တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော
Vol. 21 Ch. 323
ထိုသို့ဖြင့် တစ်ညလုံး ချေမှုန်းသင်သုတ်နေကြသည်။ ယင်းသည် လူဆိုးထိန်းဌာနနှင့် ညဉ့်ငှက်အဖွဲ့အစည်းကြားမှ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်သည်။ ရောက်လာကြသော လူသားမဟုတ်သော မျိုးနွယ်ဝင်များအားလုံး ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသည်။
လူဆိုးထိန်းဌာန၏ ညမထွက်ရအမိန့်က တစ်မြို့လုံးအပေါ် သက်ရောက်သွားသည်။ အံ့သြစရာကောင်းသည်မှာ လူဆိုးထိန်းဌာနဂိုဏ်းသားများကြားတွင် ယန်ယန်၏နာမည်ကျော်ကြားလာခြင်း ဖြစ်သည်။ ယန်ယန်ကို မရီး ဟု ခေါ်သည့်အခါတိုင်း ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ ရတတ်သည်။
သူတို့ အန္တရာယ်နှင့်ကြုံတွေ့သည့်အခါတိုင်း ရေဘဝဲကြီးကို စီး၍ ယန်ယန် ရောက်လာတတ်သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ စောင့်ရှောက်ပေးမှုဖြင့် ယန်ယန်က ရပ်တန့်၍ မရနိုင်အောင် ဖြစ်လာသည်။
ယန်ယန်ကြောင့် ထိုတိုက်ပွဲတွင် လူဆိုးထိန်းဌာနမှာ ကြီးကြီးမားမား မဆုံးရှုံးခဲ့ရပေ။
ညဉ့်ငှက်အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည့်အရေအတွက်မှာ ကြောက်ခမန်းလိလိပင်။ နန်းဟွမ်ဒေသအနှံ့အပြားမှ စုစည်းလာခဲ့သော ညဉ့်ငှက်အဖွဲ့ဝင်လေးထောင်ကျော်မှာ အရှင်အဖမ်းခံရခြင်းဖြစ်စေ၊ ခေါင်းဖြတ်အသတ်ခံလိုက်ရပြီး မြို့ရိုးများပေါ်တွင် ခေါင်းများ ချိတ်ဆွဲခံရခြင်းဖြစ်စေ ကြုံတွေ့သွားရသည်။
နောက်တစ်နေ့မနက်ခင်း၌ မြို့ကြီး ပုံမှန်ပြန်ဖြစ်သွားသောအခါ နေရာအများစုတွင် သွေးစသွေးနများကို မြင်နိုင်သေးသည်။ ညလုံးပေါက်သတ်ဖြတ်ပြီးနောက် လူဆိုးထိန်းဌာနသည် ချီရွှဲ့ထုံဂိုဏ်းထဲရှိ အင်အားစုအသီးသီး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။
ညဉ့်ငှက်အဖွဲ့ဝင်အများစုက ချီစုစည်းခြင်းအဆင့်သာရှိပြီး လူဆိုးထိန်းဌာနဂိုဏ်းသားများသည်လည်း ချီစုစည်းခြင်းအဆင့်သာ ရှိပါသော်လည်း ထိုပင်လယ်ရပ်ခြားအင်အားစုများက ထိုအဆင့်နိမ့်ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းအဆင့်ကို မကြည့်ဘဲ အဆိပ်ကောင်မွေးသလို မွေးမြူခံခဲ့ရသည့် စနစ်ကြီးအောက်မှာ ကြီးပြင်းလာခဲ့ကြသော အရိုးစွဲနေသည့် ရက်စက်ကြမ်းကြုတ်သောစိတ်ကိုသာ ကြည့်ကြခြင်း ဖြစ်သည်။
ယင်းသည် လူသားမဟုတ်သောမျိုးနွယ်များနှင့် မဟာမိတ်များကို ချီရွှဲ့ထုံဂိုဏ်းအား ပို၍ တန်ဖိုးထားလာစေသည်။ အဆင့်နိမ့်ဂိုဏ်းသားများပင် ထိုသို့ဖြစ်နေလျှင် အလယ်အလတ်အဆင့်နှင့် ထိပ်သီးကျင့်ကြံသူများသာဆိုပါက ပို၍ပင် ရက်စက်ကြမ်းကြုတ်နေပေမည်။
ဝံပုလွေအုပ်ထဲမှာ ကြီးပြင်းလာခဲ့သူက သေချာပေါက် ဝံပုလွေဘုရင် ဖြစ်ပေမည်။
တချိန်တည်းမှာပင် ရွှီချင်းကိုလည်း သူတို့ သတိထားစောင့်ကြည့်လာကြသည်။
သို့သော် ရွှီချင်းက အလွန် သိုသိပ်သည်။ စီမာလင်းနှင့် တိုက်ပွဲပြီးနောက် ရွှီချင်းသည် နောက်ထပ်ပေါ်မလာတော့ဘဲ လူဆိုးထိန်းဌာန၏အကျဉ်းထောင်ထဲမှ အပြင်သို့ ထွက်ခဲသည်။ ယင်းကြောင့် ရွှီချင်းကို စောင့်ကြည့်နေသည့် အင်အားစုများအတွက် ရွှီချင်းနှင့် ပတ်သက်ပြီး အချက်အလက်ရရှိရန် အလွန်ခက်ခဲသွားရသည်။
ယမန်နေ့ညက ယန်ယန်ကြောင့် ရွှီချင်း ဝင်ပါရန် မလိုအပ်ခဲ့ပေ။
ထိုအခြင်းအရာကြောင့် ရွှီချင်းသည်လည်း အထူးအဆန်း ဖြစ်သွားရသည်။ ယန်ယန်က သူ့ကို မကြာခဏ တွေ့ခွင့်တောင်းခဲ့ပါသော်လည်း သူက ထပ်ခါတလဲလဲ ငြင်းဆန်ပြီးနောက် ယန်ယန် ပျောက်သွားခဲ့သည်။ ယန်ယန် နောက်ထပ် မနှောင့်ယှက်တော့ဘူးဟု သူ အစက ထင်ထားခဲ့သည်။
ယန်ယန်က ညဉ့်ငှက်စစ်ဆင်ရေးမှာ ဝင်ပါလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ယန်ယန်၏ စကားများသည်လည်း သူ့နားထဲ ရောက်လာခဲ့သည်။ ယန်ယန်က စိတ်အားထက်သန်စွာ ကူညီနေသည်ကို မြင်ရပါသော်လည်း သူ များစွာ စိတ်ထဲမထားပေ။
သူက တတိယမြောက်သက်စောင့်မီးလုံး ပေါ်လာရန်အတွက် နောက်ဆုံးဓမ္မတံခါးနှစ်ချပ်ကို ဖွင့်ရန်သာ စောင့်နေသည်။ သူက ပိုးကောင်နက်များကိုလည်း မွေးမြူကာ အစွမ်းထက်လာအောင် လုပ်နေသည်။
သူက ချီရွှဲ့ထုံဂိုဏ်းထဲမှာ ပုန်းကွယ်နေသော ညဉ့်ငှက်အဖွဲ့အစည်း၏ ဌာနချုပ် ထွက်ပေါ်လာမည့်အချိန်ကိုလည်း စောင့်နေသည်။ ယင်းသည် သူ လှုပ်ရှားကာ ညဉ့်ငှက်အဖွဲ့ဝင်များကို အမြစ်ဖြုတ်သုတ်သင်ရမည့်အချိန်ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် သိုသိုသိပိသိပ်နေပြီး ထင်ထင်ပေါ်ပေါ် မနေခြင်း ဖြစ်သည်။ သူက အတိုက်အခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်လာရန်သာ အစွမ်းကုန် လုပ်နေသည်။
ညဉ့်ငှက်အဖွဲ့အစည်း၏ အသိုက်များကို ဖျက်ဆီးခြင်းသည် တစ်ညတည်းဖြင့် ပြီးသွားနိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ထိုစစ်ဆင်ရေးက နောက်ညများတွင် ဆက်လက်ဖြစ်ပွားနေသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။ လူဆိုးထိန်းဌာနက ဥပမာအနေဖြင့် ညဉ့်ငှက်အဖွဲ့အစည်းကို ရူးသွပ်ခြင်းများ၊ သံမဏိစိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လေသည်။ နောက်ဆုံးတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အုပ်စု ရောက်လာသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဦးဆောင်လာသူမှာ မြို့စားအန်ကျိုးဖြစ်ပြီး ယွမ်ယင်အဆင့်မှာရှိသည်။ စစ်ရှုံးအဖွ့ဲဖြစ်၍ ယခုတစ်ခေါက်တည်းသာ သူ့အတွက် လာမည့်နှစ်ခြောက်ဆယ်အတွင်း မျိုးနွယ်အပြင်ဘက်သို့ ထွက်ခွင့်ရခြင်းဖြစ်သည်။
သူနှင့်အတူ ရွှီချင်း ကြုံခဲ့ရသည့် ရွှေအမြုတေအဆင့်လူငယ် ယင်လင်းနှင့် ဓားစာခံအဖြစ် ချီရွှဲ့ထုံဂိုဏ်းမှာ ထိန်းသိမ်းခံရမည်ဖြစ်သော မြောင်ချန်လည်း လိုက်ပါလာသည်။
မြောင်ချန်သည် မလာချင်ပါသော်လည်း သူ လုပ်နိုင်သောအရာမရှိပေ။ သူ၏ဆက်ခံသူဂုဏ်ပုဒ်သာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဓားစာခံဖြစ်လာနိုင်သည်။ သူ အကြီးအကျယ် ရှက်နေသည်။
သို့သော်လည်း ကြိတ်မှိတ်သည်းခံနေရုံမှတစ်ပါး ရွေးစရာမရှိပေ။
ရွှီချင်းကို သူ အရိုးထဲအထိ မုန်းတီးပါသော်လည်း သူ လုပ်နိုင်သောအရာ မရှိပေ။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ရောက်လာခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ပျော်ပွဲရွှင်ပွဲကို အထွတ်အထိပ်သို့ ရောက်သွားစေသည်။ ခေါင်းလောင်းသံများ တဒေါင်ဒေါင် မြည်သွားပြီး ကောင်းကင်ယံတွင် ရွှယ်လျန့်ကျစ်၏ မျက်နှာကြီး ပေါ်လာသည်။
ချီရွှဲ့ထုံဂိုဏ်း၏ ကိုယ်စား တောင်သခင်ကြီးတစ်ယောက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အုပ်စုကို တွေ့ဆုံခဲ့သည်။ မရေမတွက်နိုင်သော လူသားမဟုတ်သောမျိုးနွယ်များနှင့် ခုနစ်ဂိုဏ်းမဟာမိတ်တို့၏ စောင့်ကြည့်မှုအောက်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မြို့စားအန်ကျိုးသည် ရှက်ရွံ့စွာဖြင့် ရှုံးနိမ့်ကြောင်း ကြေညာခဲ့ပြီး စစ်လျော်ကြေးများကိုလည်း အပ်နှင်းခဲ့သည်။
ရွှေအမြုတေအဆင့်နှင့်အထက် ကျင့်ကြံသူအားလုံး၏ တာအိုကျမ်းသစ္စာ ကျိန်ဆိုထားသော ဝါးပေလွှာတစ်ခုလည်း ရှိသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်အလောင်းရုပ်ထုများကို ရွှေ့ပြောင်းရန် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်မှာ ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲတွင် ယခုတိုင်အောင် ပြန်မရောက်သေးသည့် ချီရွှဲ့ထုံဂိုဏ်း၏ တောင်သခင်ကြီးနှစ်ယောက် ရှိသေးသည်။
သူတို့က ဧရာမတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီးတစ်ခုကို တပ်ဆင်နေကြသည်။
ထိုအစီအရင်ကြီး၏ ရည်ရွယ်ချက်မှာ ဧရာမဘိုးဘေးရုပ်အလောင်းရုပ်ထုကြီးနှစ်ခုကို ချီရွှဲ့ထုံဂိုဏ်းသို့ တည်နေရာရွှေ့ပြောင်းရန် ဖြစ်သည်။
ရုပ်ထုကြီးများက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်၏ အပြင်ဘက်တွင် အသုံးမဝင်သည်ကို လူအားလုံး သိကြပါသော်လည်း ထိုရုပ်ထုများက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အဖိုးတန်ဆုံး ပစ္စည်းများ ဖြစ်ကြသည်။ ထို့ကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ တောင်းဆိုချက်ကို နားလည်နိုင်ပေသည်။
မည်သည့်မျိုးနွယ်မဆို အလားတူ တောင်းဆိုကြမည်သာ ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ အလွန် ဝေးကွာပြီး ချီရွှဲ့ထုံဂိုဏ်းက ရေသူမကျွန်းကို ဖြတ်၍ မသယ်ဆောင်ချင်သောကြောင့် ချီရွှဲ့ထုံဂိုဏ်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကြီး တပ်ဆင်လိုက်ခြင်း ဖြစ်သည်။
လူအားလုံး ခန့်မှန်းထားချက်အရ ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ပျော်ပွဲရွှင်ပွဲကြီး မပြီးသေးခင်မှာပင် တပ်ဆင်ပြီးစီးသွားမည်ဖြစ်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရှုံးပေးခြင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ ပျော်ပွဲရွှင်ပွဲကို အဆင့်တစ်ခုသို့ တွန်းတင်ပေးလိုက်သည်။ ယင်းသည် အလည်အပတ်လာကြသော လူသားမဟုတ်သောမျိုးနွယ်များနှင့် မဟာမိတ်များ၏ အာရုံစိုက်ရာဖြစ်လာသည်။ ခုနစ်ဂိုဏ်းမဟာမိတ်၏ တောင်ထိပ်အသီးသီးကို စိန်ခေါ်သည့်သတင်းသည်ပင် အတန်ငယ်ကြာသည်အထိ ချိုးနှိမ်ခံလိုက်ရသည်။
စစ်ပွဲချီးမြှင့်ငွေများကိုလည်း ဂိုဏ်းမှ ဖြန့်ဝေပေးလိုက်သည်။ စီမာလင်း၏ သိုလှောင်လက်စွပ်မှ အကျိုးအမြတ်များနှင့် ဆုကြေးငွေများကြောင့် ရွှီချင်းသည် တစ်ခါမှမကြုံဖူးလောက်အောင် ဝိညာဉ်ကျောက်တုံးအများအပြား ရရှိသွားသည်။
သူသည် ပုံမှန်နှင့်မတူဘဲ ပို၍ စိတ်ပျော်ရွှင်လာသည်။
သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ဆုကြေးငွေ ရသွားခဲ့သည့် ဂိုဏ်းသားများအားလုံး ပျော်ရွှင်နေကြသည်။ သူတို့၏ကျင့်ကြံခြင်းနှင့် တိုက်ရည်ခိုက်ရည်ကို တိုးတက်စေသော ရင်းမြစ်ပစ္စည်းအများအပြားကို ဝယ်ယူလိုက်ကြသည်။
သို့သော်လည်း ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကောင်းကင်လက်ရွေးစင်များက ထပ်မံစိန်ခေါ်လိုက်သည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းသားများ၏ အပျော်မှာ ရက်အနည်းငယ်သာ ကြာလိုက်သည်။
ထိုစိန်ခေါ်ပွဲသည် ဂိုဏ်းအသီးသီးမှ ကောင်းကင်လက်ရွေးစင်များသာ စိန်ခေါ်သောပွဲ မဟုတ်တော့ပေ။
ရွှမ်ယုံဂိုဏ်းမှ ဟွမ်ရီခွန်မှလွဲ၍ တခြားကောင်းကင်လက်ရွေးစင်များက တစ်ယောက်တည်း လာကြသည် မဟုတ်ပေ။ သူတို့နှင့်အတူ တာအိုအစောင့်အရှောက်များသာမက သူတို့ဂိုဏ်းများမှ ထူးချွန်သောလူငယ်တချို့ကိုပါ ခေါ်လာခဲ့သည်။
ထိုလူငယ်ပါရမီရှင်များသည် မင်းသားများမဖြစ်သေးသော တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများကို စိန်ခေါ်ကြသည်။ အနိုင်အရှုံး ရှိပါသော်လည်း အားလုံးခြုံကြည့်လျှင် ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့က အသာစီးရနေဆဲပင်။
သို့သော်လည်း တစ်ယောက်မှ ရွှီချင်းကို စိန်မခေါ်ကြပေ။
ထိုအတောအတွင်း ညဉ့်ငှက်အသိုက်အမြုံများစွာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ လူအများအပြား ဖမ်းဆီးခံလိုက်ရခြင်းနှင့်အတူ ရွှီချင်း၏ကျင့်ကြံခြင်းသည်လည်း အဆင်ပြေချောမွေ့စွာ တိုးတက်လာခဲ့သည်။ ရှစ်ဆယ့်ကိုးခုမြောက် ဓမ္မတံခါးကို ဖွင့်နိုင်ရန် မလိုတော့ပေ။
အဆိပ်မြက်ပင်အများအပြားကိုလည်း သူ ဝယ်ခဲ့ပြီး အဆိပ်ဆေး ဖော်စပ်ရန် ထပ်မံကြိုးစားခဲ့သည်။ တချိန်တည်းမှာပင် ပိုးကောင်နက်များကို အဆိပ်ဆေးနှင့် ဆက်လက်ပေါင်းစပ်နေပြီး တတိယတစ်သုတ်အဆိပ်ပိုးကောင်များကို ဖန်တီးနေသည်။
ထိုတတိယအသုတ်တွင် အဆိပ်ပိုးကောင်ခြောက်ကောင်သာ အသက်ရှင်ခဲ့သည်။
ထိုအဆိပ်ပိုးကောင်များကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ နှလုံးခုန်သံနှင့် အာရုံခံကြည့်သောအခါမှသာ ထိုပိုးကောင်နက်များကို ရွှီချင်း အာရုံခံနိုင်သည်။ ထိုတတိယအသုတ် ရှင်ကျန်ခဲ့သည့် အဆိပ်ပိုးကောင်များမှာ သိသိသာသာ အရောင်ပြောင်းလဲလာခဲ့သည်။
သူတို့အရောင်က အလွန် ဝင်းလက်တောက်ပနေပြီး သူတို့ခေါင်းများက များစွာ သေးငယ်လာသည်။ သို့သော်လည်း သူတို့ကိုယ်ထဲမှာ အဆိပ်က သိသိသာသာ တိုးလာပြီး အဆိပ်ဆေးလုံး၏ လက္ခဏာအနည်းငယ်ပင် ပြလာသည်။
ရွှီချင်းမှာ ရတနာတစ်ပါးကို ရလိုက်သည့်အလား ခံစားလိုက်ရသည်။ သူက ထိုပိုးကောင်ခြောက်ကောင်ကို မွေးမြူရန် ညဉ့်ငှက်အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များကို အသုံးပြုလိုက်သည်။
ရွှီချင်းသည် လေ့လာရာတွင် အကြံဉာဏ်သစ်များလည်း ရှိလာခဲ့ပြီ ဖြစ်သည်။ သူက ညဉ့်ငှက်အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များထဲတွင် ဆေးပင်များနှင့် အဆိပ်မြက်များကို စိုက်ပျိုးလိုက်သည်။ ထို့ကြောင့် ညဉ့်ငှက်အဖွဲ့ဝင်များ၏ အသွေးအသားများ ပြောင်းလဲသွားပေရာ တတိယအသုတ် ပိုးကောင်နက်များမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။
ရွှီချင်းအတွက် ထိုဖြစ်စဉ်သည် လေ့လာသင်ယူနေသကဲ့သို့ပင်။ သူသည် သေချာစူးစိုက်လေ့လာပြီး အရာအားလုံးကို မှတ်တမ်းတင်ထားသည်။ အသိအမြင်တစ်ခု ရသွားတိုင်း သူ တအံ့တသြ ဖြစ်သွားတတ်သည်။
သို့သော်လည်း အကျဉ်းထောင်ထဲမှ ညဉ့်ငှက်အဖွဲ့ဝင်များအတွက် ရွှီချင်း၏အပြုအမူများသည် သူတို့ဘဝတွင် တစ်ခါမှ မကြုံခဲ့ဖူးသော ငရဲခန်းမြင်ကွင်းများအလားပင်။ ထိုမတိုင်ခင်က သူတို့ကိုယ်သူတို့ ရက်စက်ကြမ်းကြုတ်လှသည်ဟု ထင်မှတ်ထားခဲ့သည်။ ရွှီချင်း၏ အပြုအမူများကို မြင်သောအခါမှသာ သူတို့က ဘာမှမဟုတ်သေးကြောင်း ခံစားလာရသည်။
သူတို့ဘဝတစ်လျှောက် မနာခံသော ရတနာအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည့်အပြင် အရူးလုပ်ကာ ကစားခြင်းပင် လုပ်ခဲ့သည်။ ယခုတွင် ကံကြမ္မာရဟတ် တစ်ပတ်ပြန်လည်လာခဲ့လေပြီ။
လူဆိုးထိန်းဌာန၏ အကျဉ်းထောင်ထဲမှ စူးစူးဝါးဝါးအော်ဟစ်မြည်တမ်းသံများ အချိန်နှင့်အမျှ ထွက်ပေါ်နေသည်။ အပြင်မှ ဂိုဏ်းသားအများစုသည် ထိုအော်သံများကို အသားကျနေပြီဖြစ်ပါသော်ငြား အနီးသို့ မကပ်ဝံ့ချေ။
အထူးသဖြင့် ညဉ့်ငှက်စစ်ဆင်ရေးတွင် ရွှီချင်းက အလုံးစုံချုပ်ကိုင်သူဖြစ်လာပြီး စီမာလင်းကို ချုပ်နှောင်ရာနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ရာတွင် သူ၏အစွမ်းကို ထုတ်ပြပြီးသောအခါတွင် ဖြစ်သည်။ ထို့ကြောင့် တခြားတောင်ထိပ်များရှိ လူဆိုးထိန်းဌာနများက အကျဉ်းသားမပေးသော ဖြစ်ရပ်မျိုး မရှိတော့ပေ။
နေ့စဉ်နေ့တိုင်း တောင်ထိပ်အသီးသီးရှိ လူဆိုးထိန်းဌာနများမှ ရာဇဝတ်ကောင်အများအပြား ရောက်လာသည်။ တချိန်တည်းမှာပင် ပင်မမြို့ကြီးကို ပိတ်ချလိုက်သည်ဖြစ်၍ ညဉ့်ငှက်အဖွဲ့ဝင်များမှာ မလွတ်မြောက်နိုင်တော့ပေ။ သူတို့ ဆက်လက်ပုန်းအောင်းနေကြရပြီး ဖမ်းဆီးခြင်းများ ဆက်ဖြစ်နေသည်။
ဤစစ်ဆင်ရေးပြီးပါက နန်းဟွမ်ဒေသကြီးထဲရှိ ညဉ့်ငှက်အဖွဲ့အစည်းမှာ ကြီးမားစွာ ဆုံးရှုံးနစ်နာသွားမည်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်ပေသည်။
ထိုသို့ဖြင့် ညဉ့်ငှက်အဖွဲ့ဝင်များ အလုံအလောက်ရှိနေသည်ဖြစ်၍ ရွှီချင်း၏ လေ့လာရေးခရီးက အလွန် မြန်ဆန်စွာ တိုးတက်လာခဲ့သည်။ ထိုညဉ့်ငှက်အဖွဲ့ကျင့်ကြံသူများ၏ ဝိညာဉ်များကို ရွှီချင်းက အလေအလွင့် မဖြစ်စေခဲ့ပေ။ ထိုကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားက ဘာမှဖြစ်ဖြစ်မြောက်မြောက် မဟုတ်ပါသော်လည်း ထိုသို့ဝိညာဉ်စွမ်းအားများစွာ စုပေါင်းလိုက်သောအခါ အနည်းငယ် အသုံးဝင်သေးသည်။ ထိုဝိညာဉ်စွမ်းအားများသည် ဓမ္မတံခါးများကို ဖွင့်ရန် စွမ်းအားဖြစ်လာသည်။
လူဆိုးထိန်းဌာနမှ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများကြောင့် သူ၏လူမဆန်သောလုပ်ရပ်များသည်လည်း မြို့ကြီးထဲ ဟိုးလေးတကြော်ကြော် ဖြစ်သွားသည်။
ရွှီချင်းသည် လေ့လာရေးတွင် ဆက်လက်အာရုံစိုက်နေပြီး သူ၏တိုက်ရည်ခိုက်ရည်ကို ပြောင်းလဲစေရန် အာရုံစိုက်နေစဉ် ပထမတောင်ထိပ်ရှိ မြေကွက်လပ်၌ သူတော်စင်ကြယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းတို့ကောင်တွေ အရမ်းအားနည်းတာပဲ ”
သူ့အသံမှာ စိတ်ပျက်သည့်အရိပ်အယောင်များ ပါနေသည်။ သူ့ပတ်လည်မှာ ပထမတောင်ထိပ်မှ မင်းသားရှစ်ယောက် လဲကျနေသည်။
ထိုမင်းသားရှစ်ယောက်ထဲတွင် ဝူကျန်းဝူလည်း ပါသည်။ မင်းသားရှစ်ယောက်၏မျက်နှာများ ဖြူဖျော့နေပြီး ဒဏ်ရာများ ရထားသည်။ သူတို့က လရောင်အောက်တွင် ရပ်နေသော သူတော်စင်ကြယ်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
သူတော်စင်ကြယ်၏ အထက်ရှိ ရောင်ခြည်ကွန်ခြာဆီမှ လေတိုးသံတရွှီရွှီလွင့်ပျံနေသည်။ သူ့နောက်မှာ မြစိမ်းရောင်ခန္ဓာ၊ အနီရောင်အမြီးနှင့် မြဲ့မုန်လည်း ရှိသည်။
မနီးမဝေးတွင် တံခါးပိတ်ကျင့်ကြံရာမှ ယခုလေးတင် ထွက်လာခဲ့သော ပထမမြောက်တောင်ထိပ်မှ အကြီးဆုံးမင်းသား ရှိသည်။
သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့ပါးစပ်မှ သွေးများ စီးကျနေသည်။
သူက ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကို ရောက်ခဲ့ပါသော်လည်း အဆင့်တက်သည်မှာ မကြာသေးဘဲ ကောင်းကင်နန်းတော်ကို မဖန်တီးရသေးခင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကာ တိုက်ခိုက်ခဲ့ရသည်။ ကောင်းကင်နန်းတော်ကို ဖန်တီးသည့်အချိန်က ကြာမြင့်ပါသော်လည်း လက်ရှိပထမတောင်ထိပ်ကို သူတော်စင်ကြယ်က ဖိနှိပ်နေသည်။
သို့သော်လည်း သူပင် အရေးနိမ့်သွားခဲ့သည်။
ရှက်စရာအကောင်းဆုံးမှာ သူတော်စင်ကြယ်က မင်းသားကိုးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်စေခဲ့ပြီး မင်းသားကိုးယောက်လုံး ရှုံးနိမ့်သွားရခြင်း ဖြစ်သည်။
သူတို့မှာ အခွင့်အရေးတစ်ခုပင် မရခဲ့ပေ။
“ ပျင်းစရာကောင်းလိုက်တာ ”
သူတော်စင်ကြယ်က မျက်နှာသေဖြင့် ရှိနေသည်။ ဤစိန်ခေါ်ပွဲများမှာ ပျင်းစရာကောင်းလှသည်ဟု သူ ခံစားနေရသည်။ သူက သတ္တမမြောက်တောင်ထိပ်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
သူက ပထမတောင်ထိပ်မှ ထွက်သွားပြီး ဖီးနစ်တားမြစ်နယ်မြေဆီသို့ လျှောက်သွားသည်။
သူ့နောက်မှ ရွှေအမြုတေအဆင့် တာအိုအစောင့်အရှောက်သုံးယောက်က တိတ်ဆိတ်စွာ လိုက်ပါသွားသည်။
“ အဲဒီကလေးက ဉာဏ်နည်းနည်းရှိသားပဲ။ ဘယ်လိုသိုသိုသိပ်သိပ်နေရမလဲ သိတယ်။ သူ မြန်မြန် ကြီးလာရင် သိပ်ကောင်းမယ်။ အဲဒါမှ အရသာရှိရှိ မြည်းစမ်းလို့ရမှာ ”
သူတော်စင်ကြယ် ထွက်မသွားခင် သတ္တမမြောက်တောင်ထိပ်ပေါ်၌ ရွှမ်ယုံဂိုဏ်းမှ ဟွမ်ရီခွန်သည် လရောင်အောက်တွင် မာနကြီးသောအမူအရာဖြင့် တောင်လှေကားထစ်များအတိုင်း လျှောက်သွားသည်။
“ ဒီနေ့၊ ငါ ဟွမ်ရီခွန် သတ္တမမြောက်တောင်ထိပ်ကို စိန်ခေါ်တယ် ”