ရတနာကောင်းကင် လေလံအိမ်တော်
Vol. 11 Ch. 153
အခန်း ၁၅၃ - ရတနာကောင်းကင် လေလံအိမ်တော်
များစွာသော တပည့်များသည် ဒေါသူပုန်ထသွားကြသော်လည်း သူတို့သည် ဆင်ခြင်တုံတရားတော့ ရှိသေးသောကြောင့် အုပ်စုလိုက်အတူတကွတော့ စင်ပေါ်ကို ပြေးတက်မသွားကြပေ။
အလယ်အလတ်အခြေတည်အဆင့် တစ်ယောက်က အေးစက်စွာ ငေါက်ငမ်းလိုက်ရင်း စိတ်ဝိညာဉ်ပြိုင်ပွဲပေါ်သို့ ဦးစွာပထမ စတင်တက်ရောက်လိုက်၏။
"ဂျူနီယာညီလေးဆူ မင်းဘာလို့ အဲ့လောက်တောင်မောက်မာ..."
ထိုလူက သူ့စကားကိုတောင် ဆုံးအောင်မပြောရသေးခင် ဆူဇီမိုက သူ့ရှေ့သို့ ခြေနှစ်လှမ်းတည်းဖြင့် ရောက်ချလာ၏။ မည်သည့်စကားမျှ မပြောဘဲနှင့် ဆူဇီမိုသည် စက်၀န်းသဏ္ဌာန် လက်ကို လွှဲယမ်းလိုက်၏။
ဧရာမလက်ဝါးကြီး ကောင်းကင်က ပြုတ်ကျသလို ထိုးနှက်ချက်က အားပါပြင်းထန်လှ၏။
"အား!"
ထိုလူက စူးကနဲ့တစ်ချက်အော်လိုက်ပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်၏။
ဆူဇီမို၏လက်သီးက အဆောင်၏ အကာအရံအလွှာပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ၎င်းကို သည်းထန်စွာ တုန်ခါသွားစေ၏။ ထို့နောက် ကြောက်ရွံ့ထိတ်လန့်စရာအသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ချပ်! ချပ်! ချပ်!
အကာအရံအလင်းအိမ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး မှိတ်လိုက်လင်းလိုက်ဖြစ်လာ၏။
အဆင့်၂ ကာကွယ်ရေးအဆောင်က ဆူဇီမို၏ လက်သီးတစ်ချက်တည်းဖြင့် ပျက်ဆီးသွားရပေပြီ။
ထိုလူက လိပ်ပြာလွင့်မတတ် ထိတ်လန့်သွား၏။ ဆူဇီမိုဆက်လက်ထိုးနှက်လာမှာကို စောင့်ဆိုင်းမနေရဲတော့ဘဲ သူသည် စိတ်ဝိညာဉ်ပြိုင်ပွဲစင်ပေါ်ကနေ အထိတ်ထိတ် အလန့်လန့်ဖြင့် ကပျာကယာ ခုန်ချလိုက်၏။ သူပုံစံက သင်းကွဲလာသော ခွေးတစ်ကောင်လို ဖြစ်နေ၏။
နောက်ထပ် အတွင်းစည်းတပည့်တစ်ယောက်က အံကိုကြိတ်လိုက်ပြီး သူ့ဓါးပျံကို အဆင်သင့်အနေအထား ပြင်ထားကာ ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်လိုက်၏။
သူ့ဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက တစ်လက်လက် တောက်ပနေ၏။ ၎င်းကား အလယ်အလတ်အဆင့်ဓါးပျံပင် ဖြစ်လေ၏။
ထိုလူက လက်ဟန်အချိတ်အပိတ်တစ်ခုကို ပုံဖော်လိုက်ပြီး ဆူဇီမို၏ ခြေထောက်အောက်သို့ ညွှန်လိုက်၏။
ရုတ်တရတ်ဆိုသလို မြွေများကဲ့သို့ တုတ်ခိုင်မာသည့် နွယ်ပင်များက ဆူဇီမို ခြေသလုံးထက်သို့ ရစ်ပတ်တွယ်တက်လာကြ၏။
ထိုလူက ဓါးပျံပစ်လွှတ်ခြင်းနှင့် စိတ်ဝိညာဉ်တိုက်ကွက်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။ တိုက်ကွက်နှစ်ခုက လုံး၀ လိုက်လျောညီထွေ ရှိနေ၏။
အခြားသူများသာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည့်အတွက် ၀င်ရောက်လာသော ဓါးပျံကို ရှောင်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ မျိူးဆက်သွေးက အလွန်တရာ အားကောင်းလှ၏။
တိုက်ခိုက်သူက နောက်ပိုင်းအခြေတည်အဆင့် မဟုတ်သရွေ့ မည်သူကမျှ သူကို ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။
ဘန်း! ဘုန်း! ဘုန်း!
ဆူဇီမို၏ ကိုယ်တွင်းရှိ သွေးများသည် ရုန်းကြွလာပြီး လျှပ်စီးကြောင်းများက လင်းလက်လာ၏။ သူ့ကိုယ်ထဲမှ ထွက်ပေါ်လာသော လျှပ်စစ်ဓါတ်များက နွယ်ပင်များကို ဘာမျှ မကျန်အောင် လောင်ကျွမ်းပစ်လိုက်၏။
ရွှိတ်!
တစ်ချိန်တည်းမှာပင် ဓါးပျံက ဆူဇီမို၏ နဖူးတည့်တည့်သို့ ပစ်၀င်လာ၏။
ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဆူဇီမိုက လုံး၀မရှောင်ပေ။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ၀င်ရောက်လာသောဓါးပျံကို နွားလျှာတစ်ခုလို ညင်သာစွာ ရစ်ပတ်လိုက်၏။
ဓါးပျံက ဆူဇီမို၏ လက်ထဲသို့ အသာတကြည် ပါသွား၏။
ဆူဇီမို၏ လက်ထဲတွင် ၎င်းက သိုးမွှေးစလေးလို ဖြစ်နေ၏။
အောက်မှာရှိသော အတွင်းစည်းတပည့်များသည် မျက်လုံးအပြူးသား၊ ပါးစပ်အပြဲသား ဖြစ်ကုန်ကြ၏။
ဤနည်းလမ်းမျိုးက သူတို့၏ စဉ်းစားနိုင်စွမ်းကို ကျော်လွန်သွားလေပြီ။
ကျင့်ကြံသူများသည် မော်တယ်များလက်ထဲက ဓါးကို အသာတကြည် လက်ချည်းသက်သက်ဖြင့် ဆွဲယူနိုင်ကြ၏။
သို့သော်လည်း သူတို့ထဲက မည်သူမျှ အခြေတည်အဆင့်တစ်ယောက်၏ ဓါးပျံကို လက်ချည်းသက်သက် မဖမ်းရဲကြပေ။
"အားလုံးပဲ အကုန်ပေါင်းတိုက်ကြရအောင်ဟေ့!"
လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရတ် ထအော်လိုက်၏။
အောက်မှာရှိသော တပည့်ဆယ်ယောက်ကျော်သည် စိတ်ဝိညယဉ်ပြိုင်ပွဲစင်ထက်သို့ သွေးပူစွာဖြင့် ခုန်တက်သွားကြ၏။
"ဒီလိုမှပေါ့!"
ဆူဇီမို အားရပါးရ ရယ်မောလိုက်၏။ သူသည် ခြေလှမ်းအနည်းငယ်မျှနှင့် လူအုပ်ကြီးထဲသို့ ဆောင့်နင်း၀င်ချသွား၏။ သူ့သွေးစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ ပြိုင်ဘက်ကင်းခွန်အားနှင့် အားမာန်ပြင်းထန်လှသည့် လက်သီးထိုးချက်များအောက်တွင် အားလုံးသည် ၀ရုန်းသုန်းကား ပစ်လဲကျကုန်၏။
ဘန်း! ဘုန်း! ဖုန်း!
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အသွေးအသား၊ အရိုးချင်း ရိုက်ခတ်သံများက ဆက်တိုက်ထွက်ပေါ်လာကာ တစ်ယောက်ပြီးတစ်ယောက် စင်အောက်သို့ ပြုတ်ကျကုန်၏။
တစ်ချို့ဆို ယခုမှ ပြိုင်ပွဲစင်ပေါ်ကို ရောက်ရုံရှိသေးသည်၊ ခြေပင်ကောင်းကောင်းမရပ်ရသေးခင်မှာပင် ဆူဇီမိုလက်ချက်ဖြင့် အောက်သို့ လွင့်ပျံပြုတ်ကျကုန်၏။
တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဉ်ပြိုင်ပွဲစင်၏ အပေါ်နှင့်အောက်တွင် ခန္ဓာကိုယ်များက ပြန့်ကျဲပစ်လဲကျကုန်၏။
သူတို့သည် တစ်ဖက်သတ်ကို ရှုံးနိမ့်သွားရ၏။
ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေကြသော ကျင့်ကြံသူသုံးယောက်ရှိ၏။ သူတို့၏ ဂိုဏ်းတံဆိပ်ပြားများအရ အတွင်းစည်းတပည့်များပင် ဖြစ်ကြ၏။ သို့သော်လည်း သူတို့၏အော်ရာက အခြားသူများနှင့်မတူဘဲ သိသာထင်ရှားစွား ထူးခြားသာလွန်နေ၏။
"အဲ့ဒါ ဆူဇီမိုပဲ.. ပြီးခဲ့တဲ့နှစ်က တောင်ထွတ်လေးခုရဲ့ နံပါတ်တစ်ပေါ့"
"သူ့ရဲ့ အနီးကပ်တိုက်ခိုက်ရည်က တစ်ကယ့်ချီးကျူးချင်စရာပဲ.. ဒါပေမယ့်လဲ အဲ့ဒါက တစ်ကယ့်တိုက်ပွဲတွေမှာ ပြောပလောက်အောင်လဲ မဟုတ်ပါဘူးလေ"
"ဒါပေါ့ ငါတို့နဲ့ ရင်ဆိုင်ရရင် သူ့ခမျာ အနားကပ်ဖို့တောင် အခွင့်ရလိုက်မှာ မဟုတ်ဘူး" အခြားတစ်ယောက်က ရယ်မောပြောဆိုလိုက်၏။
"ငါကြားတာတော့ ပြီးခဲ့တဲ့နှစ်က ဂိုဏ်းကို ၀င်လာကြတဲ့တပည့်တွေထဲမှာ တစ်ချို့က အတော်လေးကို ပါရမီအလားအလာ ကောင်းကြတယ်ဆိုပဲ.. ဆူဇီမိုအပြင် အဲ့မှာ ဖုန်ဟောက်ယွီနဲ့ အချောလေးလမ့်ရိုတို့လဲ ရှိသေးတယ်"
"ဒါပေါ့ သူတို့သုံးယောက်ကလဲ နောက်ဆို ငါတို့လဲ အမွေခံတပည့်ဖြစ်လာမှာပဲ"
"ဒါက နောက်မှပါ.. အခုလောလောဆယ်တော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက်ပဲ ငါတို့ ပြင်ဆင်လေ့ကျင့်ကြတာပေါ့"
...
ဖုန်ဟောက်ယွီက ဖြစ်ပျက်ခဲ့သမျှ အမူအယာမဲ့စွာ ကြည့်နေခဲ့ပြီးနောက် သူ့လိုဏ်ဂူတိုက်ခန်းသို့ ပြန်လာခဲ့၏။
သူသည် အထဲသို့ ၀င်လာကာ တံခါးပိတ်လိုက်ပြီးနောက် ဖုန်ဟေက်ယွီသည် တစ်စုံတစ်ရာကို အာရုံခံလိုက်သည့်အလား သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
"အဲ့ကောင်လေးရဲ့ နည်းစနစ်တွေ တစ်ကယ်လန့်ချင်စရာပဲ၊ လင်းဖုန်းမြို့မှာတုန်းက သူ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ အခြေတည်အဆင့် သုံးဆယ်ကျော်ရှိတယ်.. အဲ့ထဲမှာ နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်တောင် ပါသေးတယ်"
အက်ကွဲကွဲအသံကြီးကို ရုတ်တရတ် ကြားလိုက်ရ၏။ ၎င်းသည် သူ့အခန်း၏ နံရံထောင့်တစ်နေရာရှိ အနက်ရောင်ပုံရိပ်မှ ထွက်လာခြင်းဖြစ်၏။
ဖုန်ဟောက်ယွီသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
လင်းဖုန်းမြို့တွင် ဖြစ်ပျက်ခဲ့သမျှကို ဂိုဏ်းသားများထဲမှ မည်သူမျှ မသိခဲ့ကြပေ။ အင်အားအကူပေးဖို့ သွားခဲ့ကြသော တောင်ထွတ်သခင်ငါးယောက်နှင့် အကြီးအကဲအချို့သာ ထိုအကြောင်းကို သိကြ၏။
ဖုန်ဟောက်ယွီက ပြောလိုက်၏။
"စီနီယာပြောပုံအရဆို ကျုပ်ရဲ့ လက်ရှိ အစွမ်းအစနဲ့ သူ့ကို ကိုင်တွယ်ဖို့ မဖြစ်နိုင်သေးဘူးပေါ့ အဲ့လိုလား၊ နောက်ပြီး ကျုပ်က ဂိုဏ်းထဲမှာ အဲ့ဆူဇီမိုကို သတ်လို့မရနိုင်ဘူးပေါ့"
"ဂိုဏ်းရဲ့ အဓိက လျှို့ဝှက်ပညာရပ်သုံးခုကို မင်းသင်ပြီးပြီလား" အက်ကွဲကွဲ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
"ဟုတ်ကဲ့"
ဖုန်ဟောက်ယွီက ခေါင်းညိတ်ပြလိုက်၏။
ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုကို ရရှိဖို့က သူ၏ အဓိကမစ်ရှင်ဖြစ်၏။
"ငါ့ကို ရေးပေးစမ်း"
"မရဘူး" ဖုန်ဟောက်ယွီက ခေါင်းခါလိုက်၏။
"ဟုတ်လား!"
အနက်ရောင်ပုံရိပ်၏ လေသံက ပြောင်းလဲသွား၏။ ချက်ချင်းဆိုသလို.. လိုဏ်ဂူတိုက်ခန်းထဲရှိလေထုက တင်းမာခက်ထန်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။
"မဟုတ်ဘူးလေ၊ လျှို့ဝှက်ပညာရပ်တွေကို မသင်ခင်.. အဲ့ပညာရပ်ကို ဘယ်သူ့ကိုမှ ထပ်ဆင့်မဖြန့်ဝေပါဘူးလို့ လင်းယွမ်က ကျုပ်ကို သစ္စာကျိန်ဆိုခိုင်းထားတယ်" ဖုန်ဟေက်ယွီက ကြိုးစားရှင်းပြလိုက်၏။
"ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး"
လိုဏ်ဂူတိုက်ခန်းက တိတ်ဆိတ်ငြိမ်သက်သွား၏။
တစ်ခဏကြာပြီးနောက် အနက်ရောင်ပုံရိပ်က ခြောက်ကပ်စွာ ရယ်ချလိုက်၏။
"ဟမ်း ဟမ့်.. ဘယ်သူ့ကိုမှ ထပ်မဖြန့်ပေးရဘူးတဲ့လား.. ဟင်းဟင်း.. ဆန်းကြယ်တောင်ထွတ်က ဘယ်လောက်ထိ တောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့.. အချိန်ကျလာတဲ့အခါ အဲ့ဒီပညာရပ်သုံးခုကို ငါကိုယ်တိုင်လာယူပြမယ်"
"ဆူဇီမိုနဲ့ အမွေခံတပည့်သုံးယောက်ကိုရော ဘယ်လိုလုပ်မလဲ" ဖုန်ဟေယက်ယွီက ထပ်မေးလိုက်၏။
"ဆူဇီမိုက ထိန်းချုပ်လို့ ရသေးတယ်.. ဒါပေမယ့် ဟိုအမွေခံတပည့်သုံးယောက်က အားအားနေ တံခါးပိတ်ကျင့်ကြံနေကြတာ.. သူတို့ကို ရိုက်ချဖို့ အခွင့်အရေးကရမှာ မဟုတ်ဘူး"
အနက်ရောင်ပုံရိပ်က အမိန့်ပေးလိုက်၏။
"ရန်သူကို သတိထားမိသွားအောင် နမော်နမဲ့လျှောက်မလုပ်နဲ့.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲမတိုင်ခင် သူတို့လေးယောက်စလုံးကို တစ်ခါတည်းအပြတ်ရှင်းနိုင်ဖို့ ငါတို့ အခွင့်အရေးရှာရမယ်.. ဟမ့် အဲ့ကျမှ ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် ဆန်းကြယ်ဂိုဏ်းက ဘယ်သူတွေကို လွှတ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
အေးစက်စက်လေများက တိုက်ခတ်လာပြီးနောက် အနက်ရောင်ပုံရိပ်သည် ဖုန်ဟောက်ယွီ၏ တိုက်ခန်းထဲမှ ပျောက်ကွယ်သွား၏။
...
ဆူဇီမို ထင်သည့်အတိုင်းပင် ထိုတိုက်ပွဲပြီးနောက် မည်သည့်အတွင်းစည်းတပည့်မျှ သူ့ကို လာစိန်မခါ်ကြတော့ပေ။
နောက်နှစ်လကြာသည့်အထိ သူသည် တံခါးပိတ်ကျင့်ကြံလိုက်ရင်း စိတ်ဝိညာဉ်ကျောက်တုံးများကို အဆက်မပြတ် စုပ်ယူလိုက်၏။ သူသည် ဆန်းကြယ်အခြေတည်ဆောက်ခြင်းကို ကျင့်ကြံရင်း သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နေလိုက်၏။
နှစ်လကြာပြီးနောက် နှစ်တစ်နှစ်က ကုန်ခါနီးအချိန်သို့ ရောက်လာ၏။
ယခုအခါ ဆူဇီမိုသည် အစောပိုင်းအခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ သူသည် အလေးအနက် စဉ်းစားလိုက်ပြီးနောက် ဂိုဏ်းအပြင်သို့ စိတ်ပြေလက်ပျောက် ခဏထွက်ဖို့ စဉ်းစားလိုက်၏။
ဤခရီးစဉ် အဓိက ရည်ရွယ်ချက်မှာ သူ၏ လက်နက်သွန်းလုပ်ခြင်းကို တစ်ဆင့်မြှင့်တင်ဖို့အတွက် လျှို့ဝှက်ပညာရပ်တစ်ခုလောက် ရှာဖွေရန်ဖြစ်၏။ ထိုကဲ့သို့သော ပညာရပ်ကျမ်းတစ်ခုလောက်မရှိပါက ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်းကျွမ်းကျင်မှုက ထပ်မံတိုးတက်လာဖို့ မဖြစ်နိုင်တော့ပေ။
ထိုအခါ သူ့ကျင့်ကြံမှုအဆင့်က မည်မျှပင် မြင့်လာသော်လည်း ဓါး၀င်္ကပါကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိပါက သူ့တိုက်ခိုက်ရည်၏ ထက်၀က်က ပျောက်ဆုံးနေပေလိမ့်မည်။
မည်သူ့ကိုမျှ အသိပေးခြင်းမရှိဘဲ ဆူဇီမိုက တိတ်တိတ်လေး ထွက်လာခဲ့လိုက်၏။
သူသွားရောက်မည့်နေရာက ချီယွီမြို့ဟုခေါ်သော နေရာတစ်ခုဖြစ်၏။ ၎င်းသည် မဟာကျိုးအင်ပါယာအတွင်းရှိ အရေးပါသောမြို့တစ်မြို့ဖြစ်ပြီး ထိုမြို့တွင် ရတနာကောင်းကင်လေလံအိမ်တော်ရှိ၏။
ထုံးစံအတိုင်းဆိုလျှင် မြို့တစ်မြို့တွင် ကျင့်ကြံသူများ စုဝေးလာသည်နှင့်အမျှ အဆိုပါမြို့တွင် ရတနာ့ကောင်းကင်အရောင်းပြခန်းတစ်ခုက ရောက်ရှိဖွင့်လှစ်လာမည်သာဖြစ်၏။
သို့သော်လည်း ရတနာ့ကောင်းကင်လေလံအိမ်တော်ကတော့ မဟာကျိုးအင်ပါယာတစ်ခုလုံးတွင်ပင် သိပ်ပြီးများများစားစား မရှိလှပေ။ ချီယွီမြို့က ဆန်းကြယ်တောင်ထွတ်နှင့်လည်း အနီးဆုံးမြို့တစ်မြို့ဖြစ်၏။
သူသည် ရတနာ့ကောင်းကင်လေလံအိမ်တော်တွင် ကံသွားစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
လင်းဖုန်းမြို့အပြင်က တိုက်ပွဲတွင် သူသည် စိတ်ဝိညာဉ်ကျောက်တုံး အတော်များများကို ရရှိလိုက်၏။ ၎င်းတို့ကို ယခုအခါ အသုံးချရပေတော့မည်။