မင်းက အရမ်း မောက်မာတယ်
Vol. 25 Ch. 368
“ဘုန်း”
ပြင်းထန်သော အသံနှင့်အတူ ဘတ်စကက်ဘော ကွင်းတစ်ခုလုံး ပျက်စီးသွားသည်။
“ဘုန်း ဘုန်း ဘုန်း”
ကြိုးကွင်းများ တစ်ခုပြီး တစ်ခု ပျက်စီးသွားသည်။ ကွင်းထဲရှိ လူများထဲမှ တစ်ယောက်သည် အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့ဘတ်စကက်ဘောလုံးကို ကာကွယ်ချင်နေသည်။ သို့သော် အခြားလူတစ်ယောက်က ဖျပ်ခနဲ လုသွားပြီး နောက်ထပ် ပြင်းထန်စွာ ပစ်သွင်းပြန်သည်။
ဘတ်စကက်ဘော ကစားကွင်းတစ်ခုလုံးတွင် ဘတ်စကက် ဘောလုံးတိုင် ဆယ်ခုလုံး ထိုအခြေအနေဖြင့် ကြုံတွေ့ နေရသည်။
အခြေအနေက လေးနက်လာပြီး လူတိုင်း ခြောက်ခြားသွားသည်။ ထိုအဖွဲ့မှ ပြသသော စွမ်းရည်များကြောင့် သူတို့ ထိတ်လန့်သွားရသလို လက်သရမ်းစွာ ဖျက်ဆီးမှုကြောင့် ဒေါသထွက်လာကြသည်။
ရှောင်ကမ်းသည် အခြေအနေကို မြင်ပြီး သူ၏ အရပ် အားသာချက်ကို အသုံးချ၍ ဘောလုံးကို သူ့ခေါင်းထက် မြင့်မြင့် မြှောက်လိုက်သည်။ ထိုအချိန်မှာပင် အခြား ကစားသမားများက သူ့ကို ဝိုင်းလာပြီး သူ့ထံမှ ဘယ်သူမှ ဘောလုံး မလုနိုင်ရန် ကာကွယ်ကြလေသည်။
သို့သော် လေပြင်းတိုက်သံနှင့်အတူ ပုံရိပ်တစ်ခုက လျှပ်စီးအလား ခုန်ဝင်လာပြီး ရှောင်ကမ်း၏ လက်ထဲမှ ဘတ်စကက် ဘောလုံးကို အသာလေး ယူသွားသည်။ ကြမ်းပြင်ပေါ် ပြန်ကျသည်နှင့် သူက ကိုယ်ကိုနှိမ့်၍ ထပ်ခုန်လိုက်ကာ လက်နှစ်ဖက်ကို ဘတ်စကက်ဘော ကွင်းဘက်သို့ ချိန်ရွယ်၍ ပစ်လိုက်သည်။
သူ့မျက်လုံးအိမ်က ပြူးကျယ်နေပြီး သူ့မျက်နှာတွင် ညစ်ကျယ်ကျယ်နှင့် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ပေါ်လွင်နေ၏။ သူ့အပြုအမူက အခြားသူများကို အထက်စီးမှ အထင်သေးစွာ ကြည့်တတ်သူနှင့် တူနေပြီး မသိလျင် အခြားသူတိုင်း၏ မျက်နှာမှ ကူကယ်ရာမဲ့စိတ်နှင့် မကျေနပ်စိတ်တို့ကို ရိပ်စားမိသည့်ပုံပင်။
သို့သော် ထိုအချိန်မှာပင် ပုံရိပ်တစ်ခုက ကြမ်းပြင်မှ ခုန်လာသည်။ သူသည် အလွန် လျင်မြန်ပြီး ထိုလူကို အမှီလိုက်ကာ သူနှင့် အမြင့်တူစွာ ခုန်နိုင်လေသည်။
ထိုလူ၏ မျက်လုံးအိမ် ကျဉ်းမြောင်သွားပြီး မျက်နှာက ကြောက်လန့်သွားပုံ ပေါ်လာသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ဒုန်းခနဲ အသံကျယ် တစ်သံကို ကြားလိုက်ရပြီး သူ့လက်များက ဗလာ ဖြစ်သွားလေသည်။ ဘတ်စကက် ဘောလုံးက အဝေးသို့ လွင့်ထွက်သွားလေ၏။
နှစ်ယောက်လုံး ကြမ်းပြင်ပေါ် ပြိုင်တူ ပြန်ကျလာပြီး ဘတ်စကက်ဘော ကစားကွင်းတစ်ခုလုံး တိတ်ကျသွားသည်။
“ဘုတ် ဘုတ် ဘုတ်”
ကြမ်းပြင်၌ တဘုတ်ဘုတ် ခုန်နေသော ဘတ်စကက်ဘောလုံး၏ အသံတစ်ခုတည်းကိုသာ ကြားနေရလေသည်။
လူတိုင်းက ထိုလူဆယ်ယောက်နှင့် ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေကြသည်။ လက်ရှိတွင် အားလုံး မှင်တက်နေ၏။
“ရှောင်ရဲ့၊ လှလိုက်တဲ့အကွက်ပဲဟေ့”
ရှန်းနှင့် အာလူးလေးတို့က စိတ်လှုပ်ရှားစွာ ပြိုင်တူ အော်ဟစ်ကြသည်။
ဘောလုံးကွင်းတိုင် ဆယ်ခုအနက် ကိုးခုက ပျက်စီးသွားသော်လည်း ရဲ့လင်းချန် ကာကွယ်လိုက်နိုင်သဖြင့် တစ်ခု ကျန်နေသေးသည်။ သူတို့အတွက် ယင်းက အားတက်စေမှုကြီးတစ်ခု ဖြစ်လေသည်။
“ဝိုး”
မကြာခင်မှာပင် ဘတ်စကက်ဘော ကစားကွင်းထဲ၌ ဆူညံသံ ဖြစ်ပေါ်လာ၏။
“ဒီလူတွေက ဘာလုပ်တာလဲ၊ သူတို့ကများ ဒီကိုလာပြီး အားလုံးကို ဖျက်ဆီးရဲတယ်လား”
“ယီးပဲ၊ သောက်ကျိုးနည်း လာမောက်မာနေတယ်၊ ကိုယ့်လူတို့ လာကွာ၊ အဲ့ကောင်တွေကို သွားချရအောင်”
“သူတို့က တရုတ်လူမျိုးတွေလို့ ငါ မထင်ဘူး၊ သူတို့ စကားတောင်မှ ကောင်းကောင်း မပြောနိုင်ဘူး”
“ဖွီ သူတို့ ဘာပြောလိုက်လဲဆိုတာကို မင်း မကြားလိုက်ဘူးလား၊ သူတို့က ငါတို့နိုင်ငံကို အထင်သေးနေတာကွ”
…
ထိုသို့သောအချိန်၌ ဆယ်ယောက်ရှိသော အဖွဲ့က ခေါင်းမော့၍ ရဲ့လင်းချန်အား မပျူငှာသော အကြည့်များဖြင့် ကြည့်လာကြသည်။ သူ့ကို ဝိုင်းတော့မည့် အရိပ်အယောင်မျိုး ပေါ်နေလေသည်။
“ဟေ့ကောင် မင်း ခုန်တာက မိုက်သားပဲ”
ရဲ့လင်းချန် တားလိုက်နိုင်သည့်လူက သူ့အား အေးစက်စွာ စိုက်ကြည့်နေပြီး ရဲ့လင်းချန်နားသို့ လျှောက်လာသည်။ သူက ရဲ့လင်းချန်၏ ရင်ဘတ်ကို ဝင်တိုက်မိလုနီးပါးအထိ တိုးကပ်လာ၏။
ရဲ့လင်းချန်၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ထိုလူကို မမှုဟန်ဖြင့် ပြန်ကြည့်နေလိုက်သည်။
“မင်းက အရမ်း မောက်မာတယ်”
နောက်လူတစ်ယောက်ကလည်း မကျေမနပ် ပြော၍ လက်ကို မြှောက်၍ ရဲ့လင်းချန်၏ ခေါင်းအား ထိုးရန် ရွယ်လေသည်။
“မင်းက သောက်ကျိုးနည်း ဘာလုပ်ချင်တာလဲ”
“ချီးပဲ၊ မင်းတို့က ချချင်တာလား”
ပတ်ဝန်းကျင်မှ အတန်းဖော်များအားလုံးက စ၍ ဆဲဆိုလာပြီး ချက်ချင်း ထိုလူများရှေ့၌ ရပ်လိုက်ကြသည်။ သူတို့က လူပိုများပြီး ထိုလူဆယ်ယောက်အား အလွန် မလိုလားသော မျက်နှာများဖြင့် ဝိုင်းထားလေသည်။
ဘတ်စကက်ဘော ကစားချိန်တွင် ဒေါသူပုန် ထတတ်သည်။ လက်ရှိတွင် ဘောလုံးတိုင်များ အကြောင်းအရင်းမရှိ ဖျက်ဆီးခံလိုက်ရပြီး သူတို့သည် အခြားသူများထံ၌ သရော်ခံခဲ့ရသဖြင့် အစောပိုင်းက သူတို့ ချိုးနှိမ်ထားရသည့် ဒေါသစိတ်က ဝုန်းခနဲ ထွက်ပေါ်လာ၏။
“ရွှီ”
စူးရှသော ဝီစီသံက တင်းမာမှုကို လွင့်ပြယ်သွားစေသည်။ ဘတ်စကက်ဘော ကစားကွင်းအပြင်ဘက်၌ ဦးထုပ် ဆောင်းထားသည့် လူတစ်ယောက် ရပ်နေပြီး ဝီစီကို ကိုင်ထားသည်။
“အချိန်ဖြုန်းမနေနဲ့၊ အားလုံး လူစုကြ”
သူ့အသံက အတော်လေး ကျယ်သည်။ သို့သော် သူက တရုတ် ဘာသာစကားဖြင့် မပြောဘဲ ကိုရီးယား ဘာသာစကားဖြင့် ပြောနေသည်။
လူဆယ်ယောက်က သူတို့ကို မခံချင်အောင် လုပ်သော အကြည့်တို့ဖြင့် ကြည့်လာသည်။ သူတို့၏ အမူအရာတွင် အထင်အမြင်သေးဟန်နှင့် မောက်မာမှုတို့ ပေါ်လွင်နေပြီး ခေါင်းကိုမော်၍ ခန္ဓာကိုယ်ကို ခါကာ ကစားကွင်း အပြင်ဘက်သို့ လျှောက်သွားကြသည်။
သူတို့ထဲက တစ်ယောက်က ရဲ့လင်းချန်ကို ရန်စသလို လက်ညှိုးထိုးသည်။
“နည်းပြ”
သူတို့က ဦးထုပ်နှင့်လူကို စကားပြောသည်။
“မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ၊ အားကစားရုံထဲ ပြန်သွားပြီး ပွဲအတွက် ပြင်ဆင်ကြ”
“ကျွန်တော်တို့ နည်းနည်းလေး ပျော်ပါးရုံလေးပါ၊ ကျွန်တော်တို့ တရုတ်အသင်းနဲ့ ရင်ဆိုင်တဲ့အခါကျရင် တကယ်ကြီး အလေးအနက် ထားဖို့ လိုလို့လား၊ ဟားဟားဟား …”
“ဟုတ်တယ်၊ ဒီနိုင်ငံက လူတွေက မွေးကတည်းက အားကစားမှာ အသုံးမကျဘူးလေ၊ ဘတ်စကက်ဘောဖြစ်ဖြစ်၊ ဘောလုံးဖြစ်ဖြစ် သူတို့ လုံးဝ မကျွမ်းကျင်ဘူး”
“တရုတ်နိုင်ငံက ရာချီတဲ့ ဖိတ်ကြားချက်တွေကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ဒီကို လာဖြစ်မှာ မဟုတ်ဘူး၊ အချိန်ကုန်လိုက်တာ၊ သူတို့က လူဦးရေ ဘီလီယံချီတဲ့ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်တာတောင်မှ သူတို့ထဲက တစ်ယောက်ကမှ အားကစားမှာ မထူးချွန်ဘူး၊ တကယ် ရယ်ချင်စရာကြီးပါဗျာ”
“သူတို့ ကစားပုံကိုပဲ ကြည့်လိုက်၊ သူတို့စကားနဲ့ဆိုရင် ဘာလို့ သူတို့က သုံးစားမရတဲ့ အမှိုက်ကောင်နဲ့ တူနေလဲဆိုတာကို ကျွန်တော် နားလည်သွားပြီ”
…
သူတို့က ကိုရီးယား ဘာသာစကားဖြင့် ပြောကြပြီး တဖြည်းဖြည်း ထွက်သွားကြသည်။ အခြားသူများက နားမလည်သော်လည်း ရဲ့လင်းချန်က အကုန်လုံးကို ကြားပြီး မျက်မှောင်ကြုတ်နေသည်။
“ရှောင်ရဲ့၊ မင်းက တအားမိုက်တာပဲ၊ မင်းရဲ့ ဒေါသကို ဖြည်ထုတ်ပစ်လိုက်”
ရှောင်ကမ်းက ပြုံး၍ ပြောသည်။
“ဟုတ်တယ်၊ အဲ့လူတွေက ကိုရီးယားနိုင်ငံက ကျွမ်းကျင်တဲ့ ကစားသမားတွေတော့ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား၊ ချီးပဲ ငါ့ကောင်ရာ၊ သူတို့ အဲ့လောက် ကောင်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး”
တစ်ယောက်က ခန့်မှန်း၍ ပြောလေသည်။
“သူတို့က အဲ့လိုဖြစ်ဖို့ များတယ်၊ သူတို့က အားကစားရုံထဲ သွားနေတာ”
“မြေယိုးတွေ၊ သူတို့က ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်နေတာနဲ့ မိုက်ပြီလား၊ သူတို့ကို ရိုက်ချနိုင်တဲ့ ရှောင်ရဲ့ ရှိနေသေးတာပဲလေ”
“သူတို့ဘာသာ သူတို့ ဘာပြောနေကြတာလဲ၊ ကိုရီးယား ဘာသာစကားကို ငါ ကြားတာနဲ့ ခေါင်းကိုက်တယ်”
လူတိုင်းက ပျက်စီးနေသော ဘတ်စကက်ဘော တိုင်များကို ကြည့်ပြီး ဆိုးရွားသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။ အနည်းငယ်မျှ ညည်းညူ ပြောဆိုပြီးနောက် သူတို့၏ အတန်းအသီးသီးသို့ ပြန်သွားကြသည်။
“ငါတော့ မကျေနပ်ဘူး၊ ကိုရီးယားနိုင်ငံက အဲ့လူတွေက တအား အထင်သေးဖို့ ကောင်းတယ်”
အာလူးလေးက အပြန်လမ်းတစ်လျှောက်လုံး မကျေမနပ် ပြောဆိုလာသည်။
“မတတ်နိုင်ဘူးလေ၊ သူတို့က တော်နေတာကိုး၊ ငါတို့ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘော စံနှုန်းကို မင်း မသိတာလည်း မဟုတ်ဘူး၊ အရမ်း ရှက်ဖို့ကောင်းတယ်”
ရှောင်ကမ်းက ခေါင်းခါသည်။
“ငါတို့က နိုင်ငံကြီးတစ်နိုင်ငံလေ၊ ပြီးတော့ ငါတို့လည်း အရည်အချင်း ရှိတာပဲ၊ ငါတို့က ကျွန်းဆွယ်နိုင်ငံ သေးသေးလေးကို မယှဉ်နိုင်ဘဲ ရှိပါ့မလား”
ရှန်းက မကျေမနပ်ပြောပြီး အလွန် ခံရခက်သလို ခံစားနေရသည်။
“ရှောင်ရဲ့က သူတို့ထက် ပိုတော်တယ်လို့ ငါ ထင်တယ်”
“နောက်မနေနဲ့တော့”
သူတို့နှင့်အတူ လမ်းလျှောက်နေသော လူက ရှောင်ကမ်းနှင့် ဘတ်စကက်ဘောပွဲအချို့ ဝင်ကစားဖူးသူ ဖြစ်သည်။ သူက ရယ်၍ ခေါင်းခါယမ်းလေသည်။
“ကိုရီးယားနိုင်ငံက ကစားသမားတွေကို ဒီအတိုင်း ဘာမဟုတ်တဲ့ ဘတ်စကက်ဘော ကစားသမားတွေလို့ ထင်နေတာလား၊ သူတို့ လေ့ကျင့်ရေးမှာ ဂျူဒိုနဲ့ တိုက်ကွမ်ဒို ကစားတာကိုပါ ထည့်ထားတာ၊ အဲ့တော့ သူတို့က ပရော်ဖက်ရှင်နယ် ဂျူဒို ကစားသမားတွေနဲ့ အတူတူပဲ၊ အဲ့ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေက တအား ကြံ့ခိုင်တယ်၊ သူတို့နဲ့ သာမန်လူကြားက ခြားနားချက်က ကြီးလွန်းတယ်ကွ”
“လက်တွေ့ကျကျ ပြောရရင် ခုနက ရှောင်ရဲ့ အောင်အောင်မြင်မြင် တားလိုက်နိုင်တာက မမျှော်လင့်ထားလို့ပဲ”
တစ်ယောက်က မှတ်ချက်ပြုလာသည်။
“ရှောင်ရဲ့ အရင်တုန်းကလည်း စစ်သည်တော်ဌာနကို ဝင်ဖူးတယ် မဟုတ်လား၊ သူတို့က သူ့ကို မကြောက်ဖူးလား”
အာလူးလေး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သို့သော် သူ ထိုမျှလောက် ယုံကြည်ချက် မရှိပါ။
“သူတို့ကို ခဏလောက် မာန်တက်ခိုင်းလိုက်ပါကွာ၊ ငါတို့ ဘတ်စကက်ဘော အသင်းကလည်း စစ်သည်တော်ဌာနမှာ အထူးလေ့ကျင့်ရေးမှာ ပါဖို့ မကြာခဏ သွားနေရတာပါ၊ ငါတို့ ဂုဏ်သိက္ခာ ညစ်နွမ်းခဲ့ရတာကို ပြန်ရှင်းဖို့ အချိန် ခဏပဲ လိုတာ”
ရှောင်ကမ်းကလည်း ပြောလေသည်။
တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော အသင်းသည် အမြဲတမ်း နိုင်ငံတကာ၌ အောက်ကျနေခဲ့ရသည်။ လူတိုင်းက စောဒက တက်သော်လည်း အတန်းထဲသို့ သုန်မှုန်စွာ လျှောက်သွားသည်မှလွဲ၍ ဘာမှ မတတ်နိုင်ပေ။
ရဲ့လင်းချန်က ဖြစ်ခဲ့သမျှကို စိတ်ထဲမထားချေ။ သူ့မျက်နှာက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး အံ့ဩခြင်း မရှိပါ။ သူ့မျက်လုံးထဲတွင် ကိုရီးယားနိုင်ငံ၏ ဘတ်စကက်ဘော စွမ်းရည်က တကယ်ပင် ကောင်းပါသည်။ သို့သော် သူ့အဆင့်ထက် အများကြီး နောက်ကောက်ကျ ကျန်နေပါသေးသည်။ လူကြီးတစ်ယောက်ကို ကလေးငယ် တစ်ယောက်နှင့် ယှဉ်လည်း မထူးပါ။ သူတို့ကို ယှဉ်ရန်ပင် လိုအပ်ပါသလော။
ထို့အပြင် သူက ဘတ်စကက်ဘော အသင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပါ။ အစောပိုင်းက သူ မကျေနပ်၍သာ ဝင်ပါလိုက်ခြင်း ဖြစ်သည်။
ထို့နောက် အတန်းချိန် စတင်လေသည်။
ကျောင်းသားများသည် ထိုင်၍ နားထောင်နေသော်လည်း တော်တော်များများက စိတ်မပါမှန်း သိသာပေသည်။ သူတို့သည် တံခါးဝကို အချိန်နှင့်အမျှ လှမ်းလှမ်းကြည့်နေကြပြီး မကြာခဏ အချင်းချင်း တီးတိုး ပြောနေကြသည်။