← Chapters

ရွှီချင်းဆိုသော နာမည်

Vol. 21 Ch. 318

ရွှီချင်းဆိုသော နာမည်

Vol. 21 Ch. 318

ထိုအသံကြီး ဟိန်းထွက်သွားသည်နှင့် မန္တန်အစီအရင်ကြီးထံမှ ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသောအားအင်တစ်မျိုး ချက်ချင်း ပေါ်လာပြီး မမြင်နိုင်သော လက်ကြီးတစ်ဖက် ဖြစ်သွားသည့်အလားပင်။ တာအိုအစောင့်အရှောက် မျက်နှာပျက်သွားပြီး ကောင်းကင်မှ အောက်သို့ ဘုန်းခနဲ ရိုက်ချခံလိုက်ရသည်။

မောက်မာဝင့်ကြွားသော အဘိုးအို၏ခန္ဓာကိုယ် တုန်ရီနေပြီး မြေပြင်သို့ ဖိနှိပ်ခံနေရသည်။

မြေပြင်မှာ တဝုန်းဝုန်းမြည်ဟည်းနေသည်။ ရွှေအမြုတေအဆင့်အဘိုးအိုက မည်မျှပင် ရုန်းကန်ပါသော်ငြား အသုံးမဝင်ချေ။ မြေပြင်ပေါ်သို့ အတင်းအကြပ် ဖိနှိပ်ခံလိုက်ရပြီး သူ့အော်ဟစ်သံကြီးသည်သာ ပဲ့တင်ထပ်သွားသည်။

“ ချီရွှဲ့ထုံဂိုဏ်း သစ္စာဖောက်ချင်နေတာလား ”

“ စကားများလိုက်တာ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ဂိုဏ်း၏မန္တန်အစီအရင် ထပ်မံမြည်ဟည်းသွားသည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် မန္တန်အစီအရင်က ဖိနှိပ်လိုက်သည်မဟုတ်ဘဲ နှင်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ရုတ်တရက် တာအိုအစောင့်အရှောက်အဘိုးအိုမှာ ကြီးမားသော အားလှိုင်း၏ အဝေးသို့ လွှင့်ပစ်ခြင်း ခံလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ကောင်းကင်နန်းတော် တုန်ခါသွားပြီး သူ မချိတင်ကဲဖြစ်သွားရသည်။ ကြီးမြတ်သော ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ဖိနှိပ်ခံရပြီး ယခုကဲ့သို့ ခွေးတစ်ကောင်လို လွှင့်ပစ်ခြင်း ခံလိုက်ရသည်လော။

ရွှီချင်းက ထိုအဘိုးအိုကို အာရုံစိုက်မနေပေ။ သူ လှစ်ခနဲ လှုပ်ခါလိုက်ပြီး ကြောက်လန့်တကြား ထွက်ပြေးနေသော စီမာလင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သူ စီမာလင်းကို ချက်ချင်း မီသွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ စီမာလင်းထံမှ သွေးပျက်ခမန်း အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ အဆောက်အအုံပေါ်သို့ ဝုန်းခနဲ ကျသွားသည်။ သူ့ကိုယ်ထဲရှိ သသက်စောင့်မီးလုံးလေးလုံးမှာ ယိမ်းခါသွားပြီး တစ်လုံးမှာ ဟုတ်ခနဲ မီးငြိမ်းသွားသည်။

“ ရွှီချင်း ”

စီမာလင်း၏ ဆံပင်များ ရှုပ်ပွနေပြီး ရူးသွပ်လုမတတ်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း သူ့ကိုယ်ထဲရှိ အဆိပ်နှင့် သူ့ကိုယ်ထဲမှ ထွက်ပြေးရန် ကြိုးစားနေကြသော မိစ္ဆာများကြောင့် ပထမဆုံးအကြိမ်အဖြစ် သေမင်းနှုတ်ခမ်းဝသို့ ရောက်သွားသည့်အလား သူ ခံစားလိုက်ရသည်။

သို့သော် စီမာလင်းသည်လည်း ရက်စက်ကြမ်းကြုတ်သောလူတစ်ယောက် ဖြစ်သည်။ သူ၏မျက်လုံးများက ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူ့လျှာထိပ်ဖျားကို ကိုက်ကာ ရွှီချင်းထံသို့ သွေးများ ထွေးထုတ်လိုက်သည်။

ထိုသွေးများက လေထဲတွင် မရေမတွက်နိုင်သော လူပုလေးများအဖြစ် ပြောင်းလဲသွားသည်။ လူပုလေးများသည် မိစ္ဆာအရှိန်အဝါများဖြင့် စူးစူးဝါးဝါးအော်ဟစ်၍ ရွှီချင်းထံ ပြေးဝင်သွားကြသည်။ ထိုလူပုလေးများသည် ပြေးလွှားနေရင်း စိန်ပွင့်ပုံစံအချုပ်အနှောင်အမှတ်အသားအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်းကို အလျင်အမြန် ဝန်းရံလိုက်သည်။

“ အချုပ်အနှောင်ငရဲတာအို ”

စီမာလင်းသည် သွေးအေးစွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ထိုလူပုလေးများသည် အရှိန်တင်လိုက်ပြီး တရွှီရွှီချဉ်းကပ်သွားကြသည်။ ရွှီချင်းသည် အလျင်အမြန် နောက်ဆုတ်နေပါသော်လည်း မရှောင်တိမ်းနိုင်ပေ။ မျက်တောင်တစ်ချက်ခတ်အတွင်း သူ့ပတ်လည်တွင် စိန်ပွင့်ပုံစံအချုပ်အနှောင်အမှတ်အသားများ ပေါ်လာပြီး ကြက်ဥခွံပုံစံဖြင့် သူ့ကို လွှမ်းခြုံလိုက်သည်။

ထို့နောက် စီမာလင်းက လက်နှစ်ဖက်ကို မြှောက်၍ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရွှီချင်းကို ချုပ်နှောင်ထားသော ကြက်ဥခွံမှာ လေထဲသို့ မြောက်တက်သွားသည်။ သူက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် အော်ဟစ်လိုက်သည်။

“ ပေါက်ကွဲစမ်း ”

ထိုစဉ် ကြက်ဥခွံ၏ သုံးဆယ်ရာခိုင်နှုန်းမှာ လေထဲတွင် ပျက်စီးသွားပြီး ဆက်လက်မပေါက်ကွဲနိုင်တော့ပေ။ ကြက်ဥခွံထဲမှ ရွှီချင်း၏လက်တစ်ဖက် ထွက်လာသည်။ ရွှီချင်းသည် မတ်တတ်ရပ်ရန် ကြိုးစားနေသည့် ရူးသွပ်ခြင်းအတိမျက်လုံးများနှင့်စီမာလင်းကို အေးတိအေးစက်ကြည့်လိုက်သည်။ သူ စီမာလင်း၏ရှေ့သို့ လှစ်ခနဲ ရောက်သွားသည်။

စီမာလင်း မတုန့်ပြန်နိုင်ခင် ရွှီချင်းက သူ့လည်ပင်းကို ဖမ်းဆုပ်ထားလိုက်ပြီဖြစ်သည်။ သူက စီမာလင်းကို မြှောက်၍ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။

မြေပြင်ကြီး တုန်ခါသွားကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ စီမာလင်း၏တစ်ကိုယ်လုံး မြေပြင်မှာ အဖိခံထားရပြီး သူ့ပါးစပ်ထဲမှ သွေးများ စီးကျနေသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးနှစ်လုံး ငြိမ်းသွားပြီး သူ သတိလစ်သွားသည်။

သူ့ကိုယ်ထဲရှိ မိစ္ဆာများအားလုံး စီမာလင်းကို ဝါးမျိုချင်နေသည့်အလား ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သို့သော် စီမာလင်း၏ ကိုယ်ထဲမှ အလင်းဖျော့ဖျော့ပျံ့နှံ့လာပြီး ထိုမိစ္ဆာများကို အပြင်းအထန် တားဆီးလိုက်သည်။

ရွှီချင်းသည် အေးတိအေးစက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ သူ့ကို ချုပ်နှောင်ကွင်းနှစ်ဆယ်ကွင်းနဲ့ ချုပ်နှောင်ပြီး အကျဉ်းထောင်ထဲကို ပို့လိုက် ”

“ အမိန့်အတိုင်းပါ ”

ထိုဖြစ်ရပ်ကြောင့် ဘေးပတ်လည်ရှိ လူဆိုးထိန်းဌာနဂိုဏ်းသားများ၏ သွေးများ ဆူပွက်လာပြီး သူတို့မျက်လုံးများထဲတွင် လေးစားကြည်ညိုခြင်းများ ထင်ဟပ်လာသည်။ တခြားတောင်ထိပ်မှ ဂိုဏ်းသားများသည်ပင် ရွှီချင်းကို လေးစားသောအကြည့်ဖြင့် ကြည့်နေကြသည်။

ပထမတောင်ထိပ်နှင့် တတိယမြောက်တောင်ထိပ်မှ ဌာနမှူးများသည်ပင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းများငုံ့ကာ ရွှီချင်းကို အရိုအသေပေးလိုက်သည်။

လူဆိုးထိန်းဌာနမှ ဂိုဏ်းသားတချို့က သတိလစ်နေသော စီမာလင်းကို ကွင်းများတပ်ဆင်လိုက်သည်။ ထို့နောက် ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ညဉ့်ငှက်အဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးလိုက်။ ခုခံတဲ့သူရှိရင် သတ်ပစ်လိုက် ”

ရုတ်တရက် ဘေးပတ်လည်ရှိ လူဆိုးထိန်းဌာနအဖွဲ့ဝင်များ လူစုခွဲသွားကြသည်။ မကြာခင် ထိုနေရာတစ်ခုလုံးတွင် သတ်ဖြတ်သံများ၊ အော်ဟစ်ညည်းညူသံများ ပျံ့လွင့်သွားသည်။

ရွှီချင်းသည် လက်ကျန်တိုက်ပွဲတွင် မပါဝင်ပေ။ ခုနစ်ဂိုဏ်းမဟာမိတ်မှ လက်ရွေးစင်များ မရှိပါက လူဆိုးထိန်းဌာနအနေဖြင့် ညဉ့်ငှက်အဖွဲ့ကို ကိုင်တွယ်ရန်မှာ ပြဿနာ မဟုတ်ပေ။ ထိုစစ်ဆင်ရေးသည် ညတစ်ပိုင်း ကြာသွားခဲ့သည်။

ညဉ့်ငှက်အဖွဲ့ဝင်အများအပြား ဖမ်းဆီးခံလိုက်ရပြီး ခုခံသူအများစုမှာ အသတ်ခံလိုက်ရသည်။ ရောင်နီလာသောအခါတွင် ရွှီချင်းသည် အနားယူရန် မှော်သင်္ဘောဆီသို့ ပြန်သွားပြီး လူဆိုးထိန်းဌာနကို အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

“ ညဉ့်ငှက်အဖွဲ့ဝင်တွေရဲ့ ခေါင်းတွေကို မြို့ရိုးမှာ ချိတ်ထားလိုက် ”

ယခင်က ညဉ့်ငှက်အဖွဲ့အစည်းကို ဖြိုခွင်းရာတွင် လူဆိုးထိန်းဌာနက အလားတူလုပ်ရပ်မျိုး လုပ်ခဲ့ဖူးသည်။ ယခု ရွှီချင်း ဌာနမှူးဖြစ်လာသောအခါ ထိုဓလေ့သည် ကောင်းမွန်ပြီး ထိန်းသိမ်းထားသင့်သည်ဟု သူ ခံစားခဲ့ရသည်။

ထို့ကြောင့် မနက်ခင်းရောက်သောအခါ ညဉ့်ငှက်အဖွဲ့ဝင်တစ်ထောင်ခန့်၏ ခေါင်းများ မြို့နံရံများတွင် ချိတ်ဆွဲထားလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့်အရာအားလုံး ဖုံးကွယ်မရတော့ဘဲ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး ပျံ့နှံ့သွားသည်။

နေရာတိုင်းတွင် ဆူဆူညံညံ ဖြစ်သွားသည်။

လူသားမဟုတ်သော မျိုးနွယ်ဝင်များအားလုံး၊ မဟာမိတ်များအားလုံး၊ ချီရွှဲ့ထုံဂိုဏ်းသားအားလုံးနှင့် ဝမ်ကူးဒေသကြီးမှ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဝင်များအားလုံး အလွန် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့ အထိတ်လန့်ရဆုံးမှာ မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းတစ်ထောင်ကြောင့်မဟုတ်သလို ညဉ့်ငှက်အဖွဲ့အစည်းကို ဖမ်းဆီးခဲ့သည့် လူဆိုးထိန်းဌာန၏အပြုအမူများလည်း မဟုတ်ပေ။ မိစ္ဆာသားကောင်ဂိုဏ်း၏ ကောင်းကင်လက်ရွေးစင်စီမာလင်း အမှန်တကယ် အဖမ်းခံလိုက်ရပြီး လူဆိုးထိန်းဌာနတွင် အကျဉ်းကျနေသောကြောင့် ဖြစ်ပေသည်။

တာအိုအစောင့်အရှောက်ပင် ချီရွှဲ့ထုံဂိုဏ်းမန္တန်အစီအရင်ကြီး၏ အကူအညီဖြင့် သတ္တမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနမှူး၏ အတင်းအကြပ် လွှင့်ပစ်ခြင်း ခံလိုက်ရသည်။

ယနေ့မနက် တတိယမြောက်တောင်ထိပ်ကို စိန်ခေါ်သည့်ကိစ္စမှာ စီမာလင်း ရောက်မလာနိုင်သောကြောင့် ပျက်ပျယ်သွားသည်။

ထိုကိစ္စက ကိစ္စကြီးတစ်ရပ်ဖြစ်သည်။

အထူးသဖြင့် ယခုလို ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းကို စိန်ခေါ်ပြီး သူတို့ဂုဏ်အရှိန်အဝါကို ပြသနေသောအခါမျိုးတွင် ဖြစ်သည်။

ထိုဖြစ်ရပ်သည် သူတို့မျက်နှာများကို လက်ဝါးကြီးဖြင့် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ခုနစ်ဂိုဏ်းမဟာမိတ်မှ လက်ရွေးစင်များက ရွှီချင်းအကြောင်းကို အလျင်အမြန် စုံစမ်းလိုက်ကြသည်။

ဆက်ခံသူစာရင်းထဲဝင်သွားသော်လည်း ယခုတိုင်အောင် မင်းသားမဖြစ်သေးသည့် သတ္တမမြောက်တောင်ထိပ်မှ လူဆိုးထိန်းဌာနမှူးဖြစ်သူ ရွှီချင်းက သက်စောင့်မီးလုံးလေးလုံးနှင့် စီမာလင်းအား မည်ကဲ့သို့ အနိုင်ယူခဲ့သည်ကို သူတို့ သိချင်နေကြသည်။

အမှန်စင်စစ် သူတို့သာ မဟုတ်ပေ။ ချီရွှဲ့ထုံဂိုဏ်းသားများနှင့် တောင်ထိပ်အသီးသီးမှ မင်းသားများလည်း တုန်လှုပ်သွားကြသည်။ ယခင်က ထိုကဲ့သို့ ကိစ္စမျိုး ရွှီချင်း လုပ်ခဲ့ဖူးပါသော်လည်း များသောအားဖြင့် တိတ်တဆိတ် ဆောင်ရွက်သည်ဖြစ်၍ နေရာကျဉ်းကျဉ်းသာ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ယမန်နေ့ညက အဖြစ်အပျက်သည် နေရာတိုင်းပျံ့နှံ့သွားပြီး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

ထို့ကြောင့် သူတို့သည်လည်း ရွှီချင်းအကြောင်းကို အလျင်အမြန် စုံစမ်းလိုက်ကြသည်။

လူအားလုံး ရွှီချင်းအကြောင်းစုံစမ်းနေကြစဉ် မွန်းတည့်ချိန်၌ ဆိပ်ကမ်းနံပါတ် ( ၇၉ ) အပြင်ဘက်ရှိ ယမန်နေ့က ရွှီချင်းနှင့် စီမာလင်းတို့ တိုက်ခိုက်ခဲ့သောနေရာသို့ လူတစ်ယောက် ရောက်လာသည်။

ထိုလူသည် ရွှေရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရွှေရောင်ဖဲကြိုးကို ပတ်ထားသည်။ သူ့ခေါင်းအထက်ရှိ သက်တန့်ကွန်ခြာက လေတိုးသံ တရွှီရွှီမြည်နေပြီး သူ့ပတ်လည်သို့ အလင်းများ ဖြာကျနေပေရာ သူ့ကိုကြည့်ရသည်မှာ နတ်ဘုရာသားတော်တစ်ပါးအလား ထင်မှတ်ရသည်။

သူသည် ပထမမြောက်တောင်ထိပ်မှ ဒုတိယမင်းသားကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီး ရွှေအမြုတေအဆင့်အကြီးအကဲကို တိုက်ခိုက်ခဲ့သော တိမ်လွှာဓားဂိုဏ်းမှ သူတော်စင်ကြယ် ဖြစ်သည်။

သူသည် ဆိပ်ကမ်းနံပါတ် ( ၇၉ ) သို့ ရောက်သွားပြီး ကမ်းခြေမှာရပ်နေရင်း မျက်လုံးများကို မှိတ်၍ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ မြင့်မားသော အရပ်အမောင်းကြောင့် သူ့ပုံစံက တဟူးဟူး တိုက်ခတ်နေသော ပင်လယ်လေပြေထဲတွင် တုနှိုင်းမဲ့ချောမောသော ရုပ်ထုတစ်ခုအလားပင်။ သူ၏ ထူးခြားသော ရုပ်ရည်သွင်ပြင် နေရောင်အောက်တွင် အလင်းများ ဖြာထွက်နေဟန်တူသည်။

သူ့နောက်တွင် အဘိုးအိုသုံးယောက်ရှိသည်။ ထိုအဘိုးအိုများသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး တိမ်လွှာဓားဂိုဏ်း၏ အကြီးအကဲမှ စီစဉ်ပေးလိုက်သော တာအိုအစောင့်အရှောက်များ ဖြစ်ကြသည်။ ထိုအဘိုးအိုသုံးယောက်သည်လည်း သူတော်စင်ကြယ်ကို လိုလိုလားလား စောင့်ရှောက်ချင်ကြသည်။ သူတော်စင်ကြယ်ကို စောင့်ရှောက်ရသည်မှာ သူတို့အတွက် ဂုဏ်ယူစရာကောင်းသည်ဟုပင် ခံယူထားသည်။

သူတို့သည် လေးစားသောအမူအရာများဖြင့် ခေါင်းများကို အနည်းငယ် ငုံ့ထားသည်။

အချိန်အတော်ကြာပြီးနောက် သူတော်စင်ကြယ်၏ မျက်လုံးများ ပွင့်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ သက်စောင့်မီးလုံးနှစ်လုံး၊ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၊ သာမန်ကောင်းကင်နန်းတော် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို ခြိမ်းခြောက်နိုင်တဲ့ အဆိပ်၊ ဝိညာဉ်ဓမ္မအသုံးအဆောင် … စိတ်ဝင်စားစရာပဲ။ ဒီလိုစွမ်းအားမျိုးက စီမာလင်းကို တကယ် အလဲသိပ်နိုင်တာပဲ။ ဒါပေမဲ့ အဲဒီလူရဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို အနည်းငယ် ရင်းနှီးနေသလို ခံစားနေရတယ် ”

တခဏလေးအတွင်း သူသည် ယမန်နေ့ညက တိုက်ပွဲကို မျက်မြင်ကြုံတွေ့ခဲ့ရသည့်အလား အာရုံခံနိုင်သည်။ သို့သော်လည်း အချိန်ကို နောက်ပြန်ဆုတ်နိုင်သည့်အစွမ်းအား သူ မပိုင်ဆိုင်သည်မှာ သေချာသည်။ သူ၏ဝိညာဉ်အာရုံနှင့် အာရုံခံနိုင်စွမ်းက သာမန်လူများထက် ကျော်လွန်နေသည်ဖြစ်၍ ဘေးပတ်ဝန်းကျင်မှ သဲလွန်စတချို့ကို မြင်နိုင်သည်ဖြစ်ကြောင်း သိသာသည်။

ယင်းသည် အလွန် ကြောက်စရာကောင်းသည်။

သူ ပြောလိုက်စဉ် သူ့နောက်မှ ထူးဆန်းသော အော်မြည်သံ ထွက်ပေါ်လာသည်။ အစိမ်းရောင်ခန္ဓာနှင့် အနီရောင်အမြီးတို့ကို ပိုင်ဆိုင်ထားသော ထူးဆန်းသောငှက်ဝိညာဉ် ပေါ်လာပြီး ထိုငှက်က အော်မြည်လိုက်ခြင်း ဖြစ်သည်။ ထိုငှက်၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေပြီး ဤနေရာရှိ အငွေ့အသက်တစ်ခုကို ဝါးမျိုချင်နေသည့်အလား ဘေးပတ်လည်ကို လောဘတကြီး ရှူသွင်းနေသည်။

“ ရွှေကျီးကန်းလား ”

သူတော်စင်ကြယ်က တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ လှမ်းကြည့်လိုက်သည်။

“ ချီရွှဲ့ထုံဂိုဏ်းမှာ နည်းနည်းစိတ်ဝင်စားစရာကောင်းတဲ့အရာ တွေ့ရပြီပဲ။ အားနည်းနေသေးတာ ဆိုးတာပဲ။ မြဲ့မုန်၊ စိတ်မပူနဲ့။ အဲဒီရွှေကျီးကန်း နည်းနည်း ကြီးလာတာကို စောင့်ပြီး မင်းကို ဝါးမျိုလို့ရအောင် လုပ်ပေးမယ် ”

“ အဲဒီရွှေကျီးကန်းက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ ”

သူတော်စင်ကြယ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ထိုနေရာမှ ထွက်သွားသည်။

သူတော်စင်ကြယ် ထွက်သွားပြီးနောက် ဆိပ်ကမ်းနံပါတ် ( ၇၉ ) သို့ တစ်ညနေခင်းလုံး လူတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ နောက်ဆုံးတွင် မှောင်ရီပျိုးစအချိန်ရောက်သွားပြီး အင်အားစုအသီးသီး စုံစမ်းစစ်ဆေးပြီးနောက် ရွှီချင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ထုတ်နိုင်သွားကြသည်။

“ သူက ချီရွှဲ့ထုံဂိုဏ်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်က ဝင်လာခဲ့တာ။ အဆိပ်မွေးတဲ့ပတ်ဝန်းကျင်ကနေ အထက်ကို မြင့်တက်လာခဲ့တယ်။ သူ့ကိုယ်က ကြောက်စရာကောင်းတဲ့လူသတ်ငွေ့တွေ ထွက်နေတတ်တယ် ”

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ ချီရွှဲ့ထုံဂိုဏ်းရဲ့ စစ်ပွဲမှာ သူက တာဝန်တွေအများကြီး လက်ခံခဲ့ပြီး ချီစုစည်းခြင်းအဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေအများကြီးကို သတ်ဖြတ်ခဲ့တယ်။ အဲဒီသတ်ဖြတ်ခဲ့တဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေရဲ့ ဝိညာဉ်တွေကို သန့်စင်ပြီး ဓမ္မတံခါးတွေကို ဖွင့်တာ သက်စောင့်မီးလုံးနှစ်လုံးကို ရောက်သွားတယ်။ သူက ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို လေ့ကျင့်ထားတာလား။ အဆိပ်ပညာမှာလည်း ထူးချွန်နေတာပေါ့ ”

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က တာအိုကလေးငယ် မြောင်ချန်က သူ့ကို ဝရမ်းစာရင်းထဲ ထည့်ခဲ့တယ်။ ဒါပေမဲ့ မြောင်ချန်က ဘာကြောင့်အဲဒီလိုလုပ်ရလဲဆိုတာ တစ်ခါမှ ထုတ်မပြောခဲ့ဘူး။ အပြင်လူတွေက အမျိုးမျိုးခန့်မှန်းခဲ့ကြပေမဲ့ ရွှီချင်းက မြောင်ချန်ကို တိုက်ခိုက်နိုင်မယ်လို့ မထင်ခဲ့ကြဘူး။ အခုကြည့်ရသလောက် သူက မြောင်ချန်ကို အဆိပ်ရယ်၊ ရွှေကျီးကန်းရယ်နဲ့ တိုက်ခိုက်ခဲ့တဲ့ပုံပဲ ”

“ ဒီရွှီချင်းက ချီရွှဲ့ထုံဂိုဏ်းက ထိပ်သီးဂိုဏ်းသားတွေက တစ်ယောက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုထိ မင်းသားတစ်ယောက် မဟုတ်သေးဘူး။ ဆက်ခံသူစာရင်းထဲပဲ ရှိသေးတယ် ”

“ အရေးကြီးဆုံးက အဲဒီလူက ဒီလိုမျိုး အစွမ်းရှိနေတာတောင် ဘိုးဘေးရုပ်အလောင်းရုပ်ထုမတိုင်ခင်အထိ သိုသိုသိပ်သိပ် နေခဲ့တာပဲ။ ဂိုဏ်းသားအချင်းချင်းတောင် သူ့အစစ်အမှန်အစွမ်းကို မသိခဲ့ကြဘူး။ ဒီလူက တော်တော် လျှို့ဝှက်နိုင်တဲ့လူပဲ ”

ရွှီချင်းနှင့် ပတ်သက်သည့် သတင်းများ ပေါက်ကြားလာပြီး ထိုသတင်းများကို သိလိုက်ရသည့်လူတိုင်း အလွန် တအံ့တသြ ဖြစ်သွားကြသည်။

တခဏလေးအတွင်း ရွှီချင်း၏ နာမည်က ချီရွဲှ့ထုံတစ်ဂိုဏ်းလုံး ဟိုးလေးတကြော်ကြော် ဖြစ်သွားရာ လူသားမဟုတ်သောမျိုးနွယ်များအားလုံး ရွှီချင်းကို ကောင်းစွာ မှတ်မိသွားကြသည်။ တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းရှိ တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများသည်လည်း သူတို့ သိလိုက်ရသော သတင်းများကြောင့် တုန်လှုပ်သွားကြသည်။

မကြာခင်မှာပင် ရွှီချင်းက သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားတစ်ယောက်ဖြစ်သည်ကို သူတို့ တွေးမိလိုက်ကြပြီး စိတ်သက်သာရာရသွားသည်။

သတ္တမမြောက်တောင်ထိပ်မှဂိုဏ်းသားများသည် ဝှက်ဖဲများကို ဖုံးကွယ်ရာ၌ ထူးချွန်ကြသည်။ ထိုအကြောင်းကို ချီရွှဲ့ထုံဂိုဏ်းထဲရှိ လူတိုင်း သိထားကြသည်။

သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများထဲတွင် ဘယ်လိုမွန်းစတားများ ပုန်းအောင်းနေကြမည်ကို တစ်ယောက်မျှ သိမည် မဟုတ်ပေ။

All Chapters