နိုင်ငံတကာ ချစ်ကြည်ရေး ပြိုင်ပွဲ
Vol. 25 Ch. 367
အိုးရန်ချင်းသည် ရဲ့လင်းချန်ထံမှ ညွှန်ကြားချက်များ ထပ်မလိုအပ်တော့ပါ။ အကြောင်းမှာ သူ၏ ရည်ရွယ်ချက်ကို သူမ နားလည်ပြီးသွားသောကြောင့်ပင်။
လက်ရှိအချိန်တွင် ဝမ်ရုံ နည်းပညာသည် အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် လိုအပ်နေသည်။ သူတို့ တစ်ကြိမ်တွင် ခြေလှမ်းတစ်လှမ်းသာ လှမ်းနိုင်ပေသည်။ သန့်ရှင်းရေး စက်ရုပ်က ကုန်ပစ္စည်း အသေးစားတစ်ခု ဖြစ်သော်လည်း ကုန်ကျစရိတ် နည်းပါးပြီး ထုတ်လုပ်ချိန်ကလည်း တိုတောင်းသည်။
လက်ရှိ ဦးစားပေးအရာမှာ သန့်ရှင်းရေးစက်ရုပ်ကို အရင် ထုတ်လုပ်ရန် ဖြစ်ပြီး ၎င်းတို့အား အများပြည်သူက လက်ခံလာရန် ဖြစ်သည်။ ထိုအခါတွင်မှ ဝမ်ရုံ နည်းပညာ၏ နာမည်ဂုဏ်သတင်းကို ပြန်လည် တည်ဆောက် နိုင်ပေမည်။
ထို့အပြင် ထိုမတော်တဆမှုအပြီးတွင် ဝမ်ရုံ နည်းပညာတွင် ရန်ပုံငွေ အကန့်အသတ် ဖြစ်သွားခဲ့သည်။ သူတို့ တိုးတက်အောင် မလုပ်နိုင်တော့ချေ။ အလိုအလျောက် မောင်းနှင်ရေးယာဉ် ထုတ်လုပ်ရေးကို စွန့်ပစ်မှ ဖြစ်ပေမည်။
ဝမ်ရုံနည်းပညာ၏ လတ်တလော ပြောင်းလဲမှုများက အတော်လေး လူစိတ်ဝင်စားခံနေရသည်။ အားလုံးက သက်ပြင်းချ၍ သဘောမတူကြချေ။ ဤသို့ အကြီးအကျယ် အလုပ်ဖြုတ်ခြင်းများက ဝမ်ရုံ နည်းပညာသည် လမ်းဘေး ရောက်ခါနီးနေကြောင်း ပြသနေ၏။ သူတို့က သူတို့၏ ယာဉ်ထုတ်လုပ်ရေးကိုတောင် ဖယ်ထုတ်ခဲ့သည် မဟုတ်ပါလော။ သူတို့ ဘာများ လုပ်နိုင်ပါဦးမလဲ။ သူတို့က သေဆုံးရန် စောင့်နေရုံသာ ရှိတော့သည်။
ထို့ကြောင့် ဝမ်ရုံ နည်းပညာသည် လူအများ၏ စိတ်ဝင်စားခြင်း ခံရရာမှ တဖြည်းဖြည်း မှေးမှိန်လာသည်။
နောက်တစ်နေ့သည် ရက်သတ္တပတ်တစ်ခု၏ အစ ဖြစ်လေသည်။ ရဲ့လင်းချန်၏ အားလပ်ရက် အဆုံးသတ်သွားပြီး အတန်း ပြန်တက်ရလေပြီ။
သို့သော် တက္ကသိုလ်တွင်းမှ မြင်ကွင်းက သူ ထင်ထားသလို မဟုတ်ချေ။ မနက်စောစောတွင် လမ်းပေါ်၌ လူများဖြင့် ပြည့်နေပြီး ပုံမှန်ထက် အဆပေါင်းများစွာ လူပိုများနေသည်။
ထို့အပြင် လူသစ်များစွာလည်း ရှိနေ၏။ တကယ်တမ်းတွင် နိုင်ငံခြားသားများပင် ပါနေလေ၏။ သူတို့၏ အသွင်အပြင်အရ သူတို့ အများစုသည် အင်္ဂလန်နှင့် ကိုရီးယားနိုင်ငံတို့မှ ဖြစ်လောက်သည်။
*ဒီနေ့ ပွဲတစ်ခုခု ရှိလို့လား*
ရဲ့လင်းချန် အံ့ဩသွားသည်။ သူသည် ပြီးခဲ့သည့်အပတ်က သောကြာနေ့က အတန်းကိုသာ တတ်ခဲ့သည်။ ထို့ကြောင့် သူ ဘယ်ပွဲကိုမှ သိမနေပေ။
“ဟေး ရှောင်ရဲ့”
သူ အတွေးထဲ နစ်မျောနေချိန်၌ ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံပိုင်ရှင်က အာလူးလေးပင်။ သူသည် ဘတ်စကက်ဘော ကစားကွင်း အပြင်ဘက်၌ ရှန်းနှင့်အတူ ရပ်နေပြီး ဘတ်စကက်ဘော ကစားသည်ကို ကြည့်နေသည်။ ရှောင်ကမ်းကမူ ကွင်းထဲ၌ ကစားနေလေသည်။
“မင်းတို့ အတန်းမတက်ဘဲ ဘာလို့ ဒီမှာ ဘတ်စကက်ဘော လာကစားနေတာလဲ”
ရဲ့လင်းချန်က သူတို့ထံ လျှောက်သွားပြီး တွေဝေနေလေသည်။
ယနေ့ ဘတ်စကက်ဘော ကစားကွင်းသည် ဆူညံလှုပ်ရှားလျက် ရှိသည်။ မနက်စောစောသာ ရှိသေးသော်လည်း ကစားကွင်း၌ ဘတ်စကက်ဘော ကစားနေသောလူများနှင့် ပြည့်နေ၏။
“အတန်းစဖို့ ဆယ်မိနစ် လိုပါသေးတယ်၊ ငါတို့ လေ့ကျင့်ရေးအနေနဲ့ ဘတ်စကက်ဘော အကြိုဆော့တာကို ကြည့်နေတာ”
ရှန်းက ပြုံး၍ ပြန်ပြောသည်။
“ဒါက ရှားမှရှားပဲ၊ မင်းတို့တွေ တကယ်ကြီး စောနေတာ”
ရဲ့လင်းချန် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့ စိတ်လှုပ်ရှားနေလို့လေ”
အာလူးလေးက စိတ်အားထက်သန်စွာ ပြန်ပြောလေသည်။
“ဒီနေ့က ငါတို့ တက္ကသိုလ်ရဲ့ ဘတ်စကက်ဘောနေ့လေ”
“ဘတ်စကက်ဘောနေ့ ဟုတ်လား”
ရဲ့လင်းချန် အံ့ဩသွားသည်။
*ဒါက ဘယ်လိုနေ့မျိုးလဲ၊ ဘာလို့ ငါ အရင်က တစ်ခါမှ မကြားဖူးရတာလဲ*
“အတိအကျ ပြောရရင် ဒီနေ့က ငါတို့ တက္ကသိုလ်က ချစ်ကြည်ရေးအဖြစ် ဘတ်စကက်ဘော ပြိုင်ပွဲ ကျင်းပတဲ့ နေ့ပဲ”
ရှန်းက ဝင်ပြောပြသည်။
“အာ ဟုတ်သားပဲ ရှောင်ရဲ့ မင်း ပြီးခဲ့တဲ့ တနင်္လာနေ့က မရှိခဲ့ဘူးပဲ၊ ငါတို့ မင်းကို ပြောဖို့ မေ့သွားတာ၊ ဒီနေ့ ငါတို့ အားကစားကွင်းမှာ နိုင်ငံတကာ ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပမှာ၊ ပြိုင်ဘက်က ကိုရီးယားနိုင်ငံ”
“နိုင်ငံတကာ ချစ်ကြည်ရေး ပြိုင်ပွဲ ဟုတ်လား”
ရဲ့လင်းချန် အတော်လေး အံ့ဩသွားရသည်။ ယင်းက နိုင်ငံတကာ ဘတ်စကက်ဘော ဖလှယ်ပြိုင်ပွဲ တစ်ခု ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ယင်းက အလွန် အရေးကြီးသော ပြိုင်ပွဲတစ်ခု ဖြစ်လောက်သည်။
“ဘာလို့ အဲ့ဒါကို ငါတို့ တက္ကသိုလ်မှာ ကျင်းပတာလဲ”
“ဒါကတော့ ငါတို့ မသိဘူး၊ ဒါပေမဲ့ ဒါက ငါတို့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
ရှန်း၏ မျက်လုံးများက တောက်ပနေ၏။
“ငါတို့ အတန်းလစ်ပြီး ပြိုင်ပွဲကို ကြည့်ဖို့ ဆုံးဖြတ်ထားတယ်”
“ပုံမှန်ဆို ငါတို့ တီဗွီကနေပဲ ကြည့်ကြတာ၊ ဒါက ရှားပါး အခွင့်အရေးလေ၊ ဒီအတွက် ငါ အမှတ်လျှော့ခံ ရမယ်ဆိုလည်း မမှုဘူး”
အာလူးလေးက စိတ်ကိုပါ စတေးရန် ပြင်ဆင်ထားလေသည်။
“ရှောင်ရဲ့ မင်း ငါတို့နဲ့ လိုက်ခဲ့ပါလား”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ငါ ဘတ်စကက်ဘောကို အဲ့လောက် စိတ်မဝင်စားဘူး၊ ငါ နားလိုက်တော့မယ်”
“ချီးပဲ၊ မင်း ဒီလောက် ဘတ်စကက်ဘော ကျွမ်းတာကို၊ ဒါတောင် ဒီလို ပြိုင်ပွဲမျိုးကို စိတ်မဝင်စားဘူးလား”
အာလူးလေး ထိတ်လန့်သွားသည်။
“ဒါက ငါတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ လုံးဝ သက်ဆိုင်တယ်ကွ၊ ငါတို့ သူတို့ကို အားပေးဖို့ ရှိကို ရှိနေရမယ်”
“ဟုတ်တယ်၊ ဒီတစ်ခေါက်တော့ ငါတို့ တရုတ်အသင်းရဲ့ ပြန်ဦးမော့လာပြီး ကိုရီးယားနိုင်ငံကို အပြတ်အသတ် အနိုင်ယူလိုက်တာကို ငါကိုယ်တိုင် မြင်ရမှ ဖြစ်မယ်”
ရှန်းက တက်ကြွမှုအပြည့်နှင့် ပြောလာသည်။
ဘတ်စကက်ဘောသည် တစ်ချိန်လုံး တရုတ်နိုင်ငံ၏ အားနည်းချက် ဖြစ်ခဲ့ပြီး အားနည်းပုံရသည့် ကိုရီးယားနိုင်ငံကို အနိုင်ယူနိုင်စွမ်း မရှိခဲ့ပေ။ ယင်းက နိုင်ငံတကာ ဟာသပင်။
ရဲ့လင်းချန် ပြုံးနေပြီး တိတ်မြဲတိတ်နေသည်။
မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းသို့ သူ နောက်ဆုံးတစ်ခေါက် သွားခဲ့စဉ်က ဆက်တိုက်ဆိုသလို သူ အထင်သေး ခံခဲ့ရသည်။ ထို့ကြောင့် သူ ဘတ်စကက်ဘောကို ဘေးချိတ်လိုက်ကာ စိတ်မဝင်စားတော့ပေ။ သူ့အတွက် ၎င်းက စွမ်းရည်တစ်ခုသက်သက်သာ ဖြစ်သည်။
“ဟားဟားဟား….”
ထိုစဉ် သံသေးသံကြောင်ဖြင့် လှောင်ရယ်သည့် ရယ်သံတစ်သံကို ကြားလိုက်ရသဖြင့် လူတိုင်း မျက်မှောင်ကြုတ် သွားကြသည်။
ဘတ်စကက်ဘောကွင်း၏ ထောင့်ကို လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူဆယ်ယောက် ရပ်နေလေသည်။ သူတို့က အဖွဲ့လိုက် စကားစမြည် ပြောနေကြပြီး မကြာခဏ ကွင်းထဲသို့ လက်ညှိုးထိုးကာ သူတို့ကို ရယ်နေကြသည်။
သူတို့ ဘာပြောနေသလဲဆိုသည်ကို ဘယ်သူမှ နားမလည်သော်လည်း အကြောင်းအရာက မကောင်းမှန်း သိသာလှသည်။
ဘတ်စကက်ဘော ကစားသည့်လူများအားလုံး မျက်မှောင်ကြုတ်သွားကြပြီး စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် သူတို့ သည်းခံနေလိုက်သည်။
“ဒီဘတ်စကက်ဘော ပြိုင်ပွဲရဲ့ မကောင်းတဲ့အချက်က အဲ့ဒါပဲ၊ အပြင်လူတွေ အများကြီး ငါတို့ တက္ကသိုလ်ထဲ လာကြတာပဲ၊ သူတို့က လုံးဝကို အဆင့်မရှိဘူး”
ရှန်းက ခနဲ့လိုက်သည်။
“ဟုတ်တယ်၊ ဒီဘတ်စကက်ဘော ပြိုင်ပွဲကို ကြည့်ဖို့သက်သက်နဲ့ လူတွေ အများကြီး လာကြတာ၊ ငါတို့ အဲ့အဖွဲ့ကို ဒီက ကန်ထုတ်လို့ ရရင် ကောင်းမယ်”
အာလူးလေးက ဝင်ပြောသည်။
“ဝှီး”
ထိုအခိုက်တွင် ကစားသမားတစ်ယောက်က ဘောလုံးကို လှမ်းပစ်လိုက်ပြီး ကွင်းကို ထိသွားသည်။ ဘတ်စကက် ဘောလုံးက ပြန်ကန်ပြီး လူအုပ်ထဲသို့ တန်း၍ ပစ်ဝင်သွားလေသည်။
ဘတ်စကက် ဘောလုံးက အရှိန်ဖြင့် ပျံဝဲလာနေကာ လေတိုးသံပင် ထွက်ပေါ်နေ၏။ လူတော်တော်များများက မနေနိုင်ဘဲ လှမ်းကြည့်လာကြသည်။
သို့သော် သူတို့၏ မျက်စိရှေ့တည့်တည့်မှာပင် ထိုလူများက ဘာမှမဟုတ်သလို ပြုမူနေ၏။ သူတို့က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ဆက်၍ စကားပြောနေကြသည်။ ဘတ်စကက် ဘောလုံးက သူတို့ထဲက တစ်ယောက်ကို ထိတော့မည့် အချိန်၌ သူ့မျက်နှာက တည်သွားပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။
“ဘန်း”
ဘတ်စကက် ဘောလုံးက သူ့လက်ထဲတွင် မြဲမြံစွာ ဖမ်းထိန်းခံလိုက်ရသည်။
ထိုလှုပ်ရှားမှုက ပြတ်သားပြီး လှပပေသည်။ ယင်းက ကြည့်နေသူတိုင်းကို ရင်တုန်သွားစေသည်။ ထိုလူများက သာမန်မဟုတ်မှန်း လူတိုင်း ခံစားမိလိုက်ကြသည်။ သူတို့က ဘတ်စကက်ဘော ကျွမ်းကျင်သူများဖြစ်ကြောင်း သိသာလှသည်။
“ဘရို ဒါအတွက် စိတ်မကောင်းပါဘူး၊ မင်း ငါတို့ကို ဘောလုံး ပြန်ပေးလို့ရမလား”
ပစ်လိုက်သူက တောင်းပန်စကား ပြောလာသည်။
သို့သော် ထိုလူက သူ့ကို ကြည့်ပင်မကြည့်ချေ။ သူ့တွင် ဘတ်စကက်ဘောလုံး ပြန်ပေးချင်စိတ် မရှိပေ။ သူက ပါးစပ်ကိုလှုပ်ကာ ပီကေကို ဝါးနေ၏။
ထို့နောက် သူက ဆံပင်ကို နောက်ပြန်သပ်၍ အရှိန်ဖြင့် အရှေ့သို့ ပြေးတက်လာသည်။
“ဘုန်း ဘုန်း ဘုန်း”
ဘတ်စကက် ဘောလုံးက ကြမ်းပြင်နှင့် ရိုက်ခက်နေပြီး အရှိန်ဖြင့် ဆွဲသယ်ခံနေရသည်။ လူအုပ်ကြီး မတုံ့ပြန် နိုင်ခင်မှာပင် သူက တိုင်အောက် ရောက်လာသည်။ သူ တစ်ချက် ခုန်လိုက်သောအခါ သူ၏ အံ့ဩစရာ ကောင်းသော ခုန်နိုင်စွမ်းကြောင့် သူ့ကို ကြည့်နေသူတိုင်း မျက်လုံးအိမ် မှေးသွားပြီး ရင်တုန်လာသည်။
သူ၏ ခန္ဓာကိုယ်က ကြိုးကွင်းထဲ မြင့်သွားသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်သောအခါ ဘောလုံးက ကွင်းထဲသို့ အရှိန်ဖြင့် ဝင်သွားလေသည်။
“ဘုန်း”
ကျယ်လောင်သော အသံနှင့်အတူ တိုင်မှ ကွင်းသည် သူ၏ ကြမ်းကြုတ်သော ခွန်အားကြောင့် ကွေးသွားပြီး သူက ကြမ်းပြင်ပေါ်သို့ မြဲမြံစွာ ပြန်ကျလာသည်။ သူက အထင်သေးသော အပြုံးမျိုး ပြုံးလာ၏။
လူတိုင်း မှင်တက်သွားသည်။ ထိုလူသည် ဘတ်စကက်ဘောလုံးကို ဝင်အောင် ပစ်နိုင်ရုံတင်မကဘဲ တိုင်မှ ကွင်းကိုလည်း ကွေးအောင် လုပ်နိုင်သေးသည်။ ယင်းက ကြောက်စရာ ကောင်းလှပေသည်။
“တရုတ်လူမျိုးတွေက ဘတ်စကက်ဘော မတော်ရုံတင်မကဘူးပဲ၊ သူတို့ရဲ့ ဘတ်စကက်ဘော ကစားကွင်း တွေကလည်း အမှိုက်တွေပဲ၊ ဟားဟားဟား … အလကားပါကွာ”
ထိုလူက တရုတ်လို မတတ်တတတ်ပြောပြီး ထပ်မံ၍ နားကြားပြင်းကပ်လောက်အောင် ရယ်ပြန်သည်။
အားလုံး၏ အမူအရာ သုန်မှုန်သွားသည်။ သို့သော် သူတို့ ဘာမှမပြောနိုင်ခင်မှာပင် ကျန်ကိုးယောက်က ပြိုင်တူ ပြေးတက်လာ၏။ သူတို့သည် သားကောင်ကို ရှာတွေ့သွားသော ကျားသစ်များကဲ့သို့ တိုင်ကိုးတိုင်သို့ ပြေးတက် သွားသည်။
တိုင်အောက်၌ ကျောင်းသားများက သူတို့၏ ဘတ်စကက် ဘောလုံးများကို ကိုင်ထားကြသည်။ သို့သော် တစ်ခဏအတွင်းမှာပင် အသံကျယ်တစ်သံကို ကြားလိုက်ရပြီး ဘောလုံးက သူတို့လက်မှ လွတ်ကာ ကြမ်းပြင်ပေါ် ကျသွားလေသည်။ ထို့နောက်တွင်မူ ထိုလူများက ပြိုင်တူ လေထဲ ခုန်လိုက်ကြသည်။