အိုးရန်ချင်း ကြံရာမရ ဖြစ်ခြင်း
Vol. 25 Ch. 366
ထို့နောက်တွင်မူ ရဲ့လင်းချန်သည် ဝမ်ရုံ နည်းပညာ၏ ထိတ်လန့်စရာကောင်းသော ရှယ်ယာ ၇၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားကာ သူ့အား အာဏာ အပြည့်အဝ ရသွားစေသည်။ ဘယ်သူကမှ သူ့အမိန့်ကို မငြင်းပယ်နိုင်တော့ပါ။
ကျန်ရှယ်ယာများတွင် ရှုနန်၏ဖခင်က ၁၂ ရာခိုင်နှုန်း ပိုင်ပြီး ၉ ရာခိုင်နှုန်းကို အိုးရန်ချင်း၏ ဖခင်က ပိုင်ဆိုင် ထားသည်။
*သူတို့ ဒီကနေ သေချာပေါက် အကျိုးအမြတ် ရမှာ၊ သူတို့က ရှယ်ယာ နည်းနည်းလေးကို ကိုင်ထားတယ် ဆိုပင်မယ့် ငါ့ဦးဆောင်မှုအောက်မှာ ဒီကုမ္ပဏီက တစ်မူထူးခြားလာမှာ၊ သူတို့ အားမထုတ်ရဘဲ အသာလေး လိုက်လာရမှာပဲ*
ထို့အပြင် ဤအဖြစ်က ဝိုင်အလှကုန်ပစ္စည်း၏ ကျော်ကြားမှုကို အကြီးအကျယ် မြင့်တက်လာစေသည်။ ဝိုင်လုပ်ငန်းစုသည် အများရှေ့သို့ ပွဲဦးထွက်လာနိုင်၏။ ၎င်းနှင့်အတူ ရဲ့လင်းချန်၏ ရေပန်းစားမှု အမှတ်များ ကလည်း အတော်လေး ခုန်တက်လာကာ ၅၅၀,၀၀၀ ကျော်မှ ၆၃၆,၈၉၃ သို့ တိုးလာသည်။
ဤအတော်အတွင်း ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က ဆက်လက်၍ တိုးမြင့်နေ၏။ အချို့သော အရေးပါသည့် ကိစ္စများကြောင့် သူ ရေပန်းစားမှုအမှတ် တစ်သန်းသို့ ရောက်နိုင်လောက်သည်။ ထိုအချိန်ရောက်လျင် သူ အလယ်အလတ်အဆင့်မှ အဆင့်မြင့်အဆင့်သို့ ဒုတိယအကြိမ် မြှင့်တင်နိုင်ပေမည်။
ယနေ့ညတွင် အိုးရန်ချင်းက စာရွက်စာတမ်းအားလုံးကို ဖြေရှင်းပြီးသွားပြီး ပြည့်စုံသွားသည့် စာရွက်စာတမ်း များကို ရဲ့လင်းချန်၏ နေရာသို့ တန်းယူလာသည်။
“ဥက္ကဋ္ဌရဲ့၊ ဒါ ကျွန်မတို့ကုမ္ပဏီ တံဆိပ်တုံး၊ လုပ်ငန်းမှတ်ပုံတင်နဲ့ တရားဝင် ရှယ်ယာ အထောက်အထားစာပါ”
အိုးရန်ချင်းက ရဲ့လင်းချန်ကို စာရွက်စာတမ်းများ ပေးလိုက်ပြီး မျက်လုံးများက သူ့အပေါ် အာရုံစိုက်နေ၏။
“အင်း”
ရဲ့လင်းချန် ခေါင်းညိတ်ပြီး စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်သည်။ သို့သော် သူက ကုမ္ပဏီတံဆိပ်တုံးကို အိုးရန်ချင်းအား ပြန်ပေးလိုက်လေသည်။
“ဒါကို ဥက္ကဋ္ဌရှုဆီ ပြန်လွှဲပေးလိုက်ပါ၊ သူက ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖြစ်နေတုန်းပဲ၊ နောက်ပိုင်းမှာ ကျုပ် နောက်ကွယ်ကနေပဲ ညွှန်ကြားမယ်၊ ကုမ္ပဏီကို ပုံမှန်အတိုင်း ဆက်လည်ပတ်ပြီးတော့ ကျုပ် ညွှန်ကြားချက် တွေကိုပဲ နားထောင်ပါ”
“ကိစ္စမရှိပါဘူး၊ ကျွန်မတို့ ကုမ္ပဏီကို စီမံခန့်ခွဲဖို့ အစွမ်းကုန် ကြိုးစားမှာပါ”
ထိုသို့ပြောပြီး အိုးရန်ချင်းက ရဲ့လင်းချန်ကို မမှိတ်မသုန် ကြည့်နေ၏။
“ဟမ်”
ရဲ့လင်းချန် သူမကို မော့ကြည့်လိုက်ပြီး သူမ၌ ထွက်သွားချင်စိတ် မရှိသည်ကို သတိပြုမိသွားသည်။
“အခြားကိစ္စ ရှိသေးလို့လား”
အိုးရန်ချင်း နှုတ်ခမ်းကိုက်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
“ဥ…ဥ…ဥက္ကဋ္ဌရဲ့၊ ဟို … အလိုအလျောက် မောင်းနှင်ရေးယာဉ် နည်းပညာ …”
“ဪ … အခုတော့ အဲ့ဒါကို ဘေးချိတ်ထားလိုက်တာပေါ့”
ရဲ့လင်းချန် ခပ်တည်တည် ပြောလိုက်သည်။
“ဘာ … ဘေးဖယ်ထားမယ် ဟုတ်လား”
အိုးရန်ချင်းက ချက်ချင်း ထရပ်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ဥက္ကဋ္ဌရဲ့၊ ရှင် ကျွန်မကို ကတိပေးထားတာ အဲ့လို မဟုတ်ဘူးလေ”
သူမ၏ ကျဆုံးမှုက အလိုအလျောက် မောင်းနှင်ရေးယာဉ်ကြောင့်ပင်။ ယင်းက သူမနှလုံးသားထဲ၌ စွဲလမ်းမှုတစ်ခု ဖြစ်လာရသည်။ သူမသည် အလိုအလျောက် မောင်းနှင်ရေးယာဉ်နှင့်အတူ ထပ်မံ၍ ဦးမော့ချင်သည်။ ထို့ကြောင့်ပင် သူမ ရဲ့လင်းချန်ကို တောင်းပန်ခြင်း ဖြစ်သည်။ ယင်းက သူမ၏ နောက်ဆုံး မျှော်လင့်ချက်ပင်။
“ဥက္ကဋ္ဌရဲ့၊ ကျွန်မတို့ အလိုအလျောက် မောင်းနှင်ရေးယာဉ်အတွက် နည်းပညာ မထုတ်လုပ်နိုင်ရင် ကျွန်မတို့ ကုမ္ပဏီ မေးခွန်းထုတ်ခံရဦးမှာ၊ အဲ့ဒါကြောင့် ကျွန်မတို့ ကျဆင်းခဲ့ရတာပါ၊ ရှင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း အလကား ဖြစ်သွားလိမ့်မယ်”
အိုးရန်ချင်းက အလောတကြီး ထောက်ပြသည်။
“အလိုအလျောက် မောင်းနှင်ရေးယာဉ်အတွက် နည်းပညာကို ငါတို့ တိုးတက်အောင် လုပ်ရင်တောင်မှ လူတွေက ငါတို့ကို ယုံမယ်လို့ မင်း ထင်နေတာလား”
ရဲ့လင်းချန် မေးလိုက်သည်။ သူ့စကားက အိုးရန်ချင်းအား မှင်တက်ကာ ပြောစရာစကား မဲ့သွားစေသည်။
လက်ရှိတွင် ဝမ်ရုံ နည်းပညာ၏ ဂုဏ်သိက္ခာက အမည်းစက် ထင်နေသည်။ အခြေအနေကို ပြောင်းလဲရန် ခက်ခဲလွန်းသည်။ သူတို့၏ အလိုအလျောက် မောင်းနှင်ရေးယာဉ် နည်းပညာကို အောင်မြင်စွာ ချပြလျင်တောင်မှ နီးကပ်နေသည့် အနာဂတ်တွင် ဘယ်သူကမှ သူတို့ကို ယုံမည် မဟုတ်ပါ။
“အခုတော့ အလိုအလျောက် မောင်းနှင်ရေးယာဉ်အတွက် နည်းပညာကို ဘေးဖယ်ထားလိုက်ဦး၊ ငါတို့ ရှေ့ဆက်ဖို့ သေးငယ်တဲ့ အဆင့်လေးတွေ ချဖို့ လိုတယ်”
ရဲ့လင်းချန်က ပြုံး၍ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ငါ ကုမ္ပဏီကို အရင် ပြင်ဖို့ စိတ်ကူးထားတယ်၊ ငါတို့ ပုံမှန်ကားထုတ်လုပ်တာကို ဖြုတ်ချမယ်၊ အခုကစပြီး ဝမ်ရုံ နည်းပညာက သာမန်ကားတွေ မထုတ်တော့ဘူး၊ ငါတို့ အဆင့်မြင့် နည်းပညာလမ်းကို လျှောက်လှမ်းပြီးတော့ အဆင့်မြင့် ထုတ်ကုန်တွေပဲ ထုတ်လုပ်မယ်”
*ဟင်*
အိုးရန်ချင်း နားအူသွားပြီး သတိလစ်လုနီးပါး ဖြစ်သွားရသည်။
ဝမ်ရုံအော်တိုမိုဘိုင်း လုပ်ငန်းစုသည် အလိုအလျောက် မောင်းနှင်ရေး ကုမ္ပဏီ ဖြစ်သည်။ မော်တော်ယာဉ် ထုတ်လုပ်ခြင်းက သူတို့၏ အသက် ဖြစ်ပြီး အရေးပါသော ဝင်ငွေအရင်းအမြစ်လည်း ဖြစ်သည်။ သို့သော် သူက အားလုံးကို ဖြတ်တောက်ချင်သည်တဲ့လား။
*အဆင့်မြင့် ထုတ်ကုန်တွေပဲ ထုတ်လုပ်မယ် ဟုတ်လား*
ရဲ့လင်းချန်၏ ဦးနှောက်က ပျက်နေသလားဟု သူမ ခံစားလိုက်မိသည်။
“ရဲ့လင်းချန်၊ နင် ငါ့ကို နောက်နေတာလား”
အိုးရန်ချင်း အော်ဟစ်လာသည်။ သူမကဲ့သို့ စိတ်ဓာတ်ပြင်းသော သူမျိုးတောင်မှ မျက်ရည်များ ကျလာရသည်။ သူမက ရဲ့လင်းချန်ကို ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်နေသည်။
သူမသည် သူမ၏ ဂုဏ်သိက္ခာအပါအဝင် အရာအားလုံးကို ပုံအောလောင်းခဲ့သည်။ အားလုံးက ရှင်သန်နိုင်မည့် အခွင့်အရေးအတွက်ပင်။ ဤသို့ အဆုံးသတ်လိမ့်မည်ဟု သူမ မျှော်လင့်မထားမိပါ။
ရဲ့လင်းချန် တိတ်ဆိတ်နေကာ သူ့အခန်းသို့ ဝင်သွားသည်။ သူက စာရွက်စာတမ်း အချို့ကို ယူလာပြီး အိုးရန်ချင်းရှေ့၌ ချပေးလိုက်သည်။
“မင်းဘာသာမင်း ကြည့်ကြည့်လိုက်”
ရဲ့လင်းချန် ပျင်းရိပျင်းတွဲ ပြောလိုက်လေသည်။
“ငါတို့ရဲ့ လက်ရှိ အခြေအနေနဲ့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းက ထုတ်လုပ်တဲ့ ကားတွေက တစ်ယောက်ယောက်က ဝယ်မှာလား၊ အဲ့ဒါက ငါတို့ကို ဆွဲထားရုံပဲ ရှိမယ်၊ ဒီအခွင့်အရေးကို ယူပြီး မရေးမပါတဲ့ ဌာနတွေကို ဖြတ်ထုတ်လိုက်၊ ပြန်လည်ဖွဲ့စည်းမှု လုပ်ရမယ်”
အိုးရန်ချင်း နှုတ်ခမ်း ဆူသွားသည်။ ရဲ့လင်းချန်၏ စကားများက အကျိုးအကြောင်း ဆီလျော်သည်။ သို့သော် ပြန်လည် ဖွဲ့စည်းရေးက ဘယ်တုန်းက လွယ်ကူသွားလို့လဲ။
သူမသည် စာရွက်စာတမ်းများကို ကောက်ယူ၍ တစ်ရွက်ချင်း ဖတ်ကြည့်လိုက်သည်။ သူမ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာပြီး သူမခန္ဓာကိုယ်က စတင် တုန်ယင်လာသည်။
သူမ၏ အဓိက သုတေသနက အလိုအလျောက် မောင်းနှင်ရေးယာဉ်များ ဖြစ်သော်လည်း သူမ အဆင့်မြင့် နည်းပညာအပေါ် အတော်လေး နားလည်ပါသည်။ ၎င်းတို့တွင် အတော်လေး ဆင်တူမှုများ ရှိလေသည်။ ရဲ့လင်းချန်၏ စာရွက်စာတမ်းများတွင် သူမ သိထားသော ဉာဏ်ရည်မြင့်စနစ်များ ပါဝင်သဖြင့် သူမ အလွယ်တကူ နားလည်သွားသည်။
သူမ၏ နားလည်မှုကြောင့်ပင် သူမ ထိတ်လန့်ရခြင်း ဖြစ်ပေသည်။
၎င်းသည် နည်းပညာ ထုတ်ကုန်တစ်ခု ဖြစ်သည်။ ကားများနှင့်မတူဘဲ ၎င်းက အလွန် သေးငယ်သည်။ သို့သော် အလွန်အမင်း အသုံးဝင်သည့် ထုတ်ကုန်ပင်တည်း။
တစ်ရွက်ပြီး တစ်ရွက် ဖတ်ကြည့်ပြီး သူမ အံ့ဩလွန်း၍ စကားပင် မပြောနိုင်ချေ။ စာရွက်စာတမ်းထဲတွင် အရာအားလုံးကို အသေးစိတ် ပြုစုထားသည်။ သဘောတရားမှ အကောက်အထည်ဖော်ခြင်း၊ ထို့နောက် ထုတ်လုပ်ခြင်းအထိ ပါဝင်သည်။ ထို့အပြင် သူမ ဘာချို့ယွင်းချက်ကိုမှ မတွေ့ပေ။
“ဒါက ဉာဏ်ရည်မြင့် သန့်ရှင်းရေးစက်ရုပ် စနစ်ရဲ့ မော်ဒယ်အသစ်လား”
အိုးရန်ချင်း ပင့်သက်ရှိုက်လိုက်သည်။ သူမအသံက စတင်၍ တုန်ယင်လာသည်။
“ဒီစနစ်ကိုသာ တကယ် လုပ်နိုင်မယ်ဆိုရင် အိမ်ထောင်စုတိုင်းကို အများကြီး ရောင်းနိုင်မှာပဲ၊ ဈေးကွက်က လုံးလုံးလျားလျား ပြောင်းလဲသွားမှာ”
ဉာဏ်ရည်မြင့် သန့်ရှင်းရေးစက်ရုပ်များသည် ဈေးကွက်တွင် ပေါ်နေပြီးသား ဖြစ်သည်။ ၎င်းတို့သည် အဆင်ပြေ သည်ဟု ထင်ရသော်လည်း ၎င်းတို့၏ တကယ့် အသုံးဝင်မှုက အကန့်အသတ် ရှိပေသည်။ ၎င်းတို့သည် ဖုန်တစ်ချို့ကိုသာ သန့်ရှင်းနိုင်ပြီး ထိုအပိုင်းတွင်လည်း အလွန် ထိရောက်မှုနည်းသည်။ သို့သော် ရဲ့လင်းချန်၏ မော်ဒယ်က လုံးဝ ခြားနားသည်။
အိုးရန်ချင်း၏ မျက်လုံးထဲတွင် ၎င်း၏ အင်္ဂါရပ်များနှင့်တင် သန့်ရှင့်ရေး စက်ရုပ်၏ ပြည့်စုံသော မော်ဒယ် ဖြစ်နေပြီဟု သတ်မှတ်မိသည်။
သူမ ထိတ်လန့်နေပြီးနောက် ရဲ့လင်းချန်အား ပြန်ကြည့်လိုက်မိသည်။
“ဥက္ကဋ္ဌရဲ့၊ ဒီစနစ်ကို အပြည့်အဝ ထုတ်နိုင်မယ်ဆိုတာ သေချာလား”
ရဲ့လင်းချန် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“အခု ဝမ်ရုံ နည်းပညာက ကုန်ကျစရိတ် နည်းတဲ့ နည်းပညာထုတ်ကုန်တွေနဲ့ စဖို့ လိုတယ်၊ ဒါက ပထမဆုံး ခြေလှမ်းပဲ ရှိသေးတယ်၊ အနာဂတ်မှာ လာမယ့် ထုတ်ကုန်တွေက ပိုပြီး အဆင့်မြင့်လာလိမ့်မယ်၊ အလိုအလျောက် မောင်းနှင်ရေးယာဉ်တွေတောင်မှ ဘာမှဟုတ်တော့မှာ မဟုတ်ဘူး”
“ဥက္ကဋ္ဌရဲ့ ရှင့်ရဲ့ အစီအစဉ်တွေ သိပ်ကို စေ့စပ်သေချာတာပဲ”
အိုးရန်ချင်း၏ ရဲ့လင်းချန်ပေါ် မြင်သောအမြင်က လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
“ရှင်က တကယ် တော်တဲ့ သိပ္ပံပညာရှင်ပဲ”
ရဲ့လင်းချန် အစကတည်းက တည်ငြိမ်လွန်းနေသည်က အံ့ဩစရာ မဟုတ်တော့ပါ။ သူက အသိပညာတို့ဖြင့် ကောင်းချီးပေးခံထားရသည့် လူတစ်ယောက်ပါတကား။
ဤဗဟုသုတများသည် တန်ဖိုးမဖြတ်နိုင်ပါ။ ဘာတွေပဲ ဖြစ်ခဲ့ပါစေ သူ ကြောက်လန့်မည် မဟုတ်ပါ။ ယင်းက သူ၏ ယုံကြည်ချက်ပင်။
“ဥက္ကဋ္ဌရဲ့၊ ကျန်မ အခု ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းရေးကို ကိုယ်တိုင် ကြီးကြပ်ဖို့ ပြန်လိုက်ပါဦးမယ်”
အိုးရန်ချင်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် နောက်လှည့်၍ အလျင်စလို ထွက်သွားသည်။
သူမ၏ နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။ ဝမ်ရုံ နည်းပညာက ရဲ့လင်းချန်၏ လက်ထဲတွင် ပြိုင်စံရှား နည်းပညာ ကုမ္ပဏီတစ်ခု တကယ် ဖြစ်လာလိမ့်မည်ဟု သူမ ခံစားမိနေသည်။ ဤအဆင့်မြင့် နည်းပညာများက လောကကြီးကို သေချာပေါက် ပြောင်းလဲနိုင်ပေလိမ့်မည်။
အိုးရန်ချင်း တစ်ညလုံး မနားပေ။ ထိုအခိုက်တွင် ဝမ်ရုံ နည်းပညာက ညတွင်းချင်း ပြောင်းလဲမှုကြီးနှင့် ကြုံတွေ့နေ ရလေသည်။ ယာဉ်ထုတ်လုပ်ရေး လိုင်းတစ်ခုလုံး ဖယ်ရှားခံလိုက်ရပြီး ၎င်း၏ ဝန်ထမ်း ၇၀ ရာခိုင်နှုန်း အလုပ်ထုတ် ခံလိုက်ရသည်။ ကျန်ခဲ့သူများအားလုံးသည် စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် နည်းပညာ ဝန်ထမ်းများသာ ဖြစ်လေသည်။