မင်းကို သတ်ဖြတ်ပြီး မြေကြီးထဲမြှုပ်ထားနိုင်မှ
Vol. 29 Ch. 406
အခန်း (၄၀၆) မင်းကို သတ်ဖြတ်ပြီး မြေကြီးထဲမြှုပ်ထားနိုင်မှ
လုကျန်းတို့ (၄)ယောက် ထွက်ခွာသွားသည်နှင့် ကျန်းလန်က ဆိုင်ထဲဝင်ပြီး အဋ္ဌမမင်းသားကို ရှာဖွေလိုက်သည်။
သေရည်ဆိုင်ရှင်အဘိုးအိုနှင့် ကောင်ငယ်လေးတို့ အလယ်ပိုင်းလွင်ပြင်ဒေသမှ ပြန်ရောက်လာကြပြီဖြစ်လေရာ အဋ္ဌမမင်းသား၏ သေရည်ဆိုင်ကို အမွေဆက်ခံရန် အကြံက မအောင်မြင်ခဲ့ပြန်ပေ။
ထို့ကြောင့် တောကောင်များကိုဖမ်းကာ ကင်ပြီးရောင်းသည့် အကင်လုပ်ငန်း ပြန်လည်စတင်နေပြီ ဖြစ်သည်။ လုန်မန်ထံမှ အကင်ကို အားပေးသူများကတော့ ခွန်လွန်တောင်မှ တပည့်များ ဖြစ်ကြ၏။
လူတိုင်းက တောကောင်များအမဲလိုက်နည်းနှင့် အသားကင်နည်းကို သိရှိကြသော်လည်း အဋ္ဌမမင်းသားကတော့ ထိုအလုပ်ကို အခြားသူများထက်ကျွမ်းကျင်သူ ဖြစ်သည်။
သူက သားရိုုင်းကောင်များကို မြန်မြန်ဆန်ဆန် ဖမ်းဆီးတတ်ပြီး ကောင်းစွာ ကြော်လှော်ချက်ပြုတ် ၊ အကင်အဖုတ်လုပ်တတ်လေသည်။ ထို့ထက်ပိုပြီးအရေးကြီးသည်မှာ လုန်မန်က နဂါးမျိုးနွယ်ဖြစ်နေခြင်းပင်။
ခွန်လွန်တပည့်အချို့က လုန်မန်ရောင်းသည့်အသားကင် မည်သို့အရသာရှိသည်ကို လာရောက်မြည်းစမ်းကြပြီး အချို့ကတော့ နဂါးမင်းသားနှင့်တွေ့ဆုံရသည့် အတွေ့အကြုံအတွက် လာရောက်ကြခြင်း ဖြစ်သည်။
နဂါးမျိုးနွယ်တစ်ယောက် အသားကင်ရောင်းချနေခြင်းသည် အခြားနေရာတွင် ရှာမတွေ့နိုင်သည့် အတွေ့အကြုံတစ်ခုလည်း ဖြစ်သည်။
အရသာရှိသည့် အသားကင်တစ်ကောင်အတွက် အဋ္ဌမမင်းသားသတ်မှတ်ထားသည့် ဈေးနှုန်းတန်ဖိုး ပေးရန် လိုအပ်သည်။
သို့ပေသိ စမ်းကြည့်ချင်သူများ အလွန်ပေါများလေ၏။
အဋ္ဌမမင်းသားက အမှန်တကယ်ထက်မြက်သည်ဟု ကျန်းလန်ကတော့ ခံစားရသည်။ ပိုပြီး အထင်ကြီးစရာမှာ လုန်မန်သည် သူ မည်သူမည်ဝါဖြစ်ကြောင်း စိတ်ထဲလုံးဝမထားခြင်းပင် ဖြစ်သည်။
အခြားနဂါးများဆိုလျှင် ထိုသို့ မပြုလုပ်နိုင်ကြပေ။
ထို့ပြင် လုကျန်းတို့အဖွဲ့ အပြင်ထွက်လာကြသည်နှင့်ပတ်သက်ပြီး ကျန်းလန် အနည်းငယ် အံ့အားသင့်နေမိသည်။ ဂိုဏ်းတူအစ်ကိုပေဖန်းပြောသွားသည်ကတော့ သူတို့က ခွန်လွန်တောင်အနီးပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသူများကို ရှင်းလင်းပစ်ရမည်ဟု ဆိုသည်။
ဤသည်က သူနှင့်လုန်ယွိ၏ မင်္ဂလာလက်ထပ်ပွဲအတွက် ကြိုတင်ပြီး အန္တရယ်များ ရှင်းလင်းထားခြင်း ဖြစ်နိုင်သည်။
"သူတို့က ခွန်လွန်တောင်ပတ်ဝန်းကျင်ကလူတွေကို ထွက်သွားစေချင်ပုံရတယ်"
ကျန်းလန် တွေးလိုက်သည်။
ချီလင်ကောင်မလေး ယန်ရှီးယွင်သည် အနီးနားရှိ လူများစွာကို တွေ့မြင်ဖူးကြောင်း သူသိသည်။ ပြောရမည်ဆိုလျှင် သူမသည်လည်း အပြင်လူတစ်ယောက်ပင် ဖြစ်လေရာ အဝေးသို့ အပို့ခံရမည်လား မပြောတတ်ပေ။
သို့သော် ကျန်းလန် စိတ်မဝင်စားပေ။
လုကျန်းတို့အဖွဲ့ အန္တရယ်များကို ဖယ်ရှားရာတွင် သူက ကူညီပေးစရာမလိုသောကြောင့် လှုပ်ရှားမှုပြုလုပ်ရန် မလိုအပ်ပေ။
နတ်လူသားမျိုးနွယ်များမှလွဲပြီး သူ့ကို ပစ်မှတ်ထားသူ များစွာ မရှိပေ။
နတ်မိစ္ဆာများကတော့ သူ့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ကျောက်တုံးသစ်တောတွင် သူတို့၏ အစီအစဉ်များအားလုံးကို ဖျက်စီးပစ်သူမှာ ကျန်းလန်ဖြစ်ကြောင်း မသိရှာကြပေ။
"အစ်ကိုကြီး ၊ အကောင်းစားသေရည်ဝယ်မလို့လား"
ကျန်းလန် ကောင်တာနားရောက်လာတော့ ကောင်ငယ်လေးက မေးလာသည်။
ကျန်းလန်က…
"မဟုတ်ဘူး ၊ အဋ္ဌမမင်းသားကို လာရှာတာပါ"
သေရည်ဆိုင်ထဲတွင် မည်သည့်ဧည့်သည်မှ မရှိသဖြင့် တိတ်ဆိတ်ခြောက်ကပ်လျှက် ရှိသည်။
ကောင်တာတွင်တော့ ကောင်ငယ်လေးနှင့် ဇာမဏီမျိုးနွယ်မှ ကောင်မလေးတို့ ရှိနေကြသည်။ သို့သော် သူတို့ (၂)ယောက်ကြားတွင် မကျော်ဖြတ်နိုင်သည့်ဝေးကွာမှုတစ်ခုက စည်းခြားထားသည့်အလား ထင်မှတ်ရသည်။
ကောင်ငယ်လေးက…
"သူ ခဏနေရင် ပစ္စည်းတွေယူဖို့ ရောက်လာလိမ့်မယ် ၊ အစ်ကိုကြီး ဒီမှာ ခဏစောင့်နေလိုက်လေ"
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး ဆိုင်ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး သာမန်သေရည်တစ်အိုးမှာယူလိုက်သည်။
မကြာခင် ကောင်ငယ်လေးက မြေပဲများယူပြီး ကျန်းလန်အနားရောက်လာသည်။ သူက ကျန်းလန်ကို တစ်ခုခုပြောချင်ဟန်ရှိသော်လည်း ချိန်ဆနေပုံရသည်။
အချိန်အတော်ကြာပြီးမှ ကောင်ငယ်လေးက ခပ်တိုးတိုးလေသံဖြင့်…
"အစ်ကိုကြီး… ၊ ကျွန်တော် အစ်ကိုကြီးကို ပြောစရာရှိလို့"
ကျန်းလန်က လူငယ်ကို ကြည့်လိုက်ပြီး ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေသည်။
ကောင်ငယ်လေးက…
"ဒီအကြောင်းကို အစ်ကိုကြီးကို ပြောရမလားလို့ ဟို နဂါးစုတ်ကိုမေးကြည့်တော့ ပြောဖို့ မပြောဖို့က ကျွန်တော့်အပေါ်ပဲ မူတည်တယ်လို့ ပြောတယ် ၊ အဲဒီလူဆီက အကူအညီယူဖို့ တန်ဖိုးဘယ်လောက်ပေးဆပ်ရမလဲ မသိပေမယ့် အန္တရယ်ကျရောက်တဲ့အချိန်မှာတော့ အကူအညီရမှာသေချာတယ်"
ထို့နောက် ကောင်ငယ်လေးက ပတ်ဝန်းကျင်ကိုတစ်ချက်လှည့်ပတ်ကြည့်လိုက်ပြီး မည်သူမှမရှိကြောင်း သေချာတော့မှ ကျန်းလန်ကို စာရွက်တစ်ရွက်ထုတ်ပေးလိုက်သည်။
"အဲဒါကို အသံထွက်ပြီး မဖတ်နဲ့နော် ၊ သူ့ဆီက အကူအညီယူမယ်ဆိုရင် တန်ဖိုးဘယ်လောက်ပေးဆပ်ရမလဲ မသိဘူး ၊ ဒါကြောင့် မလိုအပ်ရင်တော့ သူ့အကူအညီကို မယူပါနဲ့"
ကောင်ငယ်လေးက အလေးအနက်ဆိုသည်။
ကျန်းလန် အံ့အားသင့်သွားပြီး တစ်စုံတစ်ခုကိုလည်း ခန့်မှန်းလိုက်မိသည်။
ထို့နောက် ကောင်ငယ်လေးက အလယ်ပိုင်းလွင်ပြင်ဒေသတွင် သူရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များကို ကျန်းလန်ကို ပြောပြသည်။
ကျန်းလန်က ကောင်ငယ်လေးပြောပြသည်ထက် အခြေအနေအတိအကျကို သိရှိထားပြီး ဖြစ်သည်။ ထိုကောင်စုတ်လေးသည် အခြားအကြောင်းအရာများကို အားပါးတရပြောပြပြီး သူ့အဘိုးအကြောင်းကိုတော့ ပြောရန်မေ့သွားသည်ကို ကျန်းလန် ရိပ်မိလိုက်သည်။
ထို့နောက် ကောင်ငယ်လေးက သူ့အလုပ်သူ ပြန်လုပ်နေပြီး ကျန်းလန်ကတော့ လုန်မန်ကိုစောင့်ရင်း နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာနေခဲ့သည်။
အဋ္ဌမမင်းသားရောက်လာသည့်အခါတွင်တော့ ကျန်းလန်က အိမ်အကြောင်း မေးမြန်းလိုက်သည်။
"နဂါးမျိုးနွယ်တွေရဲ့ အိမ်တွေက ဘယ်လိုမျိုးလဲ"
နဂါးမျိုးနွယ်များ နေထိုင်သည့် အိမ်ပုံစံများကို သူသိချင်သည်။ သို့မှသာ ရှောင်ယွိနေထိုင်ရန် သင့်လျော်သည့် အိမ်တစ်လုံးဆောက်လုပ်ပေးနိုင်မည် ဖြစ်သည်။
လက်ထပ်ရန် အချိန် (၆)နှစ်ခန့် လိုသေးသည်ဖြစ်ရာ အိမ်အသစ်ဆောက်လုပ်ရန် အချိန်အလုံအလောက်ရလေသည်။
"နဂါးမျိုးနွယ်တွေရဲ့ အိမ်လား"
အဋ္ဌမမင်းသားက ကျန်းလန်ရှေ့တွင် အသားကင်တစ်ခုကို ချထားရင်း စဉ်းစားနေ၏။
ပြီးမှ…
"ဘာမှ ထူးထူးခြားခြား မရှိပါဘူး ၊ ကြီးတယ် ၊ ခမ်းနားတယ် ၊ ဘာမှမရှိတဲ့ ခန်းဆောင်တစ်ခုပါပဲ"
သူက ဆက်ပြောသည်။
"ပင်လယ်ထဲမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံး ရေတွေပြည့်နေတာလေ ၊ အဲဒီတော့ တံခါးတွေအကုန်လုံးကို မန္တန်ပညာသုံးပြီး ပိတ်ထားရတယ် ၊ အခု ခွန်လွန်တောင်မှာ နေတာကြာတော့ နဂါးပြည်က အိမ်တွေကိုတောင် သဘောမကျတော့ပါဘူး ၊ ဒီ သေရည်ဆိုင်က သေးပေမယ့် ပိုပြီးတောင် နေလို့ကောင်းသေးတယ်"
"ဘာလဲ… ၊ သေရည်ဆိုင်ကို သေးတယ်လို့ပြောတာ ကျွန်တော်တို့ကို ဆင်းရဲတယ်လို့ နှိမ်လိုက်တာလား"
ကောင်ငယ်လေး အနားရောက်လာပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
အမှန်တော့ သေရည်ဆိုင်က ခပ်ကျဉ်းကျဉ်းလေးဖြင့် နေရထိုင်ရ ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။ ဒါကို နဂါးမင်းသားက အထင်သေးနေသည်လား။
အဋ္ဌမမင်းသားက…
"သေးတာကိုတော့ သေးတယ်ပြောရမှာပဲလေ ၊ နဂါးနန်းတော်မှာဆိုရင် ကျုပ်အိပ်ခန်းက မင်းတို့ဆိုင် ဧည့်ခန်းထက်တောင် ပိုကျယ်သေးတယ်"
ထို့နောက်…
နှစ်ယောက်သား စတင်ငြင်းခုံရန်ဖြစ်ကြလေတော့၏။
ကျန်းလန်လည်း သေရည်ဆိုင်မှ ထွက်လာခဲ့သည်။ သူတို့ (၂)ယောက်စကားများသည်ကို နားမထောင်တော့ဘဲ နဂါးမျိုးနွယ်များနေထိုင်ရာ အိမ်ပုံစံနမူနာကိုသာ လုန်မန်ထံမှ ပုံကြမ်းတောင်းလာခဲ့သည်။
ပုံကြမ်းကို လေ့လာကြည့်ပြီးနောက် မည်သည့်နည်းနှင့်မှ တောင်ပေါ်တွင် ဆောက်လုပ်ရန် မဖြစ်နိုင်ကြောင်းနားလည်လိုက်သည်။ နဂါးမျိုးနွယ်များ၏အိမ်က လူများနေထိုင်သည့်အိမ်များနှင့် အလွန်ကွဲပြားသည်။
သေရည်ဆိုင်မှ ထွက်လာပြီးနောက် ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ထွက်လာခဲ့သည်။
မကြာခင်က မိုးများစွာ ရွာသွန်းလေရာ ရှောင်ယွိ လုပ်စရာအလုပ်မရှိသဖြင့် နာမ်ဝိညာဉ်ခြံဝင်းထဲတွင် ဆော့ကစားလေ့ ရှိသည်။
ထို့ကြောင့် ရှောင်ယွိ ဆော့ကစားရန် ရေခဲပုစဉ်းရင်ကွဲများ ထပ်မံဖမ်းယူပေးရဦးမည် ဖြစ်သည်။ နောက် (၆)နှစ်အတွင်းတော့ ကျန်းလန် အပြင်မထွက်တော့ဘဲ တောင်ပေါ်တွင်သာနေရန် ဆုံးဖြတ်ထားသည်။
ကျန်းလန် ဓားကိုစီးနှင်ကာ ရေခဲပုစဉ်းရင်ကွဲတောအုပ်ဆီသို့ ထွက်ခွာလာ၏။
လမ်းတွင် ကောင်ငယ်လေးပေးသည့် စာရွက်ကို ဖွင့်ကြည့်လိုက်သည်။ စာရွက်ထဲတွင် စာအနည်းငယ် ရေးသားထားသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး ၊ အစ်ကိုကြီး အန္တရယ်ကျရောက်ရင်လေ ဒီနာမည်ကို ခေါ်လိုက်ပါ ၊ (ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က) ပြီးရင် နောက်က (တစ္ဆေတိုင်းပြည်ရဲ့) ပြီးတော့ ဒီနာမည်ကို ထုတ်မရွတ်မိစေနဲ့ (ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား) ၊ ဒီနာမည်ကို ခေါ်လိုက်တာနဲ့ အဲဒီနတ်ဘုရားက လာကူညီပေးလိမ့်မယ်"
"အဲဒီလိုလား…"
ကျန်းလန် အတော်လေး အထင်ကြီးသွားမိသည်။
သူ အရင်က ဧကရာဇ်ရှီးဟယ်နာမည်ကို ရေးသားရာတွင် သံတူကြောင်းကွဲစာလုံးဖြင့် ပုံဖျက်ပြီး ရေးခဲ့သည်။ ယခု ကောင်ငယ်လေးက ဝါကျကို ပုံစံဖျက်ပြီး သူ့အမည်ကို ရေးသားခဲ့သည်။
ကံမကောင်းသည်မှာ ထိုနတ်ဘုရားက သူ့အသက်ကို မကယ်တင်နိုင်ခြင်းပင်။ ဧကရာဇ်ရှီးဟယ်ကတော့ သူ့အသက်ကို တစ်ကြိမ်ကယ်တင်ပေးနိုင်သည်ဟု ပြောခဲ့ဖူးသည်။
ထိုအချိန် သူ့ကိုကြည့်နေသည့်အကြည်များကို ရုတ်တရက် ကျန်းလန် ခံစားလိုက်ရသည်။ တစ်ဖက်လူက အလွန်သတိထားဟန် ရှိသည်။
"ထူးဆန်းလိုက်တာ ၊ ဒီလိုအချိန်မှာ ငါ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ဘာလို့ ခံစားရတာလဲ"
ကျန်းလန် အံ့အားသင့်သွားသည်။
မင်္ဂလာပွဲကိစ္စကြောင့်များလား။
ကျန်းလန်လည်း သေသေချာချာ မသိရှိပေ။
သို့သော်လည်း သူက အစီအစဉ်မပြောင်းလဲဘဲ ပုံမှန်အတိုင်းပင် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
ထိုနေရာသို့ ရောက်သည်အထိ တစ်ဖက်လူက သူ့နောက်လိုက်လာနေသေးကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ ရန်သူက သူနှင့်ရင်ဆိုင်ရန် ဤနေရာသို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။
ပြောရမည်ဆိုလျှင် သူ့ကို တစ်စုံတစ်ယောက်က ယခုလိုမျိုး စောင့်မကြည့်သည်မှာ ကြာပြီဖြစ်သည်။ တစ်ဖက်လူက သူ့ကို တိုက်ခိုက်လိုသည်လား ၊ သို့မဟုတ် သူ မည်သည့်နေရာသို့သွားသည်ကို နောက်ယောင်ခံ အခြေအနေကြည့်ရှုသည်လား မသဲကွဲပေ။
ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲ ဝင်လာခဲ့သည်။
အတန်ကြာပြီးနောက်…
ရန်သူက ပုန်းကွယ်မနေတော့ဘဲ ပြောင်ပြောင်တင်းတင်းပင် သူ့နောက်မှ လိုက်လာသည်ကို သိလိုက်ရသည်။ ကျန်းလန်လည်း ဟန်ဆောင်မနေတော့ဘဲ လှည့်ကြည့်လိုက်၏။
ဓားတစ်လက်ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက် သူ့အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးခြားသောရောင်ဝါရှိလေသည်။
ကျန်းလန် ထိုသူကို အကဲခတ်လိုက်သည်။
အစစ်အမှန်အင်မော်တယ် ၊ ကနဦးအအဆင့်။
အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသည်။
အများအမြင်တွင် ကျန်းလန်က မရှိမှုအာကာသ ၊ အောင်မြင်ထားသည့်အဆင့်မျှသာ ဖြစ်လေရာ အစစ်အမှန်အင်မော်တယ်တစ်ယောက် အလိုက်ခံရခြင်းက အလွန်ဂုဏ်ယူစရာပင်။
ထို့ပြင် တစ်ဖက်လူက သူနှင့် ရင်းနှီးနေသည့် အငွေ့အသက်ခံစားချက်မျိုးကို ပေးစွမ်းသည်။ နတ်လူသားမျိုးနွယ်တစ်ယောက် ဖြစ်ပုံရသည်။
သို့သော် တစ်ချိန်တည်းမှာပင် နတ်လူသားမျိုးနွယ်မှ မဟုတ်သကဲ့သို့လည်း ခံစားရသည်။
"နဝမတောင်ထွတ်က ကျန်းလန် ၊ မင်း အင်မော်တယ်ဖြစ်သွားပြီလို့ ကျုပ် သတင်းကြားတယ်"
ထိုသူကကျန်းလန်ကို ကြည့်ရင်း ဆိုသည်။
လူငယ်၏ အမည်က ကျင်းယွမ်ဖြစ်ပြီး သူက ကျန်းလန် ပြန်ပြောမည့်စကာကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
အင်မော်တယ်။
သူ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားပါလျှက် ထိုသူက သူ့အကြောင်း မည်သို့ သိရှိသွားပါသနည်း။
ရုတ်တရက် မင်္ဂလာကိစ္စကို သတိရသွားသည်။ သူ အင်မော်တယ်ဖြစ်သွားသည့်သတင်းက ခွန်လွန်တောင်တွင် ပျံ့နှံ့နေလောက်ပေပြီ။
သူ့အနေဖြင့်လည်း ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။ ကျန်းလန်က ချက်ချင်းပင် လူသားအင်မော်တယ် ၊ ကနီဦးအဆင့် ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
"မင်းက နတ်လူသားမျိုးနွယ်လား"
ကျန်းလန် မေးမြန်းလိုက်၏။
တစ်ဖက်လူ အဘယ့်ကြောင့်ရောက်လာရသည်ကို မသိရှိရသေးရာ နတ်လူသားမျိုးနွယ် ဟုတ် မဟုတ် သေချာအောင် ပြုလုပ်ရပေမည်။
ကျင်းယွမ်က ခေါင်းခါယမ်းလိုက်ရင်း…
"ကျုပ်က နတ်လူသားမျိုးနွယ် မဟုတ်ပါဘူး ၊ ဒါပေမဲ့ ကျုပ်ကို သူတို့ စေလွှတ်လိုက်တာပါ ၊ မင်းက အခြားသူတွေထက် မြန်မြန်ဆန်ဆန် အင်မော်တယ်ဖြစ်လာပြီဆိုတော့ ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံပြီးပြီလို့ နတ်လူသားမျိုးနွယ်တွေက ခံစားနေကြရတယ် ၊ မင်းက ကောင်းကင်လှေကားအဆုံးထိလည်း တက်ခဲ့ဖူးတယ်လေ"
သူက ဆက်ပြောသည်။
"အနာဂတ်မှာ မင်းဟာ သေချာပေါက် အောင်မြင်မှု တစ်ခုခုရရှိမယ်လို့ သူတို့ ခံစားကြရတယ် ၊ ဒါကြောင့် မင်း ကြီးထွားလာမှာကို ခွင့်မပြုဘဲ သူတို့က သတ်ပစ်ချင်နေကြပြီလေ"
ကျန်းလန်က…
"ဒါဖြင့်… နတ်လူသားမျိုးနွယ်တွေ မော်မကြည့်ရဲတဲ့အဆင့်ကို ကျုပ်က ရောက်နေတယ်ဆိုရင်လည်း သူတို့က ကျုပ်ကို သတ်ဦးမှာပဲလား"
ကျင်းယွမ်က…
"ဖြစ်နိုင်ပါတယ် ၊ မင်းက သူတို့နှလုံးသားထဲမှာ စွဲထင်နေပြီး အရိုးထဲအထိ မှတ်သားထားကြတယ် ၊ မင်းကို သတ်ဖြတ်ပြီး မြေကြီးထဲမြှုပ်ထားနိုင်မှ သူတို့ စိတ်သက်သာရာရကြလိမ့်မယ်"
ပြောပြီးသည်နှင့် ကျင်းယွမ်က သူ၏ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး ကျန်းလန်ကို စူးစိုက်ကြည့်လိုက်သည်။
"နောက်ဆုံးမှာချင်တဲ့စကား ရှိသလား"