ဘဏ္ဍာစိုးခေါင်းဆောင်ဂူ
Vol. 11 Ch. 155
အခန်း ၁၅၅ - ဘဏ္ဍာစိုးခေါင်းဆောင်ဂူ
Translator – Than Toe Aung
အစေခံမိန်းကလေးများတစ်အုပ်စု ခြံရံထားသော အမျိုးသမီးနှစ်ယောက်သည် လမ်းလျှောက်လာကြ၏။
အရှေ့ဆုံးမှ အမျိုးသမီး၏ အသားအရေသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေ၏။ သူမ၏ လှုပ်ရှားမှုတိုင်းသည် လှပတင့်တယ် ကြော့ရှင်းမှု အပြည့်နှင့် ဖြစ်၏။ ရတနာ့ကောင်းကင်လေလံအိမ်တော်တွင် သူမ၏ အဆင့်အတန်းက အတော်လေး မြင့်မားမည်မှာ သိသာထင်ရှားလေသည်။
သူမ၏ဘေးတွင် ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်ရှိ၏။ သူမ၏ မျက်နှာကို မျက်နှာဖုံးတစ်ခုနှင့် ကာထားတာတောင် သူမ၏ လှပသော မျက်လုံးများက တစ်ဖျတ်ဖျတ်လက်နေပြီး ကြည့်မိသူတိုင်း၏ ရင်ကို တစ်လျှပ်လျှပ်ဖြစ်သွားစေ၏။
အမျိုးသမီးနှစ်ယောက်စလုံးသည် သူတို့၏ ကိုယ်ပိုင်အားသာချက်ကိုယ်စီနှင့် ရှားရှားပါးပါး အလှကလေးများ ဖြစ်ကြ၏။ သူတို့ပေါ်လာသည်နှင့်ချက်ချင်း လူတိုင်း၏အာရုံကို ဆွဲဆောင်သွားပြီး၏။
အံ့ဘနန်းအမူအယာတို့နှင့် ဘေးပတ်လည်ပတ်ဝန်းကျင်တစ်ခွင်မှ တံတွေးမျိုချသံများကို ကြားရနိုင်၏။
“အာ ငါတို့ ချီယွီမြို့ကို ကျက်သရေထွန်းတောက်စေဖို့ ဘဏ္ဍာစိုးခေါင်းဆောင်ဂူက တစ်ကယ်ကြီး ရောက်ချလာတာကိုး..”
“ဘဏားစိုးခေါင်းဆောင်ဂူနဲ့သာ နဲနဲလောက်လေး ရင်းနှီးခွင့်ရမယ်ဆို.. ငါ့ဘဝသက်တမ်းထဲက ဆယ်နှစ်လောက်လျော့သွားရမယ်ဆိုရင်တောင် ကျေကျေနပ်ကြီး ပေးလိုက်ချင်ပါရဲ့ကွာ”
“မင်းလိုကောင်မျိုးက ဘယ်တော့မှ ဘဏ္ဍာစိုးခေါင်းဆောင်ဂူနဲ့ ထိတွေ့ခွင့်ရမှာ မဟုတ်ဘူး.. ဆုတောင်းမနေနဲ့.. ငါကြားဖူးတာတော့ တစ်ခါက ရွှေအူတိုင်အဆင့်တစ်ယောက်က သူမအပေါ် မရိုးသားတဲ့စိတ်ထားမိလို့တဲ့.. အဲ့ညမှာပဲ သူ့ခေါင်း အဖြတ်ခံရပြီး မြို့အဝင်ဝမှာ တစ်လလောင် တွဲလောင်းချိတ်ထားခဲ့တယ်တဲ့”
မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုး ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ အကြားအာရုံက အခြားသူများထက် များစွာသာလွန်၏။
အခြားသူများ၏ ဆွေးနွေးပြောကြားသံများက တိုးညင်းလှသော်လည်း သူသည် ကောင်းစွာကြားနေရ၏။
“သြော် ဒါဆို သူမပဲပေါ့”
ဆူဇီမိုက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
မနေ့က ချီယွီမြို့ကို သူရောက်လာခဲ့တုန်းက ထိုအမျိုးသမီးနှင့်ပတ်သတ်ပြီး လူများစွာ၏ ဆွေးနွေးပြောဆိုမှုများကို ကြားခဲ့ရ၏။
သူမ၏ အမည်သည် ဂူရှီဖြစ်ပြီး ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင်ဖြစ်၏။ မဟာကျိုးအင်ပါယာ၏ ဧကရာဇ်တောင် သူမကို လေးလေးစားစားဆက်ဆံရသည်ဟု ပြောကြ၏။
ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ကျော်ကြားရခြင်းမှာ သူမကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်လေသည်။
ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်ကို မည်သူမျှ မသိကြပေ။ သို့သော်လည်း သူမကို မကောင်းသောရည်ရွယ်ချက်နှင့် အကဲသွားစမ်းကြသူတိုင်း တစ်ယောက်မျှ အသက်မရှင်ခဲ့ကြပေ။
လျှို့ဝှက်အသိရခက်၏၊ လွန်စွာလှပ၏။ ဤနှစ်ချက်ပေါင်းစပ်ထားသော ဂူရှီသည် မဟာကျိုးအင်ပါယာတွင် အတော်လေးကို ကျော်ကြားသော ဂုဏ်သတင်းရှိ၏။ သူမက ခပ်လှမ်းလှမ်းမှသာ ရှုမြင်နိုင်ပြီး ထိတွေ့ခွင့် မရနိုင်ပေ။
ချီယွီမြို့ရှိ ရတနာ့ကောင်းကင်လေလံအိမ်တော်သည် ပင်မဌာနခွဲတစ်ခု မဟုတ်သောကြောင့်.. ဂုဏ်သတင်းကြီးသော ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီကို ဤနေရာမှာ တွေ့မြင်ရလိမ့်မည်ဟု ဆူဇီမိုသည် ထင်မထားမိပေ။
“ဘဏ္ဍာစိုးခေါင်းဆောင်ဂူရဲ့ဘေးက ပန်းရောင်နဲ့ ကောင်မလေးက ဘယ်သူလဲဟ.. သူ့ကို မြင်ဖူးနေကြမဟုတ်ပါဘူး”
“ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့.. သူက မျက်နှာဖုံးကြီးတပ်ထားတာကို မြင်ဖူးလား၊ မမြင်ဖူးလား မင်းဘယ်လိုလုပ်သိမှာလဲ”
“မျက်နှာဖုံးလေးနဲ့ကွယ်ထားတာတောင် ငါ့မှာ စိတ်လွတ်တော့မတတ် ဖြစ်နေတာ.. သူ့ရဲ့ မျက်နှာလေးကို တစ်ခါလောက်မြင်ရရင်တောင် ငါသေပျော်ပါပြီကွာ”
လူအုပ်ကြီးထဲရှိ များစွာသောလူများ၏ စိတ်အာရုံသည် ပန်းရောင်မိန်းကလေးဆီသို့ ကျရောက်ကုန်ကြ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်အကဲဖြတ်ခြင်းကို သုံး၍ အမျိုးသမီးနှစ်ယောက်ကို စစ်ဆေးကြည့်လိုက်၏။ ဂူရှီက အပထား.. ပန်းရောင်မိန်းကလေး၏ ကျင့်ကြံမှုကိုပင် သူသည် ထောက်လှမ်းနိုင်ခြင်း မရှိပေ။
မြူခိုးလွှာတစ်ခုက ထိုမိန်းကလေးကို လွှမ်းခြုံထားသလို သူမကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် ဂူရှီ၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်လာ၏။ ခဏမျှ ရပ်နားလိုက်ပြီးနောက် သူမက မေးလိုက်၏။
“ဘာဖြစ်နေတာလဲ”
“ဘဏ္ဍာစိုးခေါင်းဆောင်.. ဒီကောင်က ရတနာ့ကောင်းကင်တံဆိပ်ပြားကို အတုလုပ်လာတာလေ.. တော်သေးတာပေါ့ ကျုပ်တို့ စစ်ဆေးသိလိုက်လို့” အစောင့်တစ်ယောက်က ဆူဇီမို၏ ရတနာ့ကောင်းကင်တံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် သေချာကိုင်းရင်း ရှေ့သို့တက်ကာ ဦးညွှတ်၍ တလေးတစား ပြောလိုက်၏။
ဂူရှီကပြုံး၍ ရတနာ့ကောင်းကင်တံဆိပ်ပြားကို ဒီအတိုင်း ဆွဲယူလိုက်၏။ ထို့နောက် သူမသည် ဆူဇီမိုကို ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“မင်းက ရုပ်လေးကြည့်တော့ သနားကမားနဲ့.. သတ္တိတော်တော်ကောင်းနေတာပဲ.. ကဲ ဘာမှဆက်ပြောနေစရာ မရှိတော့ဘူး.. ထုံးစံအတိုင်းပဲ သူ့ကို သတ်....”
“အို့”
ဂူရှီသည် သူမ၏စကားကို ဆုံးအောင်ပင်မပြောရသေး.. အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။ သူမသည် မျက်ခုံးတစ်ချက်ပင့်၍ ရတနာ့ကောင်းကင်တံဆိပ်ပြားကို အနီးကပ် သေချာစေ့စေ့စပ်စပ် ကြည့်လိုက်၏။
နောက်တစ်ခဏ၌ ဂူရှီသည် ခေါင်းမော့၍ ဆူဇီမိုကို စူးစမ်းအကဲဖြတ်သလို သေချာကြည့်လိုက်၏။ သူမ၏ အမူအယာက ထူးဆန်းနေ၏။
“ဒေါ်လေးဂူ.. ဘာဖြစ်လို့လဲ”
ပန်းရောင်မိန်းကလေးက ထူးခြားနေပုံကို သတိထားမိလိုက်ပြီး ညင်သာစွာ မေးလိုက်၏။
သူမ၏ အသံက ပျော့ပျောင်းညင်သာနေပြီး ညှို့ငင်ဓါတ်ဖြင့် ပြည့်ဝနေ၏။
ဂူရှီက ဘေးတိုက်တစ်ချက်လှည့်ကြည့်လိုက်ပြီး ဆိတ်ဆိတ်သာနေ၏။ သို့သော်လည်း ပန်းရောင်မိန်းကလေး၏ စိတ်အာရုံထဲတွင် အသံတစ်ခုက ထွက်ပေါ်လာ၏။
“ဒီတံဆိပ်ပြားက အစစ်ပဲ.. ဒါပေမယ့် အဲ့ဒါက ဘာလို့ ဒီလူရဲ့လက်ထဲကို ရောက်နေရတာလဲတော့ ငါလဲမသိဘူး.. တစ်ချက်လောက် ကြည့်ကြည့်ပါလား”
နိုးထဝိညာဉ်အဆင့်များသာ ဤကဲ့သို့သော မနောဆက်သွယ်ချက်ကို ပြုလုပ်နိုင်၏။
ပန်းရောင်မိန်းကလေးသည် တံဆိပ်ပြားကို ဆွဲယူကြည့်လိုက်ပြီး အောက်ခြေညာဘက်ထောင့်တွင် ‘ရွှယ်’ဟူသော စာလုံးသေးသေးလေးကို မြင်လိုက်သောအခါ သူမသည် ငေးကြောင်ဆွံ့အသွား၏။
တစ်ခဏအတွင်း သူမသည် တစ်စုံတစ်ရာကို အတွေးပေါက်သွားပြီး မျက်နှာဖုံးအောက်ရှိ သူမ၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး မျက်လုံးများက တစ်ဖျတ်ဖျတ်လက်လာ၏။
သူမသည် ဂူရှီ၏ နားအနားသို့ တိုးတိုးလေးကပ်ပြောလိုက်၏။
“ဒီတံဆိပ်ပြားက အစစ်ပဲ.. ဒေါ်လေးဂူ ဒီလူဘယ်သူဆိုတာ ကျမသိတယ်.. သူ့ကိုခေါ်သွားရအောင် သူနဲ့ ကျမ နည်းနည်းလောက် ဆွေနွေးစရာရှိတယ်”
ဂူရှီက သဘောပေါက်သွားပြီး ရတနာ့ကောင်းကင်တံဆိပ်ပြားကို ပြန်ပေးလိုက်ရင်း ပြောလိုက်၏။
“ဒီတံဆိပ်ပြားက အစစ်ပဲ”
“အား..”
“အဲ့ဒါက အစစ်တဲ့လား”
အစောင့်နှစ်ယောက်သည် နေရာမှာပင် ကြက်သေသေသွားကြ၏။
‘ဤအရာက မဟာကျိုးအင်ပါယာက တတိမင်းသမီး၏ တံဆိပ်ပြားဆိုသည်မှာ ထင်ရှား၏။ ၎င်းက အစစ်သာဆိုလျှင် ဒီလူနဲ့ တတိယမင်းသမီးရဲ့ ဆက်ဆံရေးက ဘယ်လိုအနေအထားဖြစ်မလဲ’
“ထင်ရာမြင်ရာ ပေါက်တတ်ကရတွေ လျှောက်တွေးမနေကြနဲ့!”
သူတို့စိတ်ကို ဖတ်နိုင်သည့်အလား ဂူရှီက အေးစက်စွာ ငေါက်ငမ်းလိုက်၏။
အစောင့်နှစ်ယောက်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ သူသည် ရတနာကောင်းကင်တံဆိပ်ပြားကို ပြန်သိမ်းမလို့ လုပ်နေစဉ်မှာပင် သူ့အပေါ်သို့ ကျရောက်လာသော စူးစူးရဲရဲအကြည့်တစ်ခုကို ခံစားသိရှိလိုက်၏။
ဂူရှီနှင့် ပန်းရောင်မိန်းကလေး နှစ်ယောက်စလုံးက သူ့ကို စိုက်ကြည့်နေကြခြင်းဖြစ်၏။
ပန်းရောင်မိန်းကလေးက မျက်နှာဖုံးကို တပ်ထားသော်လည်း သူမမျက်နှာပေါ်က အပြုံးကို ဆူဇီမိုသည် သိရှိနိုင်၏။
“ငါ့နောက်က လိုက်ခဲ့”
ဆူဇီမို၏ စိတ်အာရုံထဲတွင် ငြင်းဆန်ခြင်းငှာ မတတ်နိုင်သော အသံတစ်သံက ရုတ်တရတ် ထွက်ပေါ်လာ၏။ ၎င်းက ဂူရှီ၏ အသံဖြစ်၏။
ပန်းရောင်မိန်းကလေးနှင့် အတူတွဲ၍ ဂူရှီသည် အတွင်းအိမ်တော်၏ ဘေးဘက်တံခါးဆီသို့ လျှောက်သွားကြ၏။ ဆူဇီမိုသည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း သူတို့နောက်သို့ လိုက်သွားလိုက်၏။
အတွင်းအိမ်တော်၏ ဘေးဘက်တံခါးသည် ရတနာ့ကောင်းကင်အိမ်တော်မှ လူများကိုသာ ဝင်ခွင့်ပြု၏။ အပြင်လူများသည် သူတို့၏ ရတနာ့ကောင်းကင်တံဆိပ်ပြားကို ပြသပြီးနောက် ပင်မတံခါးပေါက်မှသာ ဝင်ခွင့်ရှိကြ၏။
ယခုအခါ ဆူဇီမိုသည် ဘေးဘက်တံခါးဆီသို့ ဂူရှီနှင့် ပန်းရောင်မိန်းကလေးတို့၏ အနောက်မှ လိုက်ဝင်လိုက်သောကြောင့် အပြင်ဘက်ရှိ လူအုပ်ကြီးသည် အုန်းအုန်းကျွတ်ကျွတ် ဖြစ်ကုန်ကြ၏။
“အဲ့ဒီအစိမ်းရောင်စာပေသမားက ဘယ်သူလဲဟ”
“သူက ဘာအဆင့်ရှိလို့လဲ”
များစွာသောလူများသည် မနာလိုဝန်တို ဖြစ်ကုန်ကြ၏။
တစ်ယောက်က ညင်သာစွာ ချောင်းဟန့်လိုက်ပြီးနောက် ခပ်တည်တည်နှင့်ပင် ဘေးဘက်တံခါးဆီသို့ လျှောက်သွားလိုက်၏။ သို့သော်လည်း အစောင့်များက သူ့ကို တားဆီးလိုက်ကြ၏။
သူသည် အတင်းဝင်ရောက်ဖို့ ကြိုးစားလိုက်သောအခါ အစောင့်များ၏ တွန်းထိုးမောင်းထုတ်ခြင်းကိုသာ ခံလိုက်ရလေ၏။
အတွင်းအိမ်တော်၏ အထဲတွင် အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုအထဲတွင် လူအနည်းငယ်သာ ရှိသည်မှာ ထင်ရှားလေသည်။
ဂူရှီနှင့် ပန်းရောင်မိန်းကလေးတို့က အရှေ့ကနေလျှောက်၊ ဆူဇီမိုက အနောက်ကလိုက်လာ၏။ တည်ငြိမ်ဣန္ဒြေရစွာနှင့်ပင် သူသည် ဘာတစ်ခွန်းမှ မပြောဘဲ ဘေးပတ်ဝန်းကျင်ကိုသာ တိတ်တဆိတ်အကဲခတ်ကြည့်နေလိုက်၏။
အတွင်းခန်း၏ အပြင်အဆင် နေရာအထားအသိုက ကတော့ပုံစံတစ်ခုလို ရစ်ခွေထား၏။ ဧည့်သည်များကို သူတို့၏ အရောင်ကိုလိုက်၍ နေရာပုံစံသုံးမျိုး ခွဲခြားပေးထား၏။
အောက်ဆုံးရှိ ထိုင်ခုံများက ကြေးရောင်တံဆိပ်ပြားပိုင်ရှင်များအတွက် ဖြစ်၏။ ၎င်းနေရာသည် အနည်းငယ် ကျဉ်းကျုတ်ပြီး လှုပ်လှုပ်ရှားရှားပြုရလောက်အောင် သိပ်မကျယ်ဝန်းလှပေ။
ကြေးရောင်ထိုင်ခံများ၏ အထက်မှာတော့ ငွေရောင်ထိုင်ခုံများရှိပြီး အဲ့ဒါတွေကတော့ အနည်းငယ် ပို၍ ကျယ်ဝန်း၏။
အပေါ်ကို အနည်းငယ်ထပ်တက်လိုက်ရင် ရွှေရောင်တောက်နေသောနေရာတစ်ခု ရှိ၏။ ထိုနေရာမှာတော့ အကာအရံများနှင့် အခန်းများ ပိုင်းခြားထား၏။ အခန်းများကို လှပသော ကျောက်စိမ်းများဖြင့် မွမ်းမံစီခြယ်ထား၏။ အပြင်ဘက်မှ လူများသည် ထိုအခန်းထဲသို့ လှမ်းကြည့်၍ မမြင်ရသော်လည်း အထဲမှလူများကတော့ အပြင်ဘက်သို့ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် စီမံထား၏။
ရွှေရောင်နယ်မြေ၏ အပေါ်တွင် နောက်ထပ်သီးခြားအခန်းများကို ဝိုင်းပတ်ထား၏။ ထိုအခန်းများသည် ပို၍ ကျယ်ဝန်းပြီး ခမ်းနားတင့်တယ်လွန်းလှ၏။ ထိုအခန်းများက ဘယ်လိုလူတွေအတွက် ပြုလုပ်ထားသလဲဆိုတာ ဆူဇီမိုသည် သိချင်မိ၏။
ထိပ်ဆုံးရှိအခန်းများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လှပကျော့ရှင်းသော အမျိုးသမီးငယ်လေးများက မတ်တပ်ရပ်စောင့်ဆိုင်းနေကြ၏။