အထက်စီးမှ ပြောဆိုခြင်း ( ၂ )
Vol. 21 Ch. 322
သူ မနာလိုဖြစ်နေရသည်မှာ ရွှီချင်းမှာရှိနေသည့် ထိုအခွင့်အရေးအနည်းငယ်ပင် ဖြစ်သည်။
သို့သော်လည်း သူက ကောင်းကောင်းဖုံးကွယ်ထားသည်။ သူက ညာလက်ကို လှုပ်ရှားလိုက်ရာ ခရမ်းရွှေရောင်ဝင်းလက်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ရွှီချင်၊ မင်း မြင်လား။ ဒါက ငါ ကျင့်တဲ့ ရွှမ်ယုံရှေးဟောင်းအတတ်ပဲ။ အဲဒါကို ရွှမ်ယုံငရဲလက်ချောင်းလို့ ခေါ်တယ် ”
“ ငါ့လက်ချောင်းငါးချောင်းကို မရေမတွက်နိုင်လောက်တဲ့ ထူးဆန်းတဲ့အတတ်တွေ၊ ရတနာတွေနဲ့ မွေးမြူထားတာ။ ငါ့လက်ချောင်းနဲ့ အထိခံလိုက်ရတဲ့လူတိုင်း သူတို့ဝိညာဉ်ကိုပါ ငါက ထိလိုက်သလို ဖြစ်သွားပြီးတော့ ငါ့ထိန်းချုပ်မှုအောက်ကို ရောက်သွားတယ်။ ငါက သေဆိုသေ ရှင်ဆိုရှင်ပဲ ”
“ ဒါက မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ်ရဲ့ စစ်မှန်တဲ့သရုပ်သကန်ပဲ ”
“ မင်း ငါ့ကို သစ္စာရှိပြီး ငါ့နောက်လိုက်လုပ်ရင် မင်းကို လက်ချောင်းတစ်ချောင်းရအောင် ကျင့်ကြံနိုင်ဖို့ ဘိုးဘေးကို ရင်းမြစ်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ငါ ပြောပေးမယ်။ နောက်ကျ မင်း ကောင်းကောင်းစွမ်းဆောင်နိုင်လာရင် လက်ချောင်းနှစ်ချောင်းထက်ပိုပြီး ကျင့်ကြံနိုင်မယ့်အခွင့်အရေးတွေ ရချင်ရလာမှာပဲ ”
“ အဲဒီနည်းလမ်းနဲ့ဆိုရင် မင်းရဲ့ကျင်းဝူလျန့်ဝမ့်လင်အတတ်နဲ့ ပေါင်းစပ်လိုက်ရင် မင်းရဲ့အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မှာပဲ ”
ရွှီချင်းသည် ဟွမ်ရီခွန်၏ လက်ချောင်းငါးချောင်းကို စူးစိုက်ကြည့်လိုက်ပြီး ဟွမ်ရီခွန်နောက်ရှိ ပန်းသီးကိုလည်း သတိထားမိလိုက်သည်။ ပန်းသီးကို နောက်ထပ် ကိုက်မစားရသေးသည်မှာ နည်းနည်းကြာနေပြီဖြစ်သည်။ ထိုကိုယ်ပျောက်လူသားက လက်ချောင်းငါးချောင်းပေါ်မှာ အာရုံစိုက်နေမှန်း သိသာသည်။
ထို့ကြောင့် ရွှီချင်းက ဟွမ်ရီခွန်ကို စူးရှစွာ ကြည့်လိုက်သည်။
ထိုလူ၏ ကျင့်ကြံခြင်းအတတ်က အမှန်ပင် အထင်ကြီးစရာကောင်းပါသော်လည်း ပြိုင်ဘက်ကင်းလောက်အောင် မဟုတ်ဟု ရွှီချင်း ခံစားရသည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်သည်လည်း တခြားအတတ်များနှင့် ပေါင်းစပ်နေရန် မလိုပေ။
ဟွမ်ရီခွန်က ထိုသို့ နားလည်နေခြင်းမှာ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်က ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို အပေါ်ယံသာ နားလည်ထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ တခြားအတတ်များနှင့် ပေါင်းစပ်နေရခြင်း ဖြစ်သည်။
ရွှီချင်းသည် သူ နားလည်ခဲ့သည့် ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုအတတ်၏ အဓိကအချက်မှာ အထက်စီးဆန်ခြင်းဖြစ်သည်။ ထိုအတတ်က တခြားကျင့်ကြံခြင်းအတတ်များနှင့် ပေါင်းစပ်ရန် လိုအပ်နေသေးလျှင် ထိုအတတ်၏ အနှစ်သာရကို ဆုံးရှုံးနေခြင်းသာ ဖြစ်ပေသည်။
ရွှီချင်းက အစကတည်းက စကားတစ်ခွန်းမျှ မပြောသည်ကို မြင်၍ ဟွမ်ရီခွန်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
“ ငါက မင်းရဲ့ သစ္စာရှိမှုနဲ့ မထိုက်တန်သေးဘူးလို့ ထင်နေပုံရတယ်။ ဒါကြောင့် ငါ့ကို မင်း ချက်ချင်း အဖြေမပေးသေးတာပဲ။ နောက်ထပ်ရက်အနည်းငယ်ကြာရင် မင်းရဲ့ သတ္တမမြောက်တောင်ထိပ်က မင်းသားသုံးယောက်ကို ငါ စိန်ခေါ်ပြမယ် ”
ထိုသို့ဖြင့် ဟွမ်ရီခွန်သည် မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ အပြင်သို့ ထွက်သွားသည်။ ရွှီချင်းကို ဖြတ်ကျော်သွားသည့်အခါ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ရွှီချင်း၊ နောက်ရက်နည်းနည်းကြာရင် သတ္တမမြောက်တောင်ထိပ်က စိန်ခေါ်ပွဲကို မင်း စောင့်ကြည့်ဖို့ မမေ့နဲ့။ တိုက်ပွဲရလဒ်ကို ကြည့်နေလိုက်။ နောက်တစ်ကြိမ်ငါတို့တွေ့မယ့်အချိန်က သတ္တမမြောက်တောင်ထိပ်က မင်းသားတွေ ရှုံးနိမ့်မဲ့အချိန်ပဲ။ အဲဒီအချိန်မှာ မင်းရဲ့အဖြေကို ပြောရမယ် ”
“ ဒါက မင်းအတွက် အခွင့်အရေးကြီးနော်။ သေသေချာချာ စဉ်းစားထား ”
ထိုသို့ပြောပြီးသည်နှင့် ဟွမ်ရီခွန်သည် နောက်လှည့်မကြည့်ဘဲ လူဆိုးထိန်းဌာနအပြင်ဘက်သို့ လျှောက်သွားသည်။ ဆည်းဆာနေရောင်ခြည်အောက်၌ သူသည် ဝေးသည်ထက် ဝေးရာသို့ ရောက်သွားလေသည်။
“ ဟားဟား ချင်းလေး၊ မင်းနေရာက ပျော်စရာအကောင်းဆုံးပဲကွ။ ဒီကောင် ဟိတ်ကြီးဟန်ကြီးနဲ့ လျှောက်သွားနေတာတွေ့လို့ ဘာဖြစ်မလဲသိရအောင် လိုက်လာခဲ့တာ။ ရတနာ တွေ့ရမယ်လို့ ထင်မထားခဲ့ဘူးကွာ ”
ရွှီချင်း၏ဘေးမှ ခေါင်းဆောင်၏ တအံ့တသြ စကားပြောသံ ပေါ်လာသည်။
“ ငါ့ရှေ့မှာ ဒီလိုမျိုး ကြွားရဲတဲ့လူကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ ပျော်စရာကြီးက ဗြုန်းခနဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတော့ နည်းနည်းတောင် အသားမကျသလိုပဲ။ အခုလေးတင် သူ့လက်ချောင်းတွေကို ဖျက်ထုတ်ဖို့ အားအများကြီး စိုက်ခဲ့ရတာ ”
“ အဲဒီလက်ချောင်းတွေကို နောက်ကနေ ကိုက်ကြည့်ခဲ့သေးတယ်မလား ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဌာနမှူးရွှီ၊ အကြီးဆုံးမင်းသားကို ဘယ်လိုလေသံနဲ့ ပြောနေတာလဲ ”
ရွှီချင်းရှေ့မှာ မျောလွင့်နေသော ပန်းသီးမှာ ဂျွမ်းခနဲ ကိုက်ခံလိုက်ရသည်။
ရွှီချင်းသည် ခေါင်းငုံ့၍ ခေါင်းဆောင်၏အရိပ်ကို ကြည့်လိုက်သည်။
အရိပ်က အားပျော့နေဟန်တူသည်။ အရိပ်၏ခေါင်းမှာ ထိုရိုက်ခံထားရသည့်အလား ချိုင့်ဝင်နေဟန်တူသည်။
ရွှီချင်းသည် ငြိမ်သက်သွားပြီး အချိန်အတော်ကြာပြီးနောက် ပြောလိုက်သည်။
“ ခေါင်းဆောင်၊ ဒီတစ်ခေါက် ဘာလုပ်ခဲ့တာတုံး ”
ပန်းသီး တုံ့ခနဲ ရပ်သွားသည်။
“ ဘာပြောနေတာတုံး။ နောက်ဆုံးတစ်ခေါက်မင်းနဲ့တွေ့ပြီးတော့ ဒီလိုဖြစ်သွားတာပဲ။ အဲဒီအကြောင်း ထပ်မပြောတော့ဘူး။ အဲဒီဟွမ်ရီခွန်က သတ္တမမြောက်တောင်ကို စိန်ခေါ်တော့မှာပဲ။ ဒုတိယ၊ တတိယတို့နဲ့ ငါ သွားပြီး ဆွေးနွေးလိုက်ဦးမယ် ”
ပန်းသီးက အလျင်အမြန် ထွက်သွားပြီး သူ့အသံက ပဲ့တင်ထပ်နေသည်။ ၎င်းမှာ အဝေးသို့ မရောက်ခင် တုံ့ခနဲ ရပ်သွားသည်။
“ ဒါနဲ့ ချင်းလေး၊ ဒီတစ်ခေါက် ငါ လာခဲ့တာက ပြောစရာရှိလို့။ ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းကို စိန်ခေါ်ပြီး တောင်ထိပ်အားလုံး ထိုးကြိတ်ခံနေရတယ်။ အပြင်ပန်းကြည့်ရင် အခြေအနေဆိုးတဲ့ပုံ ပေါက်နေပေမဲ့ ဒါကလည်း အဘိုးကြီးတွေရဲ့ အစီအစဉ်ပဲ ”
“ အဲဒီအဘိုးကြီးက ဂိုဏ်းသားတွေကို ခုနစ်ဂိုဏ်းမဟာမိတ်ကို ဒေါသထွက်စေချင်နေတာ။ ပြီးတော့ ဂိုဏ်းအပေါ် အခွင့်အရေးယူချင်နေတဲ့ ဂိုဏ်းသားတွေကိုလည်း စစ်ထုတ်ချင်နေတာ။ ဒီတော့ ဘာမှလျှောက်တွေးမနေနဲ့။ နောက်ကျ ကြီးကြီးမားမား အစီအစဉ်တွေရှိလာရင် မင်းကို တခြားဂိုဏ်းမှာ လာရှာနေရမှာ ဒုက္ခများတယ် ”
ထို့နောက် ပန်းသီးက လူဆိုးထိန်းဌာနမှ ထွက်သွားသည်။ အဝေးသို့ ရောက်သောအခါ ကိုယ်ပျောက်နေသော ခေါင်းဆောင်၏ အညိုအမည်းစွဲနေသော မျက်လုံးများထဲတွင် အံ့အားသင့်ဟန်များ ပေါ်လာသည်။
“ သူက ငါ့ကို မြင်နေရတာလား။ မဖြစ်နိုင်ဘူး။ ငါ့ကိုယ်ယောင်ဖျောက်အစွမ်းက အဘိုးကြီး ပေးထားတဲ့ ရတနာလေ။ နှစ်တွေဒီလောက်ကြာတဲ့အထိ ဘိုးဘေးနဲ့ ဂိုဏ်းတူဦးလေးတွေက လွဲပြီး ချီရွှဲ့ထုံဂိုဏ်းက တစ်ယောက်မှ ငါ့ကို မမြင်နိုင်ပါဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ခေါင်းဆောင်သည် တီးတိုးရေရွတ်နေရင်း နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသည်။
“ အမှတ်ခြောက်ဂိုဏ်းတူဦးလေး၊ အဲဒီအဘိုးကြီး ရက်စက်လိုက်တာ။ သူ့ရတနာကို တစ်ကိုက်ပဲ ကိုက်လိုက်ရုံလေးကို။ ဒီလောက်ကြီးအထိ လုပ်ဖို့လိုလို့လား။ ပြန်ရောက်ရောက်ချင်း ဖမ်းဆီးပြီး ထိုးကြိတ်လိုက်ရတယ်လို့ ”
ခေါင်းဆောင် ဒေါပွနေသည်။ သူက ပန်းသီးကို ဂျွမ်းခနဲ ကိုက်လိုက်ပြီး အလျင်အမြန် ထွက်သွားသည်။
ခေါင်းဆောင်၏စကားများသည် ယခင်က သူ၏မှန်းဆချက်နှင့် ဆင်တူနေပြီး ဂိုဏ်းက တစ်စုံတစ်ခုကို စောင့်နေသည်ဟု သူ ခံစားလာရသည်။
“ အချိန်လား ”
ထိုအကြောင်းကို ရွှီချင်း ဆက်မတွေးတော့ပေ။ ယင်းသည် သူ မတွေးသင့်သော ကိစ္စဖြစ်သည်ဟု ခံစားရသည်။ ထို့ကြောင့် အကျဉ်းထောင်သို့ ပြန်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။
ထိုသို့ဖြင့် ရက်များ ကုန်လွန်သွားသည်။ ညဉ့်ငှက်အဖွဲ့အား ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေသည်။ ညဉ့်ငှက်အဖွဲ့သားများ တစတစ ပုန်းခိုလာကြရသည်။ လူဆိုးထိန်းဌာနက ပိုက်ကွန်ကို ဆွဲရန် ပြင်နေပြီ ဖြစ်၏။
ပိုက်ကွက်ကို မဆွဲခင် ငါးတစ်ကောင်မျှ မလွတ်စေရန် လူဆိုးထိန်းဌာနမှာ ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူတို့က အပြင်မထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ ပင်မမြို့ကြီးကနေ တစ်လတိတိ အပြင်မထွက်ရဘူး။ ညမှာ မူမမှန်တဲ့အပြုအမူနဲ့ အပြင်ထွက်သူတွေအားလုံးကို ဖမ်းကြ ”
“ တောင်ထိပ်အသီးသီးက လူဆိုးထိန်းဌာနတွေ ပိုက်ကွန်ကို ရုပ်သိမ်းမယ်။ ကျဆုံးသွားတဲ့ညီနောင်တွေအတွက် လက်စားချေဖို့ သတင်းရထားတဲ့နေရာတွေက ညဉ့်ငှက်အဖွဲ့ရဲ့ အသိုက်တွေကို ဖျက်ဆီးပစ်ကြ ”
“ ညဉ့်ငှက်အဖွဲ့ဝင်တွေကို တစ်ယောက်မကျန် သတ်ပစ်ကြ။ ရလာတဲ့ပစ္စည်းမှန်သမျှ ယူခွင့်ရှိတယ်။ ဌာနတွေက အမိန့်တွေ ထုတ်ပြန်မယ်။ ဌာနခွဲအဆောက်အအုံတွေကို စခန်းအနေနဲ့ အသုံးပြုပြီး အဖွဲ့လိုက်လှုပ်ရှားကြ။ ညဉ့်ငှက်ရှင်းလင်ခြင်း စစ်ဆင်ရေး စတင်ပြီ ”
ရွှီချင်း၏အမိန့် ထုတ်ပြန်ပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ လူဆိုးထိန်းဌာနခုနစ်ခုက ချက်ချင်း လှုပ်ရှားလာကြပြီး လူသတ်ပွဲကြီး ဆင်နွှဲလေသည်။ ထိုညက ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး သတ်ဖြတ်သံများဖြင့် ဆူညံနေသည်။
လမ်းများပေါ်တွင် လူဆိုးထိန်းဌာနအဖွဲ့ဝင်များ မရေမတွက်နိုင်အောင် မြင်နိုင်သည်။ သူတို့သည် ထုတ်ပြန်ထားသော သတ်မှတ်နေရာများသို့ အဖွဲ့လိုက်သွားကာ သတ်ဖြတ်နေကြသည်။
ညဉ့်ငှက်အသိုက်အမြုံအသီးသီးမှ စူးစူးဝါးဝါးအော်ဟစ်သံများ လွင့်ပျံလာသည်။ လမ်းများပေါ်တွင် လူဆိုးထိန်းဌာနအဖွဲ့ဝင်များက ထွက်ပြေးနေသော ညဉ့်ငှက်အဖွဲ့ဝင်များနောက်သို့ ထပ်ကြပ်မကွာ လိုက်နေသည်ကို မြင်နိုင်သည်။
ရံဖန်ရံခါ လူဆိုးထိန်းဌာနအဖွဲ့ဝင်များ အန္တရာယ်နှင့် ကြုံတွေ့သည့်အခါ အချက်ပြမီးကျည်များ စေလွှတ်တတ်သည်။
အချက်ပြမီးကျည်များ စေလွှတ်ပြီးသွားသည်နှင့် လက်ထောက်ဌာနမှူးတစ်ယောက်က လူဆိုးထိန်းဌာနအဖွဲ့ဝင်များကို သွားရောက်ကယ်တင်လေသည်။ လက်ထောက်ဌာနမှူးသာ မကိုင်တွယ်နိုင်ပါက ဌာနမှူးက သွားသည်။
အကယ်၍ ဌာနမှူးပင် မဖြေရှင်းနိုင်သေးပါက ရွှီချင်းထံ တင်ပို့ရပြီး ရွှီချင်းကိုယ်တိုင် ဖြေရှင်းမည် ဖြစ်သည်။
ထိုညအတွင်း ယန်ယန်က ပါဝင်ဆင်နွှဲသည့်အတွက်ကြောင့် ရွှီချင်း မလှုပ်ရှားလိုက်ရပေ။
ယယန်ယန်၏နောက်တွင် ဒေါသတကြီး ပြေးလွှားနေသော ဧရာမရေဘဝဲကြီးတစ်ကောင် ရှိသည်။ ယန်ယန်က လူဆိုးထိန်းဌာန၏ အချက်ပြမီးကျည်ကို မြင်လိုက်ရတိုင်း ရေဘဝဲကြီးကို ပထမဆုံး ရောက်သွားတတ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးတိုင်း ယန်ယန်က အောက်ပါအတိုင်း ပြောတတ်သည်။
“ ဒီလိုကိစ္စလေးနဲ့ ကိုကိုရွှီချင်းကို ဒုက္ခပေးမနေပါနဲ့။ ငါ လုပ်လိုက်မယ်။ ပြီးရင်သာ ငါ ဒီကို ရောက်ခဲ့တယ်လို့ ပြောပြဖို့ မမေ့နဲ့ ”
တစ်ကြိမ်တွင် သတ္တမမြောက်တောင်ထိပ်မှ လက်ထောက်ဌာနမှူးတစ်ယောက်ကို ကူညီပေးခဲ့သည်။ ထိုလက်ထောက်ဌာနမှူးမှာ သက်စောင့်မီးလုံးတစ်လုံးကျင့်ကြံသူဖြစ်ပြီး အကယ်ခံရသည့်အတွက် အလွန်ကျေးဇူးတင်နေသည်။ သူက လက်နှစ်ဖက်ကိုဆုပ်၍ ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် သခင်မလေး ယန်ယန် ”
ယန်ယန်၏ မျက်ခုံးမွှေးများ အထက်သို့ မြင့်တက်သွားပြီး ပြန်ပြောလိုက်သည်။
“ ငါက နင့်ဌာနမှူးရဲ့ဇနီးလောင်း။ မရီးလို့ပဲခေါ် ”
ယန်ယန်၏စကားများကြောင့် သတ္တမမြောက်တောင်ထိပ်မှ ဌာနမှူးအသစ်မှာ ချီတုံချတုံဖြစ်သွားသည်။ ခဏအကြာ သူသည် လက်နှစ်ဖက်ကို ဆုပ်၍ ထပ်ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် မရီးခင်ဗျ ”
ယန်ယန်မှာ ကျေနပ်ပီတိဂွမ်းဆီထိသွားပြီး အဖိုးတန်ဆေးတစ်လုံးကို ပစ်ပေးလိုက်လေသည်။
“ ကောင်းကောင်းအနားယူပြီး အားမွေးနေလိုက်။ င့ါခင်ပွန်းက လူဆိုးထိန်းဌာနရဲ့ဌာနမှူးပဲ။ သူ့ဇနီးတစ်ယောက်အနေနဲ့ သူ့လက်အောက်ငယ်သားတွေကို ဂရုစိုက်ပေးရမှာ ထုံးစံပဲ ”
ယန်ယန်သည် ပြောလိုက်ရင်း လူစုခွဲရန် နောက်ထပ်အချက်ပြလိုက်ပြီး အလျင်အမြန် ပြေးထွက်သွားသည်။