← Chapters

အားလုံး ဝယ်လိုက်

Vol. 25 Ch. 365

အားလုံး ဝယ်လိုက်

Vol. 25 Ch. 365

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ရှယ်ယာရှင်များ ဆူဆူညံညံ ဖြစ်နေကြသည်။ ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တောင်မှ သူတို့၏ ရှယ်ယာများကို ရောင်းခဲ့သည် မဟုတ်ပါလော။ ဤသို့သော အခြေအနေမျိုး၌ သူတို့ သွေးပျက်သည်က ဖြစ်ရိုးဖြစ်စဉ်ပင်။

“ဒါရိုက်တာလီ၊ ခင်ဗျားရဲ့ ရှယ်ယာ သုံးရာခိုင်နှုန်းက သန်းတစ်ရာ တန်ဦးမယ်လို့ ထင်နေတာလား”

ဥက္ကဋ္ဌရှုက ရယ်လျက် ခေါင်းခါလေသည်။ ထို့နောက် သူက ဆက်ပြောသည်။

“ကျုပ်နဲ့ ဥက္ကဋ္ဌ အိုးရန်ဆီက ရှယ်ယာ ၃၀ ရာခိုင်နှုန်းက သူတို့ကို အလကား ပေးလိုက်တာ”

“အလကား ပေးလိုက်တာ ဟုတ်လား၊ ခင်ဗျား လိမ်နေတာ”

တစ်စုံတစ်ယောက်က စားပွဲကို ဒုန်းခနဲထု၍ ထရပ်ကာ သရော်လာသည်။

“ဥက္ကဋ္ဌရှု၊ ကျုပ် ဗြောင်ပဲ ပြောမယ်၊ ကျုပ်မှာ ရှယ်ယာ ၄ ရာခိုင်နှုန်း ရှိတယ်၊ ဒါကို ကျုပ် သန်းရှစ်ဆယ်နဲ့ ရောင်းမယ်၊ ခင်ဗျား ယူမှာလား၊ မယူဘူးလား”

“ကျုပ် ဝယ်ချင်ပါတယ်၊ ဒါပေမဲ့ ကျုပ် ပိုင်ဆိုင်မှုအားလုံးက ကုမ္ပဏီနဲ့ ချည်နှောင်ခံထားရတာ၊ ကျုပ်တို့ရဲ့ လက်ရှိ အခြေအနေမှာ ခင်ဗျားအတွက် ကျုပ် ဘယ်ကနေ ပိုက်ဆံ ရှာပေးနိုင်မှာလဲ”

ဥက္ကဋ္ဌရှုက ခါးသီးစွာ ရယ်မောလိုက်သည်။

“ဥက္ကဋ္ဌရှု၊ ခင်ဗျားက ကျုပ်တို့ကို နောက်ကျောကနေ ဓားနဲ့ ထိုးတာပဲ၊ ကျုပ်တို့က ခင်ဗျားနဲ့ အတူတူ ဖြတ်ကျော်ခဲ့တာ၊ အခု ခင်ဗျားက ကျုပ်တို့ကို ကားအောက်ထဲ တွန်းပို့ပြီပေါ့လေ”

“ဒေါက် ဒေါက် ဒေါက်”

ထိုစဉ် အိုးရန်ချင်းက ဒေါက်ဖိနပ်သံနှင့်အတူ စင်မြင့်ပေါ် တက်သွားသည်။ သူမက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

“ဒီမှာ ရှိနေတဲ့လူတိုင်းက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ တည်ထောင်သူတွေပါပဲ၊ ရှင်တို့ စစချင်းထဲက ကျွန်မတို့ဆီမှာ ပိုက်ဆံ ဘယ်လောက်များများ ရင်းနှီးထားလဲဆိုတာ ရှင်တို့ အသိဆုံးပါ၊ ဒီနှစ်တွေထဲမှာ ရှင်တို့ ရရှိတဲ့ နှစ်စဉ် အစုပေါ်အမြတ်က များပါတယ်၊ အခု ကုမ္ပဏီက အခက်အခဲထဲ ရောက်နေတာပါ၊ ရှင်တို့ ဥက္ကဋ္ဌရှုကို အခက်တွေ့အောင် မလုပ်သင့်ဘူး”

“ဒါရိုက်တာ အိုးရန်၊ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီလို အခြေအနေ ဖြစ်မှာ မဟုတ်ဘူး၊ မင်း ငါတို့အတွက် အဖြေ ရှာကို ရှာပေးရမယ်”

တစ်ယောက်က ထအော်သည်။

အိုးရန်ချင်းက စာချုပ်တစ်ခုကို ထုတ်လိုက်ပြီး တည်ငြိမ်စွာ‌ ပြောလိုက်သည်။

“ကျွန်မတို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ပြီးတဲ့အပြင်ကိုမှ ဝိုင်အလှကုန်ပစ္စည်းက ကျွန်မတို့ ကုမ္ပဏီရဲ့ ရှယ်ယာကို ဝယ်ဖို့ စိတ်ကူးနေတယ်၊ ရှင်တို့ တစ်ချက် ကြည့်ကြည့်လိုက်ပါ”

သူမစကားက အခြေအနေကို ချက်ချင်း တိတ်ကျသွားစေသည်။ သူတို့က အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်မှ စာချုပ်ကို မယုံသင်္ကာဖြင့် ယူဖတ်ကြည့်လေသည်။

“ရှယ်ယာ တစ်ရာခိုင်နှုန်းကို ၁.၅ သန်း ဟုတ်လား၊ ဝမ်ရုံ လုပ်ငန်းစုရဲ့ ရှယ်ယာက ဘယ်တုန်းက အဲ့လောက် ဈေးပေါသွားတာလဲ”

ရှယ်ယာရှင်တစ်ယောက်က မကျေမနပ် ခနဲ့လာသည်။

“ဟုတ်တယ်၊ အနည်းဆုံး ၂သန်း ရှိသင့်တယ်”

အိုးရန်ချင်းက လူအုပ်၏ တုံ့ပြန်မှုကြောင့် မဖြုံသွားဘဲ ကြေငြာလိုက်သည်။

“ရှင်တို့ မရောင်းချင်လည်း ထားလိုက်ပါ၊ ဝိုင်အလှကုန်ပစ္စည်းက ရှင်တို့ကို နစ်နာကြေး ပေးချင်လို့ ရှင်တို့ ရှယ်ယာကို ဝယ်ဖို့ အကြံပေးလိုက်ရုံပဲ၊ ဒီအလှကုန် ကုမ္ပဏီက အလိုအလျောက် မောင်းနှင်ရေး နယ်ပယ်ကို နားမလည်ဘူး၊ သူတို့က တုံးအပင်မယ့် ပိုက်ဆံရှိတယ်၊ သူတို့ အပေးအယူကောင်းကို တွေ့တယ်လို့ ထင်လို့ ဝယ်ဖို့ သဘောတူလိုက်တာ၊ ကျွန်မတို့ ကုမ္ပဏီက အခြေအနေကို သူတို့ သတိပြုမိတဲ့အထိ စောင့်လိုက်ပေါ့၊ အဲ့အခါကျရင် ကျွန်မတို့ ရှယ်ယာတွေကို ဝယ်တော့မှာ မဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် သူမက စာချုပ်ကို သူတို့လက်ထဲမှ ပြန်ယူလိုက်သည်။

“နေဦး”

“ဝိုင်အလှကုန်ပစ္စည်းက ရှယ်ယာတစ်ခုကို ၁.၅သန်းနဲ့ ဘယ်လောက်များများ ဝယ်ဖို့ စီစဉ်ထားတာလဲ”

သူတို့ထဲက တစ်ယောက်က မေးလာသည်။

“ရှင်တို့ ဘယ်လောက်ရောင်းရောင်း၊ သူတို့က အကုန်ဝယ်မှာ၊ ကျွန်မ ဈေးမတပ်ခင် ဒီကုမ္ပဏီကို စာရင်းစစ် ဝင်ဖို့ အကြောင်းကြားလိုက်ရမလား”

အိုးရန်ချင်းက ပြုံး၍ ပြောလိုက်သည်။

“မလိုဘူး၊ အဲ့လိုလုပ်ဖို့ မလိုဘူး”

တစ်ယောက်က အသည်းအသန် ပြောသည်။

“ရှယ်ယာတစ်ခုကို ၁.၅ သန်း မဟုတ်လား၊ ငါ ရောင်းမယ်”

အခြား ရှယ်ယာရှင်များ ငြိမ်နေကြသည်။ လက်ရှိ အခြေအနေအရ နယ်ပယ်ထဲမှ လူတိုင်း ဝမ်ရုံလုပ်ငန်းစု၏ အခြေအနေက မကောင်းမှန်း သိထားကြသည်။ တစ်စုံတစ်ယောက်က သူတို့ရှယ်ယာကို ထိုဈေးဖြင့် ဝယ်ချင်သည်ကပင် သူတို့အတွက် ကံကောင်းနေလေပြီ။

အကယ်၍ ဝိုင်အလှကုန်ပစ္စည်းက စာရင်းစစ်ရန် တစ်စုံတစ်ယောက်ကို လွှတ်ပါက သူတို့ဆီက ဝယ်ရန် တန်းငြင်းလောက်သည်။

*ဒီအလှကုန် ကုမ္ပဏီက ရူးချင်စရာ ကောင်းလောက်အောင် ချမ်းသာပြီး ဘာမှမသိပါလား၊ ငါတို့ အခုမှ မရောင်းရင် ဒီအခွင့်အရေးကို လက်လွှတ်ရလိမ့်မယ်”

“ငါလည်း ရောင်းမယ်၊ ပိုက်ဆံကို ဘယ်တော့ လွှဲပေးမှာလဲ”

“ရှင် စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ နောက်နေ့ ပိုက်ဆံကို လွှဲပေးမှာပါ၊ အရောင်းအဝယ်ကိစ္စရဲ့‌ နောက်ဆက်တွဲကို ကျွန်မ ကိုင်တွယ်မှာပါ”

အိုးရန်ချင်းက ပြောလိုက်သည်။

“ဟားဟားဟား ကောင်းပြီလေ၊ ဒါရိုက်တာ အိုးရန်က တကယ် အစွမ်းအစ ရှိတာပဲ၊ ဒီလိုအချိန်မျိုးမှာ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ရောင်းနိုင်တာပဲ၊ ကျုပ် လေးစားမိပြီ’

ရှယ်ယာရှင်များက ပြုံးနေကြသည်။ တစ်ယောက်ပြီး တစ်ယောက်သည် စာချုပ်ပေါ်မှ သူတို့နာမည်များတွင် လက်မှတ်ထိုးလိုက်သည်။

“ဒါရိုက်တာ အိုးရန်၊ အရောင်းအဝယ်ကိစ္စကို တတ်နိုင်သလောက် မြန်မြန် ဖြေရှင်းပါ၊ ကျုပ်တို့ ဒီအလှကုန် ကုမ္ပဏီက သူတို့ ဆုံးဖြတ်ချက်အတွက် နောင်တရမှာကို မလိုချင်ဘူး”

“စိတ်ချပါ”

အိုးရန်ချင်းက နားလည်ဟန်ဖြင့် ချက်ချင်း ခေါင်းညိတ်၍ အခန်းထဲမှ ထွက်သွားသည်။

ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့သည် အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် သက်ပြင်းရှည် ချလိုက်ကြသည်။ ယနေ့မှစ၍ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု တစ်ခုလုံး ခေါင်းဆောင်ပိုင်း ပြောင်းလဲတော့မည်ဟု သူတို့ သိလိုက်လေသည်။

တစ်ဖက်တွင်မူ ရဲ့လင်းချန်က ဖုန်းကိုင်နေသည်။

“ဥ…ဥက္ကဋ္ဌရဲ့၊ ကုမ္ပဏီဘက်က ကိစ္စကို ဖြေရှင်းပြီးပါပြီ၊ ရှယ်ယာရှင်တွေက သူတို့ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းလုံးကို ရောင်းချင်နေပါတယ်”

ဖုန်းတစ်ဖက်မှ အိုးရန်ချင်း၏ အသံကို ကြားလိုက်ရသည်။ သူမအသံက ကသိကအောက် ဖြစ်ဟန်ပေါ်နေသည်။

ရဲ့လင်းချန်ကို သူမ တွေးမိလိုက်တိုင်း သူမ၏ လက်ရှိ အခြေအနေကို အမှတ်ရလာသဖြင့် သူမ အလွန် နေရခက် လှသည်။ ယင်းက သူမဘဝတွင် အရှက်အရဆုံး အခိုက်အတန့်ပင်။

“သိပ်ကောင်းတယ်”

ရဲ့လင်းချန် ခေါင်းညိတ်ကာ ပြုံးလိုက်မိသည်။

“စုစုပေါင်း ၇၃၅ သန်းပေါ့၊ ကျုပ် ဝိုင်အလှကုန်ပစ္စည်းဆိုင်ကို ဝမ်ရုံ အော်တိုမိုဘိုင်းလုပ်ငန်းရဲ့ အကောင့်ထဲ လွှဲခိုင်းလိုက်မယ်၊ ကျန်တာကို ခင်ဗျား မြန်မြန် ဖြေရှင်းလိုက်ပါ”

အိုးရန်ချင်း ရင်တုန်သွားသည်။ သူမ မျှော်လင့်ထားသော်လည်း ရဲ့လင်းချန်က ထိုမျှ များပြားသော ပမာဏကို ဘာမှမဟုတ်သလို ပြောချိန်တိုင်း သူမ ကြောက်လန့်မိနေသေးသည်။ သို့သော်ငြားလည်း သူမ ခေါင်းညိတ် သဘောတူလိုက်နိုင်သည်။

“နားလည်ပါပြီ”

မကြာခင်မှာပင် ကျန်းယွင်ရှီက သူ့ကို ဖုန်းခေါ်လာသည်။ သူမအသံက မသိမသာ တုန်နေ၏။

“လင်းချန်၊ ဘ…ဘ…ဘ…ဘယ်လိုလုပ် သန်းခုနစ်ရာကျော်က ငါတို့ကုမ္ပဏီရဲ့ အကောင့်ထဲ ရုတ်တရက် ရောက်လာတာလဲ”

“ငါ လွှဲလိုက်တာလေ၊ မင်း အဲ့ဒါကို ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ အကောင့်ထဲ လွှဲလိုက်လို့ရတယ်”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ အဲ့ပိုက်ဆံအားလုံးကို တရားနည်းလမ်းကျကျ ရထားတာပါ၊ စိတ်ချ”

“ဒါပေမဲ့ … ဒါက … နင် တကယ်ပဲ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို လုံးဝ ဝယ်ဖို့ ကြိုးစားနေတာလား၊ သူတို့က အခု အခြေအနေ ဆိုးနေတာလေ”

ကျန်းယွင်ရှီ၏အသံတွင် စိုးရိမ်မှုတို့ ပြည့်နှက်နေ၏။

“နင် ပြန်စဉ်းစားပါဦးလား၊ ဒါ သန်း ၇၀၀ ကျော်နော်”

ကျန်းယွင်ရှီသည် ကြောက်လွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ အစက သူမသည် လောကကြီးကို သိမြင်ပြီးပြီဟု ထင်ခဲ့မိသည်။ ဝိုင်အလှကုန်ပစ္စည်းဆိုင်သည် အောင်မြင်နေပြီး ကုမ္ပဏီ၏ အကောင့်တွင်း ပိုက်ဆံ သန်းဂဏန်းအချို့ ရှိသည်က ပြဿနာ မဟုတ်ပါ။ သို့သော် ရဲ့လင်းချန်၏ ကြောက်စရာကောင်းသော အစွမ်းအစကို သူမ လျှော့တွက်ခဲ့မိကြောင်း ယခုမှ သတိထားမိသွားလေသည်။

*သူ ဒီပိုက်ဆံတွေကို ဘယ်နေရာကနေ ရလာတာလဲ*

ထို့အပြင် သူမသည်လည်း ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ပြဿနာကို ကြားခဲ့ပါသည်။ ထိုပမာဏနှင့်ဆိုလျင် စာရင်းသေ အပ်ငွေ၏ အတိုးတောင်မှ တစ်သက်လုံး ထိုင်စား၍ ရနေပြီ ဖြစ်သည်။ အဘယ်ကြောင့် သူက ထိုသို့သော ကုမ္ပဏီကို အလုပ်ရှုပ်ခံ၍ ဝယ်ရသနည်း။ ၎င်းက အလိမ်ခံရလုနီးပါးပင်။

“အဲ့ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး၊ ငါ မင်းကို ပြောတဲ့အတိုင်းပဲ လုပ်ပါ၊ ငါ ကိစ္စတွေကို ဖြေရှင်းတဲ့ နည်းလမ်းကို မင်း ယုံကြည်တယ် မဟုတ်ဘူးလား”

ရဲ့လင်းချန် အခိုင်အမာ ပြောလိုက်သည်။

ကျန်းယွင်ရှီ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူမ အံကိုကြိတ်၍ ထိုပိုက်ဆံကို မျက်ရည်များနှင့် လွှဲလိုက်ရ လေသည်။

ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။ သူသည် ကဒ်ထဲမှ လက်ကျန်ပမာဏကို ကြည့်၍ အောင့်သက်သက်ပြုံးကာ ခေါင်းခါလိုက်မိသည်။ တစ်ခဏအတွင်း သူ ကြိုးစားပမ်းစား ရထားသည့် ပိုက်ဆံ၏ ပမာဏ တော်တော် များများကို သုံးလိုက်ရသည်။

အစက သူသည် ထိုပိုက်ဆံကို ဘယ်နေရာမှာ သုံးရမလဲဟု စဉ်းစားနေခဲ့သည်။

သန်း ၁၅၀ သည် သူ့အကောင့်ထဲ၌ ကျန်သော ပိုက်ဆံ အကုန်ပင်။ ထိုပိုက်ဆံသည် ဝိုင်အလှကုန်ပစ္စည်းဆိုင်မှ အမြတ်နှင့် တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ သူ ရရှိသော ပိုက်ဆံပင်။

လက်ရှိတွင် ဝိုင်အလှကုန်ပစ္စည်းဆိုင်နှင့် တိုက်ရိုက် ထုတ်လွှင့်ခြင်းတို့က အမြတ်ငွေ လုံလောက်ပါသည်။ သို့သော် အသစ် ဝယ်လိုက်သည့် ဝမ်ရုံ နည်းပညာက မုန်တိုင်းကာလအလယ်၌ ပိတ်မိနေ၏။ ထို့အပြင် အနာဂတ် တိုးတက်မှုနှင့် ထုတ်လုပ်ရေးတို့ကလည်း ပိုက်ဆံ အများအပြား လိုအပ်သည်။ သန်း ၁၅၀ သည် လုံလောက်ရုံ မျှသာ ရှိသေးသည်။

သို့သော် သူ၏ နည်းပညာ ဗဟုသုတပေါ်၌ သူ ယုံကြည်မှု ရှိသည်။ အခြေအနေက နေရာမှန်သို့ ရောက်သည်နှင့် အမြတ်က ရူးချင်စရာ ဖြစ်လာမှာပင်။

ဤအသစ်စက်စက် ဝယ်ထားသော ကုမ္ပဏီ၏ တိုးတက်မှုအတွက် သူ တစ်ခုခု စီစဉ်ရန် လိုအပ်နေသည့်ပုံပင်။

All Chapters