← Chapters

စစ်မှန်သော တံဆိပ်ပြား

Vol. 11 Ch. 154

စစ်မှန်သော တံဆိပ်ပြား

Vol. 11 Ch. 154

အခန်း ၁၅၄ - စစ်မှန်သော တံဆိပ်ပြား

ခပ်လှမ်းလှမ်း အပေါ်စီးမှ မြင်နေရသော မြို့ကြီးက ကြောက်စရာကောင်းလောက်အောင် ကြီးမားကျယ်၀န်းစည်ကားလှ၏။ နှိုင်းယန်ကြည့်လျှင် ယန်တိုင်းပြည်ပင် မှေးမှိန်သွားရ၏။

သို့သော် ၎င်းသည် အင်ပါယာအတွင်းရှိ မြို့တစ်မြို့မျှသာဖြစ်၏။ ထို့ကြောင့် မဟာကျိုးအင်ပါယာ၏ မြို့တော်သာဆိုလျှင် မည်မျှကြီးမားကျယ်၀န်း၍ ခမ်းနားတင့်တယ်လိုက်မလဲ စဉ်းစားကြည့်နိုင်၏။

လမ်းတစ်လျှောက်တွင်.. ချီယွီမြို့သို့ နီးကပ်လာလေလေ၊ တွေ့မြင်ရသော ကျင့်ကြံသူများ၏ အရေအတွက်ကလည်း ပိုများလာလေဖြစ်၏။

ယန်တိုင်းပြည်၏ မြို့တော်တွင် ချီစုဖွဲ့စစ်သည်တော်များကိုသာ အများဆုံးတွေ့ရ၏။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ရဖို့ဆိုသည်မှာ လွန်စွာခဲယဉ်း၏။

သို့သော်လည်း ချီယွီမြို့တွင် အများဆုံးတွေ့မြင်ရသည်မှာ အခြေတည်အဆင့်များဖြစ်ကြ၏။ ဓါးပျံများစီးနင်း၍ မြို့ထဲသို့၊ မြို့ထဲမှ ၀င်ထွက်သွားလာနေကြသည်မှာ အဆက်မပြတ်ဖြစ်၏။ မည်သည့်အထောက်အပံ့ပစ္စည်းမျှ မပါရှိဘဲ လေထဲတွင် လွတ်လပ်စွာ ပျံသန်းသွားလာနေကြသော ရွှေအူတိုင်အဆင့်များကိုပင် ရံဖန်ရံခါ တွေ့ရတတ်၏။

နှိုင်းယှဉ်ချိန်ထိုး၍ ပြောရလျှင် ချီယွီမြို့က ကျင့်ကြံသူများအတွက် တည်ထားသောမြို့တစ်မြို့နှင့် ပို၍တူ၏။

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်၏ တပည့်တစ်ယောက်ဖြစ်သော်လည်း သူသည် ချီယွီမြို့ထဲတွင် ဟန်တစ်လုံးပန်တစ်လုံး မလုပ်ရဲပေ။ တစ်ကယ်တမ်းပြောရလျှင် သူသည် ဂိုဏ်းတံဆိပ်ပြားကိုပါ ဖြုတ်သိမ်းထားလိုက်ပြီး မြို့တွင်းရှိ တွေ့ရာတည်းခိုစား‌သောက်ဆိုင်တစ်ဆိုင်တွင် ၀င်နားလိုက်၏။

ရတနာကောင်းကင်အရောင်းပြခန်းလိုပင် ရတနာ့ကောင်း‌ကင်လေလံအိမ်တော်၏ နောက်ခံမှာလည်း မသာကျိုးအင်ပါယာ၏ တော်၀င်မိသားစုတစ်စုပင် ဖြစ်၏။

ဘေးပတ်၀န်းကျင်မှ ကျင့်ကြံသူများ၏ ဆွေးနွေးပြောကြားနေသံများကို နားထောင်ပြီး ဤခရီးစဉ်အပေါ် ဆူဇီမို၏ ယုံကြည်မှုက မြင့်တက်လာ၏။

ပြောကြသည်မှာ ရတနာ့ကောင်းကင်လေလံအိမ်တော်က မဟာကျိုးအင်ပါယာအတွင်းတွင် အကြီးမားဆုံး ကုန်သွယ်ရောင်း၀ယ်ရေး ဈေးကွက်တစ်ခုဖြစ်သည် ဟူ၍ပင်။ ၎င်းသည် အတော်လေး ကျော်ကြားသည့် ဂုဏ်သတင်းရှိပြီး ထူးခြားရှားပါးသည့် ပစ္စည်းများကို လေလံတင်ရောင်းချပေး၏။ စိတ်ဝိညာဉ်လက်နက်၊ ဆေးလုံး၊ အဆောင်လက်ဖွဲ့နှင့် ပညာရပ်ကျမ်းစာများ စသည်ဖြင့် မျိုးစုံပါ၀င်၏။

တစ်ကယ်တမ်းပြောရလျှင် ထိုသို့လေလံတင်ရောင်းချသော ပစ္စည်းများ၏ တန်ကြေးကလည်း အလွန်တရာ မြင့်မားလှ၏။

ဆူဇီမို မြို့ထဲသို့ရောက်သောအခါ အချိန်က ညနေစောင်းနေလေပြီ။ သူသည် တည်းခိုစားသောက်ဆိုင်၏ ဧည့်ဆောင်ထဲတွင် ပြောနေကြသည်များကို ခဏကြာ နားထောင်ပြီးနောက် အနားယူဖို့အတွက် အနောက်သို့ ၀င်သွားလိုက်၏။

နောက်တစ်နေ့မနက်သို့ရောက်သောအခါ ဆူဇီမိုသည် မနက်‌စောစောထ၍ ရတနာ့ကောင်းကင်လေလံအိမ်တော်သို့ ကပျာကယာထသွားလိုက်၏။

ရတနာ့ကောင်းကင်လေလံအိမ်တော်ကို အပြင်အိမ်‌နှင့် အတွင်းအိမ်ဟူ၍ နှစ်ဆင့်ခွဲခြားထား၏။ အပြင်အိမ်ရှိ ပစ္စည်းများသည် ကျင့်ကြံသူအများစုအတွက် အခြေခံအားဖြင့် လိုအပ်သောပစ္စည်းများသာဖြစ်၏။ ထိုပစ္စည်းများကို ၀ယ်ယူဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် တန်ဖိုးတူညီသော ပစ္စည်းများနှင့် ဖလှယ်ယူရုံသာဖြစ်လေသည်။

အတွင်းအိမ်တော်ကမှ တစ်ကယ့်လေလံဆွဲရသည့်နေရာ ဖြစ်၏။

ရှားပါးသည့်ပစ္စည်းများအားလုံးကို အတွင်းအိမ်တော်၌သာ တရား၀င်လေလံတင်ပေလိမ့်မယ်။ ယှဉ်ပြိုင်မှုက မျှတ၏။ ဈေးအမြင့်ဆုံးပေးနိုင်သူကသာ ထိုပစ္စည်းကို ရရှိပေလိမ့်မည်။

ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ပရ၀ဏ်အတွင်းကို ရောက်သည်နှင့် သူတို့အားလုံးသည် လေထဲမှာပျံသန်းသွားလာလို့ မရတော့ပေ။ ရွှေအူတိုင်အဆင့်များကိုတောင် ခွင့်မပြုပေ။ ထိုအရာက လေလံအိမ်တော်၏ စည်းမျဉ်းဖြစ်လေသည်။

လူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး စည်းကားသိုက်မြိုက်လာ၏။

ဤနေရာတွင် ဂိုဏ်းကြီး၊ ဂိုဏ်းလေး.. ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများကို မျိုးစုံတွေ့ရ၏။ ရောင်ဝါလင်းလက်တိမ်နန်းတော်နှင့် အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျင့်ကြံသူအချို့ကိုပင် ဆူဇီမိုသည် တွေ့ရှိခဲ့ရ၏။

အပြင်အိမ်တော်တွင် အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် ဆူဇီမိုသည် မျက်စိပွင့်နားပွင့် ဖြစ်လာ၏။ သူသည် အဖိုးထိုက်တန်သော အရာအနည်းငယ်ကို တွေ့ရှိခဲ့သော်လည်း.. ဆိုးတာက လက်နက်သွန်းမီးဆေးခြင်းနှင့်ပတ်သတ်သော ပညာရပ်ကျမ်းတစ်ခုမျှ မတွေ့ရှိရခြင်းပင်။

တုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုသည် အတွင်းအိမ်တော်၏ ၀င်ပေါက်ဘက်သို့ လျှောက်လာခဲ့၏။

၀င်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နောက်ပိုင်းအခြေတည်အဆင့် အစောင့်နှစ်ယောက်က မတ်တပ်ရပ် စောင့်ကြပ်နေကြ၏။ ချပ်၀တ်များ ၀တ်ဆင်ထားသောသူတို့သည် စူးရှပြတ်သားသော အကြည့်များဖြင့် လူအုပ်ကြီးကို အဆင်မပြတ် ကြည့်ရှုနေကြ၏။

ထိုကဲ့သော အစောင့်များကို ရတနာ့ကောင်းကင်လေလံအိမ်တော်၏ နေရာတိုင်းတွင် မြင်တွေ့ရ၏။

ဤနေရာတွင် ပြဿနာလာရှာမိပါက ရွှေအူတိုင်အဆင့်များပင်လျှင် ဖိနှိမ်ခံရပေမည်။

ဆူဇီမိုသည် လှေကားပေါ်သို့ တက်လှမ်းတော့မည် လုပ်စဉ်မှာပင် အစောင့်နှစ်ယောက်က သူ့ကို လာတား၏။

"မင်းရဲ့ ရတနာ့ကောင်းကင်တံဆိပ်ပြားကို ငါတို့ကို ပြပါလား" အစောင့်တစ်ယောက်က အေးစက်စွာ မေးမြန်းလိုက်၏။

ဆူဇီမိုသည် ကြောင်အသွားပြီး ပြန်မေးလိုက်၏။

"ငါ့မှာ ရတနာ့ကောင်းကင်တံဆိပ်ပြားတစ်ခုရှိတယ်ဆိုရင် ရတယ်မလား"

အခြားအစောင့်တစ်ယောက်က စိတ်ရှည်စွာ ရှင်းပြလိုက်၏။

"တံဆိပ်ပြားရဲ့ အရောင်အပေါ် မူတည်ပြီးတော့ အတွင်းအိမ်တော်မှာ မင်းထိုင်ရမယ့်နေရာက ကွာခြားသွားလိမ့်မယ်.. ကြေးရောင်ကတော့ အညံ့ဆုံးပေါ့၊ ရွှေရောင်ဆိုရင်တော့ အကောင်းဆုံးပဲ"

အတွင်းအိမ်တော်ကို ၀င်ရောက်နိုင်ဖို့အတွက် ရတနာ့ကောင်းကင်တံဆိပ်ပြားတစ်ခု လိုအပ်လိမ့်မည်ဟု ဆူဇီမိုသည် တစ်ကယ်မသိခဲ့ပေ။

တစ်ကယ်တော့ အတွင်းအိမ်တော်က လူတိုင်း၀င်ထွက်သွားလာနိုင်သော နေရာတစ်ခု မဟုတ်ပေ။

ရတနာကောင်းကင်တံဆိပ်ပြားရှိမှသာ ထိုသူသည် လေလံပွဲတွင် ပါ၀င်နိုင်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက လေလံပွဲတွင် သက်သက်အနှောင့်အယှက် လာပေးမည့်သူများ ရောက်မလာနိုင်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထို့အပြင် ရတနာကောင်းကင်တံဆိပ်ပြား ရရှိထားသောလူအများစုသည် ရတနာကောင်းကင်အရောင်းပြခန်းတွင် ပစ္စည်းများ အတန်အသင့် ၀ယ်ယူခဲ့ဖူးသူများ ဖြစ်ကြ၏။ ဤအချက်က ထိုသူ၏ သရုပ်သကန် အဆင့်အတန်းနှင့် ခွန်အားကိုလည်း စစ်ဆေးပြီးသားဖြစ်၏။

ဤကဲ့‌သို့သော အခြေအနေတွင် ဆန်းကြယ်တောင်ထွတ်၏ ဂိုဏ်းတံဆိပ်ပြားက ရတနာ့ကောင်းကင်တံဆိပ်ပြားလောက် အသုံး၀င်မှု မရှိတော့ပေ။

ဆူဇီမိုမှာလည်း ရတနာ့ကောင်းကင်တံဆိပ်ပြားတစ်ခု ရှိပါ၏။ ထို့အပြင် ၎င်းက ရွှေရောင်ဖြစ်၏။

သို့သော်လည်း သူသည် ကျိယောင်ရွှယ်၏ အဆင့်အတန်းကို သိရှိပြီးကတည်းက မလိုအပ်သော ပြဿနာများ ရောက်ရှိလာမည်ကို စိုးသောကြောင့်.. ထိုရွှေတံဆိပ်ပြားကို တစ်ခါမျှ ထုတ်မသုံးဖြစ်တော့ပေ။

သို့သော် ယခုလက်ရှိ အခြေအနေအရ.. ဆူဇီမိုသည် မတတ်သာပဲ.. ရတနာ့ကောင်းကင်တံဆိပ်ပြားကို ထုတ်၍ လက်ကမ်းပေးလိုက်ရ၏။

ရွှေရောင်တံဆိပ်ပြားကို မြင်သောအခါ အစောင့်က မျက်မှောင်ကြုတ်လိုက်၏။

ယေဘုယျအားဖြင့်ဆိုလျှင် ဆူဇီမိုကဲ့သို့ အစောပိုင်းအခြေတည်အဆင့်တစ်ယောက်က အလွန်ဆုံး ငွေ‌ရောင်တံဆိပ်ပြားကိုသာ ပိုင်ဆိုင်သင့်ပေသည်။

ရွှေ‌ရောင်တံဆိပ်ပြားကို ကိုင်ဆောင်နိုင်သူများက ရွှေအူတိုင်အဆင့်များသာ ဖြစ်ကြသည်များ၏။

အစောင့်၏ စိတ်ထဲ ပထမဆုံးပေါ်လာသောအတွေးက ထိုရတနာ့ကောင်းကင်ရွှေရောင်တံဆိပ်ပြားက အတုဖြစ်ရမည်ဟူ၍ပင်။

အမူအယာပြောင်းလဲမှုမရှိဘဲ သူသည် ရတနာ့ကောင်းကင်တံဆိပ်ပြား၏ အလယ်နားကို ညင်သာစွာ ပွတ်သပ်လိုက်၏။သူ့အမူအယာက ပျော့ပျောင်းသွားပြီးနောက် အခြားသူများကို ခေါင်းညိတ်ပြလိုက်၏။

ဤရတနာ့ကောင်းကင်တံဆိပ်ပြားက အစစ်ဖြစ်၏။

သည့်အရင်မတိုင်ခင်က ရတနာ့ကောင်းကင်တံဆိပ်ပြား အတုပြုလုပ်‌၍ ပုံမှားရိုက်သော ဖြစ်စဉ်များသည် ရှိခဲ့ဖူး၏။ သို့သော် မည်သူမျှ အထဲသို့ အောင်မြင်အောင် မ၀င်ရောက်နိုင်ခဲ့ပေ။

အကြောင်းမှာ ရတနာ့ကောင်းကင်တံဆိပ်ပြား၏ အလယ်တွင် ပြင်ပလူများ တုပမပြုလုပ်နိုင်သော တစ်မူကွဲပြားသည့် အမှတ်အသားတစ်ခုရှိ၏။ အစောင့်လူက ထိုအမှတ်အသားကို တစ်ချက်စမ်းသပ်ကြည့်ရုံနှင့် အတုအစစ် တန်း၍ခွဲခြားပြောနိုင်၏။

"ဒီအစိမ်းရောင်၀တ် စာပေသမားလေးရဲ့ နောက်ခံက မရိုးရှင်းဘူးပဲ.. အစောပိုင်းအခြေတည်အဆင့်ပဲ ရှိသေးတာကို ရတနာ့ကောင်းကင် ရွှေရောင်တံဆိပ်ပြားကိုတောင် ပေးထားတယ်ဆိုတော့.. သူ့အကြီးအကဲတွေက သူ့ကို တော်တော်ချစ်ရှာတာပဲ"

အစောင့်တွေထဲက တစ်ယောက်က ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် တံဆိပ်ပြားကို ပြန်ပေးဖို့ရာ လက်ကမ်းလိုက်၏။

ဆူဇီမိုက ဆွဲယူလိုက်သောအခါ တံဆိပ်ပြားက အစောင့်၏ လက်ထဲမှာ လျှောတိုက်သွား၏။ ၎င်းက အစောင့်၏ လက်ထဲမှ လွတ်ထွက်သွားတော့မည့်အချိန်မှာပင်.. အ‌စောင့်လူသည် တစ်စုံတစ်ရာကို ရုတ်တရတ် သိရှိသွားသကဲ့သို့ မျက်လုံးများက အေးစက်လာပြီး ရတနာ့ကောင်းကင်တံဆိပ်ပြားကို တင်းကျပ်စွာ ပြန်ဆွဲထား၏။

တစ်စုံတစ်ရာက မူမမှန်ပေ။

ရတနာ့ကောင်းကင်တံဆိပ်ပြားက သူ့လက်ထဲကနေ လျှောထွက်သွားတော့မည့်အချိန်မှာပင် သူသည် စာလုံးတစ်လုံးကို သေသေချာချာ ထိတွေ့လိုက်မိ၏။

အစောင့်က ရတနာ့ကောင်းကင်တံဆိပ်ပြားကို ပြန်လုယူလိုက်ပြီးနောက် လက်ကို ဝေ့ယမ်းပြလိုက်၏။ ချက်ချင်းဆိုသလိုပင် အခြေတည်အဆင့် ကျင့်ကြံသူအချို့က ရောက်ချလာကြပြီး ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။ သူတို့၏ အကြည့်များက ခက်ထန်နေပြီး ရန်လိုမှုအပြည့်နှင့်ဖြစ်၏။

"ဘာအဆင်မပြေတာ ရှိလို့လဲ!" ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

အစောင့်က ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် သူ့လက်ထဲက တံဆိပ်ပြားကို စေ့စေ့စပ်စပ် ထပ်ကြည့်လိုက်၏။

ထိုရတနာ့ကောင်းကင် ရွှေရောင်တံဆိပ်ပြား၏ အောက်ဘက်တွင် ခြင်တစ်ကောင်လောက်မျှ သေးငယ်သော စာလုံးလေးတစ်လုံးရှိ၏။ သေချာစွာ စူးစိုက်ကြည့်ပါက ရှင်းလင်းစွာ မြင်နိုင်၏။ ၎င်းမှာ 'ရွှယ်'ဟူသော စာလုံးဖြစ်၏။

ထိုအစောင့်က မှုန်ကုပ်ကုပ် မျက်နှာ‌ထားနှင့် တံဆိပ်ပြားအား အခြားတစ်ယောက်ကို လက်ကမ်းပေးလိုက်၏။

ထို'ရွှယ်'ဟူသော စာလုံးကြောင့်သာ မဟုတ်ရင် တံဆိပ်ပြားက အစစ်အမှန်ဟုပင် ထင်စရာရှိ၏။ သို့သော် ယခုကား အရမ်းပဲ သိသာလွန်းနေ၏။

ဤကဲ့သို့‌သောတံဆိပ်ပြားက မဟာကျိုးအင်ပါယာ၏ တတိယမင်းသမီး၏ အပိုင်ပစ္စည်းဖြစ်၏။ ၎င်းက အပြင်လူတစ်ယောက်၏ လက်ထဲသို့ အဘယ်ကြောင့် ရောက်ရှိနေနိုင်ပါမည်နည်း။

"ဟမ့်! မင်းက တော်တော်သတ္တိကောင်းနေတယ်ပေါ့လေ၊ ရတနာကောင်းကင်တံဆိပ်ပြားကို အတုအပ လုပ်ရဲတယ်ပေါ့လေ၊ အဲ့ဒါက သေဒဏ်ဆိုတာ မင်းနားမလည်ဘူးလား၊ သူ့ကို ဖမ်းချုပ်လိုက်ကြစမ်းကွာ!" တံဆိပ်ပြားကို စစ်ဆေးပြီးသောအစောင့်က အော်ပြောလိုက်၏။

"နေပါဦး"

ဆူဇီမိုက တည်ငြိမ်နေဆဲဖြစ်ပြီး တည်ကြည်စွာ ပြောလိုက်၏။

"တာအိုရောင်းရင်းတို့.. ကျုပ်ရဲ့ တံဆိပ်ပြားက အတုပါလို့ ဘာလို့ပြောရတာလဲ.. ခင်ဗျားတို့မှာ ဘာသက်သေရှိလို့လဲ.. အထောက်အထားတစ်ခုခုတော့ ပြရမယ်မဟုတ်လား"

သူ့ရဲ့ ရတနာ့ကောင်းကင်တံဆိပ်ပြားက အတုမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိ၏။ အစောင့်က ဘယ်လိုစွပ်စွဲချက်ထုတ်မလဲ သူသိချင်မိ၏။

အစောင့်က လှောင်ရယ်လိုက်၏။

"ကောင်းပြီလေ မင်းမငြင်းနိုင်အောင် ငါပြောပြရတာပေါ့"

ထိုအစောင့်က စကားပြောမလို့ ဟန်ပြင်စဉ်မှာပင် မလှမ်းမကမ်းမှ စီစီညံညံအသံများ ထွပ်ပေါ်လာပြီး လူများက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။

သူ့မျက်လုံးထောင့်ကနေ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အစောင့်သည် တုန်ယင်လာပြီး ရိုသေလေးစားသည့်ဟန်ပန်များ ပေါ်လာ၏။ သူ့မျက်လုံးများထဲတွင် ယစ်မူးနေသည့် အရိပ်အယောင်များကိုပင် တွေ့မြင်နေရ၏။

ထိုအမူအယာသည် တခြားသူများတွင်လည်း တူညီစွာဖြစ်ပေါ်လာပြီး ထိုအခိုက်အတန့်၌ သူတို့အားလုံးသည် ဆူဇီမိုကို မေ့လျော့သွားကြ၏။

သိချင်စိတ်ဖြင့် ဆူဇီမိုသည် လှည့်ကြည့်လိုက်၏။

All Chapters