← Chapters

အခြေတည်အဆင့်သို့ ရက်တစ်ရာ

Vol. 11 Ch. 151

အခြေတည်အဆင့်သို့ ရက်တစ်ရာ

Vol. 11 Ch. 151

အခန်း ၁၅၁ - အခြေတည်အဆင့်သို့ ရက်တစ်ရာ

Translator – Than Toe Aung

တောင်ထွတ်သခင်ငါးယောက်က ဆူဇီမို၊ လမ့်ရိုနှင့် ဖက်တီးလေးတို့ကို ဆိတ်ဆိတ်နေဖို့ အမိန့်ပေးခဲ့သောကြောင့် လင်းဖုန်းမြို့မှာ ဖြစ်ပျက်ခဲ့သည်များကို ဂိုဏ်းထဲမှာ မည်သူမျှ မသိရှိကြတော့ပေ။

လူတိုင်း အကြမ်းဖျင်း ပြန်ကြားရသည်မှာ လမ့်ရိုတို့အဖွဲ့သည် အပြင်သွားစဉ် ချုံခိုတိုက်ခိုက်ခံခဲ့ကြရပြီး အတွင်းစည်းတပည့်နှစ်ယောက်က အသက်ဆုံးရှုံးခဲ့ရ၏။ ကျန်သုံးယောက်မှာမူ ဂိုဏ်းမှ ရွှေအူတိုင်အဆင့်များ ‌ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့သည်ဟူ၍ပင်။

ထို့နောက် ဂိုဏ်းက တပည့်များကို အပြင်သို့ မထွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့၏။

ဤသို့ဖြင့် ဂိုဏ်းထဲရှိ လေထုက တင်းကျပ်လာခဲ့၏။ လူတိုင်းသည် တစ်ကယ့်အကြောင်းရင်းကို မသိရှိကြသော်လည်း အန္တရာယ်တစ်ခုက ချည်းကပ်လာနေသည်ကို ခံစားမိလိုက်ကြပြီး လက်ရှိအချိန်တွင် တံခါးပိတ်ကျင့်ကြံဖို့သာ ရွေးချယ်လိုက်ကြ၏။

ထို့အထဲတွင် ဆူဇီမိုသည်လည်း ပါဝင်လေသည်။

သူသည် မိုးကြိုးထစ်ချုန်းတောင်ကြားမှ ပြန်လာပြီးနောက် ဖက်တီးလေး၊ လမ့်ရိုတို့အုပ်စုနှင့် အပြင်သို့ လိုက်ပါသွားရခြင်းမှာ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုအပ်နေသောကြောင့်သာ ဖြစ်လေသည်။

ယခုသူသည် လုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိလာခဲ့ပြီဖြစ်သောကြောင့် ပြီးခဲ့သည့်ခြောက်လလုံးလုံး ရပ်တန့်နေခဲ့ရသော သူ့ကျင့်ကြံမှုအဆင့်ကို ကာမိဖို့အတွက် အသည်းအသန် ကျင့်ကြံအားထုတ်ဖို့ ရွေးချယ်လိုက်၏။

လိုဏ်ဂူတိုက်ခန်းထဲတွင် ဆူဇီမိုသည် သူ၏ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်လည်စတင်လိုက်၏။

သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူခြင်း ဆေးလုံးများကို စားသုံးခြင်းဖြင့် သူ့ကျင့်ကြံမှုအဆင့်ကို တောက်လျှောက်မြှင့်တင်လိုက်၏။ ဆေးလုံးများအတွက်မူ.. သူသည် ပကတိဆေးလုံးကိုသာ စားသုံး၏။

ညဘက်သို့ရောက်သောအခါ သူသည် ကျား,ကျားသစ်,မိုးကြိုး အသံကို ထုတ်ဖော်လှည့်ပတ်ကာ ခြင်ဆီအရည်များကို ဆက်တိုက်ရှင်းလင်းသန့်စင်ကာ စွမ်းအားကြီးသောသွေးအသစ်များကို ထုတ်လုပ်လိုက်၏။

ခြင်ဆီသန့်စင်ခြင်းမှ သွေးဖလှယ်ခြင်း၏ အကျိုးအာနိသင်က သိသာထင်ရှား၏။ ထိုဖြစ်စဉ်တွင် သူ၏ အရေပြား၊ အသား၊ အရွတ်နှင့် အရိုးများကပါ ကြံ့ခိုင်သန်မာလာ၏။

မနက်ခင်းအိပ်ယာထချိန်တွင် ဆူဇီမိုသည် ခန္ဓာကိုယ်တွင် အမည်းရောင်ရွှံ့ပါးပါးတစ်လွှာက ဖုံးအုပ်နေ၏။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သော အညစ်အကြေးများ ဖြစ်၏။

ဤသို့ဖြင့် သူ၏ အင်မော်တယ်ကျင့်စဉ်နှင့် သားရဲကျင့်စဉ် နှစ်မျိုးစလုံးက မှန်မှန်ဖြင့် တိုးတက်လာနေ၏။

စိတ်ဝိညာဉ်ကျောက်တုံးများက အလုံအလောက်ရှိနေတာရယ်၊ ဆူဇီမိုကလည်း မရပ်မနား အသည်းအသန်လေ့ကျင့်ခဲ့တာရယ်ကြောင့် သူသည် တစ်လကြာပြီးနောက် ပကတိချီစုဖွဲ့မှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

သူသည် ချီစုဖွဲ့မှုအဆင့်၉မှာ ရှိစဉ်ကတည်းက သူ့ဒန်ထျန်ထဲတွင် ချီပင်လယ်ကို ဖြစ်ပေါ်စေနိုင်ခဲ့၏။

ယခု ပကတိချီစုဖွဲ့မှုသို့ ရောက်ရှိလာ‌သောအခါ သူ့ချီပင်လယ်သည် နောက်တစ်ဖန် ပြောင်းလဲမှု ဖြစ်လာခဲ့၏။ ၎င်းသည် ရဲရဲနီနေသော ပုံသဏ္ဌာန်တစ်ခု ဖြစ်လာပြီး ၎င်း၏ထိပ်တွင် မီးတောက်များက လောင်ကျွမ်းနေကာ လှပကြည့်ကောင်း၍ စွမ်းအားကြီးသောအော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။

သူသည် ဘယ်သူနှင့်မျှ လက်ရည်မစမ်းရသေးသော်လည်း ဆူဇီမိုသည် သူ၏လက်ရှိအနေအထားအရ မည်သည့်ချီစုဖွဲ့စစ်သည်တော်ကိုမဆို တိုက်ခိုက်အနိုင်ယူနိုင်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှုရှိ၏။

ဆူဇီမိုသည် ခဏလောက် အနားယူမလို့ ကြံနေတုန်းမှာပင် သူ့လိုဏ်ဂူတိုက်ခန်း၏ အပြင်ဘက်မှ အဝတ်လေတိုးသံများက ထွက်ပေါ်လာ၏။

သိပ်မကြာမီမှာပင် တစ်‌ယောက်ယောက်က သူ့အခန်းတံခါးကို လာခေါက်လေသည်။

ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

ဤခြေသံကို သူသည် သိပ်မရင်းနှီးပေ။

ပုံမှန်အားဖြင့် သူ့ဆီသို့ အလည်လာသောသူက သိပ်များများစားစား မရှိပေ။ အများအားဖြင့်တော့ ဖက်တီးလေးသာ ဖြစ်လေသည်။ သို့သော်လည်း အပြင်ဘက်က ခြေသံက ပေါ့ပါးညင်သာနေသောကြောင့် ဖက်တီးလေး မဟုတ်တာတော့ သေချာလေသည်။

ဆူဇီမိုသည် အင်္ကျီလက်ကို မတင်လိုက်ပြီး လိုဏ်ဂူတံခါးကို ဖွင့်လိုက်၏။

အရင်ဆုံး သူ့နှာခေါင်းထဲသို့ မွှေးပျံ့ထုံသင်းသည့်ရနံ့က ဝင်ရောက်လာပြီးနောက် အပေါက်ဝတွင် ဖြူဆွတ်နေသော ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူမသည် အေးစက်သော အမူအယာရှိ၏။ သို့သော်လည်း သူမ၏ မျက်လုံးထဲတွင် ပူပန်မှုတစ်စွန်းတစ်စက ထင်ဟပ်နေပြီး သူမသည် အထဲသို့ မသက်မသာ စိုးထိတ်စွာဖြင့် လှမ်းကြည့်လိုက်၏။

ထိုအမျိုးသမီးက လမ့်ရိုပင် ဖြစ်လေသည်။

ဆူဇီမိုသည် အံ့အားသင့်သွားပြီးနောက် သူမကို အလောတကြီးပုံစံနှင့် ကြိုဆိုနှုတ်ဆက်လိုက်၏။

“စီနီယာအစ်မလမ့်ရို ဖြစ်နေလိမ့်မယ်လို့ ကျုပ်မထင်ထားမိဘူးဗျာ.. လာပါ လာပါ.. အထဲကို ကြွပါ”

“အမ်း”

သူမသည် ညင်သာစွာ ခွန်းတုံ့ပြန်လိုက်ပြီး ခေါင်းငုံ၍ အထဲသို့ ဝင်လိုက်၏။

လမ့်ရို၏ အမူအကျင့်စရိုက်အရ တစ်ယောက်‌ယောက်က သူမဆီ လာလည်လျှင်တောင် သူမက ထိုသူကို လက်ခံတွေ့ဆုံမှာ မဟုတ်ပေ။ ယခု သူမကိုယ်တိုင်က ယောက်ျားလေးတစ်ယောက်၏ တိုက်ခန်းကို အလည်သွားရောက်သည်ဆိုတာကိုသာ တစ်ယောက်ယောက်တွေ့မြင်သွားလျှင် လုံးဝပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။

“ကိစ္စတစ်ခုခုများ ရှိလို့လား.. အစ်မလမ့်ရို” ဆူဇီမိုက အပြုံးနှင့် မေးလိုက်၏။

ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် လမ့်ရိုက ပြန်ဖြေလိုက်၏။

“လင်းဖုန်းမြို့က အဖြစ်အပျက်ပြီးကတည်းက ငါ နင့်ကို ကျေးဇူးတင်စကား‌တောင် မပြောရသေးဘူးလေ.. အခု ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောချင်လို့ လာခဲ့တာ”

“သြော်.. ဒါလိုကိုး...”

ဆူဇီမိုသည် ပြုံး၍ လက်ကာပြလိုက်၏။

“အဲ့ဒါက ဘာမှ မဟုတ်ပါဘူး.. ကျုပ်လဲ ကိုယ့်အသက်ကိုယ်ကယ်ဖို့ လုပ်ခဲ့ရတာလေ.. အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာမှတွေးမနေနဲ့‌တော့”

လမ့်ရိုက ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။

နဂိုထဲက သူမက စကားပြောမကောင်းသလို ဆူဇီမိုကလည်း စကားနည်း၏။ သူတို့နှစ်ယောက်အကြား လေထုက အေးစက်လာပြီး အိုးတိုးအမ်းတမ်း ဖြစ်လာ၏။

ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် လမ့်ရိုက ဆက်ပြောလိုက်၏။

“ဂျူနီယာမောင်လေးဆူ.. ငါ့မှာ အဆင့်၂ အဆောင်နှစ်ခုကို လုပ်ထားတာရှိတယ်.. ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ကျေးဇူးပြုပြီး အဲ့ဒါကို လက်ခံပေးပါ”

ထိုသို့ပြောပြီးသည်နှင့် လမ့်ရိုသည် သူမ၏ သိုလှောင်အိတ်ထဲကနေ အဆောင်နှစ်ခုကို ထုတ်ယူကာ ဆူဇီမိုကို လက်ကမ်းပေးလိုက်၏။ သို့သော်လည်း သူမ၏ ဦးခေါင်းကို ငုံ့ထားပြီး ဆူဇီမိုကို လုံးဝမော့မကြည့်ပေ။

ဆူဇီမိုက ‌တွေးလိုက်၏။

‘ငါ ဒါကို ငြင်းလိုက်ရင် သူမက ပိုပြီးတော့ အနေရခက်သွားမှာပဲ’

ထိုသို့အတွေးနှင့် သူသည် သူ့ရှေ့က အဆောင်နှစ်ခုကို လက်ခံယူလိုက်ပြီး ပြုံးလိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မလမ့်”

ဆူဇီမိုက အဆောင်နှစ်ခုကို လက်ခံယူလိုက်သောအခါမှသာ လမ့်ရို၏ စိတ်တင်းကျပ်နေသော အမူအယာက နောက်ဆုံး ပြေလျော့သွား၏။ သူမသည် ခေါင်းကိုမော့၍ ဆူဇီမိုကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် ချာကနဲ တစ်ဖက်ကို ပြန်လှည့်သွား၏။

အဆောင်နှစ်ခုတွင် တစ်ခုက ကာကွယ်‌ရေးအဆောင်ဖြစ်ပြီး နောက်တစ်ခုက တိုက်ခိုက်ရေးအဆောင်ဖြစ်၏။

အဆောင်များမှ ထွက်ပေါ်နေသော‌အော်ရာကိုကြည့်ပြီး ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

ဤအဆောင်နှစ်ခုသည် အဆင့်၂ အဆောင်များထဲတွင် အစွမ်းထက်ဆုံးဖြစ်ပုံရ၏။ ထိုအရာများကို ပြုလုပ်ဖို့အတွက် လမ့်ရိုက အတော်လေး အားစိုက်ထုတ်ခဲ့ရပေမည်။

ဆူဇီမိုက သူ့ဖာသာသူ တွေးလိုက်၏။

“အခုချိန်ထိ အလယ်အလတ်အဆင့်လက်နက်တွေကို ငါမသွန်းလုပ်နိုင်သေးတာ ဆိုးတာပဲ.. မဟုတ်ရင် ငါလည်း သူ့ကို တစ်ခုတော့ လက်ဆောင် ပြန်ပေးနိုင်မှာ”

ယခုအခါ ဆူဇီမိုသည် အခြေတည်အဆင့်သို့ အချိန်မရွေး တက်လှမ်းနိုင်သည့် အနေအထားတွင် ရှိနေ၏။

သူ၏ အဆင့်နိမ့်ဓါးပျံခြောက်လက်က သူ့ကျင့်ကြံမှုအဆင့်နှင့် လိုက်ဖက်မှု မရှိတော့ပေ။

သူသည် ဓါးဝင်္ကပါကို ခင်းကျင်းချင်လျှင် သူ့ကိုယ်ပိုင်ဓါးပျံများကို သွန်းလုပ်နိုင်မှ ရပေမည်။ ယခုအချိန်တွင် ဆူဇီမို၏ မီးဆေးခြင်းနည်းစနစ်က အကြမ်းဖျင်းဆန်လွန်းလှ၏။ သူသည် ထိပ်တန်းအဆင့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုနိုင်လျှင်တောင် ဒုတိယအင်းကွက်ကို စုယူနိုင်လောက်သည့်အထိ အညစ်အကြေးများကို ဖယ်ထုတ်နိုင်စွမ်း မရှိသေးပေ။

ထိုအရာသည် သူ့အနေနှင့် မဖြစ်မနေ ဖြေရှင်းဖို့ လိုနေသော ပြဿနာဖြစ်၏။

သူတို့နှစ်ယောက်သည် ဒီအတိုင်း အလ္လာပသလ္လာပ စကားအနည်းငယ် ပြောပြီးနောက် လမ့်ရိုက ပြန်သွားခဲ့၏။

ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ ဆေးကြိုးငါးကြိုးပါရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

၎င်းသည် ပကတိအခြေတည်ဆောက်ခြင်းဆေးလုံးဖြစ်၏။

နတ်ဆေးတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲ၌ ဆူဇီမိုသည် ၎င်းကို ဖော်စပ်ဖန်တီးခဲ့၏။

ဆူဇီမိုသည် ဖုန်ဟောက်ယွီအကြောင်း တွေးလိုက်မိသောအခါ နတ်ဆေးတောင်ထွတ်၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲအပြီးတွင် ထိုလူက သူ့ကို တားပြီး ခြိမ်းခြောက်ခဲ့ပုံကို ဆူဇီမိုသည် ပြန်မစဉ်းစားဘဲ မနေနိုင်ပေ။

ထိုအခိုက်အတန့်တုန်းက ဖုန်ဟောက်ယွီသည် ထိုစကားများကို တမင်မရည်ရွယ်ဘဲ ပါးစပ်က ဒီအတိုင်းလွှတ်ကနဲ ပြောလိုက်ခြင်း ဖြစ်တန်ရာဟု ထင်စရာရှိ၏။

သို့သော်လည်း ဆူဇီမိုသည် ထပ်ကာထပ်ကာ ပြန်‌တွေးကြည့်လိုက်သောအခါ ကိစ္စက ဤလောက် ရိုးရှင်းပုံမရချေ။

အခြေတည်အဆင့်သို့ တက်လှမ်းပြီးသည့်အခါ ဆူဇီမိုသည် ဖုန်ဟောက်ယွီသည် မဖြစ်မနေ မျက်နှာချင်းပြန်ဆိုင်ရဦးပေမည်။ ထိုအချိန်တွင် ဖုန်‌ဟောက်ယွီက ဘာတွေလုပ်၍ ဘာတွေဆက်ပြီး ကြံစည်ဦးမည်လဲ ဆူဇီမိုမပြောတတ်ပေ။

မည်သို့ပင်ဆိုစေ.. ဖုန်ဟောက်ယွီသည် ပြီးခဲ့သည်တစ်ခေါက်က ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့၏။ နောက်တစ်ကြိမ် သူပြန်လာသည့်အခါ ကိုင်တွယ်ဖို့က ပိုခက်ခဲလာပေလိမ့်မည်။

စိတ်ထဲမှ ထိုအတွေးများနှင့်ပင် ဆူဇီမိုသည် အခြေတည်ဆောက်ခြင်းဆေးလုံးကို မျိုချလိုက်၏။

၎င်းက သူ့ပါးစပ်ထဲတွင် ချက်ချင်း အရည်ပျော်သွားပြီး နွေးထွေးသော စွမ်းအင်စီးကြောင်းများက သူ့လည်ချောင်းမှတစ်ဆင့် ဒန်ထျန်ထဲသို့ ဆက်လက်စီးဝင်သွား၏။

‌ဆေးအာနိသင်၏ သက်‌ရောက်မှုအောက်တွင် ဆူဇီမိုသည် စိတ်ကို တည်ငြိမ်စေလိုက်ပြီး သူ့ဒန်ထျန်အတွင်းရှိ ချီပင်လယ်ကို စုစည်းလိုက်၏။ သူသည် စိတ်ပူပန်မှုလည်း ရှိမနေသလို၊ အလောတကြီးလည်း ရှိမနေပေ။

နာမည်အတိုင်းပင် အခြေတည်ဆောက်ခြင်း ဆိုသည်မှာ လူတစ်ယောက်၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရခြင်း ဖြစ်လေသည်။

ကြက်သွေးနီရောင် ချီပင်လယ်က အဆုံးမရှိ ကျစ်လစ်သိပ်သည်းလာပြီး အရွယ်အစားတစ်ခုအထိ လျော့ကျလာ၏။ အရွယ်အစားအားဖြင့်သာ သေးငယ်လာသော်လည်း ၎င်း၏ အော်ရာက တစ်ရိပ်ရိပ်ထိုးတက်လာပြီး စွမ်းအားကြီး၍ ကြောက်စရာကောင်းလာ၏။

အချိန်များက ဤသို့ဖြင့် မှန်မှန်လေး ကုန်ဆုံးနေ၏။

ဆူဇီမိုက အလောတန် ရှိမနေပေ။

ပုံမှန်ကျင့်ကြံသူများ အခြေတည်ဆောက်လျှင် အမြန်ဆုံးသူက နှစ်နာရီတောင် မကြာပေ။ အနှေးဆုံးသူကတော့ ငါးရက်လောက်အထိ ကြာတတ်၏။

သို့သော်လည်း ဆူဇီမိုလောက်တော့ မည်သူမျှ ပိုကြာနိုင်မည် မဟုတ်ပေ။

ရက်တစ်ရာတိတိ ကြာမြင့်ခဲ့ပြီးနောက် ဆူဇီမိုက စူးရှပြတ်သားတောက်ပနေသော သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူ့ဒန်ထျန်အတွင်းရှိ ချီပင်လယ်သည် နောက်ဆုံးပျောက်ကွယ်သွားပြီး ကြက်သွေးနီရောင်စိတ်ဝိညာဉ်အရည်အဖြစ်သို့ ပြောင်းလဲသွား၏။

ကြီးစွာသော ပြောင်းလဲမှုအဖြစ် သူ့စိတ်ဝိညာဉ်ချီက စိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ဖို့ ရက်တစ်ရာ ကြာမြင့်ခဲ့၏။

ဤရက်များသည် သာမန်ရက်တစ်ရာဟုသာ ထင်ရသော်လည်း ဤအချိန်အတိုင်းအတာအတွင်း ဆူဇီမိုသည် အခြားသူများအားလုံးထက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့၏။

ဤနေ့တွင် ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်းမှ ထွက်လာခဲ့ပြီး ဓါးပျံကို စီးနင်းကာ ပင်မတောင်ထွတ်သို့ ဦးတည်သွားလိုက်၏။

အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ပြီးနောက် ထိုသူသည် ပင်မတောင်ထွတ်တွင် အတွင်းစည်းအကဲဖြတ်ခြင်းကို ခံယူရပေမည်။ ၎င်းကို ဖြတ်ကျော်အောင်မြင်သွားသည်နှင့် ထိုသူက အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

All Chapters