← Chapters

အထက်စီးမှ ပြောဆိုခြင်း ( ၁ )

Vol. 21 Ch. 321

အထက်စီးမှ ပြောဆိုခြင်း ( ၁ )

Vol. 21 Ch. 321

ရွှီချင်းသည် ကျင့်ကြံနေစဉ်အတောအတွင်းနှင့် လေ့လာနေစဉ်အတောအတွင်း နှောင့်ယှက်ခံရသည်ကို မကြိုက်ပေ။

သို့သော်လည်း ယခုတွင် လူဆိုးထိန်းဌာနမှ ဂိုဏ်းသား ပေးပို့လာသည့် ခရမ်းရောင်ဓာတ်လုံးကို သူ စိတ်ပါဝင်စားစွာ ကြည့်နေသည်။

ထိုဓာတ်လုံးတွင် အမျိုးအမည်ခွဲခြားရခက်သော အရှိန်အဝါတစ်ခု ရှိနေပြီး သူ့နောက်ကျောရှိ ရွှေကျီးကန်းမှာ သူ့နောက်တွင် ချက်ချင်း ရုပ်လုံးပေါ်လာသည်။ ၎င်းက ဓာတ်လုံးကို စူးစိုက်ကြည့်နေပြီးနောက် ပြင်းပြင်သည့်စိတ်ဆန္ဒတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

ရွှီချင်း အတွေးနက်သွားသည်။ အတန်ငယ် စဉ်းစားပြီးနောက် အကျဉ်းထောင်ထဲမှ သူ ထွက်လာခဲ့သည်။ လူဆိုးထိန်းဌာန၏ ဧည့်တွေ့ဆောင်ထဲတွင် ခရမ်းရောင်တာအိုဝတ်ရုံဝတ် လူငယ်တစ်ယောက်ကို သူ မြင်လိုက်ရသည်။

ထိုလူငယ်သည် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ဖြစ်သည်။ ထိုအချိန်၌ သူသည် ရွှီချင်းကို ကျောပေးထားပြီး ဧည့်တွေ့ဆောင်နံရံပေါ်ရှိ အစာအတွက် တိုက်ခိုက်နေကြသော မိစ္ဆာဝိညာဉ်များ၏ ရုပ်ပုံကို ကြည့်နေသည်။ သူသည် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထုတ်ဖော်ထားသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်ထဲမှ ဓမ္မတံခါး တစ်ရာ့နှစ်ဆယ်က အဆက်မပြတ် လည်ပတ်နေပြီး မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည်။

ယင်းကြောင့် ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားများ၏ အမြင်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်ရှုံ့တွနေသည်။ ဤနေရာသည် ခရမ်းရောင်တာအိုဝတ်ရုံဝတ်လူငယ်၏ ပိုင်နက်ဖြစ်သွားသည့်အလားပင်။ သို့သော် ယင်းမှာ ရွှီချင်းကို ရင်ဆိုင်ရာတွင် အသုံးမဝင်ပေ။

ရွှီချင်း ဝင်လာပြီးနောက် ထိုနေရာရှိ ပုံပျက်ရှုံ့တွနေခြင်းများ ချက်ချင်း ပျက်ပျယ်သွားသည်။

“ ရွှီချင်းလား ”

ရွှီချင်းကို ကျောခိုင်းထားသော လူငယ်မှာ လှည့်ကြည့်လာသည်။ သူက ရွှီချင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။

ထိုကဲ့သို့ အကြည့်မျိုးကို ရွှီချင်း သဘောမကျသော်လည်း သူ့ခံစားချက်များကို ထုတ်မပြပေ။ သူက ထိုလူငယ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ သက်စောင့်မီးလုံးနှစ်လုံးအစွမ်း၊ ကျင်းဝူလျန့်ဝမ့်လင်အတတ်၊ သက်ခြွေအဆိပ်၊ ဒီလိုခန္ဓာမျိုး … ရွှီချင်း …ချီရွှဲ့ထုံဂိုဏ်းလို ရေကန်ငယ်လေးက မင်းအတွက် မသင့်တော်တော့ဘူး ”

ခရမ်းရောင်ဝတ်ရုံဝတ်လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ဧည့်တွေ့ဆောင်၏ ပင်မထိုင်ခုံမှာ သူ ထိုင်လိုက်သည်။

ဤနေရာတွင် သူ ထိုင်သင့်သည်ဟု သူ တွေးထားသည့်အလား အရာအားလုံးက သူ့အတွက် ရိုးရိုးရှင်းရှင်းပင်။

ထိုအချိန်၌ သူ့နောက်ရှိ လေဟာနယ်ထဲတွင် ပန်းသီးတစ်လုံး ရုတ်တရက် ပေါ်လာသည်ကို သူ သတိမထားမိလိုက်ပေ။

ကိုယ်ယောင်ဖျောက်လူတစ်ယောက်က ပန်းသီးကို အသံမထွက်ဘဲ ကိုက်လိုက်သည်။

ရွှီချင်း၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။ သူ ပန်းသီးကို ကြည့်လိုက်ပါသော်လည်း တစ်ခွန်းမျှ မပြောဘဲ ခရမ်းရောင်ဝတ်ရုံဝတ်လူငယ် ဆက်ပြောမည်ကို စောင့်နေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ ချီရွှဲ့ထုံဂိုဏ်းမှာ မင်းဆန္ဒရှိသလို လုပ်လို့မရနိုင်လောက်ဘူး မင်းက ဆက်ခံသူစာရင်းထဲပဲရှိတာ၊ မင်းသားတစ်ပါး မဟုတ်ဘူး။ အဲဒီဆက်ခံသူစာရင်းထဲ ရောက်နေတာကလဲ မင်းက ကြီးကြီးမားမား ဆောင်ရွက်ထားလို့ ရတာ။ ဒီလိုဂိုဏ်းမျိုးကို မင်း အမှတ်တရဖြစ်နေဖို့ မလိုဘူး ”

“ ငါ ဘယ်သူလဲဆိုတာ မင်း ကောင်းကောင်း သိမှာပါ။ ငါက ရွှမ်ယုံဂိုဏ်းက ဟွမ်ရီခွန်ပဲ။ မင်း ငါ့ကို အကြီးဆုံးဂိုဏ်းတူအစ်ကိုလို့ ခေါ်နိုင်တယ် ”

ဟွမ်ရီခွန်၏ စကားများက ကျယ်လောင်ပြီး စကားပြောနေရင်း သူ့မျက်လုံးများထဲရှိ ဖြောင့်မတ်မှန်ကန်သောအရိပ်အယောင်များက တစတစ ပေါ်လွင်လာသည်။

ကိုယ်ယောင်ဖျောက်လူက ပန်းသီးကို နောက်တစ်ကိုက် ကိုက်ချင်နေသည့်အလား ဟွမ်ရီခွန်နောက်ရှိ ပန်းသီးမှာ ကိုက်ရာတစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုလူသည် ဟွမ်ရီခွန်၏ စကားများကို သဘောမကျသွားဟန်ဖြင့် တုံ့ခနဲ ရပ်သွားသည်။

ရွှီချင်းသည် ထိုအခြင်းအရာကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဟွမ်ရီခွန်အကြောင်းကို သူ အမှန်တကယ် သိသည်။ သူ တစ်ခါမှ လူကိုယ်တိုင် မတွေ့ဖူးသော်လည်း ဖိုင်တွဲထဲမှာ ဟွမ်ရီခွန်အကြောင်း မှတ်တမ်းများ ရှိသည်။

“ ရွှီချင်း၊ ငါ မင်းကို အများကြီး လေးစားတယ်။ ဒီနေ့ မင်းကို အောက်ဂိုဏ်းကနေ အထက်ဂိုဏ်းကို ပြောင်းဖို့ အခွင့်အရေး လာပေးတာ ”

ဟွမ်ရီခွန်သည် ကုလားထိုင်လက်ရန်းပေါ်မှာ အနီရောင်လက်အိတ်ဝတ်ထားသော ညာလက်ကို တင်ထားလိုက်သည်။ သူ့မျက်လုံးများ တဖိတ်ဖိတ်လက်လာပြီး သူ့ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ် ကိုးညွှတ်လာသည်။ သူက ရွှီချင်း၏မျက်လုံးများကို ကြည့်၍ တစ်ခွန်းချင်း ပြောလိုက်သည်။

“ အဲဒီအတွက် အဓိကလိုအပ်တာက မင်း ငါ့ကို သစ္စာရှိနေဖို့ပဲ ”

ရွှီချင်း မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။

ဟွမ်ရီခွန်နောက်ရှိ ပန်းသီးမှာ ကိုက်ရာကြီးတစ်ခု ပေါ်လာသည်။ ပန်းသီးကို အညှာအတာကင်းမဲ့စွာ ကိုက်လိုက်မှန်း သိသာသည်။

“ အထက်ဂိုဏ်းဆိုတဲ့ အဓိပ္ပာယ်ကို မင်း မသိလောက်ဘူး ရွှီချင်း ”

ဟွမ်ရီခွန်သည် ရွှီချင်း မျက်မှောင်ကြုတ်သွားသည်ကို သတိထားမိပါသော်လည်း ဂရုမစိုက်ပေ။ သူက ဟန်ဆောင်ပြုံးလိုက်သည်။

“ မင်းကျင့်တဲ့ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို ကျင်းဝူလျန့်ဝမ့်လင်အတတ်လို့ ခေါ်တယ်။ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ခေါင်းဆောင်လည်း အဲဒီအတတ်ကို နားလည်ခဲ့ဖူးတာ မင်း သိလား ”

“ အဲဒီအဘိုးကြီးက အဲဒီအတတ်ကို ပြည့်ပြည့်စုံစုံ နားလည်နိုင်ခဲ့တယ်။ မင်းက ကံကောင်းလို့ အဲဒီအတတ်ကို ရသွားတယ်ဆိုပေမဲ့ သူ့လောက်တော့ နားမလည်လောက်ဘူး။ ဟုတ်တယ်မလား ”

ရွှီချင်း ငြိမ်သက်နေသည်။

“ အထက်ဂိုဏ်းကို မင်းလာရင် မင်းရဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ် သိသိသာသာ တိုးတက်သွားမယ်။ ငါ့ရွှမ်ယုံဂိုဏ်းမှာ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် ရှိနေတာက ခုနစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်က ရွှမ်ယုံဂိုဏ်းကနေ ခေါင်းဆောင်ဖြစ်လာတာမလို့ပဲ။ တကယ်တော့ အဲဒီအတတ်ကို ခုနစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်က ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို မှီငြမ်းပြီး ဖန်တီးထားတာ ”

ထိုနေရာအရောက်တွင် ဟွမ်ရီခွန်၏ မျက်နှာအမူအရာက ဂုဏ်ယူဝင့်ကြွားသည့်အသွင်ဆောင်လာပြီး မေးကို ပင့်လိုက်သည်။

“ ပြီးတော့ … အောက်ဂိုဏ်းက ကျင့်နေတဲ့ မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ဆိုတာ အဆင့်နိမ့်အတတ်ပဲ ”

သူသည် စကားပြောနေရင်း ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်အိတ်ကို တဖြည်းဖြည်း မြှောက်လိုက်သည်။

လက်အိတ်ကို ချွတ်လိုက်ပြီးနောက် သူ့ညာဘက်လက်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သူ့ညာလက်ရှိ လက်ချောင်းငါးချောင်းလုံး သလင်းကျောက်ကဲ့သို့ ခရမ်းရောင်တောက်ပနေသည်။ ထိုလက်ချောင်းများသည် အတော်ထူးဆန်းပြီး ဝိညာဉ်တုန်ခါစေနိုင်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ထိုလက်ချောင်းများမှာ ရတနာတစ်ပါးအလားပင်။

ဘေးပတ်လည်ရှိ အလင်းများအားလုံး ထိုလက်ချောင်းများ၏ စုပ်ယူခြင်း ခံလိုက်ရသည့်အလား အလင်းရောင် မှေးမှိန်သွားလေရာ ထိုလက်ချောင်းများမှာ အလင်းများ၏ ရင်းမြစ်ဖြစ်လာသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုလက်ချောင်းများမှ ကြောက်မက်ဖွယ်အရှိန်အဝါကို သူ အာရုံရနေသည်။ သူ့ကျောပေါ်မှ ရွှေကျီးကန်းမှင်ကြောင်သည်ပင် သက်ဝင်လှုပ်ရှားလာ၏။

သူ့ကိုယ်ထဲရှိ မိစ္ဆာမီးတောက်များမှာ ထိုလက်ချောင်းများထဲသို့ စီးဝင်သွားဟန်တူသည်။

သို့သော်လည်း ထိုဟွမ်ရီခွန်မှာ ထိုလက်ချောင်းများကို ဤနေရာတွင် မပြသင့်ကြောင်း ရွှီချင်း ခံစားလိုက်ရသည်။

ဟွမ်ရီခွန်နောက်ဘက်ရှိ လေထဲမှ ပန်းသီးမှာ တဆတ်ဆတ်တုန်ရီလာသည်။ ပန်းသီးကို ကိုက်ထားသည့်လက်မှာ စိတ်လှုပ်ရှားလာသည့်အလားပင်။ အနောက်မှ မျက်ဝန်းတစ်စုံ ဝိုးတဝါး ပေါ်လာပြီး ဟွမ်ရီခွန်၏ ညာလက်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

ရွှီချင်း၏အမူအရာကို သတိထားမိ၍ ဟွမ်ရီခွန် ဘဝင်ခိုက်သွားသည်။ သူ့ရင်ထဲမှာ အထင်သေးခြင်း၊ မနာလိုဖြစ်ခြင်းတို့ ရှိနေသည်။ ထိုလက်ချောင်းများကို သူ၏ချမ်းသာကြွယ်ဝမှု၊ ကျင့်ကြံခြင်းတို့ဖြင့် ထုဆစ်ထားခဲ့ရသည့်ဖြစ်၍ ထိုလက်ချောင်းများနှင့်ပတ်သက်လာလျှင် သူ အလွန် ဂုဏ်ယူဝင့်ကြွားသည်။

ထိုလက်ချောင်းများကို သူ ထုတ်ပြလိုက်သည့်အခါတိုင်း လူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူ အထင်သေးသည်မှာ သူ့ရှေ့ရှိ ရွှီချင်းမှာ ရေကန်လေးထဲက ငါးတစ်ကောင်မျှသာ ဖြစ်နေသောကြောင့်ပင်။ ရွှီချင်းမှာ အခွင့်အရေးအနည်းငယ် ရှိနေသည့်တိုင်အောင် သူ့ထက် နိမ့်ကျနေမည်သာ ဖြစ်သည်။

All Chapters