← Chapters

တုန်လှုပ်သွားခြင်း

Vol. 11 Ch. 152

တုန်လှုပ်သွားခြင်း

Vol. 11 Ch. 152

အခန်း ၁၅၂ - တုန်လှုပ်သွားခြင်း

Translator – Than Toe Aung

အတွင်းစည်းအကဲဖြတ်ခြင်းက ရိုးရှင်းပါ၏။ ၎င်းက ထိုတပည့်၏ ဓါးပျံများအပေါ် ထိန်းချုပ်၊ ကိုင်တွယ်နိုင်စွမ်းနှင့် သူ၏ အခြေတည်ဆောက်ခြင်းက တည်ငြိမ်မှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးကြည့်ရုံမျှသာ ဖြစ်လေသည်။

စမ်းသပ်အကဲဖြတ်ခြင်း၌ တာဝန်ယူထားရသော အကြီးအကဲက ဆူဇီမိုကို မြင်သောအခါ မည်သည့်စမ်းသပ်အကဲဖြတ်မှုမျှ မလုပ်တော့ဘဲ သူ့အား အတွင်းစည်းဂိုဏ်းတံဆိပ်ပြားကို တန်းပေးလိုက်၏။

ဖက်တီးလေး၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်သည် ပင်မတောင်ထွတ်ကို လှည့်ပတ်သွားလာကာ အခြေချနေထိုင်ဖို့ သင့်လျော်မည့် လိုဏ်ဂူတိုက်ခန်းတစ်ခုကို ရှာဖွေလိုက်ကြ၏။

အားလုံး နေရာတစ်ကျ ဖြစ်သွားဖို့ နေ့ဝက်လောက် အချိန်ယူလိုက်ရ၏။

သိပ်မကြာမီမှာပင် ဆူဇီမိုသည် အတွင်းစည်းတပည့်ဖြစ်လာသည်ဟူသော သတင်းက အတွင်းစည်းဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်းသို့ ပြန်ပြီး ဆန်းကြယ်အခြေတည်ဆောက်ခြင်းပညာရပ်ကို တံခါးပိတ်ကျင့်ကြံတော့မည်ဟု ကြံရွယ်နေတုန်းမှာပင် လူတစ်အုပ်စုက သူတို့နှစ်ယောက်ရှိရာသို့ လျှောက်လာကြ၏။ သူတို့သည် သိပ်ပြီး ဖော်ရွေဟန်မရဘဲ လှောင်ရယ်မော၍ လာကြ၏။

ထိုလူအုပ်ကို ဦးဆောင်လာသူကား ယခင်စိတ်ဝိညာဉ်တောင်ထွတ်မှတပည့် စွန်းထောင်ပင် ဖြစ်၏။ ဆူဇီမို၏ လက်ပြန်တစ်ချက်ဖြင့် မှောက်အိပ်သွားခဲ့ရသောတစ်ယောက်ဖြစ်၏။

နှစ်ဝက်ကြာပြီးနောက် စွန်းထောင်သည်လည်း အစောပိုင်းအခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးပြီ ဖြစ်လေသည်။

အခြားသူများကတော့ မြင်တွေ့ဖူးသော မျက်နှာများ မဟုတ်ဘဲ ကျင့်ကြံမှုအဆင့် အမျိုးမျိုး ရှိကြ၏။ သူတို့ထဲတွင် နောက်ပိုင်းအခြေတည်အဆင့်ကျင့်ကြံသူများပင် ပါရှိ၏။

သူတို့က ဆူဇီမိုနှင့် ဖက်တီးလေးတို့ကို ဝိုင်းပတ်လိုက်ကြ၏။

ဖက်တီးလေးက အပြုံးနှင့်ပင် လက်သီးဆုပ်လေးစားဟန်ပြ၍ မေးလိုက်၏။

“စီနီယာအစ်ကိုတို့ .. ဘာများကိစ္စရှိလို့လဲဗျ”

“ဖက်တီးလေး.. ဖယ်ပေးစမ်း.. ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး”

စွန်းထောင်က အေးစက်စက် တစ်ချက်ငေါက်ငမ်းလိုက်ပြီး ဆူဇီမိုကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် သူက မျက်ခုံးပင့်ပြီး ပြောလိုက်၏။

“ဆူဇီမို.. စိတ်ဝိညာဉ်တောင်ထွတ်မှာတုန်းက မင်းငါ့ကို အလစ်ချောင်းပြီး တိုက်ခိုက်ခဲ့တာ မှတ်မိတယ်မလား.. ငါတို့ အဲ့ကိစ္စကို အခုထိ မကြေလည်ရသေးဘူး.. ငါက မင်းကို အသားမယူပါဘူး.. အခုတော့ မင်းလဲ အခြေတည်အဆင့်ကို ရောက်လာပြီဆိုတော့ အချိန်ကိုက်ပဲ.. ငါတို့ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်မှာ သွားပြီး တိုက်ကြတာပေါ့”

တစ်ကယ်တော့ သူတို့နှစ်ယောက်စလုံးသည် အစောပိုင်းအခြေတည်အဆင့်များပင် ဖြစ်ကြသော်လည်း တစ်ယောက်က ထိုအဆင့်သို့ ယခုမှ တက်လှမ်းလာကာစဖြစ်ပြီး အခြားတစ်ယောက်ကတော့ ထိုအဆင့်မှာ အထွတ်အထိပ်သို့ ရောက်နေလေပြီ။

ထို့အပြင် ဆူဇီမိုသည် ယခုမှ အတွင်းစည်းတပည့် ဖြစ်လာကာစဖြစ်ပြီး မည်သည် စိတ်ဝိညာဉ်တိုက်ကွက်ကိုမျှ မသင်ယူရသေးပေ။ စွန်းထောင်ကမူ အတွင်းစည်းတပည့်ဖြစ်လာခဲ့သည်မှာ လအနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါ စိတ်ဝိညာဉ်တိုက်ကွက်အချို့ကို သင်ယူထားပြီးပေပြီ။

၎င်းက မျှတလား၊ မမျှတလားဆိုတာ အားလုံး ပြောနိုင်ကြသော်လည်း တစ်ယောက်မျှ တစ်ခွန်းမျှ မဟကြပေ။

ဖက်တီးလေးက အမူအယာက ထူးဆန်းနေပြီး သူသည် စွန်းထောင်ကို သနားဂရုနာသက်ဖွယ် ကြည့်လိုက်၏။ သို့သော်လည်း သူသည် တစ်ခွန်းမျှ ဝင်မပြောပေ။

ဆူဇီမိုသည် စွန်းထောင်နှင့် ပတ်သတ်ပြီး အရေးလုပ်ချင်စိတ်မရှိဘဲ ခေါင်းသာခါပြလိုက်၏။

“ငါ စိတ်မဝင်စားသေးဘူး”

“ဟမ့်”

စွန်းထောင်သည် မှုန်ကုပ်သွားပြီး အော်ပြောလိုက်၏။

“ဆူဇီမို.. အဲ့ဒါကို မင်းရွေးချယ်လို့မရဘူး”

“အို့ ဟုတ်လား”

ဆူဇီမိုသည် သူ့မြင်ကွင်းကို ချုံ့၍ စွန်းထောင်ကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ရုတ်တရတ် ရယ်ချလိုက်၏။

“မင်းက ဘာကို ပြောချင်နေတာလဲ”

“ဆူဇီမို ဟန်ဆောင်မနေနဲ့တော့”

ဘေးမှ တပည့်တစ်ယောက်က ဝင်အော်လိုက်၏။

“လင်းဖုန်းမြို့မှာတုန်းက စီနီယာအစ်ကိုလူနဲ့ကွမ်အတွက် မင်းက အနှောင့်အယှက် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့တာပဲ.. အဲ့တုန်းက မင်းက ချီစုဖွဲ့အဆင့်ပဲ ရှိသေးတာကိုး.. မင်းကို ငဲ့နေရလို့သာမဟုတ်ရင် သူတို့က အခုလို သေခဲ့ရမှာ မဟုတ်ဘူးကွ”

“မင်းတို့က ဘာသိလို့ ပေါက်တတ်ကရတွေ လျှောက်ပြောနေရတာတုန်း” ဖက်တီးလေးက ဒီအတိုင်း မနေနိုင်တော့ဘဲ ခွန်းတုံ့ပြန်အော်လိုက်၏။

စိတ်ဝိညာဉ်သတ္တုတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို သူတို့မသိကြသော်လည်း သူကား ကောင်းကောင်းသိရှိခဲ့၏။

သူတို့ထဲက တစ်ယောက်က လှောင်ရယ်လိုက်၏။

“အဲ့တုန်းက ဖြစ်စဉ်ကို မင်းတို့က ပြန်မပြောကြပေမယ့်လို့.. ငါတို့အားလုံး အကြမ်းဖျင်းတော့ သိထားကြပြီးသားပါကွာ.. ဆူဇီမိုက စီနီယာအစ်ကိုနှစ်ယောက်အတွက် အရှုပ်ထုပ်ဖြစ်ခဲ့တာပဲ”

ဆူဇီမိုက သူတို့၏ မဟုတ်တမ်းတရားစွပ်စွဲချက်များကို နားထောင်ရင် အမူအယာကင်းမဲ့နေ၏။

၎င်းသည် ယုတ္တိယုတ္တာမရှိသော ကောက်နုတ်ချက်များမှ ထွက်ပေါ်လာခဲ့သော အချက်အလက်မဲ့သည့် ကောလာဟလများ ဖြစ်၏။ ၎င်းက ရယ်စရာကောင်းသော်လည်း များစွာသော အတွင်းစည်းတပည့်များက ၎င်းကို လက်ခံထားကြ၏။

ကောလာဟလများက ကြိမ်ဖန်များစွာ ပြန့်ပွားလာသောအခါ အချက်အလက်များ ဖြစ်လာခဲ့၏။ ထိုကောလာဟလကို တစ်စုံတစ်ယောက်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခဲ့တာ ဖြစ်ရမည်ဟု ဆူဇီမို ယုံကြည်လေသည်။

စွန်းထောင်က အေးစက်စွာ နှာမှုတ်လိုက်၏။

“ဆူဇီမို.. ဒီနေ့ မင်း ငါ့ရဲ့စိန်ခေါ်မှုကို ငြင်းခဲ့ရင်တောင်.. နောက်ထပ်တပည့်တွေက တစ်ယောက်ပြီးတစ်ယောက် မင်းကိုလာပြီး စိန်ခေါ်နေဦးမှာပဲ.. စီနီယာအစ်ကိုနှစ်ယောက်ရဲ့ မျက်နှာအတွက်ပေါ့.. ဟမ့်.. မင်း ဒီနေ့ကစပြီး အေးအေးချမ်းချမ်း ကျင့်ကြံနိုင်တော့မယ် ထင်လို့လား”

မပြောင်းမလဲသော အမူအယာနှင့်ပင် ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ... အဲ့လိုဆိုတော့လဲ စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်ကို အခု သွားကြတာပေါ့”

ဆူဇီမို၏ မထီမဲ့မြင် ပေါ့ပါးအေးဆေးသော လေသံကို ကြားရသောအခါ စွန်းထောင်သည် ဘာကြောင့်ရယ်မသိ စိတ်ထဲတွင် လေးလံလာ၏။

ဘာပဲပြောပြော ချီစုဖွဲ့မှုအဆင့်မှာကတည်းက ဆူဇီမိုသည် ဖုန်ဟောက်ယွီကို အနိုင်ယူထားခဲ့ဖူး၏။

ယခုသူသည် အခြေတည်အဆင့်သို့ ရောက်လာပြီဖြစ်သောကြောင့် အရင်ကထက် ပိုသန်မာလာလေလိမ့်မည်။

သို့သော်လည်း စွန်းထောင်သည် နောက်တစ်မျိုး ပြန်တွေးလိုက်၏။ ယခု လောလောလတ်လတ်လေးမှ အတွင်းစည်းဂိုဏ်းသို့ ရောက်လာပြီး စိတ်ဝိညာဉ်တိုက်ကွက်များကို တစ်ခုမျှ မသင်ယူရသေးသော ဆူဇီမိုက သူ့ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

စွန်းထောင်၏စိတ်ထဲ အတွေးရိုင်းများ ကဆုန်ပေါက်နေစဉ်မှာပင် သူတို့အားလုံးသည် ပင်မတောင်ထွတ်၏ စိတ်ဝိညာဉ်ပြိုင်ပွဲစင်သို့ ရောက်လာခဲ့ကြ၏။

ဆူဇီမိုသည် တည်ငြိမ်ဣန္ဒြေရစွာနှင့်ပင် စင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားလိုက်၏။

စွန်းထောင်သည် သူ၏ ဓါးပျံကို ဝေ့ယမ်းကစားလိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်လိုက်၏။ သူသည် ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိတ်စည်းတစ်ခုကို ပုံ‌ဖော်လိုက်သောအခါ သူ့လက်ချောင်းထိပ်များမှ စိတ်ဝိညာဉ်စွမ်းအင်များက လှိုင်းတွန့်ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုက ရုပ်လုံးပေါ်လာ၏။

“ဟဟား.. ဒီနေ့တော့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ယူရတော့မှာပဲ” စွန်းထောင်က သူ၏စိတ်ဝိညာဉ်တိုက်ကွက်ကို ဖော်ထုတ်ရင်း သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီးနောက် အားရရွှင်ပျစွာနှင့် ရယ်ချလိုက်၏။

ဆူဇီမို၏ အမူအယာက မပြောင်းမလဲဘဲ ပေါ့ပေါ့ပါးပါးနှင့်ပင် ပြောလိုက်၏။

“စွန်းထောင် ငါမင်းကို ပထမတစ်ခါ မှောက်သိပ်နိုင်မှတော့.. ဒုတိယတစ်ခါလဲ ငါထပ်လုပ်ပြနိုင်တာပေါ့”

“ဘုန်း!”

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုသည် မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

သူတို့နှစ်ယောက်ကြားတွင် နောက်ချန်ပုံရိပ်များက တစ်ဖျတ်ဖျတ် ပေါ်လာပြီးနောက် မျက်တစ်မှိတ်အတွင်းမှာပင် ဆူဇီမိုသည် စွန်းထောင်၏ရှေ့မှောက်သို့ ရောက်ချလာခဲ့၏။

သူသည် မည်သည့် စိတ်ဝိညာဉ်လက်နက်ရော၊ စွမ်းအင်ကိုပါ မသုံးခဲ့ပေ။ သူ၏ ပကတိ ကိုယ်ကာယခွန်အားသက်သက်ကိုသာ ထုတ်‌ဖော်လိုက်၏။

ပြင်းထန်အားကောင်းသောအော်ရာက ဝုန်းကနဲ ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်၌ စွန်းထောင်သည် ရှေးဦးသားရဲတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့နေရသလို ခံစားလိုက်ရ၏။

ယခုအခါ သူသည် သိပ်ပြီးစဉ်းစားတွေးတောနေချိန်မရဘဲ သူ၏ ဘယ်ဘက်လက်က စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်၊ ညာဘက်လက်က ဓါးပျံကို ထိန်းချုပ်လိုက်ပြီး ရှေ့သို့ ထိုးသွင်းလိုက်၏။

သူတို့နှစ်ယောက်က နီးကပ်နေပြီဖြစ်သောကြောင့် တစ်ကူးတစ်က ချိန်ရွယ်နေစရာပင် မလိုတော့ပေ။

ဘန်း! ဘုန်း! ဘုန်း!

စွန်း‌ထောင်၏နားထဲတွင် ဆူနာမီရေလှိုင်းများ ထိုးတက်လာသလို အသံများကို ရုတ်တရတ် တုန်လှုပ်ဖွယ်ရာ ကြားလိုက်ရ၏။

ဆူဇီမို၏ မျက်လုံးများက ဝင်းလက်လာ၏။ သူ၏ သွေးစွမ်းအားက ထွက်ပေါ်လာပေပြီ။

သာမန်ထိုးချက်တစ်ချက်နှင့်ပင် ဆူဇီမို၏ စွန်းထောင်ကို စိတ်ဝိညာဉ်တိုက်ကွက်ကို ချေဖျက်လိုက်၏။

ထို့နောက် သူသည် ဝင်လာသောဓါးကို ဘေးဘက်သို့ ခြေရွှေ့၍ ရှောင်လိုက်ပြီး စွန်း‌ထောင်၏ မျက်နှာကို အညှာအတာမဲ့စွာဖြင့် လက်ပြန်ရိုက်ချလိုက်၏။

ဤအရာသည် ယခင်က စိတ်ဝိညာဉ်တောင်ထွတ်မှာတုန်းက သူလုပ်ခဲ့သလို တူညီသော ရိုက်ချက်ဖြစ်၏။

ဖုန်း!

စွန်းထောင်သည် မြေပေါ်သို့ ခေါင်းနှင့်အရင် ပြုတ်ကျသွားပြီး သွေးများက ထွက်ပေါ်လာကာ နေရာမှာပင် သတိလစ်သွားလေ၏။

၎င်းက လွန်စွာ မြန်လွန်းလှ၏။

စွန်းထောင်သည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်သို့ တက်သွားပြီး ဘယ်လောက်မျှ မကြာသေးမီမှာပင် ဤမျှလောက်မြန်မြန် အောက်သို့ ပြန်ပြုတ်ကျလာလိမ့်မည်ဟု အောက်ကနေ ကြည့်နေကြသော အတွင်းစည်းတပည့်များက ထင်မထားမိကြပေ။

နေရာမှာပင် ကြောင်အနေကြပြီး သူတို့သည် ဖြစ်ပျက်ခဲ့သမျှကို အခုထိ လက်မခံနိုင်ကြသေးပေ။

ဆူဇီမိုသည် ရုတ်တရတ် အတွင်းစည်းတပည့်များဘက်သို့ လှည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“မကျေနပ်သေးတဲ့ကောင်ရှိရင် အကုန်လုံး အတူတက်လာခဲ့ကြ.. တစ်ခါတည်း ပြီးသွားအောင်လို့”

လူအုပ်ကြီးသည် အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားကြ၏။

နောက်တစ်ခဏ၌ အတွင်းစည်းတစ်တပည့်များသည် ဒေါသူပုန်ထလာကြပြီး အော်ဟစ်လိုက်ကြ၏။

“မိုက်ရိုင်းလိုက်တာ”

“တော်တော်လေကြီးတဲ့ကောင်”

“အဲ့ဆူဇီမိုက သူ့ကိုယ်သူ ဘာထင်နေတာလဲကွ”

“သူက လူတိုင်းက ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား”

အတွင်းစည်းတပည့်များအားလုံးသည် သူတို့လူငယ်ဘဝ၏ အထွတ်အထိပ်အချိန်မှာ ဖြစ်ကြ၏။ ယခုမှ အတွင်းစည်းတပည့်ဖြစ်လာကာစဖြစ်သော တပည့်တစ်ယောက်က ဤသို့ လေကြီးစော်ကားသည်ကို သူတို့သည် မည်သို့ သည်းခံနိုင်ပါမည်နည်း။

ဖက်တီးလေးက တစ်ခုခုကြောင့် စိတ်ရှုပ်ထွေးသွားသလို မျက်မှောင်ကြုတ်လိုက်၏။

တစ်ကယ်တော့ စွန်းထောင်ပြောတာကို နားထောင်ပြီးနောက်.. ဤကိစ္စ၏ နောက်ကွယ်၌ ပုန်းကွယ်အကွက်ချကြံစည်နေသော သူ့ရန်သူတစ်ယောက် ရှိနေတာကို ဆူဇီမိုသည် နားလည်လိုက်၏။

မည်သို့ပင်ဖြစ်စေ သူသည် ဤစိန်ခေါ်မှုကို လက်ခံရပေမည်။

စွန်းထောင်ပြောသလိုပင် သူသည် ဤနေ့ပြဿနာကို ကြေလည်အောင် မဖြေရှင်းနိုင်ပါက နောက်တွင်လည်း သူသည် စိတ်အေးသက်သာစွာ ကျင့်ကြံလေ့ကျင့်နိုင်တော့မည် မဟုတ်ပေ။

ယခုစိန်ခေါ်ပွဲတွင် သူသည် စွန်းထောင်တို့အုပ်စုကို တုန်လှုပ်သွားစေရုံသာမက အမှောင်ထဲက အကွက်ချကြံစည်နေသူကိုပါ တုန်လှုပ်သွားအောင် လုပ်ရပေမည်။

ဤသို့ဖြင့် သူသည် စွန်းထောင်တို့အုပ်စုကိုသာ အလဲထိုးနိုင်ရုံတင်မဟုတ်ဘဲ သူ၏ တစ်ကယ့် ခွန်အားအမှန်ကို ထုတ်ပြကာ အားလုံးကိုပါ အံ့သြတုန်လှုပ်လက်မှိုင်ချသွားစေရမည် ဖြစ်လေသည်။

All Chapters