဂိုဏ်း၏အဆင့်အတန်း၊ နောင်တွင် ရရှိမည့််အကျိုးအမြတ်များနှင့် ဆက်စပ်နေသည်။
အားနည်းသူများမှာ ရက်စက်ကြမ်းတမ်းသော ဤလောကကြီးထဲ အသက်ရှင်ရပ်တည်ရန် အရည်အချင်းမပြည့်မီပေ။
သို့ဖြစ်ပေရာ မိစ္ဆာသားကောင်ဂိုဏ်း၏ နံပါတ်တစ် ကောင်းကင်လက်ရွေးစင်တစ်ယောက်ဖြစ်၍ တိုက်ရည်ခိုက်ရည်အရဖြစ်စေ၊ ကျင့်ကြံခြင်းအခြေခံအရဖြစ်စေ၊ တိုက်ပွဲအတွေ့အကြုံအရဖြစ်စေ ဂိုဏ်း၏အကူအညီဖြင့် စီမာလင်းမှာ အဖက်ဖက်မှ ပြည့်စုံနေပြီ ဖြစ်သည်။
ထိုအချိန်၌ သူ၏အေးစက်တင်းမာသောအသံ ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း သူ့လက်က ရွှီချင်း၏ရှေ့သို့ ရောက်သွားကာ ရွှီချင်း၏မျက်လုံးများထဲ ဖောက်ဝင်သွားတော့မည်ဖြစ်သည်။ သို့သော်လည်း သူ့ကို စောင့်ကြိုနေသည်မှာ ရွှီချင်း၏ အေးစက်တင်းမာသောအကြည့်နှင့် ရွှီချင်း၏ကိုယ်ထဲမှ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ ဖြစ်သည်။
ရွှီချင်း၏ တိုက်ရည်ခိုက်ရည်၊ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲအတွေ့အကြုံများသည် အဆိပ်မွေးမြူသည့်ပတ်ဝန်းကျင်နှင့် သတ်ဖြတ်ခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် တိုက်ပွဲများကို ရှုံးသည့်တိုင်အောင် အသက်မသေနိုင်သော ဘေးကင်းလုံခြုံသည့်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရသည့် စီမာလင်းကဲ့သို့ မဟုတ်ပေ။ သူ၏ယခင်က အတွေ့အကြုံများနှင့် တိုက်ပွဲများတွင် တစ်ကြိမ်မှားသည်နှင့် အသက်ကို ပေးဆပ်လိုက်ရမည် ဖြစ်သည်။
သို့ဖြစ်၍ သူ၏အတွေ့အကြုံများမှရရှိခဲ့သော သင်ခန်းစာများသည် ဘယ်တော့မှ မမေ့နိုင်လောက်အောင် ဖြစ်ပေသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရွှီချင်း ထုတ်ဖော်လိုက်သည်။ သူ့ကိုယ်ထဲမှ ဓမ္မတံခါး ( ၈၂ ) ခုက ဧရာမမီးဖိုကြီး ( ၈၂ ) ခုအလား တဟုန်းဟုန်း တောက်လောင်နေသည်။ တချိန်တည်းမှာပင် သူ့ကျောပေါ်မှ ရွှေကျီးကန်းမှင်ကြောင်သည်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက် အပူဓာတ်ကို ထုတ်လွှတ်လိုက်ရာ သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးလေးလုံးအဆင့််သို့ တန်းရောက်သွားသည်။
ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ဖြင့် အားဖြည့်ထားသော သူ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလောက်သော ခွန်အားရှိသည်။
ထို့အပြင် မြောင်ချန်ကို တိုက်ခိုက်ခဲ့သည့်အချိန်ကထက် ဓမ္မတံခါး ( ၂၀ ) နီးပါး ပို၍ ဖွင့်နိုင်ခဲ့ပြီဖြစ်ရာ သူ့ကိုယ်ထဲမှ ဓမ္မစွမ်းအားများသည် အားကောင်းပြီး သက်စောင့်မီးလုံးများက စွမ်းအားများစွာ ထုတ်လွှတ်လာသည်။ သူက ဖျက်ဆီးနိုင်သောစွမ်းအားများ ကိန်းအောင်းနေသည့် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။
ထိုလက်သီးချက်သည် စီမာလင်း၏ ညာလက်ကို ဝင်တိုက်သွားသည်။
ဝုန်းခနဲ မြည်ဟည်းသံ ပေါ်ထွက်လာသည်။ ဘေးပတ်လည်ရှိ ပင်လယ်ရေများ ပေါက်ကွဲသွားပြီး ကမ်းခြေမှ မြေပြင်မှာ အက်ကွဲသွားကာ အပူလှိုင်းများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ စီမာလင်းသည် ကွက်ခနဲ မျက်နှာပျက်သွားပြီး လေးနက်သောအကြည့်ဖြင့် နောက်ဆုတ်လိုက်သည်။
ရွှီချင်း၏အတိုက်အခိုက်စွမ်းရည်က ထိုအဆင့်အထိ ရောက်နေလိမ့်မည်ဟု သူ မျှော်လင့်မထားသည်မှာ သိသာသည်။ ထိုအတိုက်အခိုက်စွမ်းရည်က သာမန်မဟုတ်သော်လည်း မည်သည့်သဲလွန်စကိုမျှ သူ အာရုံမခံမိပေ။ သူ အာရုံခံမိသည်မှာ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ သိပ်သည်းထူထပ်သော မီးတောက်များသာ ဖြစ်သည်။ ကျန်အရာအားလုံး သူ့အာရုံထဲ ဝေဝါးနေ၏။
“ မင်း …”
စီမာလင်း စကားမပြောနိုင်ခင် ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ ရှေ့တစ်လှမ်းတိုးသွားသည်။ သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်ပြီး ချက်ချင်း အနီးသို့ ရောက်သွားသည်။ ညာလက်ကို သူ မြှောက်လိုက်သောအခါ မိစ္ဆာမီးတောက်က ဓားတစ်လက်ဖြစ်သွားပြီး စီမာလင်း၏လည်မျိုကို အညှာအတာမဲ့စွာ ပိုင်းဖြတ်လိုက်သည်။
စီမာလင်း၏မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်လိုက်ပြီး သူ့ဗိုက်ပေါ်သို့ ဖိချလိုက်သည်။ ရွှီချင်း၏ဓားမြှောင်ရောက်လာသည့်အခိုက် သူ၏ပါးစပ် ပွင့်သွားပြီး အော်ဟစ်လိုက်သည်။
ထိုအော်ဟစ်သံတွင် ထူးဆန်းသောစွမ်းအားများ ကိန်းအောင်းနေသည်။ ထိုအသံ လွင့်ပျံသွားသည့်အခိုက် စီမာလင်း၏ခန္ဓာကိုယ်ပေါ်မှာ တစ်ခုနှင့်တစ်ခု ထပ်နေသော အရိပ်များစွာ ပေါ်လာသည်။ စီမာလင်း၏ကိုယ်ထဲမှ စုတ်ပြတ်နေသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် ပုပ်ပွနေသော လူရိပ်တစ်ခု ပျံထွက်လာပြီး ရွှီချင်းကို ခုန်အုပ်လိုက်သည်။
ထို့နောက် ရွှီချင်း၏ခြေထောက်အောက်ရှိ အရိပ်လေးမှာ ချက်ချင်း ယမ်းခါလာပြီး တစ်ယောက်မှ မမြင်နိုင်သော သစ်ပင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ပါးစပ်ကြီးဟလိုက်ပြီး အရူးအမူး စုပ်ယူလိုက်ရာ ဝိုးတဝါးမိစ္ဆာအရိပ်မှာ ပျက်စီးသွားသည်။ တချိန်တည်းမှာပင် ထိုအခြေအနေကို အခွင့်အရေးယူ၍ အနက်ရောင်လျှပ်စီးတန်းတစ်တန်းက စီမာလင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။
ထိုဖြစ်ရပ်ကြောင့် စီမာလင်း မျက်မှောင်ကြုတ်သွားသည်။ သူက အလျင်အမြန် နောက်ဆုတ်လိုက်ရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ အပြာရောင်အကြေးခွံ ပျံထွက်လာပြီး သံတုတ်နက်၏ရှေ့မှာ ကာထားလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားပြီး အကြေးခွံထံမှ မီးခိုးရောင်အမျှင်တန်းများ မရေမတွက်နိုင်အောင် ထွက်လာပြီး သံတုတ်နက်လေးကို ရစ်ပတ်သွားကာ ဆက်မတိုးနိုင်ရန် ဟန့်တားလိုက်သည်။
သို့သော်လည်း ၎င်းမှာ သံတုတ်နက်လေးထံမှ ပေါက်ကွဲထွက်နေသော လျှပ်စီးများကို စီမာလင်းထံ မရောက်အောင် မဟန့်တားနိုင်ပေ။
စီမာလင်းက ရှောင်တိမ်းရန်ပြင်လိုက်စဉ် ရွှီချင်းသည် အနီးသို့ ရောက်သွားပြီး လက်ဝါးဖြင့် ပိတ်ရိုက်လိုက်သည်။ ရွှီချင်း၏ကိုယ်ထဲမှပြင်းထန်သော မီးပင်လယ်ပြန့်ကားလာပြီး လက်ဝါးအရိပ်ဖြစ်သွားကာ စီမာလင်းကို ရိုက်ချလိုက်သည်။
ဘုန်း
စီမာလင်း၏ရင်ထဲ တုန်ရီသွားပြီး ထပ်မံနောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ သို့သော်လည်း သ့ူမျက်လုံးများထဲမှာ ယုတ်မာကောက်ကျစ်သောအရိပ်အယောင်များ ရှိနေဆဲပင်။ သူက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် မီးလက်ဝါးထဲမှ ရွှေကျီးကန်း၏အရိပ် ဘွားခနဲ တွားသွားထွက်လာပြိး သူ့ကို အရူးအမူး စုပ်ယူလိုက်သည်။
“ ဒီပညာရပ်က … ”
စီမာလင်း၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး သူ့စိတ်ထဲ ခံစားချက်လှိုင်းများ ရိုက်ခတ်သွားသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ သူ့ဗိုက်ထဲမှ ဆံချည်မျှင်များ အလျင်အမြန် ထွက်လာပြီး အတားအဆီးတစ်ခုအသွင်ဖြင့် သူ့ကို ဝန်းရံလိုက်သည်။
မရေမတွက်နိုင်သော ဆံပင်များ၏ ကာကွယ်ခြင်းခံထားရသည့် စီမာလင်းသည် ရွှီချင်း၏ အစွမ်းများကြောင့် နောက်သို့ လွင့်သွားကာ မြေပြင်ကို ဘုန်းခနဲ ရိုက်သွားသည်။
ရွှီချင်းသည် နောက်မဆုတ်ဘဲ ရှေ့တက်သွားကာ လက်သီးဖြင့် ထိုးလိုက်သည်။
ရွှီချင်း၏လက်သီးချက် ကျရောက်သွားတော့မည့်အခိုက် စီမာလင်း၏ ကိုယ်ပေါ်မှ အမွေးများ တစ်ပြိုင်နက်တည်း ပျံထွက်လာပြီး မြားများအလား ရွှီချင်းထံ ပြေးဝင်သွားသည်။
တဖပ်ဖပ်မြည်သံများနှင့်အတူ ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ ဆံပင်များ စိုက်ဝင်သွားသည်။ သို့သော် ရွှီချင်းသည် မျက်နှာတစ်ချက် ပျက်မသွားပေ။ ပုံမှန်အတိုင်း တည်ငြိမ်သောအမူအရာဖြင့် ထိုဆံပင်များကို ကြမ်းတမ်းစွာ ဆွဲနှုတ်လိုက်သည်။
စီမာလင်းက အတင်းအကြပ် တရွတ်တိုက်သွားလိုက်သည်။ သူက အော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်မျက်နှာနှင့် အစွယ်များရှိသော မိစ္ဆာတစ်ကောင် ပေါ်လာသည်။ ထိုမိစ္ဆာက ရွှီချင်းကို လှမ်းခုန်အုပ်ရန် ပြင်လိုက်စဉ် ရွှီချင်းက စီမာလင်းကို သူ့ရှေ့သို့ ဆွဲယူလိုက်သည်။
ရွှီချင်းသည် မိစ္ဆာကို လျစ်လျူရှုကာ စကားတစ်ခွန်းမဆိုဘဲ စီမာလင်း၏မျက်နှာကို အညှာအတာမဲ့စွာ ခေါင်းဖြင့် တိုက်ချလိုက်သည်။
ရွှီချင်း၏ တိုက်ခိုက်သည့်နည်းလမ်းက ရက်စက်ကြမ်းကြုတ်မှုအပေါ်တွင် အမြဲအခြေခံထားသည်။ ရူးမိုက်သောခေါင်းဆောင်ပင် ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။
အစိမ်းရောင်မျက်နှာနှင့်မိစ္ဆာသည် ရွှီချင်း၏ခေါင်းတိုက်ချက်ကြောင့် စီမာလင်း၏ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားသည်။ သူနှင့်ရွှီချင်းအကြားရှိ ဆံပင်သည်လည်း ပျက်စီးသွားသည်။
သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် သူ အံ့သြတုန်လှုပ်သွားရပါသော်လည်း မျက်နှာပေါ်တွင် ထိုအမူအရာကို မပြသပေ။ သူ့မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ပြည့်နေပြီး သူ့ပါးစပ်က သွေးဆာနေသော အပြုံးတစ်စအသွင် ကွေးညွတ်သွားသည်။
“ ငါ မင်းကို လျော့တွက်ထားမိတာပဲ။ ဒါပေမဲ့ ဒါက သွေးပူလေ့ကျင့်ခန်းလုပ်တဲ့အဆင့်ပဲ ရှိသေးတယ် ”
စီမာလင်းသည် ပြောရင်းဆိုရင်း ညာလက်ကို မြှောက်၍ သူ့မျက်ခုံးမွေးနှစ်ခုကြားရှိနေရာကို ဖိချလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး သူ့မျက်လုံးများထဲရှိ လောကထဲမှ မိစ္ဆာများအားလုံး ပျောက်ကွယ်သွားသည်။ နောက်ဆက်တွဲအနေဖြင့် သူ့ခန္ဓာကိုယ်မှာ ဖောင်းကားလာပြီး သူ့အရေပြားပေါ်တွင် ထူးဆန်းသောမျက်နှာများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ထဲမှာ မိစ္ဆာများစွာ ချုပ်နှောင်ထားခဲ့သည်။ ယခု ထိုမိစ္ဆာများ ပေါ်ထွက်လာသောအခါ သူ့အရှိန်အဝါက ဆက်လက်မြင့်တက်လာသည်။ မြင့်မားသောအပူရှိန်ကြောင့် လေထုကြီး တွန့်လိမ်ရှုံ့တွလာပြီး ဘေးရှိ ပင်လယ်ရေများသည်ပင် မြင့်တက်နေသည်။
အမှန်စင်စစ် မြေပြင်သည်ပင် အက်ကွဲနေသည့်လက္ခဏာများ ပေါ်လာသည်။
ပြင်းထန်လွန်းလှသော ဖိအားက မုန်တိုင်းတစ်ခုအသွင်ပြောင်းလဲကာ အဖက်ဖက်သို့ တိုက်ခတ်သွားာသည်။ ဘေးပတ်လည်ရှိ လူဆိုးထိန်းဌာနမှ အဖွဲ့ဝင်များနှင့် ညဉ့်ငှက်အဖွဲ့အစည်းဝင်များအားလုံး သွေးများအန်ကာ ထိတ်လန့်တုန်လှုပ်နေသည့်အမူအရာများဖြင့် နောက်ဆုတ်လိုက်ကြသည်။
မကြာသေးခင်က စီမာလင်း ရှေ့တစ်လှမ်း တက်ခဲ့စဉ်အခါက သူ့အရှိန်အဝါဖြင့် ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်ခြင်းသာ ဖြစ်သည်။ ယခုအချိန်၌ သူ့အစွမ်းအားလုံးကို အသုံးပြုလိုက်သောအခါ လူအားလုံး နောက်ဆုတ်သွားရသည်သာမက သူတို့၏စိတ်ထဲ တဝုန်းဝုန်းမြည်ဟည်းနေကာ သူတို့ခန္ဓာများနှင့် ဝိညာဉ်များ လောင်ကျွမ်းသွားသည်။
သူတို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
ထိုဖြစ်ရပ်သည် လူအားလုံး၏စိတ်များကို တုန်ခါသွားစေသည်။ အထူးသဖြင့် ပထမမြောက်တောင်ထိပ်နှင့် တတိယမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနများ၏ ဌာနမှူးများပင်။ သက်စောင့်မီးလုံးနှစ်လုံး ကျင့်ကြံသူများဖြစ်၍ သူတို့ ပို၍ပင် အာရုံခံနိုင်သည်။ သူတို့ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးလုံးများမှာ အတင်းအကြပ် မီးငြိမ်းသွားတော့မည့်လက္ခဏာများ ပြသလာသည်။
စီမာလင်းက အလွန်အစွမ်းထက်သည်ကို သူတို့ သိထားပြီးဖြစ်ပါသော်လည်း ယခုဖြစ်ရပ်ကြောင့် တုန်လှုပ်သွားရဆဲပင်။
ရွှီချင်းသည်သာ ပုံမှန်အတိုင်း တည်ငြိမ်သောအမူအရာဖြင့် စီမာလင်းကို ကြည့်လိုက်သည်။
“ မင်းအကြည့်ကို ငါ သဘောမကျဘူး ”
ထိုအချိန်၌ စီမာလင်း၏ တစ်ကိုယ်လုံး ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်အလား ဖြစ်နေပြီး သူ လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုအချိန်၌ သူ ကွက်ခနဲ မျက်နှာပျက်သွားပြီး သူ့ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ့တစ်ကိုယ်လုံး ပကတိမျက်စိနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း မည်းနက်လာပြီး တစ်ခါမှ မကြုံဖူးသော ပြင်းထန်သည့်နာကျင်မှုကို သူ ခံစားလိုက်ရသည်။
ယင်းမှာ ပိုးကောင်နက်များပင်။
ရွှီချင်း တိုက်ခိုက်လိုက်သည့်အချိန်ကတည်းက မရေမတွက်နိုင်သော ပိုးကောင်နက်များသည် ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့နေခဲ့ပြီး စီမာလင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် ရွှီချင်း၏ တိကျသောတိုက်ခိုက်မှုများအောက်တွင် ၎င်းတို့သည် အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီး တိတ်တဆိတ် တိုးဝင်သွားခဲ့သည်။
စီမာလင်း၏ခန္ဓာကိုယ်ထဲ ရောက်သွားသည်နှင့် စီမာလင်း၏ ကိုယ်တွင်းအင်္ဂါများကို အရူးအမူး ကိုက်လိုက်ကြပြီး ဓာတ်နှောများနှင့် အဆိပ်များလည်း ထုတ်လွှတ်လိုက်ကြသည်။
စီမာလင်းကို မဆိုထားဘိ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ပင် သူ့ကိုယ်ထဲ ပိုးကောင်နက်များ ဝင်သွားပြီးနောက် မျက်နှာပျက်သွားခဲ့သည်။ စီမာလင်း တုန်လှုပ်နေစဉ် ယခုလေးတင် သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ခဲ့သည် မိစ္ဆာမျက်နှာများသည်လည်း စူးစူးဝါးဝါးအော်ဟစ်လိုက်ကြသည်။ တချိန်တည်းမှာပင် တချို့မိစ္ဆာများမှာ သက်စောင့်အားများ ရရှိသွားဟန်တူပြီး သူ့ကိုယ်ထဲမှ အလုအယက်ထွက်ရန် ပြင်လိုက်ကြသည်။
ထိုဖြစ်ရပ်ကြောင့် စီမာလင်းမှာ ချက်ချင်း တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှာ ဓာတ်နှောများ ရုတ်တရက် များပြားလာခြင်းကြောင့် ချုပ်နှောင်ထားသော မိစ္ဆာများအား ထိန်းချုပ်မှုကင်းမဲ့သည့်လက္ခဏာများ ပြသလာခြင်းဖြစ်သည်ကို သူ သိသည်။
အဆိပ်များကြောင့်လည်း သူ မူးဝေနောက်ကျိလာပြီး သူ့ခန္ဓာကိုယ် အားနည်းလာသည်။ သူ သွေးပျက်ခမန်း စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သွေးတစ်ပွက်စာ အန်ထုတ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးများထဲမှာ ကြောက်ရွံ့ထိတ်လန့်သည့်အရိပ်အယောင်များ ပေါ်လာပြီး ထွက်ပြေးရန် အလျင်အမြန် နောက်ဆုတ်လိုက်သည်။
“ ကျုပ်ကို ကယ်ပါဦး ”
စီမာလင်း၏အသံက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ ညဉ့်ငှက်အဖွဲ့ဝင်များနှင့် လူဆိုးထိန်းဌာနဂိုဏ်းသားများသည်လည်း တအံ့တသြ ဖြစ်သွားကြသည်။ သူတို့အားလုံး ရွှီချင်းကို တုန်လှုပ်နေသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ရွှီချင်းက အစွမ်းထက်သည်ကို သူတို့ သိထားခဲ့ပြီး စီမာလင်းကို ဖမ်းဆီးရန် အမိန့်ပေးဝံ့သည်မှာ တစ်ခုခုကို အားကိုး၍ ဖြစ်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။ သို့သော်လည်း ရွှီချင်းက သက်စောင့်မီးလုံးလေးလုံးကို ထုတ်ဖော်နိုင်သည့် ဝမ်ကူးဒေသမှ ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ ဖိနှိပ်နိုင်လောက်သောအဆင့်အထိ ရောက်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ထိုကောင်းကင်လက်ရွေးစင်များသည် ထိုရက်များအတွင်း တောင်ထိပ်အသီးသီးမှ မင်းသားများကို စိန်ခေါ်နေခဲ့သည်။ သူတို့၏နာမည်ဂုဏ်သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်နေခဲ့ပြီး ချီရွှဲ့ထုံဂိုဏ်းသားများကို ခေါင်းမမော့နိုင်အောင် ဖိနှိပ်ထားခဲ့သည်။
သို့သော်လည်း ယနေ့ ထိုအရာများအားလုံး ပြောင်းလဲသွားတော့မည့်ဟန်တူသည်။
ရွှီချင်း၏ တိုက်ခိုက်မှုနှင့် စီမာလင်း၏ အော်ဟစ်အကူအညီတောင်းသံနောက်တွင် မနီးမဝေးတစ်နေရာမှ အေးစက်စက်နှာမှုတ်သံ ပျံ့လွင့်လာပြီး လူအားလုံး၏စိတ်ထဲ တုန်ခါသွားကြသည်။
“ ရဲတင်းလှချည်လား ”
ထိုအသံပဲ့တင်ထပ်လာပြီး မရှေးမနှောင်းမှာပင် တိုက်ပွဲကို စောင့်ကြည့်နေသည့် စီမာလင်း၏ တာအိုအစောင့်အရှောက်သည် ခေါင်မိုးပေါ်တွင် ရပ်နေရာမှ ရွှီချင်းကို အေးတိအေးစက်ကြည့်ကာ လျှောက်လာရန်ပြင်လိုက်သည်။
“ ခွေးကောင်လေး၊ မင်းကို ချုပ်နှောင်ရမယ် ”
ရွှီချင်းက ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအဘိုးအိုကို သူ အာရုံခံမိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုအချိန်၌ သူ၏ညာလက် မြောက်သွားပြီး ကောင်းကင်ကြီးကို လက်ညှိုးညွှန်၍ ထိုတိုက်ပွဲအတွင်း ပထမဆုံးစကား ဆိုလိုက်လေသည်။
“ လူဆိုးထိန်းဌာနက အမှတ်ခြောက်သခင်ကြီးရဲ့အမိန့်နဲ့ ညဉ့်ငှက်အဖွဲ့အစည်းကို ဖမ်းခွင့်ရရှိထားတယ်။ ဒီမှာရှိတဲ့လူတွေကို တရားမဝင်တဲ့ပြစ်မှုနဲ့ ဖမ်းထားပါပြီ။ ချီရွှဲ့ထုံဂိုဏ်းရဲ့ စည်းကမ်းနံပါတ်ကိုးနဲ့ လူဆိုးထိန်းဌာနရဲ့ စည်းကမ်းနံပါတ်သုံးအရ တရားဥပဒေကို ဝင်ရောက်နှောင့်ယှက်သူတွေကိုလည်း ဖြေရှင်းရပါမယ်။ တရားဥပဒေကို ဆန့်ကျင်နေတဲ့ ဒီကျင့်ကြံသူကို ချုပ်နှောင်ဖို့ ဂိုဏ်းရဲ့အစီအရင်ကြီးကို ကျုပ် တောင်းဆိုပါတယ် ”
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှလူများသည် အမှန်ပင် မန္တန်အစီအရင်ကြီးပေါ်၌ မြင့်မားသော လုပ်ပိုင်ခွင့်အာဏာ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း မည်မျှပင် မြင့်မားသောအာဏာကို ပိုင်ဆိုင်ထားစေကာမူ ဤနေရာသည် ချီရွှဲ့ထုံဂိုဏ်းဖြစ်နေဆဲပင်။ ချီရွှဲ့ထုံဂိုဏ်း၏ စည်းမျဉ်းများထက် မြင့်မားသောအရာ မရှိပေ။
ယခင်က မန္တန်အစီအရင်ကြီးကို သူတို့ လျစ်လျူရှုပြီး ချီရွှဲ့ထုံဂိုဏ်းထဲ ဝင်လာစဉ်အခါက မန္တန်အစီအရင်ကြီးသည် သူတို့က တစ်ဖက်တည်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့က တစ်ဖက်တည်း ဖြစ်သည့်တိုင်အောင် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်၍ မရပေ။
စည်းမျဉ်းများကို တိတိကျကျ လိုက်နာရမည်သာ ဖြစ်သည်။ ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ထို့အပြင် ထိုတာအိုအစောင့်အရှောက်များ၏ ကျင့်ကြံခြင်းအဆင့်များက မြင့်မားပါသော်လည်း သူတို့က ကောင်းကင်လက်ရွေးစင်များနှင့် မတူညီပေ။ ဆက်ခံသူစာရင်းထဲ မပါလျှင် သူတို့လုပ်ပိုင်ခွင့်အာဏာက လုံလောက်မည်မဟုတ်ပေ။ ကောင်းကင်လက်ရွေးစင်များကို ဖိနှိပ်ရန် မန္တန်အစီအရင်ကြီးအား ပိပိရိရိ ပြောဆိုနိုင်လောက်မည်မဟုတ်သော်လည်း တာအိုအစောင့်အရှောက်များကို ချုပ်နှောင်နိုင်မည်ဟု ရွှီချင်း ယုံကြည်မှု ရှိနေသည်။
အဓိကအကြောင်းအရင်းမှာ ညဉ့်ငှက်အဖွဲ့စစ်ဆင်ရေးကို အမှတ်ခြောက်သခင်ကြီးကိုယ်တိုင် ခွင့်ပြုထားခြင်း ဖြစ်သည်။ သူတို့လုပ်ပိုင်ခွင့်အာဏာက အမှတ်ခြောက်သခင်ကြီးထက် မကျော်လွန်မချင်း မန္တန်အစီအရင်ကြီးက သက်ရောက်မှုရှိနေမည်သာ ဖြစ်သည်။
သို့ဖြစ်ပေရာ ထိုအချိန်၌ အသက်မဲ့သော အသံကြီး အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ တရားစီရင်ခွင့်ပြုတယ် ”