ရွက်ပုန်းသီး ပညာရှင်
Vol. 25 Ch. 369
နောက်ဆုံးတွင် အားလုံး၏ တက်ကြစွာ မျှော်လင့်စောင့်ဆိုင်းနေမှုအောက်၌ တက္ကသိုလ် ခေါင်းလောင်းသံ မြည်လာသည်။
“ရှောင်ရဲ့၊ မင်း အားကစားရုံကို သွားမှာလား”
ရှောင်ကမ်းက ရဲ့လင်းချန်ကို စိတ်လှုပ်ရှားမှုနှင့် မေးလိုက်သည်။
“ဘတ်စကက်ဘော ပြိုင်ပွဲက စတော့မှာ”
ရဲ့လင်းချန်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
“မင်းတို့ အတန်းမတက်ဘူးလား”
“ဒီလိုအချိန်မှာ ဘယ်အတန်းက ရှိဦးမှာလဲ၊ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဘတ်စကက်ဘော ကစားပွဲက ငါတို့ တက္ကသိုလ်မှာ တအား ရှားတာ၊ ငါတို့ ဒါကို လွတ်လို့ မဖြစ်ဘူး”
အာလူးလေးက ပြောသည်။
ထိုအခိုက်တွင် လူတစ်ချို့က အတန်းထဲမှ စထွက်နေကြလေသည်။ လူတစ်ယောက်ချင်းစီတိုင်းက အလွန် စိတ်လှုပ်ရှားနေကြပြီး သူတို့ ကစားပွဲသို့ အပြေးသွားနေကြမှန်း သိသာလှသည်။
“ကစားပွဲက စတော့မယ်၊ ငါတို့ အခုမှ အမီသွားလည်း နောက်မကျသေးဘူး”
ရှန်းက သွားရန် စိတ်လှုပ်ရှားနေပြီး အချိန်မရွေး အပြေးသွားရန် အသင့်ဖြစ်နေသည်။
“မင်းတို့ သွားကြ၊ ငါ မသွားဘူး”
ရဲ့လင်းချန် ပြုံးနေသည်။ ထိုသို့သော ကစားပွဲကို ကြည့်လည်း သူ့အတွက် အဓိပ္ပာယ် မရှိပေ။
“ကောင်းပြီလေ၊ အရင် သွားကြတာပေါ့”
ရှောင်ကမ်း ခေါင်းညိတ်လိုက်သည်။ သူတို့ သုံးယောက်သည် အတန်းပြီးချိန်၌ အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားကြသည်။
ယောက်ျားလေး အများစု ထွက်သွားပြီးနောက် အတန်းက သိသိသာသာ အေးစက်သွားသည်။ ဆရာသည် ကြုံတောင့်ကြုံခဲ ကိစ္စမှန်း သိနေသဖြင့် စိတ်ထဲမထားဘဲ စာဆက်သင်နေသည်။
တစ်ချိန်တည်းမှာပင် အားကစားရုံ၌ လူများနှင့် ပြည့်ကျပ်နေ၏။ ပီကင်း တက္ကသိုလ်၏ ကျောင်းသားများသာလျင် ဤနေရာ၌ ရှိနေသည် မဟုတ်ပါ။ နီးစပ်သော တက္ကသိုလ်များမှ ကျောင်းသား တော်တော်များများသည်လည်း အတန်းလစ်၍ လာကြည့်ကြသည်။ ထို့အပြင် ဘတ်စကက်ဘောကို စိတ်ဝင်စားသူများနှင့် နိုင်ငံခြားသားများလည်း ရှိနေကြသည်။ သူတို့က လာမည့်ပွဲကို မျှော်လင့်စောင့်စားနေလေသည်။
၎င်းအပြင် ရုပ်သံလွှင့်ဌာနမျိုးစုံမှ ဝန်ထမ်းများလည်း လာကြသည်။ ဤမျှ ခမ်းနားသော ကစားပွဲကို မှတ်တမ်းတင်၍ ရုပ်သံ၌ ထုတ်လွှင့်မှ ဖြစ်ပေမည်။
အားကစားရုံ၏ အောက်ဘက်တွင် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ ကစားသမားများနှင့် နည်းပြများက ကစားကွင်းသို့ ရောက်ရှိနေကြသည်။ သူတို့အားလုံးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ တစ်ဖက်တွင် ကိုရီးယားနိုင်ငံမှ ကစားသမားများ ရှိနေသည်။ သူတို့က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးပူ လေ့ကျင့်ခန်း လုပ်ကာ ပရိသတ်များအား လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေကြသည်။
“အားးးးး … အိုပါး … ချစ်တယ်နော်”
“အိုပါး ဖိုက်တင်း”
“ချောလိုက်တာ၊ ကျွန်မ ရှင့်ရဲ့ ကလေးလေးတွေ ရှိချင်လိုက်တာ”
…
တရုတ်လူမျိုးများအပြင် ဤနေရာ၌ ဒုတိယ လူအများဆုံးအဖွဲ့မှာ ကိုရီးယားမှလူများ ဖြစ်သည်။ သူတို့သည် အားကစားရုံ၏ သုံးပုံတစ်ပုံနီးပါး ရှိကြသည်။ သူတို့အသင်းကို အားပေးရန် ကိုရီးယားနိုင်ငံမှ လာကြခြင်းပင်။
ကိုရီးယားနိုင်ငံမှ ကစားသမားများကို အားပေးနေသည့် နိုင်ငံခြားသားများလည်း များစွာ ရှိလေသည်။ အချို့သော တရုတ်လူမျိုးများပင် သူတို့ဘက်၌ ရှိနေ၏။
တစ်ဖက်တွင်မူ တရုတ်လူမျိုး ကစားသမားများအတွက် အားပေးသံများ ရှိသော်လည်း ယုံကြည်ချက် ကင်းမဲ့နေကြောင်း ပေါ်လွင်နေသည်။ တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောက အမှိုက်နှင့် နင်လားငါလား ဖြစ်နေပြီး ကိုရီးယားနိုင်ငံနှင့် ယှဉ်တိုင်း သူတို့ ဘယ်သောအခါမှ မနိုင်ဖူးပေ။ အင်တာနက်ပေါ်မှ ဆောင်းပါးများသည် တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောကို သရော်ရန် ရည်ရွယ်ထားပြီး လူတိုင်း၏ ရင်ထဲ၌ အစိုင်အခဲ ဖြစ်လာစေသည်။
လက်ရှိအချိန်၌ တရုတ်အသင်းမှ လူများက ဘတ်စကက်ဘော ကွင်းမှ အခြေအနေကို ကြည့်နေကြသည်။ သူတို့သည် မြို့တော် အားကစားဝန်ကြီးဌာနမှ ဝန်ကြီးများ ဖြစ်သဖြင့် ဘတ်စကက်ဘော ကစားပွဲသို့ လာရောက် ကြသည်က ပုံမှန်ပင်။
“ဥက္ကဋ္ဌကျန်း၊ ခင်ဗျား ဒီကစားပွဲမှာ ယုံကြည်ချက် ရှိလား”
မျက်မှန်နှင့် ဝတ်စုံပြည့် ဝတ်ထားသည့် အမျိုးသားတစ်ယောက်က ပြုံး၍ မေးလာသည်။
ကျန်းဟဲ၏ မျက်နှာက တည်ငြိမ်နေပြီး ပြန်ပြောလာသည်။
“ဒီနှစ် ကျုပ်တို့ မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းက ကစားသမားတွေရဲ့ လေ့ကျင့်ရေးကို သုံးဆယ် ရာခိုင်နှုန်း တိုးမြှင့်ခဲ့တယ်၊ ပြီးတော့ ရွေးထားတဲ့လူတွေက အရည်အချင်း အရှိဆုံး ကစားသမားတွေပဲ၊ ဒီပွဲက ဆိုးရွားတဲ့ ကစားပွဲ ဖြစ်မှာ မဟုတ်ဘူး”
“ဪ … ဒါဆို ငါ စောင့်ကြည့်ရမှာပေါ့”
ဝတ်စုံပြည့်နှင့်လူက ပြောသည်။
သို့သော် တစ်ဖက်တွင်မူ အသက်အရွယ်ရ၍ ဆံပင်ဖြူနေသော အမျိုးသားတစ်ယောက်က မကျေနပ်ဟန်ဖြင့် ညည်းတွားလေသည်။
“ဥက္ကဋ္ဌကျန်း၊ အဲ့ဒီ ဖန်တရာတေနေတဲ့ စကားတွေ ပြောမနေပါနဲ့တော့၊ ငါ အားကစားဝန်ကြီးဌာနကို ရောက်ကတည်းက ထပ်တူညီနေတဲ့ စကားတွေကို နေ့တိုင်း ကြားခဲ့ရတာ၊ ဒါပေမဲ့ ရလဒ်တွေက အမြဲ စိတ်ပျက်စရာပဲ၊ ထပ်ခါထပ်ခါ ဖြစ်ခဲ့တာ”
“ဝန်ကြီးချုပ်ဖန့်၊ ဒီတစ်ခါတော့ ခင်ဗျား စိတ်မပျက်စေရပါဘူး”
ကျန်းဟဲက သူ့နှာခေါင်းကိုပွတ်၍ အောင့်သက်သက် ပြုံးနေသည်။
“ငါလည်း အဲ့လို မျှော်လင့်ပါတယ်”
ဝန်ကြီးချုပ်ဖန့်က တဲ့တိုး ပြန်ပြောပြီးနောက် ဆက်ပြောလေသည်။
“ငါ မင်းကို မယုံလို့ မဟုတ်ဘူး၊ မင်း လုပ်တဲ့အရာတွေက တကယ် စိတ်ပျက်စရာ ကောင်းလို့ပဲ၊ ဖန်ဟမ် ဒီနေ့ မင်းလည်း ဒီမှာ ရှိနေတာပဲ၊ အခု ငါ့ကို ပြောစမ်းပါဦး၊ တရုတ်လူမျိုးတွေရဲ့ ဘတ်စကက်ဘောက ဘာလို့ မတိုးတက် လာတာလဲ”
ဖန်ဟမ်သည် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုက်ပြီးသော်လည်း ဤသို့သော ကစားပွဲများသို့ သူ အမြဲ တက်လေ့ ရှိသည်။ ထိုစကားကို ကြားသောအခါ သူ့မျက်နှာတွင် အရှက်ရဟန် ပေါ်လာပြီး ကြီးလေးစွာ သက်ပြင်းချသည်။
“ကျုပ်က အကြောင်းရင်းတစ်ခုအဖြစ် ပါနေတာကိုတော့ မငြင်းနိုင်ပါဘူး”
“ဟမ်”
ဝန်ကြီးချုပ်ဖန့်နှင့် အခြားသူများ တစ်ဒင်္ဂမျှ မှင်တက်သွားကြသည်။ ဖန်ဟမ်က ဤသို့သော ခံစားချက်မျိုး ဖော်ပြလာလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
“ကျုပ် ဘာလို့ ပီကင်းတက္ကသိုလ်ကို ကစားပွဲ ကျင်းပရာနေရာအဖြစ် ကျင်းပဖို့ မရမက ပြောလဲ ဝန်ကြီးချုပ် သိပါသလား”
ဖန်ဟမ်၏ အကြည့်က မှိုင်းပျလာပြီး သူ့အသံက နောင်တရနေသော လူတစ်ယောက်၏ လေသံမျိုး ဖြစ်လာသည်။
“ဘာလို့လဲ”
ဝန်ကြီးချုပ်ဖန့်က သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျင် ဤသို့သော နိုင်ငံတကာ ကစားပွဲအား ပို၍ ခမ်းနားသော မြို့တော် အားကစားကွင်း၌ ကျင်းပလေ့ ရှိသည်။ ပီကင်း တက္ကသိုလ်၏ အားကစားကွင်း၌ ကျင်းပသည်က သတ်မှတ်ချက်နှင့် ကွဲပြားနေသည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဖန့်၏ သိချင်စိတ်က ပို၍ ပြင်းပြလာ၏။
ဖန်ဟမ်သည် စကားပြောရ ခက်သလို ဖြစ်နေကာ တစ်ခဏမျှ တုံ့ဆိုင်းနေသည်။ ထို့နောက် သူသည် ဥက္ကဋ္ဌကျန်းအား အခိုင်အမာကြည့်၍ ပြောလိုက်သည်။
“သူ့ကို ပြောပြလိုက်၊ ကျန်းဟဲ”
ကျန်းဟဲက ခေါင်းညိတ်၍ အခိုက်အတန့်တစ်ခုစာမျှ စဉ်းစားနေ၏။
“ခင်ဗျား မသိသေးတာ တစ်ခု ရှိပါတယ် ဝန်ကြီးချုပ်ဖန့်၊ ကွင်းထဲကို ကြည့်လိုက်ပါ၊ ကျွန်တော်တို့က ကျွန်တော်တို့နဲ့အတူ လူကိုးယောက်ကိုပဲ ခေါ်လာခဲ့ပါတယ်”
ပုံမှန်စည်းမျဉ်းအရ ဤသို့သော ကစားပွဲသို့ များသောအားဖြင့် လူဆယ်ယောက် ခေါ်လာတတ်သည်။ ငါးယောက်က ကွင်းထဲ၌ ကစားနေချိန်တွင် ကျန်ငါးယောက်က ခုံ၌ ထိုင်နေကြပေမည်။ ကိုရီးယားနိုင်ငံဘက်တွင် လူဆယ်ယောက် ရှီသော်လည်း တရုတ်အသင်း၌ ကိုးယောက်တည်းသာ ရှိလေသည်။
ဝန်ကြီးချုပ်ဖန့်၏ ဘာလို့လဲဟူသော အမေးကို စောင့်မနေဘဲ ကျန်းဟဲက ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်တို့မှာ ရွက်ပုန်းသီး ပညာရှင်တစ်ယောက် ရှိပါတယ်၊ သူက ဒီပီကင်း တက္ကသိုလ်မှာ ရှီတာပါ၊ ကျွန်တော်တို့ ဒီကစားသမားကို လွှတ်ပေးလိုက်ရမယ့် အနေအထားမျိုးထိ ဖြစ်ခဲ့တာပါ”
ထို့နောက် သူက အားကစားရုံထဲမှ အဖြစ်ကို အသေးစိတ် ပြန်ပြောပြသည်။
“ဟာ … အဲ့လို ဘတ်စကက်ဘော ပညာရှင်မျိုး ရှိတာလား”
ဝန်ကြီးချုပ်ဖန့် တအံ့တဟ ဖြစ်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ မယုံသလို ဖြစ်လာသည်။
“မင်း ဒါကို လုပ်ကြံပြောဆိုနေတာလား”
“ဝန်ကြီးချုပ်ဖန့်၊ ဒီအတွက် ကျွန်တော် အာမခံနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ရှိနေခဲ့လို့ပါ”
ချင်းယွမ်ကလည်း ဘေးမှ ဝင်အာမခံသည်။
“ရဲ့လင်းချန်က လုံးဝကို ဘတ်စကက်ဘော ပါရမီရှင်ပါ၊ သူသာ ဒီကစားပွဲမှာ ဝင်ကစားရင် ကျွန်တော်တို့ နိုင်နိုင်တဲ့ အခွင့်အရေး ပိုများလာမှာပါ”
“ငါ နားလည်ပြီ”
ဝန်ကြီးချုပ်ဖန့်က ကြည်နူးစွာ ပြောလိုက်သည်။
“ငါတို့ရဲ့ ကြီးမြတ်တဲ့ တရုတ်နိုင်ငံမှာ ဘတ်စကက်ဘော ပညာရှင်တစ်ယောက် မရှိဘူးဆိုတာ မဖြစ်နိုင်မှန်း ငါ သိနေတယ်၊ သူတို့ထဲက တော်တော်များများက အခွင့်အရေးကို လက်လွှတ်လိုက်ရတာ ဖြစ်နိုင်တယ်၊ ဥက္ကဋ္ဌဖန် ဒါက တကယ်ကို မင်းရဲ့ တာဝန်ပဲ”
ဖန်ဟမ်က ခေါင်းညိတ်ပြီး ဘာမှမပြောချေ။
“အခု မင်း ဒါတွေအားလုံးကို ပြောပြီးပြီဆိုတော့ ဒီဘတ်စကက်ဘော ပါရမီရှင်နဲ့ တွေ့ဖို့ ငါ တကယ် စိတ်လှုပ်ရှားနေပြီ”
ဝန်ကြီးချုပ်ဖန့်သည် အသက်အရွယ် ရနေပြီဖြစ်သော်လည်း စိတ်အား ထက်သန်စွာ ပြောလေသည်။
“ဥက္ကဋ္ဌဖန့်၊ ခင်ဗျား သိပ်မျှော်လင့်ထားသင့်တယ်လို့ ကျုပ် မထင်ဘူး၊ ကျုပ်တို့ ဒီလောက် နှစ်တွေ အကြာကြီး အလိမ်ခံ လာရတာ၊ တရုတ်နိုင်ငံ အားကစားရဲ့ တန်ဖိုးကို ကျုပ်တို့ မသိတာလည်း မဟုတ်ဘူး၊ တကယ် တိုးတက်လာဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ဥက္ကဋ္ဌဖန့်ဘေးမှ လူငယ်လေးက နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောသည်။ သူ လက်မခံမှန်း သိသာလှသည်။
သူတို့ စကားပြောနေချိန်တွင် ဒိုင်လူကြီး၏ ဝီစီသံနှင့်အတူ ကစားပွဲ စတင်လာ၏။
မမျှော်လင့်ထားသော အရာများ တစ်ခုမှ ဖြစ်လာခြင်း မရှိသလို ပထမဆုံး ဘောလုံးအား ကိုရီးယား ကစားသမားများ ရရှိသွားသည်။ သူတို့က ဘောလုံးကို ဆွဲ၍ ကစားသမားများကို ဖြတ်ကျော်သွားသည်။ သူတို့ တစ်ယောက်ချင်းစီ၏ အရည်အချင်းများက အလွန် ထူးခြားလွန်းလှသည်။ ထို့အပြင် သူတို့သည် အချင်းချင်း အလွန် စည်းလုံးပြီး ဘောလုံး ပေးလိုက်သည့်အခါတိုင်း အချိတ်အဆက် မိပေသည်။ သူတို့သည် တရုတ်အသင်း၏ ခံစစ်ကို လျင်မြန်စွာ ထိုးဖောက်ပြီး လှစ်ခနဲ ခုန်ကာ ပစ်လိုက်သည်။
“ဝှစ်”
အရင် အမှတ်ရသွားပြီး နှစ်မှတ် ရရှိသွားသည်။
“ဝိုးးးးး …. အားးးး”
ချက်ချင်းဆိုသလိုပင် ကိုရီးယားနိုင်ငံ၏ အားပေးသူများအားလုံး စိတ်လှုပ်ရှားလာပြီး လက်များ ဝှေ့ယမ်းကာ အော်ဟစ် အားပေးလာကြသည်။ ထိုအခိုက်တွင် တရုတ်လူမျိုးများသည် ခေါင်းများ ခါယမ်းကာ သူတို့ဘာသာ သူတို့ သက်ပြင်းချနေလေသည်။ ပထမ ပစ်ချက်ကတည်းက သူတို့၏ ဘတ်စကက်ဘော စွမ်းရည် ခြားနားမှုက မသေးမှန်း သိသိသာသာ မြင်နေရလေသည်။