ဝမ်ကူးဒေသက စည်းစိတ်နတ်မင်း
Vol. 21 Ch. 319
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ လက်ရွေးစင်များမှာ စိတ်ထဲတွင် ပို၍ တုန်ခါသွားကြသည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များသည် ကံကောင်းမှသာ ရရှိနိုင်သည်ဖြစ်၍ သူတို့ထဲမှ အများစုမှာ မနာလိုဖြစ်သွားကြသည်။
ကျင်းဝူလျန့်ဝမ့်လင်အတတ်ကိုပင် မဆိုထားဘိ လူသားများ ကျင့်ကြံနိုင်သော ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်များသည်ပင် အလွန့်အလွန် ရှားပါးသည်။
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ အရှင်သခင်သည် ယခင်က ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ အမွေကို ဆက်ခံရရှိခဲ့သည်ဖြစ်၍ ကျင်းဝူလျန့်ဝမ့်လင်အတတ်အကြောင်းကို ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ဂိုဏ်းသားများ ပို၍ သိကြသည်။
ထိုသို့ သူတို့ ပိုနားလည်လေလေ သူတို့ရင်ထဲမှာ မနာလိုစိတ်များ ကြီးထွားလာလေပင်။ တချိန်တည်းမှာပင် ရွှီချင်းကို တောင်ထိပ်အသီးသီးမှ အကြီးဆုံးမင်းသားများနှင့် တန်းတူ သတ်မှတ်လာကြသည်။
သို့သော်လည်း မည်သည့်ဂိုဏ်းမှ ကောင်းကင်လက်ရွေးစင်မျှ မိစ္ဆာသားကောင်ဂိုဏ်းအတွက် ရပ်တည်ပေးမည် မဟုတ်ပေ။ ခုနစ်ဂိုဏ်းမဟာမိတ်မှ ထိုကောင်းကင်လက်ရွေးစင်များသည် ထိုကိစ္စက လွယ်လွယ်ကူကူ ပြီးသွားမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေကြသည်။
ထို့ကြောင့် ထိုကိစ္စအား မိစ္ဆာသားကောင်ဂိုဏ်းနှင့် ရွှမ်ယုံဂိုဏ်းက မည်ကဲ့သို့ ကိုင်တွယ်မည်ကို သူတို့ စောင့်ကြည့်နေကြသည်။
သတ္တမမြောက်တောင်ထိပ်၏ ပင်မဂိုဏ်းကြီးသည် ရွှမ်ယုံဂိုဏ်းဖြစ်ပြီး ရွှမ်ယုံဂိုဏ်း၏ ကောင်းကင်လက်ရွေးစင်ဖြစ်သော ဟွမ်ရီခွန်သည်လည်း ထူးခြားသော တိုက်ရည်ခိုက်ရည်ရှိသူ ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူက ရောက်လာပြီးနောက် တစ်စုံတစ်ခုကို စောင့်နေသည့်အလား တစ်ယောက်မှ စိန်မခေါ်သေးပေ။
ထိုသို့ လူအားလုံး စောင့်ကြည့်နေကြစဉ် ရွှမ်ယုံဂိုဏ်းမှ ဟွမ်ရီခွန်သည် လက်ထဲရှိ ကျောက်စိမ်းပေလွှာထဲမှ သတင်းအချက်အလက်ကို ကြည့်၍ ပြုံးလိုက်သည်။
“ အချိန်ကျလာပြီပဲ။ တခြားသူတွေကို စိန်ခေါ်လိုက်ရင် ရွှမ်ယုံဂိုဏ်းအကြောင်း သိသွားမှာ မဟုတ်ဘူး အစက သူတို့အားလုံး စိန်ခေါ်ပြီးမှပဲ စိန်ခေါ်ဖို့ စီစဉ်ထားတာ။ အခုတော့ မလိုတော့ဘူးပဲ ”
“ ဒီရွှီချင်းက သိပ်ကောင်းတဲ့ဓားစာခံပဲ။ သူ့ကို ဖျက်ဆီးပစ်ရမှာ နှမျောစရာကောင်းတယ်။ သူ့ကို သိမ်းသွင်းလို့ရရင် သိပ်ကောင်းမယ် ”
ဟွမ်ရီခွန်သည် ပြုံးလိုက်ပြီး ကျောက်စိမ်းပေလွှာထဲသို့ အသံပို့လွှတ်လိုက်သည်။
“ ရွှီချင်းရဲ့ကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်။ ဘယ်လိုဖြစ်လာမလဲ မင်းတို့ကောင်တွေ စောင့်ကြည့်နေ ”
ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ၊ ချီရွှဲ့ထုံဂိုဏ်းသားများနှင့် လူသားမဟုတ်သော မျိုးနွယ်ဝင်များက ရွှီချင်းကို ပို၍ အာရုံစိုက်နေစဉ် သူသည် သင်္ဘောပေါ်မှာ ထိုင်နေသည်။
သူ၏အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေ၏။
ရွှီချင်းသည် အပြင်လောကတွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို သိနေသည်။ အမှန်စင်စစ် တိုက်ခိုက်ရန် သူ ရွေးချယ်လိုက်ကတည်းက ထိုသို့ဖြစ်ပျက်လာမည်ကို သူ နားလည်ထားခဲ့သည်။ သူက သူ့ကိုယ်သူ ထုတ်ဖော်မပြချင်ပါသော်လည်း တချို့အရာများက ဖုံးကွယ်၍ မရသည်ကို သူ သိသည်။
ဥပမာအနေဖြင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် သို့မဟုတ် သူ၏အဆိပ်ပင်။
သူ့မှာ လျှို့ဝှက်ချက်များစွာ ရှိသည်။ သူသာ ထိုလျှို့ဝှက်ချက်များ ထုတ်ဖော်မပြသဘူးဆိုပါက တခြားသူများက ခန့်မှန်းနေကြမည်ဖြစ်ရာ သူ့အတွက် ဆိုးကျိုးဖြစ်လာစေမည်ဖြစ်သည်။
သူ၏ဝှက်ဖဲတချို့ကို သင့်တင့်စွာ ပြသထားခဲ့ပါက ပို၍ နက်နဲသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။
“ ငါ့လျှို့ဝှက်ချက်ရဲ့ ပထမအဆင့်က အဆိပ်နဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ပဲ။ ဒုတိယအဆင့်က သက်စောင့်မီးအိမ်။ တတိယအဆင့်က ဓာတ်နှောတွေကို စုပ်ယူနိုင်တဲ့အရိပ်။ စတုတ္ထအဆင့်က ခရမ်းရောင်သလင်းကျောက် ”
ရွှီချင်းသည် ဝေဖန်ဆန်းစစ်ပြီး တစ်ခုမှ မလွဲမှားကြောင်း အတည်ပြုပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် အပြာရောင်သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာသည်။
ထိုသိုလှောင်လက်စွပ်ထဲတွင် တဖျပ်ဖျပ်လက်နေသော ကျောက်မျက်ရတနာတစ်ခု မြှုပ်နှံထားသည်။ ခြုံကြည့်လျှင် ထိုလက်စွပ်မှာ အလွန် အဖိုးတန်ပုံရသည်။
ထိုလက်စွပ်သည် စီမာလင်း၏ သိုလှောင်လက်စွပ်မှလွဲ၍ တခြားမဟုတ်ပေ။
သိုလှောင်အိတ်နှင့် မတူဘဲ သိုလှောင်လက်စွပ်တစ်ကွင်း၏ သိုလှောင်နိုင်စွမ်းနှင့် တန်ဖိုးက ပို၍ပင် ထူးခြားသည်။ ယင်းအပြင် သိုလှောင်လက်စွပ်ရှိ ကျောက်မျက်ရတနာက သာမန်ကျောက်မျက်ရတနာတစ်ပါး မဟုတ်သည်ဖြစ်၍ သိုလှောင်လက်စွပ်၏ တန်ဖိုးကို မြင့်တက်သွားစေသည်။
စီမာလင်းသည် လူဆိုးထိန်းဌာနမှ ဖမ်းဆီးထားသော ရာဇဝတ်ကောင်ဖြစ်သည်။ လူဆိုးထိန်းဌာန၏ စည်းမျဉ်းများအရ ဖမ်းဆီးခံလိုက်ရသည့် လူတိုင်းထံမှ ပစ္စည်းများကို သက်ဆိုင်ရာဌာနများက သိမ်းယူခွင့်ရှိသည်။
သို့သော်လည်း ထိုအချက်မှာ အခြေအနေပေါ်မူတည်၍ ပြုပြင်ပြောင်းလဲလွယ်သည်။ ဥပမာအနေဖြင့် ယခင်က ယန်ယန်ကို ဖမ်းဆီးခဲ့ပါသော်လည်း ရွှီချင်းက သူ့အတိုင်းအဆကို သိသည်။ ယန်ယန်၏ သိုလှောင်လက်စွပ်ကို ဘေးကင်းလုံခြုံရန်အတွက်သာ ထိန်းသိမ်းထားခဲ့သည်။ ယန်ယန်ကို ပြန်လွှတ်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ကို ပြန်ပေးခဲ့သည်။
စီမာလင်း၏ ပစ္စည်းများကိုမူ ယူ၍ရမည်မဟုတ်ကြောင်း ရွှီချင်း မခံစားရပေ။ သူက သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်ပြီး လက်စွပ်ပေါ်ရှိ တံဆိပ်ကို အာရုံခံမိလိုက်သည်။
ထိုသိုလှောင်လက်စွပ်မှာ အသုံးပြုသူ၏ တံဆိပ်ရှိနေပြီး ထိုသိုလှောင်လက်စွပ်ကို ဖွင့်ရန် ထူးခြားသော နတ်အာရုံ လိုအပ်သည်။ သို့သော်လည်း ယင်းသည် ရွှီချင်းအတွက် ပြဿနာမဟုတ်ပေ။
“ ဖျက်ပစ်လိုက် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် အရိပ်လေးသည် ရွှီချင်း၏အပြောကို စောင့်နေသည့်အလား အလျင်အမြန် ပြန့်ကားသွားသည်။ ၎င်းက သိုလှောင်လက်စွပ်ကို ချက်ချင်း လွှမ်းခြုံလိုက်ပြီး ဓာတ်နှောများဖြင့် တံဆိပ်အား တိုက်စားလိုက်သည်။
ခဏအကြာ တံဆိပ်မှာ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ ရွှီချင်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး တံဆိပ်ကို ဖယ်လိုက်သည်။ ဓမ္မစွမ်းအားများကို သူ ထည့်သွင်းလိုက်ပြီးနောက် အထဲရှိ ပစ္စည်းများကို မြင်လိုက်ရသည်။
သူ စစ်ဆေးကြည့်ပြီးနောက် သူ၏လက်ရှိအသိဖြင့်ပင် သူ့မျက်လုံးများ မှေးသွားပြီး တဖြည်းဖြည်း ဝင်းလက်သွားသည်။
ထိုသိုလှောင်လက်စွပ်ထဲတွင် ဝိညာဉ်လက်မှတ်အများအပြား ရှိနေသည်။ ထိုဝိညာဉ်လက်မှတ်များကို ရွှီချင်းက ယူ၍ ရေတွက်ကြည့်လိုက်ပြီးနောက် တအံ့တသြ ဖြစ်သွားသည်။
“ ကိုးသန်းသုံးသိန်း ”
ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ တစ်ချီတည်းဖြင့် ဝိညာဉ်ကျောက်တုံးများစွာ သူ ပွသွားခဲ့သည်။ အမြဲလိုလို တည်ငြိမ်နေတတ်သော သူသည်ပင် ထိုအချိန်၌ ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ထိန်းချုပ်မထားနိုင်ဘဲ အော်ဟစ်လိုက်သည်။
“ ကျိကျိတက်ချမ်းသာတာပဲဟ။ ဘယ်လိုလုပ် ကောင်းကင်လက်ရွေးစင်ဖြစ်နေတာတုံး။ ဝမ်ကူးဒေသက သူဋ္ဌေးကြီးတစ်ယောက်ဖြစ်ရမှာ ”
ရွှီချင်း၏ ရင်ခုန်နှုန်း မြန်သွားရသည်မှာ ထိုဝိညာဉ်ကျောက်တုံးများကြောင့်သာမဟုတ်ဘဲ ကျောက်စိမ်းသေတ္တာလေးထဲ ထည့်ထားသည့် နတ်အသားပိုင်းနှစ်ပိုင်းကြောင့်လည်း ဖြစ်သည်။ ထိုနတ်အသားပိုင်းများသည် အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ ခေါင်းအရွယ်ရှိပြီး ထိုအသားပိုင်းများထဲတွင် နတ်အစွမ်းများ သိပ်သည်းထူထပ်စွာ ရှိနေသည်။
ထိုအသားပိုင်းက အခြေတည်အဆင့်အထွတ်အထိပ်စွမ်းအားများ ရှိနေသည်ကို သူ ဝိုးတဝါး အာရုံရနေသည်။
“ အဲဒီအသားပိုင်းတွေကို ငါ့သင်္ဘောအတွက် စွမ်းအင်ရင်းမြစ်အနေနဲ့ အသုံးချရမှာပဲ ”
ရွှီချင်းက ဆက်လက်ကြည့်ရှုလိုက်သည်။
ခဏအကြာ စီမာလင်း၏ သိုလှောင်လက်စွပ်ထဲမှ လက်ချောင်းအရွယ် သလင်းကျောက်လေးတုံးကို သူ မြင်လိုက်ရသည်။ ထိုသလင်းကျောက်များသည် ပြင်းထန်သောအငွေ့အသက်များ ထုတ်လွှတ်နေပြီး အထဲတွင် မြူခိုးများ သိုလှောင်ထားဟန်တူသည်။
ထိုသလင်းကျောက်များကို သူ ထုတ်လိုက်သည့်အခိုက် သလင်းကျောက်များထဲရှိ မြူခိုးများက တရွှီရွှီအော်မြည်ကာ သွေးဆာနေသောအရိပ်များ ဖြစ်လာသည်ကို သူ အာရုံခံမိလိုက်သည်။ ထိုသလင်းကျောက်များထဲတွင် သိုလှောင်ထားသည့်အရာများအနက် တစ်ခုက ခေါင်းပြတ်နွားခန္ဓာ၊ တစ်ခုက တွန့်လိမ်ရှုံ့တွနေသော ဆံချည်ထွေး၊ နောက်ဆုံးတစ်ခုက မျက်လုံးတစ်လုံး ဖြစ်သည်။
ရွှီချင်းသည် ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် စိတ်ထဲတုန်ခါသွားသည်။ ၎င်းတို့ထံမှ သိပ်သည်းထူထပ်သော မိစ္ဆာအငွေ့အသက်များကို သူ အာရုံခံမိလိုက်သည်။
“ တတိယမြောက်တောင်ထိပ်က မိစ္ဆာတွေကို ဖမ်းဆီးတယ်။ မိစ္ဆာသားကောင်ဂိုဏ်းကတည်း အတူတူပဲ။ ဒါက မိစ္ဆာသိုလှောင်ပစ္စည်းပဲ ”
ရွှီချင်းသည် အတွေးနက်သွားပြီး မည်သည့်အတွက်ကြောင့် စီမာလင်းက တိုက်ပွဲမှာ ထိုပစ္စည်းအား အသုံးမပြုခဲ့သည်ကိုလည်း သူ နားလည်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် စီမာလင်းမှာ အဆိပ်မိထားပြီး သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများသည်လည်း ကန့်သတ်ချက်ထက် ကျော်လွန်နေသည်ဖြစ်၍ သူ့ကိုယ်ထဲရှိ မိစ္ဆာများက ထကြွသောင်းကြမ်းလာသောကြောင့် ဖြစ်သည်။ သူသာ ထိုမိစ္ဆာများကိုသာ ထုတ်လိုက်ပါက ရွှီချင်းကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ဘဲ သူ ပို၍ အခြေအနေဆိုးသွားမည် ဖြစ်သည်။
ယင်းအပြင် စီမာလင်း၏သိုလှောင်လက်စွပ်ထဲတွင် အမည်မသိဆေးလုံးငါးလုံးရှိသည်။ ထိုဆေးလုံးများသည်လည်း ရွှီချင်း၏စိတ်ကို တုန်ရီသွားစေသည့်ပစ္စည်းများဖြစ်သည်။ ဆေးပညာတွင် ကျွမ်းကျင်မှုအရ ဆေးလုံးများကို သူ အနံ့ခံကြည့်လိုက်ပြီးနောက် သူ၏ဓမ္မတံခါးများက အရှိန်အဟုန်ပြင်းစွာ လည်ပတ်သွားသည်ကို သူ တွေ့လိုက်ရသည်။
အမှန်စင်စစ် မပွင့်သေးသော ( ၈၄ ) ခုမြောက်ဓမ္မတံခါးဆီမှ ပြင်းထန်သော ခံစားချက်တစ်မျိုးပင် သူ အာရုံရလိုက်သည်။
“ ဓမ္မတံခါးတွေ ဖွင့်နိုင်တဲ့ဆေးတွေလား ”
ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး သူ့မျက်လုံးများထဲရှိ အလင်းများ ပို၍ စူးရှတောက်ပလာသည်။
သူသည် ဓမ္မတံခါး ( ၈၃ ) ခုကို ဖွင့်ထားခဲ့ပြီဖြစ်ပြီး တတိယမြောက်သက်စောင့်မီးလုံးကို ဖော်ထုတ်နိုင်ရန် ဓမ္မတံခါးခုနစ်ခုသာ လိုတော့သည်။
စီမာလင်း၏ သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများစွာရှိသည်။ ဓမ္မအသုံးအဆောင် ခုနစ်ခု၊ ရှစ်ခုခန့်ရှိသည်။ သို့သော်လည်း ထိုဓမ္မအသုံးအဆောင်များကို သူ စစ်ဆေးကြည့်ပြီးနောက် ထိုပစ္စည်းများသည် မိစ္ဆာများကို ထိန်းချုပ်ရာတွင်သုံးသော ပစ္စည်းများဖြစ်ပြီး ထူးဆန်းသော ကျင့်ကြံခြင်းအတတ်လည်း လိုအပ်သည်ကို သိလိုက်ရသည်။
ကျောက်စိမ်းပေလွှာအနည်းငယ် ရှိပါသော်လည်း ထိုကျောက်စိမ်းပေလွှာများပေါ်တွင် တံဆိပ်များ ရှိနေသည်မှာ နှမျောစရာကောင်းသည်။ ရွှီချင်းသည် ထိုတံဆိပ်များကို အာရုံခံကြည့်လိုက်ပြီး ဂိုဏ်းတံဆိပ်နှင့် ဆင်တူကြောင်း တွေ့လိုက်ရသည်။ ယင်းသည် ကျင့်ကြံခြင်းအတတ်များ ခိုးယူခံရမည့်အရေးမှ ကာကွယ်သည့်နည်းလမ်းဖြစ်သည်။ အရိပ်ဖြင့် ထိုတံဆိပ်များကို သူ ဖျက်ဆီးရန် ကြိုးစားလိုက်သော်လည်း အနည်းငယ်သာ အကျိုးသက်ရောက်သည်။
တခြားပစ္စည်းများမှာ တိုလီမိုလီပစ္စည်းများသာ ဖြစ်သည်။ ရွှီချင်းက တိုလီမိုလီပစ္စည်းများကို မွှေနှောက်ရှာဖွေနေစဉ် ရုတ်တရက် သူ့မျက်လုံးများ မှေးသွားသည်။ သိုလှောင်လက်စွပ်၏ ထောင့်တစ်နေရာတွင် ကပ်နေသော သစ်သားသေတ္တာလေးတစ်လုံးကို သူ တွေ့လိုက်သည်။
ထိုသေတ္တာလေးသည် အနက်ရောင်ဖြစ်သည်။ ရွှီချင်း ထုတ်ကြည့်လိုက်ပြီး သေတ္တာပေါ်မှ သိပ်သည်းထူထပ်သော ဓာတ်နှောများကို အာရုံခံမိလိုက်ပါသော်လည်း မိစ္ဆာအငွေ့အသက်များ ရှိမနေပေ။
“ ဘာကြီးလဲ ”
ရွှီချင်း တွေးတောလိုက်ပြီး သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်။
သေတ္တာလေး ပွင့်သွားသည့်အခိုက် သေတ္တာထဲမှ ဓာတ်နှောများ ချက်ချင်း လွင့်ပျံလာသည်။ ထိုဓာတ်နှောများသည် တားမြစ်နယ်မြေထဲရှိ ဓာတ်နှောများထက် ပို၍ သိပ်သည်းထူထပ်သည်။ သာမန်လူတစ်ယောက်သာ ဤဓာတ်နှောများနှင့် ကြုံတွေ့လိုက်ရပါက ချက်ချင်းသန္ဓေပြောင်းကာ သေဆုံးသွားမည်ဖြစ်သည်။ ကျင့်ကြံသူများသည်ပင် ဓာတ်နှောများ အဆပေါင်းများစွာ ချက်ချင်း တိုးသွားမည်ဖြစ်သည်။
ရွှီချင်း၏ အရိပ်က အလျင်အမြန် ရှေ့သို့ပြေးတက်လာသည်။ ၎င်းက သေတ္တာထဲရှိ ဓာတ်နှောများကို အငမ်းအရ ဝါးမျိုလိုက်ပြီးနောက် လေချဉ်တက်လိုက်ပြီး ပြန်ကျုံ့သွားသည်။
သို့သော်လည်း ထိုသေတ္တာထဲမှ ဓာတ်နှောများ အဆုံးအစမဲ့စွာ ထုတ်လွှတ်နေဆဲပင်။ ထိုအဆုံးမဲ့ဓာတ်နှောများ၏ ရင်းမြစ်မှာ သေတ္တာထဲရှိ ပုံစံမကျသော လက်တစ်ဝါးအရွယ်သံပြားအကျိုးအပဲ့လေးတစ်ခု ဖြစ်သည်။
ထိုသံပြားအကျိုးအပဲ့လေးမှာ သံချေးများ တက်နေပြီး သာမန်ထင်ရသည်။ သို့သော်လည်း ထိုသံပြားလေးကို ရွှီချင်း အာရုံခံလိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုသံပြားလေးမှာ ထူးခြားသောစိတ်ဆန္ဒတစ်ခု ပါနေဟန်တူသည်ကို သူ ခံစားလိုက်ရသည်။ နဂါးငွေ့တန်းကို သူ ကြည့်နေရသည့်အလားပင်။
သို့သော်လည်း ထိုစိတ်ဆန္ဒမှာ သံပြားထဲတွင် ချုပ်နှောင်ခံထားရသည်ဖြစ်၍ အပြင်သို့ မထွက်နိုင်သည့်အလားပင်။
ယင်းကို ချုပ်နှောင်ထားသည်မှာ ဓာတ်နှောများမှလွဲ၍ တခြားမဟုတ်ပေ။
ရွှီချင်းသည် အနီးကပ်ကြည့်လိုက်ပြီး ထိုသံပြားလေးပေါ်ရှိ ဓာတ်နှောများက တားမြစ်နယ်မြေထဲတွင် သူ အာရုံခံမိခဲ့သည့် ဓာတ်နှောများနှင့် အနည်းငယ် ကွဲပြားနေသည်ကို တွေ့ရှိလိုက်ရသည်။ တိတိကျကျဆိုရပါက ထိုသံပြားလေးသည် တားမြစ်နယ်မြေအသေးစားတစ်ခုနှင့် ဆင်တူသည်။
ထိုသံပြားလေးသာ အဆုံးအစမဲ့ကြီးမားသွားပြီး နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဆိုပါက ထိုနယ်မြေမှာ တားမြစ်နယ်မြေဖြစ်သွားမည်ဟူ၍ပင် ပြောနိုင်သည်။
“ ဒါ ဘာကြီးတုံး ”
ရွှီချင်း အတွေးနက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့သည့်အရိပ်အယောင်များ ပေါ်လာသည်။
တချိန်တည်းမှာပင် အရိပ်လေးသည် ဓာတ်နှောများကို ထုတ်လွှတ်နေသော သံပြားလေးကို သတိထားမိလိုက်ပြီးနောက် ပြန့်ကားသွားပြီး သံပြားလေးပေါ်သို့ သိချင်စိတ်ပြင်းပြစွာဖြင့် ဖုံးအုပ်လိုက်သည်။ ခဏအကြာ အရိပ်မှာ တုန်ရီသွားပြီး ပြင်းပြသောစိတ်ဆန္ဒများဖြင့် ခံစားချက်များ ပို့လွှတ်လိုက်သည်။
“ ကွဲကြေ … အစိတ်အပိုင်း ”
ရွှီချင်းက သေတ္တာလေးကို ပိတ်လိုက်သည်။
ထိုသစ်သားသေတ္တာလေးမှာ ထူးဆန်းသည်။ ၎င်းကို ပိတ်လိုက်သည်နှင့် ဓာတ်နှောများမှာ အပြင်ဘက်နှင့် တစ်သီးတခြားစီ ဖြစ်သွားသည်။ အရိပ်လေးမှာ စိုးရိမ်ကြောင့်ကြသွားပါသော်လည်း ရွှီချင်း၏ဝမ်းဗိုက်မှ ခရမ်းရောင်အလင်းအောက်တွင် ရိုသေကျိုးနွံရန်မှတစ်ပါးရွေးချယ်စရာမရှိပေ။
“ ဒါ ဘာလဲ ”
“ သခင်လေး၊ သခင်လေး၊ ကျွန်တော်မျိုး လုပ်လိုက်မယ် ”
ရွှီချင်း၏စကားဆုံးသည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလျင်အမြန် ဝင်ရောက်ပြောဆိုလိုက်သည်။ သူသည် ထိုအခွင့်အရေးကို စောင့်နေသည်မှာ ကြာပြီဖြစ်မှန်း သိသာသည်။ သူက ရုပ်လုံးပေါ်လာပြီးနောက် အရိပ်လေးဘေးတွင် ခပ်သွက်သွက်ထိုင်လိုက်သည်။
အရိပ်လေးသည် ရွံရှာသည့်အမူအရာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ၎င်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ၎င်း၏မှတ်ဉာဏ်များ ပြန်ရလာခဲ့ပြီဖြစ်၍ ယခင်က ဖြစ်ရပ်များကို ပြန်မှတ်မိသွားပြီဖြစ်ရာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အငြိုးထားနေသည်မှာ ကြာပြီဖြစ်သည်။
အထူးသဖြင့် ယခုအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရန်သူတော်ကြီးဖြစ်ကြောင်း ၎င်းက ကောင်းစွာ နားလည်နေသောအခါတွင် ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသာရှိနေပါက သူ သတိမထားလျှင် အပင်ပန်းဆုံးလုပ်ရသူက သူဖြစ်ပါသော်လည်း အကျိုးအမြတ်ရသူမှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသာ ဖြစ်သွားပေမည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် စိတ်ထဲတွင် ရယ်သွမ်းသွေးလိုက်ပါသော်လည်း အပြင်ပန်းတွင် အလွန်ဖော်ရွေသည့်အသွင်ကို ဆောင်ထားသည်။
“ အရိပ်လေး လာ၊ လာ။ ကောင်းကောင်းပြောကြမယ် ”
အရိပ်လေးသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အော့နှလုံးနာနေပါသော်ငြား ၎င်းမှာ တစ်ဆင့်ခံမရှိဘဲ စကားများကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ ထို့အပြင် ရွှီချင်းက ဘေးမှ အေးတိအေးစက်ကြည့်နေသည်။ ထို့ကြောင့် ၎င်းသည် မကျေမနပ်ဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် ဆက်သွယ်ပြီး ပြောလိုက်သည်။
နောက်ဆုံးစကားများဆွေးနွေးပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း မျက်နှာပျက်သွားပြီး မယုံကြည်နိုင်သည့်အရိပ်အယောင်များ သူ့မျက်လုံးများထဲ ထင်ဟပ်လာသည်။ သူက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အနည်းငယ်တုန်ရီနေသောလေသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
“ သခင်လေး ကျနော်မျိုး မှားသွားတယ်။ ဒီကောင်က သူဋ္ဌေးမဟုတ်ဘူးဗျ။ စည်းစိတ်နတ်မင်းပဲ။ အရိပ်လေးပြောတာတော့ အဲဒါက တားမြစ်ဓမ္မရတနာတစ်ပါးရဲ့ အစိတ်အပိုင်းတဲ့ ”
“ ဓာတ်နှောတွေကို အချိန်တစ်ခုအထိ စုပ်ယူပြီးရင် အဲဒီတားမြစ်ဓမ္မရတနာရဲ့ အစွမ်းတွေကို ထွက်ပေါ်လာအောင် လုပ်နိုင်တယ်လို့ အရိပ်လေးက ပြောပါတယ် ”