ချစ်စရာကောင်းသော သတ္တမမြောက်တောင်ထိပ် ( ၁ )
Vol. 21 Ch. 324
ထိုညက ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ လက်ရွေးစင်များ ရောက်ကတည်းက တစ်ခါမှ စိန်ခေါ်ခြင်း မခံခဲ့ရသော သတ္တမမြောက်တောင်ထိပ်မှာ နောက်ဆုံးတွင် စိန်ခေါ်ခြင်း ခံလိုက်ရလေသည်။
စိန်ခေါ်သူမှာ ခုနစ်ဂိုဏ်းမဟာမိတ်အဖွဲ့ရှိ ရွှမ်ယုံဂိုဏ်းမှ ဟွမ်ရီခွန်ဖြစ်သည်။
ဟွမ်ရီခွန်သည် ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။ လရောင်အောက်တွင် သူက အထက်တန်းလွှာလူတစ်ယောက်အသွင် ရှိသည်။ သူ၏မျက်နှာအမူအရာသည် အေးစက်ပြီး မောက်မာဝင့်ကြွားဟန်ရှိပြီး သူ့အရှိန်အဝါက ထူးခြားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးလုံးလေးလုံးမှာ တရိပ်ရိပ် တောက်လောင်နေပြီး သူ့တစ်ကိုယ်လုံး မီးတောက်များဖြင့် ဖုံးလွှမ်းထားသည်။ သူ့ကိုယ်ထဲမှာ တဟုန်းဟုန်း တောက်လောက်နေသော လောကကြီး ရှိနေသည့်အလားပင်။
သူ့ညာလက်က ပတ်ဝန်းကျင်ရှိ အလင်းများအားလုံးကို စုပ်ယူနေသည့် အနီရောင်လက်အိတ်ကို စွပ်ထားသည်။ ကောင်းကင်မှ လရောင်သည်ပင် သူ့ညာလက်မှာ စုစည်းနေဟန်တူသည်။
ထိုအခြင်းအရာအားလုံးကြောင့် သတ္တမမြောက်တောင်ထိပ်၏ လှေကားထစ်များပေါ် ရပ်နေသည့်သူက အရှိန်တညီးညီး တောက်ပနေဟန်တူသည်။
“ သတ္တမမြောက်တောင်ထိပ်လေးပါပဲ ”
ဟွမ်ရီခွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက မနှေးမမြန်ဘဲ တစ်လှမ်းချင်း တက်သွားသည်။ လရောင်အောက်တွင် တောင်ပေါ်ရှူခင်းကိုပင် သူ ခံစားလိုက်သည်။
သို့သော်လည်း သတ္တမမြောက်တောင်ထိပ်က ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေ၍ သူ့စိတ်ထဲ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ညအချိန်ဖြစ်ပါသော်ငြား တောင်တစ်ခုလုံးတွင် အလင်းရောင်ဟူ၍ စိုးစဉ်းမျှမရှိသည့်အပြင် ဂိုဏ်းသားများ ရှိနေသည့်လက္ခဏာများလည်း မရှိပေ။ တောင်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသည့်အလားပင်။
ယင်းသည် သူ သိသည့် စိန်ခေါ်ပွဲများနှင့် ကွဲပြားနေသည်။ တခြားတောင်ထိပ်များမှ စိန်ခေါ်ပွဲများကို ဂိုဏ်းသားအများအပြားက စိတ်ဝင်တစား ကြည့်ရှုကြသည်။
သူက စိန်ခေါ်ကြောင်း ကြိုတင်၍လည်း ပြောထားခဲ့သည်။ မူလက ဂိုဏ်းသားအမြောက်အမြား သူ့စိန်ခေါ်ပွဲကို လာကြည့်မည်ဟု သူ ထင်ထားခဲ့ပါသော်လည်း သတ္တမမြောက်တောင်ထိပ်၌ ခွေးတစ်ကောင်ကြောင်တစ်မြီးမျှ ရှိမနေပေ။
“ သူတို့ ရှုံးတာကို တခြားသူတွေကို မမြင်စေချင်တာနေမှာပေါ့ ”
ဟွမ်ရီခွန် သရော်စကားဆိုလိုက်သည်။ သူသည် တောင်ခါးပန်းသို့ ရောက်ရန် တစ်ထစ်ချင်း တက်သွားသည်။ ထိုနေရာသည် ယနေ့ည ပထမမြောက်ပစ်မှတ်ကို သူ စိန်ခေါ်ထားသည့်နေရာ ဖြစ်သည်။
သတ္တမမြောက်တောင်ထိပ်၊ တတိယမင်းသား
ဟွမ်ရီခွန်သည် တတိယမင်းသားမှစတင်ကာ စိန်ခေါ်ရန် စီစဉ်ထားသည်။ ထို့နောက် ဒုတိယမြောက်မင်းသမီး၊ နောက်ဆုံးတွင် အကြီးဆုံးမင်းသားတို့ ဖြစ်သည်။ စိန်ခေါ်ပွဲအားလုံးကို တစ်ညတည်းဖြင့် သူ လက်စသတ်ချင်ပြီး ဟိုးလေးတကြော်ကြော် ဖြစ်သွားစေချင်သည်။
သူ အနီးရောက်လာသောအခါ လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။
ထိုလူရိပ်သည် ကျောက်တုံးကြီးတစ်တုံးပေါ်ရှိ မိန်းမလှလေးတစ်ဦး၏ ဝမ်းဗိုက်ပေါ်တွင် လှဲနေသည့် လူငယ်လေးဖြစ်သည်။
ထိုလူငယ်သည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ‘禁’ စာလုံး ရေးထိုးထားသည့် ဦးထုပ်ဖြူကို ဆောင်းထားသည်။ သူသည် ခြောက်ကပ်ပိန်လှီနေပြီး အရက်သေစာနှင့် ကာမဂုဏ်ကို ခံစားထား၍ လူရုပ်ပင်မပေါ်တော့သည့်ပုံရှိသည်။
သူကား တတိယမြောက်မင်းသားပင်။
တတိယမင်းသားဘေးတွင် သူ့ကို ခြေဆုပ်လက်နယ်ပြုပေးနေသည့် လူသားမဟုတ်သော မျိုးနွယ်များမှ အစေခံအမျိုးသမီးအနည်းအကျဉ်း ရှိသည်။ ထိုအမျိုးသမီးလေးများသည် တစ်ဦးနှင့်တစ်ဦး ကျီစယ်စနောက်နေကြရင်း တခစ်ခစ် ရယ်မောနေကြသည်။
ဟွမ်ရီခွန် ရောက်လာသည်ကို မြင်၍ တတိယမင်းသားသည် ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ သူ့မျက်လုံးများအောက်တွင် မည်းနက်နေသော စက်ဝိုင်းများ ရှိနေသည်။
“ ဘာလို့ အခုမှ ရောက်လာတာတုံး။ မင်းကို စောင့်နေတာ ကြာပြီ ”
ဟွမ်ရီခွန်သည် တတိယမင်းသားကို လှမ်းကြည့်ကာ ခြေလှမ်းများ ရပ်သွားသည်။
တစ်ခုခု လွဲနေသလို သူ ခံစားနေရပြီး သူ့မျက်လုံးများထဲတွင် တစ်ခါမှ မကြုံဖူးလောက်အောင် သတိထားသည့်အရိပ်အယောင်များ ပေါ်လာသည်။
ထိုတတိယမင်းသားကို ဖောက်ထွင်း၍ မမြင်ရကြောင်း သူ သိလိုက်ရသည်။ တတိယမင်းသား၏ ဦးထုပ်ပေါ်ရှိ ‘禁’ စာလုံးက တံဆိပ်တော်တစ်ခု ဖြစ်ဟန်တူသည်။ မည်သည့်အတွက်ကြောင့်မသိ ကျောရိုးတစ်လျှောက် သူ စိမ့်တက်သွားသည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အလား သူ ခံစားလိုက်ရသည်။
ထိုအဆိပ်ပြင်းသောမြွေက သူ့ကို ပြင်းထန်သော အန္တရာယ်အာရုံအငွေ့အသက်ကို ခံစားသွားစေသည်။
တာအိုအစောင့်အရှောက်တချို့ထံမှသာ သူ ထိုသို့ ခံစားခဲ့ဖူးသည်။ ယင်းကြောင့် သူ၏ အသက်ရှူသံများ ဆိုစလောက် မြန်ဆန်သွားသည်။ အထူးသဖြင့် အစေခံအမျိုးသမီးများဆီသို့ သူ အကြည့်ရောက်သွားပြီး ဝမ်းဗိုက်ပေါ်မှာ တတိယမင်းသားကို တင်ထားသည့် အမျိုးသမီးကို သူ အနည်းငယ် ရင်းနှီးနေသလိုလို ခံစားလိုက်ရသည်။
ထို့နောက် ဟွမ်ရီခွန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအမျိုးသမီးကို သူ မှတ်မိသွားသည်။ ထိုအမျိုးသမီးသည် ထိုက်စီရှန်းမုန်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယခုတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်လာခဲ့သည့် အမျိုးသမီးသုံးယောက်အနက် သက်စောင့်မီးလုံးလေးလုံးနှင့် အမျိုးသမီးလည်း ဖြစ်သည်။
သို့သော်လည်း ယခုတွင် ထိုအမျိုးသမီး၏ မျက်နှာပေါ်၌ အေးစက်မောက်မာသောအမူအရာများ စိုးစဉ်းမျှ ရှိမနေတော့ပေ။ တတိယမင်းသားကို ကြည့်နေသည့် ထိုအမျိုးသမီး၏အကြည့်တွင် လေးစားကြည်ညိုခြင်းများ၊ ရိုသေကျိုးနွံခြင်းများဖြင့် ပြည့်နေသည်။
ထိုဖြစ်ရပ်ကြောင့် ဟွမ်ရီခွန် ဆွံ့အသွားသည်။ သတ္တမမြောက်တောင်ထိပ်ကို သူ အလျင်စလို စိန်ခေါ်လိုက်မိပြီဟု ခံစားလိုက်ရပြီး ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“ ဒီနေ့ ငါ အဆင်သင့်မဖြစ်သေးဘူး။ အခုလောလောဆယ် မင်းကို ငါ စိန်ခေါ်နိုင်ဦးမှာ မဟုတ်ဘူး။ နောက်မှတွေ့တာပေါ့ ”
ထိုသို့ ပြောပြီးသည်နှင့် ဟွမ်ရီခွန်က ထွက်သွားရန်ပြင်လိုက်သည်။ ထိုစဉ် တတိယမင်းသားမှာ နေရာမှ ပျောက်သွားပြီး ဟွမ်ရီခွန်၏ ရှေ့တွင် ပြန်ပေါ်လာကာ ဟွမ်ရီခွန်၏ ညာလက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုအမြန်နှုန်းကြောင့် ဟွမ်ရီခွန်၏ မျက်လုံးများ မှေးသွားသည်။ သူ့ညာလက် ဆုပ်ကိုင်ခံလိုက်ရသည်ကို သူ သတိထားမိလိုက်ပြီး သိသိသာသာ မျက်နှာပျက်သွားသည်။
သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ မည်သို့မျှ မခုခံနိုင်လိုက်ခြင်း ဖြစ်သည်။ တတိယမင်းသားရှေ့တွင် သူက ကြက်ကလေးငှက်ကလေးပမာ ဖြစ်သွားဟန်တူသည်။ သူ့နဖူးမှ ချွေးသီးများ စီးကျလာပြီး သူ ကတိုက်ကရိုက် ပြောလိုက်သည်။
“ မင်း ဘာလိုချင်တာတုံး ”
“ သိပ်မစိုးရိမ်ပါနဲ့။ ဒီတစ်ခေါက် မင်း ပိုက်ဆံဘယ်လောက်ပါတုံး ”
တတိယမင်းသားက ပြုံး၍ မေးမြန်းလိုက်သည်။
ဟွမ်ရီခွန် နှုတ်ဆိတ်သွားသည်။
တတိယမင်းသား၏ မျက်ခုံးမွှေးများ အထက်သို့ မြင့်တက်သွားသည်။
“ မင်းက ယဉ်ကျေးမှုမရှိတဲ့ကောင်ပဲ။ ထားပါ။ ငါ မင်းကို ရှင်းပြမယ်။ မင်း ငါ့ကို အနိုင်မယူနိုင်လောက်ဘူး။ ဒါပေဲ့ ရွှမ်ယုံဂိုဏ်းထဲမှာ မင်း အကြပ်ရိုက်နေတယ်ဆိုတာ ငါ သိတယ်။ တကယ်တမ်းပြောရရင် ငါတို့နှစ်ယောက်လုံးက တစ်ဂိုဏ်းတည်းသားတွေပဲ မဟုတ်လား။ အချင်းချင်း ခက်ခဲအောင် မလုပ်ပါဘူးကွ ”
“ အားလုံးက စီးပွားရေးပဲလေ။ ငါ မင်းကို မလိမ်ပါဘူးကွ။ ပေါက်ဈေးက ဝိညာဉ်ကျောက်တုံးဆယ်သန်းပဲ။ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးဆယ်သန်းပေးရင် အရှုံးပေးလိုက်မယ်။ ပြီးတော့ စိတ်မပူနဲ့။ ငါ မင်းကို လှလှပပလေး အရှုံးပေးလိုက်မှာ။ ငါ မင်းကို ရှုံးတယ်လို့ လူသိရှင်ကြား ဝန်ခံပြီး မင်းအတွက် ရုပ်ပုံတစ်ပုံတောင် ဆွဲပေးမယ်ကွာ ”
“ အဲဒါဆိုရင် မင်း ဘယ်လောက်တောင် အရှိန်အဝါကြီးသွားလိုက်မတုံး ”
ထိုစကားကို ဟွမ်ရီခွန်ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အလိုလို ခေါင်းယမ်းလိုက်သည်။
တတိယမင်းသားသည် အလဲအထပ်အဆင်ပြေသွားပြီဖြစ်သည့်အလား ပြုံးလိုက်သည်။ ဟွမ်ရီခွန် ခေါင်းယမ်းနေသည်ကို သူ မြင်သည့်တိုင်အောင် သူ့အပြုံးက ပြောင်းလဲမသွားပေ။ သို့သော် သူ၏စကားများကြောင့် ဟွမ်ရီခွန်၏စိတ်ထဲ တုန်ရီနေသည်။
“ သဘောမတူဘူးလား။ အဲဒါဆိုလဲ ကိစ္စမရှိဘူး။ အားလုံး ညှိနှိုင်းလို့ရပါတယ်ကွ။ မင်း လက်ချောင်းတွေက မဆိုးဘူး။ အကြွေးဆပ်လို့ရတယ် ”
တတိယမင်းသားသည် ဟွမ်ရီခွန် ရုန်းကန်သည်ကိုပင် မစောင့်ပေ။ ဂျွတ်ခနဲ မြည်သံနှင့်အတူ ဟွမ်ရီခွန်၏ လက်ညှိုးကို သူ ချိုးလိုက်သည်။
ဟွမ်ရီခွန် နာကျင်စွာ အော်လိုက်သည့်အခိုက် တတိယမင်းသားက လက်ကိုဝှေ့ယမ်းလိုက်ရာ ကြီးမားသော အားလှိုင်းတစ်ခုက ဟွမ်ရီခွန်ကို အဝေးသို့ သယ်ဆောင်သွားသည်။
ဟွမ်ရီခွန် သွေးတစ်ပွက်အန်သွားပြီး တောင်လှေကားထစ်များပေါ်သို့ ဘုန်းခနဲ ကျသွားသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့ကိုကြည့်ရသည်မှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေဟန်တူသည်။ သူ လှမ်းကြည့်ရန်ပြင်လိုက်စဉ် တတိယမင်းသား၏ ရယ်မောသံကို ကြားလိုက်ရသည်။