မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်
Vol. 21 Ch. 320
“ တားမြစ်ရတနာလား ”
ရွှီချင်း အံ့အားသင့်သွားသည်။ ယခင်က ထိုကဲ့သို့ ပစ္စည်းမျိုး သူ တစ်ခါမှ မကြားခဲ့ဖူးသည့်အပြင် တားမြစ်ရတနာများကိုလည်း သူ မသိပေ။
မကြာခင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ကြားမှ စကားများနှင့် သူ ရရှိထားသည့် သတင်းအချက်အလက်များမှတစ်ဆင့် တားမြစ်ရတနာများက ဓမ္မရတနာများထက်တွင် ရှိသည်ကို ရွှီချင်း သိသည်။
ထိုအကြောင်းအား အရိပ်လေးက မည်ကဲ့သို့ သိနေရသည်ကိုမူ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အလေးအနက် မေးမြန်းလိုက်သည်။ မည်သည့်အတွက်ကြောင့်မသိ ၎င်းကို အာရုံခံမိလိုက်ပြီးနောက် သိသွားခဲ့ခြင်းဖြစ်ကြောင်း အရိပ်လေးက ဖြေလိုက်သည်။
တချိန်တည်းမှာပင် အရိပ်လေးက ဝါးမျိုလိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော ခံစားချက်များကို ပို့လွှတ်လိုက်သည်။
ယင်းကြောင့် ရွှီချင်း အတွေးနက်သွားသည်။ သို့သော်လည်း အရိပ်လေး၏ တောင်းဆိုချက်ကို သူ ချက်ချင်း သဘောမတူပေ။ သူ့ကိုယ်သူ ယုံကြည်မှုမရှိသေးမချင်း အရိပ်လေးကို ထိုကဲ့သို့ ရတနာအား အလွယ်တကူ ဝါးမျိုခွင့်ပြုမည် မဟုတ်ပေ။
ရတနာအား ဝါးမျိုနေစဉ်အတောအတွင်း အရိပ်လေးက သစ္စာဖောက်မည်မဟုတ်ဟု ကံသေကံမ မပြောနိုင်ပေ။ သို့ဖြစ်၍ ရွှီချင်းသည် အတန်ငယ် စဉ်းစားနေပြီးနောက် အရိပ်လေး၏ တောင်းပန်တိုးလျှိုသောအကြည့်အောက်တွင် သေတ္တာလေးကို ပိတ်လိုက်သည်။
သူက အရိပ်လေးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ မင်း ကောင်းကောင်းစွမ်းဆောင်ရင် နောက်ကျ ငါ မင်းကို အဲဒါ ဝါးမျိုခွင့်ပေးမယ် ”
အရိပ်လေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ စိတ်ထဲတုန်ရီသွားပြီး အရိပ်လေးကို ပို၍ သတိထားလာသည်။ သူ၏အရည်အချင်းများကို ပို၍ ပြသနိုင်ရန်လည်း တွေးနေမိသည်။ ထိုသို့မဟုတ်ပါက အရိပ်လေးက မိစ္ဆာရွှီ၏ ချစ်ခင်နှစ်သက်ခြင်းကို ရရှိသွားပေမည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ကို လျစ်လျူရှု၍ စီမာလင်း၏ သိုလှောင်လက်စွပ်ကို ဆက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ကျန်ရှိနေသော ပစ္စည်းများမှာ အမှန်တကယ် အဖိုးတန်သော ပစ္စည်းများမဟုတ်ကြောင်း တွေ့လိုက်ရသည်။
သူက ရှာဖွေရာမှ ရပ်လိုက်ပြီး ဆေးလုံးငါးလုံးကို ထုတ်လိုက်သည်။ ဆေးလုံးများကို အနံ့ခံလိုက်ပြီးနောက် သူ့မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဆေးလုံးတစ်လုံးကို သူ တစ်ခါတည်း မျိုချလိုက်သည်။ တခဏလေးအတွင်း ဆေးလုံး အရည်ပျော်သွားပြီး ရွှီချင်း၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီလာသည်။
သူ့ကိုယ်ထဲတွင် အရူးအမူး စုစည်းနေသော စွမ်းအားများကို သူ အာရုံခံမိလိုက်သည်။
ယင်းသည် ဝိညာဉ်စွမ်းအားမဟုတ်ပေ။ ဓမ္မတံခါးများကို ဖွင့်ရန် သီးသန့်ဖော်စပ်ထားသော အဆင့်မြင့်ဆေးဖြစ်သည်။
စွမ်းအားများ အဆက်မပြတ် စုစည်းနေစဉ် ရှစ်ဆယ့်လေးခုမြောက်ဓမ္မတံခါးဆီမှာ တဖျစ်ဖျစ်နာကျင်မှုများ တိုးပွားလာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ထိုအားလှိုင်းကြီးက ရှစ်ဆယ့်လေးခုမြောက်ဓမ္မတံခါးဆီသို့ ဦးတည်သွားသည်။
ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မျက်လုံးများထဲ ခရမ်းရောင်ဝင်းလက်သွားသည်။
“ ဆေးလုံးတစ်လုံးက ဓမ္မတံခါးတစ်ခုကို ဖွင့်နိုင်တာပဲ ”
ထိုအာနိသင်က မှောင်ခိုဈေးတွင် ရွှီချင်း ဝယ်ယူခဲ့သည့် ဝိညာဉ်ဆေးများထက် သာလွန်သည်။ ယခုအချိန်အထိ သူ ရရှိခဲ့သမျှ ဆေးလုံးများထဲ ပိုင်လီသက်စောင့်ဝိညာဉ်ဆေးမှလွဲ၍ အကောင်းဆုံးဆေးဟု ဆိုနိုင်သည်။
သူ့ကိုယ်ထဲရှိ ရှစ်ဆယ့်လေးခုမြောက်ဓမ္မတံခါးက တဝုန်းဝုန်းမြည်ဟည်းလျက် လည်ပတ်နေသည်ကို သူ အာရုံရလိုက်သည်။ သူ တွေဝေမနေဘဲ နောက်တစ်လုံး သောက်လိုက်သည်။ ခဏအကြာ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြန်ပြီး အသက်ရှူသံများ မြန်ဆန်လာသည်။
ရှစ်ဆယ့်ငါးခုမြောက်ဓမ္မတံခါးသည်လည်း ပွင့်သွားသည်။
“ ဆေးအာနိသင်က လျော့မသွားဘူးပဲ ”
ထိုဆေးလုံး၏ တန်ဖိုးကို ရွှီချင်း ခန့်မှန်းမိလိုက်သည်။ ထို့ပြင် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ လက်ရွေးစင်များ၏ ချမ်းသာကြွယ်ဝမှုကိုလည်း သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားသည်။
“ နောက်ထပ်သုံးလုံးရှိသေးတယ် ”
ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားပြီး တတိယမြောက်ဆေးလုံးကို သောက်လိုက်သည်။ မကြာခင် ရှစ်ဆယ့်ခြောက်ခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။
ရွှီချင်းက မရပ်နားဘဲ လက်ကျန်ဆေးလုံးနှစ်လုံးကို တစ်လုံးပြီးတစ်လုံး သောက်လိုက်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် သူ့ကိုယ်ထဲရှိ ဓမ္မတံခါးရှစ်ဆယ့်ရှစ်ခုက ကြောက်ခမန်းလိလိစွမ်းအားများဖြင့် ပြည့်နှက်လာသည်။ မီးနဂါးတစ်ကောင်က ပြင်းထန်သော အပူရှိန်များ ထုတ်လွှတ်နေလျက် သူ့ကိုယ်ထဲမှာ လှည့်ပတ်သောင်းကြမ်းနေသည့်အလားပင်။
“ တတိယမြောက်သက်စောင့်မီးလုံး ပေါ်လာဖို့ ဓမ္မတံခါးနှစ်ခုပဲ လိုတော့တယ် ”
ရွှီချင်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာသည်။
နောက်ရက်များတွင် နောက်ဆုံးဓမ္မတံခါးနှစ်ချပ်ကို ဖွင့်ရန်ရည်ရွယ်ချက်ဖြင့် ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်းထဲ၌ ဝိညာဉ်ဆေးများ စုဆောင်းလေသည်။ သို့သော် ဝိညာဉ်ဆေးကဲ့သို့ ပစ္စည်းများမှာ ပေါပေါများများ မတွေ့ရဘဲ အချိန်ယူရသည်။
နတ်သတ္တဝါအသားပိုင်းနှစ်ပိုင်းကိုမူ ရွှီချင်း ကြိုးစားကြည့်ပါသော်လည်း ၎င်းတို့၏ အာနိသင်က မကောင်းပေ။ ထို့ကြောင့် ၎င်းတို့ကို ဓမ္မသင်္ဘောထဲမှာ ထည့်ရန် ရွေးချယ်လိုက်သည်။
သို့သော် ရွှီချင်းမှာ တခြားအစီအစဉ်တစ်ခုရှိသည်။ သူသည် ဆိပ်ကမ်းမှ ထွက်လာခဲ့ပြီး လူဆိုးထိန်းဌာန၏ အကျဉ်းထောင်သို့ သွားလိုက်သည်။
လူဆိုးထိန်းဌာနအကျဉ်းထောင်ထဲတွင် ညဉ့်ငှက်အဖွဲ့ဝင်အများအပြား ရှိသည်။ သူတို့ကျင့်ကြံခြင်းအဆင့်များက နိမ့်ကျပါသော်လည်း လူအင်အားများစွာရှိသည်။ ထိုလူများအားလုံးပေါင်းလျှင် သူ၏ဓမ္မတံခါးများကို ဖွင့်နိုင်လောက်သည်ဟု ရွှီချင်း ခံစားရသည်။
ထိုဝိညာဉ်သန့်စင်ခြင်းအချိန်အတွင်း ရွှီချင်းက အဆိပ်တားမြစ်ဆေး၏ အဆိပ်ဓာတ်နှင့် တဖြည်းဖြည်း အသားကျလာပြီး ထိုအဆိပ်ဆေးကို ပို၍ လေ့လာနိုင်လာသည်။ ထိုအဆိပ်ဆေးနှင့် ပိုးကောင်နက်များအား ပေါင်းစပ်နိုင်သည့််နည်းလမ်းကိုပင် သူ စဉ်းစားနေသည်။
ယင်းသည် သူ အထပ်ထပ်အခါခါ စမ်းသပ်ရန် လိုအပ်သော နယ်ပယ်သစ်ဖြစ်သည်။
ထိုသိ့ုဖြင့် အချိန်များ ကုန်လွန်သွားသည်။
ချီရွှဲ့ထုံဂိုဏ်း၏ ပျော်ပွဲရွှင်ပွဲက ဆက်လက်ကျင်းပနေသည်။ နေ့စဉ်နေ့တိုင်း အပြင်လူများ တဖွဲဖွဲ ရောက်လာကြပြီး ဆိပ်ကမ်းအားလုံး စည်ကားသိုက်မြိုက်နေသည်။ သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းသားများမှာ တစတစ စိတ်များလေးလံလာကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှီချင်းကြောင့် ရက်အနည်းငယ် နှောင့်နှေးသွားခဲ့သော ခုနစ်ဂိုဏ်းမဟာမိတ်၏ စိန်ခေါ်ပွဲများ ပြန်လည်စတင်လာသောကြောင့် ဖြစ်သည်။
ခုနစ်ဂိုဏ်းမဟာမိတ်က ပျော်ပွဲရွှင်ပွဲကျင်းပသည့် သုံးလတာလုံး စိန်ခေါ်ချင်နေသည့်အလားပင်။ တိမ်လွှာဓားဂိုဏ်း၏ သူတော်စင်ကြယ်က တစ်ကြိမ်သာ စိန်ခေါ်ပြီး ဆက်လက်စိန်မခေါ်တော့သော်လည်း ပထမမြောက်တောင်ထိပ်မှာ နေထိုင်နေသည်။
သူ့စံအိမ်အပြင်ဘက်တွင် သက်တန့်လေပြေသံစဉ်မီးအိမ်ကြောင့်ဖြစ်လာသော ရောင်ခြည်ကွန်ခြာကြောင့် ကောင်းကင်နှင့် မြေပြင်တုန်ခါနေသည်။ ပထမတောင်ထိပ်မှ ဂိုဏ်းသားများထက် သာလွန်သော ထိုအရှိန်အဝါကြောင့် ရောက်ရှိလာကြသည့် လူသားမဟုတ်သောမျိုးနွယ်များနှင့် မဟာမိတ်များ ငြိမ်ကျသွားသည်။
ခုနစ်ဂိုဏ်းမဟာမိတ်၏ သဘောထားက ရှင်းလင်းသည်။
ရိုးရှင်းသော ကြေညာချက်တစ်ခု မထုတ်ပြန်တော့ဘဲ ပြင်းပြင်းထန်ထန် သတိပေးနေခြင်းသာ ဖြစ်သည်။
သူတို့က ချီရွှဲ့ထုံဂိုဏ်းသား လွတ်လပ်ချင်သည့်အတွေးများမရှိစေရန် သတိပေးနေသည်။ ဤပွဲတော်ပြီးသွားသည်နှင့် ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်း၏ တောင်သခင်ခုနစ်ပါးကို ပြောင်းလဲတော့မည်ဟူ၍ သတင်းများလည်း ထွက်နေသည်။
လျှပ်တစ်ပြက်အတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ပြီး အပျော်ကြီး ပျော်နေသင့်သော ချီရွှဲ့ထုံဂိုဏ်းမှာ ဖိအားပေးခံလိုက်ရသည်။ ချီရွှဲ့ထုံဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးက တစ်ခွန်းမျှ မပြောသေးပေ။
ရွှီချင်းသည် ဂိုဏ်းထဲရှိ ရှုပ်ထွေးသောအခြေအနေများကို သိနေပါသော်လည်း ထိုကိစ္စက ရိုးရိုးရှင်းရှင်းဖြင့် ပြီးသွားမည်မဟုတ်ကြောင်း ခံစားနေရသည်။ ဆဋ္ဌမမြောက်တောင်ထိပ်တွင် ခေါင်းဆောင်မြင်ခဲ့ရသောအရာကို ပြန်တွေးမိလိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းက တစ်စုံတစ်ခုကို စောင့်နေခြင်းဖြစ်ကြောင်း သူ ခံစားနေရသည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ထိပ်သီးပုဂ္ဂိုလ်တွေကြားက ကစားပွဲပဲ ”
ရွှီချင်းသည် ခေါင်းယမ်းလိုက်ပြီး တွေးမနေတော့ဘဲ ကျင့်ကြံခြင်း၌ ဆက်လက်အာရုံစိုက်လိုက်သည်။ ခေါင်းဆောင်သည်လည်း ပြန်ရောက်လာပြီး ရွှီချင်းကို ပြန်ရောက်ကြောင်း အသိပေးလိုက်သည်။
ရွှီချင်းသည် ထိုရက်အနည်းငယ်အတွင်း အကျဉ်းသားများ၏ ဝိညာဉ်များကို ဆက်လက်သန့်စင်နေခဲ့သည်။ သူ့ဓမ္မတံခါးများ မပွင့်သေးပါသော်လည်း အဆိပ်တားမြစ်ဆေးကို သူ ပို၍ နားလည်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်က အဆိပ်တားမြစ်ဆေးနှင့် အသားကျလာသည်သာမက အဆိပ်တားမြစ်ဆေးအား ပြုပြင်နိုင်မည့်နည်းလမ်းကိုပါ တွေးမိလိုက်သည်။
ယင်းအပြင် သူက အဆိပ်တားမြစ်ဆေးနှင့် ပိုးကောင်နက်များကိုလည်း ပေါင်းစပ်ရန် ကြိုးစားနေသည်။ ထိုဖြစ်စဉ်အတောအတွင်း ပိုးကောင်နက်များစွာ ဆုံးရှုံးလိုက်ရသည်။ ပိုးကောင်နက်များစွာ အဆိပ်တားမြစ်ဆေးနှင့် ပေါင်းစပ်လိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။
အဆိပ်တားမြစ်ဆေးအနီးသို့ ကပ်သွားသည်နှင့် ပိုးကောင်နက်များ သေသွားကြသည်။
သို့သော်လည်း ရွှီချင်း လက်မလျော့ပေ။ ယခုလောလောဆယ် အကျဉ်းထောင်ထဲတွင် သူသည် ပိုးကောင်နက်များ ထည့်ထားသော ပုလင်းအားလုံးကို ထုတ်နေသည်။
ရွှီချင်း၏ အဆက်မပြတ် ဖြည့်တင်းမှုကြောင့် ပိုးကောင်နက်ရှစ်ပုလင်းရှိလာပြီ ဖြစ်သည်။
ပုလင်းတစ်ပုလင်းစီတွင် ပိုးကောင်နက်များ မရေမတွက်နိုင်အောင် ရှိသည်။ ယခင်က အဆိပ်ဆေးထဲသို့ ပိုးကောင်နက်တစ်ပုလင်း ထည့်ကြည့်ခဲ့ပါသော်လည်း ထိုပိုးကောင်နက်များအားလုံး သေဆုံးသွားခဲ့သည်။ ထိုအချိန်၌ သူက ဒုတိယမြောက်ပုလင်းကို ထုတ်၍ ဖွင့်လိုက်သည်။
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ညွှန်လိုက်သည်။ ရုတ်တရက် ပုလင်းလေးထဲမှ အနက်ရောင်မြူခိုးများ ထွက်လာသည်။ ထိုမြူခိုးသည် ထူထပ်သိပ်သည်းပြီး ရွှီချင်းကို ဝန်းရံသွားသည်။
အပြင်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားပေမည်။
အဘယ်ကြောင့်ဆိုသော် ထိုပိုးကောင်နက်များသည် ကြောက်စရာကောင်းလွန်းလှ၍ ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် ထိုပိုးကောင်နက်များကို ကြောက်လန့်ရသည် မဟုတ်ပါလား။
သို့သော်လည်း ပိုးကောင်နက်များ၏ အစွမ်းကို ရွှီချင်း အားမရသေးပေ။ ဆန္ဒမွန်သေတ္တာကို သူ ဖွင့်လိုက်ပြီး လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ရုတ်တရက် ဘေးပတ်လည်ရှိ ပိုးကောင်နက်များအားလံးု ဆန္ဒမွန်သေတ္တာထံ ဦးတည်သွားသည်။
သို့သော်လည်း ပိုးကောင်နက်များ အနီးကပ်သွားသည့်အခိုက် တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ပြုတ်ကျသွားသည်။ ပိုးကောင်နက်များအားလုံး ချက်ချင်း ဆွေးမြေ့ပျက်စီးကာ သေသွားသည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ဆက်ကြိုးစားလိုက်သည်။ ခဏအကြာ တတိယမြောက်ပုလင်း၊ စတုတ္ထမြောက်ပုလင်း၊ ပဉ္စမမြောက်ပုလင်း …
မရေမတွက်နိုင်သော ပိုးကောင်နက်များ ထပ်ခါထပ်ခါ သေသွားသည်။ ပုလင်းတစ်လုံးသာ ကျန်သည့်တိုင်အောင် ပိုးကောင်နက်တစ်ကောင်မျှ မရှင်ခဲ့ပေ။ ပိုးကောင်နက်အားလုံး သေသွားခဲ့သည်။
ရွှီချင်း စိတ်ထဲမှသက်ပြင်းချလိုက်သည်။ နောက်ဆုံးပုလင်းကို သူ ဆက်မစမ်းရဲတော့ပေ။ ထိုပုလင်းကို နောက်ထပ်ပိုးကောင်နက်များ မွေးမြူရန်အတွက် အသုံးပြုချင်သည်။
ထို့ကြောင့် ပိုးကောင်နက်များကို အားဖြည့်ရန်ရည်ရွယ်ချက်ဖြင့် တခြားအကျဉ်းထောင်များမှာ ချုပ်နှောင်ထားသော ညဉ့်ငှက်အဖွဲ့ဝင်များအား လူဆိုးထိန်းဌာနသို့ ပို့ဆောင်ရန် သူ စီစဉ်လိုက်သည်။
ထိုအတောအတွင်း သူက အဆိပ်ဖြေဆေးပင်များလည်း ထပ်ထည့်လိုက်ပြီး သူ့သွေးများကိုပင် ထည့်လိုက်သည်။
သူ၏ခန္ဓာကိုယ်က ထိုအဆိပ်ဆေးကို ပို၍ ခံနိုင်ရည်ရှိသည် မဟုတ်ပါလား။
ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်လွန်သွားသည်။
ပိုးကောင်နက်များအား အဆိပ်တားမြစ်ဆေးနှင့် အသားကျသွားစေရန် အဆက်မပြတ် ကြိုးစားနေသော ရွှီချင်းသည် နောက်ဆုံးတွင် ပထမတစ်သုတ်ပိုးကောင်နက်များထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သော ပိုးကောင်နက်ရှစ်ကောင်ကို ရရှိလိုက်သည်။
ထိုပိုးကောင်နက်ရှစ်ကောင်သည် အဆိပ်ဒဏ်ကို ခံလိုက်ရပြီးနောက် အလွန် အားနည်းသွားခဲ့ပါသော်လည်း ရွှီချင်းမှာ စိတ်လှုပ်ရှားသွားသည်။
ထိုပိုးကောင်နက်ရှစ်ကောင်က ပို၍ ခံနိုင်ရည်ရှိသော နောက်ထပ်ပိုးကောင်နက်များ မွေးဖွားပေးမည်ဖြစ်သည်။
ထိုပိုးကောင်နက်ရှစ်ကောင်သည် ပြန်လည်အားပြည့်လာပြီးနောက် အနည်းငယ် သန္ဓေပြောင်းသွားခဲ့သည်ကို ရွှီချင်း အာရုံခံမိလိုက်သည်။ ၎င်းတို့၏အရောင်အဆင်းက မည်းနက်မနေတော့ပေ။
“ ဒီနည်းလမ်းနဲ့ဆိုရင် အဆိပ်တားမြစ်ဆေးကို ခံနိုင်ရည်ရှိတဲ့ ပိုးကောင်နက်တွေကို ငါ သေချာပေါက် မွေးမြူနိုင်မှာပဲ။ အဲဒီပိုးကောင်နက်တွေကို အဆိပ်ဆေးထဲမှာ ကပ်တွယ်အောင်လုပ်ပြီး မွေးမြူရမယ်။ အဲဒါဆိုရင် ပိုးကောင်နက်တွေရဲ့ အစွမ်းက ပိုပြီးတော့ ကြောက်စရာကောင်းလာမှာပဲ ”
ရွှီချင်း၏ရင်ထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေစဉ် ဆည်းဆာနေရာင်ခြည်အောက်၌ ညာလက်တွင် အနီရောင်လက်အိတ်စွပ်ထားသော မဖိတ်ခေါ်ထားသည့်ဧည့်သည်တစ်ယောက် ရွှီချင်း ရှိနေသည့် လူဆိုးထိန်းဌာနစံအိမ်ထဲသို့ လျှောက်လာသည်။
ထိုဧည့်သည်မှာ အသက် ( ၂၅ ) နှစ်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် ရွှေချည်မျှင်ဖြင့် ရက်လုပ်ထားသော ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့အင်္ကျီလက်များပေါ်တွင် တောက်တဲ့ရုပ်ပုံများကို ဝိုးတဝါး မြင်နိုင်သည်။
ထိုလူငယ် ရှေ့သို့ သွားနေစဉ် သူ့တာအိုဝတ်ရုံထဲမှ ဓမ္မစွမ်းအားအငွေ့အသက်များ ပျံ့လွင့်နေသည်။ ထိုသို့ စွမ်းအားများ အဖက်ဖက်သို့ ပျံ့လွင့်နေပုံကြောင့် လူငယ်၏ချောမောသော မျက်နှာသွင်ပြင်ကို တစ်မျိုး ဆွဲဆောင်မှု ရှိသွားစေသည်။
ထိုလူငယ်သည် ချောမောပါသော်လည်း အတန်ငယ် ကြီးနေသော နှာခေါင်းကြောင့် သူ၏ရုပ်ဆင်းသွင်ပြင်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားပေရာ သူ့ကိုမြင်သည့်လူတိုင်း ကြောက်ရွံ့သွားကြမည်သာ ဖြစ်သည်။
သူ လမ်းလျှောက်လိုက်သည့်အခါ လူဆိုးထိန်းဌာနအပြင်ဘက်ရှိ လမ်းလေးပေါ်မှ ကျောက်စရစ်ခဲလေးများသည် သူ့အရှိန်အဝါကြောင့်ပေလော၊ အထက်သို့ တဖြည်းဖြည်း ကြွတက်လာပြီး သူ့ကို ဝန်းရံသွားသည်။ တဖြည်းဖြည်းနှင့် ကျောက်စရစ်ခဲများက လေပွေမုန်တိုင်းတစ်ခုအသွင် ဖြစ်လာသည်။
ထိုလူ ရောက်လာပြီးနောက် ဆည်းဆာနေရောင်ခြည်သည်ပင် အနည်းငယ် မှိန်ဖျော့သွားဟန်တူသည်။ ထိုမှိန်ဖျော့သွားသော အလင်းတန်းများ အောက်တွင် သူ၏ညာဖက်လက်အိတ်မှာ တစတစ မကောင်းဆိုးဝါးဆန်လာသည်။
ထိုဖြစ်ရပ်ကို လူဆိုးထိန်းဌာနအဖွ့ဲဝင်များ သတိထားမိသွားကြသည်။ သူတို့အားလုံး ရန်သူတော်ကြီးတစ်ယောက်ကို ကြုံတွေ့နေရသည့်အလား မျက်နှာများ တည်ကြည်သွားကြသည်။
ထိုလူငယ် အနီးသို့ ရောက်လာသည်နှင့် ပြင်းထန်သော မုန်တိုင်းတစ်ခုက လူဆိုးထိန်းဌာနအဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များကို လှဲကျင်းတိုက်ခတ်သွားသည်။ သို့ဖြစ်၍ ထိုတာဝန်ကျဂိုဏ်းသားများသည် ဒရောသောပါး နောက်ဆုတ်လိုက်ကြပြီး ဂိတ်တံခါးဘေးသို့ပင် ရောက်သွားသည်။ ဂိုဏ်းသားတစ်ယောက်က နဖူးကြောကြီးများ ထောင်ထလာပြီး အံကြိတ်၍ အော်ဟစ်လိုက်သည်။
“ ရပ်လိုက် ”
ခရမ်းရောင်တာအိုဝတ်ရုံဝတ်လူငယ်သည် ညာလက်ကို မြှောက်လိုက်ရာ သူ့လက်အိတ်ပေါ်တွင် ခရမ်းရောင်ဓာတ်လုံးတစ်လုံး ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်ဓာတ်လုံးက တာဝန်ကျဂိုဏ်းသားထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
“ စိုးရိမ်မနေနဲ့။ အဲဒီပစ္စည်းကို မင်းတို့ဌာနမှူးရွှီချင်းဆီ ပေးလိုက်။ ပြီးရင် သူ့ကို ငါက ကြီးကျယ်တဲ့အခွင့်အရေးတစ်ခု ပေးနေတာလို့ ပြောလိုက် ”