မိစ္ဆာဂိုဏ်းများ
Vol. 11 Ch. 156
အခန်း ၁၅၆ - မိစ္ဆာဂိုဏ်းများ
ဆူဇီမိုသည် ဂူရှီနှင့် ပန်းရောင်မိန်းကလေးတို့၏ အနောက်ကနေလိုက်၍ ကျောက်စိမ်းရောင်လှေကားထစ်များကို နင်းကာ အပေါ်ဆုံးရှိ အကျယ်ဝန်းဆုံးအခန်းများရှိရာသို့ တက်လှမ်းလာခဲ့၏။
“လိုက်ဝင်ခဲ့” ဂူရှီသည် ဆူဇီမိုကို တစ်ချက်ကြည့်၍ ပြောပြီးနောက် အခန်းတစ်ခန်းထဲသို့ ဝင်လိုက်၏။
ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်နေကြသော အစေခံအမျိုးသမီးလေးများက ပြုံး၍ ဦးညွှတ်လိုက်ကြ၏။ သူတို့သည် ဆူဇီမိုကို အားကျစွာ ငေးမောကြည့်နေကြ၏။
အခန်းထဲတွင် ထိုင်ခုံများကို အတန်းလိုက်ချထားပြီး စားပွဲတစ်လုံးလည်းရှိ၏။ စားပွဲပေါ်တွင် မွှေးပျံသော စိတ်ဝိညာဉ်ချီရနံ့များနှင့် စားချင်စဖွယ် ဖမ်းစားနေသည့် အမျိုးမျိုးသော သစ်သီးများကို တွေ့ရ၏။
“ကြိုက်တဲ့နေရာမှာ ဝင်ထိုင်ပါ”
ပန်းရောင်မိန်းကလေးက ဆူဇီမိုကို ပြောလိုက်ပြီး စားပွဲပေါ်ရှိ သစ်သီးများကို ညွှန်ပြလိုက်၏။
“အောက်ထပ်က ရွှေအူတိုင်အဆင့်တွေတောင် အဲ့ဒါမျိုး မစားနိုင်ကြဘူး”
ဆူဇီမိုသည် ပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး တစ်နည်းတစ်ဖုံ သတိထားနေ၏။
သူ့အပေါ် သူတို့၏ ဆက်ဆံပုံက ထူးဆန်းစွာ ပြောင်းလဲသွားရခြင်းသည် ရတနာ့ကောင်းကင်တံဆိပ်ပြားကြောင့် ဖြစ်ရမည်ဆိုတာ သူနားလည်ထား၏။
သည့်အရင်ကတော့ ကျိယောင်ရွှယ်သည် သူ့ကို သာမန်ရွှေတံဆိပ်ပြားတစ်ခုကို ပေးခဲ့တာ ဖြစ်ရမည်ဟု သူတွေးထင်ခဲ့၏။ ယခုအခါ ထိုအရာက ဤမျှလောက်ထိ မရိုးရှင်းကြောင်း သူနားလည်လာ၏။
“ဟေ့ ရှင့်နာမည်က ဘယ်လိုခေါ်လဲ”
ဆူဇီမို ထိုင်ချလိုက်စဉ်မှာပင် ပန်းရောင်မိန်းကလေးက သူ့အနားသို့ တိုးကပ်လာ၏။ သူမသည် ကလူ၏သို့ မြှူ၏သို့ အသံဖြင့် မေးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ရေဂယက်လေးများလို လှိုင်းများတွန့်သွား၏။
မိန်းမပျိုလေးမှ ထွက်ပေါ်လာသော မွှေးပျံ့သည့် ကိုယ်ရနံ့ဖြင့် ဆူဇီမိုသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရီဝေသွား၏။
ဆူဇီမို၏ နုလုံးသားသည် ဒိန်းကနဲ တစ်ချက်ခုန်သွား၏။ သူသည် အနောက်သို့ အနည်းငယ် စောင်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ကျုပ်က ဆူဇီမို...”
ထိုစကားကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ရာ မူမမှန်တာကို သူနားလည်လိုက်၏။
ပန်းရောင်မိန်းကလေးက သူ့ကို မေးခွန်းထုတ်ချိန်တွင် သူသည် များစွာစဉ်းစားဆင်ခြင်မှုမရှိဘဲ အဖြေကို လွှတ်ကနဲ ပြောလိုက်မိ၏။
ဆူဇီမို၏ ရင်ထဲတွင် ကြောက်ရွံ့မှုက ကပ်ငြိလာ၏။
ထိုအခိုက်အတန့်တွင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်မှုကင်းမဲ့သွားသလို ခံစားလိုက်ရ၏။ သူမ သိချင်တာမှန်သမျှ သူက ပြောပြတော့မည့်ပုံစံပင်။
ပို၍ ကြောက်စရာကောင်းသည်မှာ ထိုမိန်းကလေးထံမှ ညှို့ငင်ဖမ်းစားနိုင်သောအော်ရာက ထွက်ပေါ်နေခြင်းပင်။ သူမ၏ မျက်မှောင်ကြုတ်တာ၊ ပြုံးတာ တစ်ခုစီတိုင်းက အလွန်တရာ ဖမ်းစားနိုင်စွမ်း ရှိနေ၏။
သူတို့သည် ပုံမှန်အတိုင်း စကားပြောနေသည်ဟု ထင်ရသော်လည်း ဆူဇီမိုသည် ဂနာမငြိမ်ဖြစ်လာပြီး သူ့ခန္ဓာကိုယ်က ဖိန်းတိမ်းရှိန်းတိမ်း ဖြစ်လာ၏။
၎င်းက အလွန်ကို အန္တရာယ်များလွန်းလှ၏။
ဆူဇီမိုသည် လက်သီးကို တင်းကျပ်စွာဆုပ်ထားပြီး သူလက်များကြားတွင် ချွေးများက စိုလာ၏။
ဤမိန်းကလေးက မျက်နှာဖုံးအောက်မှာတင် ဤမျှ ကြောက်စရာကောင်းအစွမ်းထက်နေမှတော့ သူမသာ ထိုမျက်နှာဖုံးကို ခွာချလိုက်ရင် ဘာတွေဖြစ်နိုင်မလဲ။
သူသည် ဤနေရာမှာ ကြာကြာဆက်မနေရဲတော့ပေ။ သူသည် ထ၍ လက်သီးဆုပ် လေးစားဟန်ပြလိုက်ပြီး ပြောလိုက်၏။
“ဘဏားစိုးခေါင်းဆောင်.. တစ်ခြားအထွေအထူး မရှိဘူးဆိုရင်လည်း ကျုပ်ပြန်ပါတော့မယ်”
ဂူရှီက ဘာမျှ မပြောဘဲ သူတို့နှစ်ယောက်ကို တိတ်တဆိတ်သာ ကြည့်နေလိုက်၏။
“ဘာတွေလောနေတာလဲရှင့်.. ရှင်က ဒီကို လေလံပွဲအတွက် ရောက်လာတာမဟုတ်ဘူးလား.. ဒီမှာ ထိုင်ပြီး လေလံဆွဲလို့ ရနေတာပဲကို”
ပန်းရောင်မိန်းကလေးက ဝင်ပြောလိုက်၏။ ရုတ်တရတ်ဆိုသလို သူမသည် မျက်လုံးကစားလိုက်ပြီး ဆူဇီမို၏ ရှေ့တွင် ရပ်လိုက်၏။ သူမသည် ခေါင်းမော့၍ ပြုံးရင်းမေးလိုက်၏။
“ဘာလို့လဲ.. ရှင်ကြောက်နေတာလား”
ဆူဇီမိုသည် အမှန်တစ်ကယ်ကို ကြောက်ရွံ့လာခြင်းဖြစ်၏။ သို့သော်လည်း ထိုအရာကို ဝန်မခံနိုင်ပေ။
“အစ်မက ကျုပ်ကို နောက်နေတာပဲ”
ထူးမခြားအမူအယာနှင့်ပင် ဆူဇီမိုသည် ခါးဆန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျုပ်က အမြဲတမ်းဖြောင့်မတ်ပြီးတော့ ရိုးသားခဲ့တယ်.. အဲ့ဒါကြောင့် ကြောက်နေစရာ ဘာမှမရှိဘူး”
ဆူဇီမိုသည် တစ်ဖက်လူကို ရှိန်သွားစေရန် မျှော်လင့်ချက်ဖြင့် သူ့ဂိုဏ်း၏အမည်ကို ထည့်ပြောလိုက်၏။
မည်သို့ပင်ဆိုစေ.. ဆန်းကြယ်တောင်ထွတ်သည် မဟာကျိုးအင်ပါယာတစ်ခုလုံးမှာတောင် ဂိုဏ်းကြီးငါးဂိုဏ်း စာရင်းဝင် ဖြစ်၏။
“ဝိုး...”
ပန်းရောင်မိန်းကလေးက အံ့သြချီးမွမ်းသည့်ပုံစံနှင့် အံ့အားတစ်သင့် ပြုလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ကြီးကလား.. ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. ဘယ်လောက်တောင် ထူးခြားလေးစားဖို့ကောင်းလိုက်သလဲကွယ်”
ဂူရှီသည် ရယ်ချင်လာပုံနှင့် နှုတ်ခမ်းက တွန့်သွား၏။ သို့သော် သူမသည် ထိုအရာကို ထိန်းချုပ်ထား၏။
ပန်းရောင်မိန်းကလေးက တမင်ဟန်လုပ်၍ ပြောနေသည်ကို ဆူဇီမိုသည် ပြောနိုင်၏။ အဲ့ဒါသည် ဆန်းကြယ်တောင်ထွတ်က သူမအတွက် ဘာမျှပြောပလောက်သောအရာ မဟုတ်သည့်အတိုင်း ဟာသလုပ်နေသည့်လေသံဖြစ်နေ၏။
သူသည် ရှက်ရွံ့သွားသော်လည်း ယခုကား သူ့အတွက် ဒေါသထွက်ပြဖို့ အချိန်ကောင်းမဟုတ်ပေ။ ထို့ကြောင့် သူသည် မေးခွန်းတစ်ခုသာ ပြန်မေးလိုက်၏။
“ကျုပ်က ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ အစ်မ.. ခင်ဗျားက ဘယ်ဂိုဏ်းကလဲဗျ”
“ကျမလား.. အခုတော့ ရှင့်ကို ပြောမပြနိုင်သေးဘူး.. ဟီးဟီး” ပန်းရောင်မိန်းကလေးက ရယ်မောလိုက်ပြီး မျက်လုံးကို တမင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်၏။ သူမ၏ အမူအယာကို ကြည့်၍ မည်သူမျှ စိတ်ဆိုးဒေါသထွက်နိုင်မှာ မဟုတ်ပေ။
“စောစောက ရတနာ့ကောင်းကင်တံဆိပ်ပြားမှာ ဘာက ထူးခြားနေလဲ ရှင်သိလား” ပန်းရောင်မိန်းကလေးက ရုတ်တရတ် မေးလိုက်၏။
“မသိဘူး” ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“အဲ့ဒါက တစ်ချက်လောက် သေချာကြည့်ကြည့်ပါလား” သူမက ဆက်ပြောလိုက်၏။
ထိုရတနာ့ကောင်းကင်တံဆိပ်ပြားကို ရရှိခဲ့ကတည်းက သူသည် ၎င်းကို တစ်ခါမျှ သေကြည့်မကြည့်ဖူးသေးပေ။ ယခု သူသည် ၎င်းကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သောအခါ တစ်ခုခု ထူးခြားကွဲပြားနေတာကို ချက်ချင်း သိရှိလိုက်၏။
တံဆိပ်ပြား၏ အောက်ခြေညာဘက်ထောင်တွင် ‘ရွှယ်’ ဟူသော စာလုံးလေးကို ရေးထိုးထား၏။
ပန်းရောင်မိန်းကလေး၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။
“အဲ့ဒါက မဟာကျိုးအင်ပါယာက တတိယမင်းသမီးရဲ့ ရွှေတံဆိပ်ပြားပဲ.. အဲ့ဒါကို တော်ဝင်မိသားစုရဲ့ တံဆိပ်ပြားလို့လဲ ခေါ်တယ်.. မဟာကျိုးအင်ပါယာတစ်ခုလုံးမှာတောင် အဲ့ဒါမျိုး ဆယ်ခုထက် ပိုမရှိဘူး”
“သြော် ဒါ့ကြောင့်ကိုး”
ဆူဇီမိုသည် တုန်လှုပ်သွား၏။
သူသည် ဤရတနာ့ကောင်းကင်တံဆိပ်ပြားနှင့် ပစ္စည်းဝယ်လျှင် အနည်းဆုံး ထက်ဝက်လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သည့်အရင်တုန်းက ကျိယောင်ရွှယ်သည် ပြောပြခဲ့ဖူး၏။
ထိုအချိန်တုန်းက ဆူဇီမိုသည် အံ့အားသင့်ခဲ့ရပြီး ရတနာ့ကောင်းကင်အရောင်းပြခန်းရှိ ပစ္စည်းများက ဤမျှလောက် စျေးမပေါနိုင်ကြောင်း သံသယဝင်ခဲ့ဖူး၏။
ဒါဆို ဒီတံဆိပ်ပြားက မဟာကျိုးအင်ပါယာက တော်ဝင်မိသားစုဝင်တွေအတွက် သီးသန့်ပြုလုပ်ထားတာ ဖြစ်နေတာကိုး။
“ဟေး.. ရှင်နဲ့ တတိယမင်းသမီးရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ” ပန်းရောင်မိန်းကလေး၏ မျက်လုံးထဲတွင် ပါးရည်နပ်ရည်ရှိသောအရိပ်အယောင်များက ပေါ်လာပြီး တောက်ပစွာပြုံး၍ မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ဘာမှ သိပ်မရှိပါဘူး.. ကျုပ်တို့က သာမန်မိတ်ဆွေတွေပါပဲ”
“ဟင့် အဲ့ဒါကို ဘယ်သူက ယုံမှာလဲ”
ပန်းရောင်မိန်းကလေးက နှုတ်ခမ်းစူလိုက်ပြီး ကျီစယ်လိုက်၏။
“တတိယမင်းသမီးလိုလူမျိုးက သူ့မှာတစ်ခုထဲရှိတဲ့ တံဆိပ်ပြားကို သာမန်မိတ်ဆွေတစ်ယောက်ကို ပေးပါ့မလား”
ဆူဇီမိုက ပြန်မဖြေပေ။
“ဟေ့.. ဆူဇီမို.. ကျမကို တစ်ခုလောက် ကူညီပေးပါလား” ပန်းရောင်မိန်းကလေးက သူမမျက်လုံးကို ကစားလိုက်ရင်း ရုတ်တရတ် ပြောလိုက်၏။
ဆူဇီမိုက မေးလိုက်၏။
“ဘာကိုလဲ”
“ကျမကို ကူပြီးတော့လေ လူဆိုးတွေကို ဆုံးမပေးပါလား” ပန်းရောင်မိန်းကလေးက လက်သီးလက်မောင်းတန်း၍ အတည်ပေါက်နှင့် ပြောလိုက်၏။
“ဟုတ်တယ်ရှင့်.. သူတို့က ဆိုးယုတ်တဲ့ မကောင်းဆိုးဝါးတွေလေ.. ဆန်းကြယ်တောင်ထွတ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ရှင်က တာအိုကို ကာကွယ်ဖို့အတွက် ဆိုးယုတ်တဲ့သူတွေကို နှိမ်နင်းပေးရမယ် မဟုတ်လား”
“မဟုတ်ပါဘူး” ဆူဇီမိုက ခေါင်းခါလိုက်၏။
သူမပြောတာက ဘယ်လိုလူဆိုးတွေလဲဆိုတာ သူဂရုမစိုက်ပေ။ ထိုမိန်းကလေးနှင့် ဝေးဝေးခွာနေချင်တော့တာပဲ သူသိလေသည်။
သူမဘေးရှိ ဂူရှီက မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်လိုက်ပြီး သူမနှင့် ပန်းရောင်မိန်းကလေးအကြားတွင် အကာအရံအလွှာတစ်ခုကို ခင်းကျင်းလိုက်၏။
“ဘာတွေပေါက်ကရတွေ လျှောက်လုပ်နေတာလဲ.. အဲ့ကောင်လေးကို နင်နဲ့အတူ ခေါ်သွားမလို့တော့ မဟုတ်ဘူးမလား”
“ခေါ်သွားမလို့”
ပန်းရောင်မိန်းကလေးက သာမန်ကာလျှံကာပင် ပြန်ဖြေလိုက်၏။
“မသွားနဲ့”
ဂူရှီက ဖျောင်းဖျလိုက်၏။
“နင် အဲ့နေရာကို ရောက်သွားရင် ငါလဲ ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး.. ဒီဘက်မျိုးဆက်ရဲ့ မိစ္ဆာအမွေဆက်ခံသူတွေက အရမ်းရက်စက်ကြတယ်.. နင် သူတို့ကို သွားရှုပ်ရင်.. သူတို့က နင့်ကို သတ်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး”
“ကျွတ်စ်”
ပန်းရောင်မိန်းကလေးက မထီမဲ့မြင်ဖြင့် ပြန်ပြောလိုက်၏။
“မိစ္ဆာအမွေဆက်ခံသူလား.. အဲ့တော့ရော ဘာဖြစ်လဲ.. ကျမလဲ မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ပဲလေ.. ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ.. သူတို့ကျမနဲ့ လာရှုပ်ရဲရင် ကျမကလဲ သူတို့ကို သတ်ပစ်မှာပေ့ါ.. နောက်ပြီး အခုပဲ ကျမဘက်က အကူတစ်ယောက်တိုးလာတော့မှာကို.. အစ်မကြီးက မမြင်ချင်ဘူးလား”
ထိုသို့ပြောပြီးသည်နှင့် ပန်းရောင်မိန်းကလေးက ဆူဇီမိုကို ကြည့်လိုက်၏။
“သူလား” ဂူရှီက ခေါင်းခါလိုက်ပြီး ဆက်မပြောတော့ပေ။ သို့သော်လည်း သူမ၏ လေသံက အထင်သေးမှုနှင့် ပြည့်နေ၏။
ပန်းရောင်မိန်းကလေးက တောက်ပစွာ ပြုံးလိုက်၏။
“အစ်မဆီကနေ ကျမကြားတာတော့ အဲ့ဆူဇီမိုက အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ကောင်းဆိုပဲ”
“အဲ့လိုဆိုလဲ သုံးစားရမှာ မဟုတ်ဘူး”
ဂူရှီက ခေါင်းခါလိုက်၏။
“မိစ္ဆာဂိုဏ်းတွေရဲ့ ဒီဘက်မျိုးဆက်က ပါရမီရှင်တွေက အတော်လေးကို သန်မာကြတာ.. ပဒေသရာဇ်နန်းတော်က ဆက်ခံသူကို အသာထားဦး.. အဲ့ဆူဇီမိုက တခြားမိစ္ဆာအမွေဆက်ခံသူတွေကိုတောင် ယှဉ်နိုင်မှာမဟုတ်ဘူး.. သူ့ကို အဲ့ခေါ်သွားရင် သက်သက်သွားပြီး အသေခံခိုင်းနေသလိုပဲ.. နင့်ကြောင့် သူသာ အဲ့နေရာမှာ သေသွားခဲ့ရင် နင့်အစ်မက နင့်ကို သေချာပေါက် အပြစ်တင်မှာပဲ”
“ဟမ့်.. အဲ့မှာ သူသေသွားတော့လည်း ကောင်းတာပေါ့.. အကုန်လုံး အဆုံးသတ်သွားတာပေ့ါ”
ပန်းရောင်မိန်းကလေးက လှောင်ရယ်လိုက်၏။
“အနည်းဆုံးတော့ ကျမအစ်မက သူ့အကြောင်းတွေးပြီး ခဏခဏ စိတ်ပူနေစရာ မလိုတော့ဘူးပေ့ါ.. သူ့အတွက်နဲ့ အစ်မက အဖေနဲ့ နှစ်ကြိမ်သုံးကြိမ်လောက် အချင်းများခဲ့ရပြီးပြီ.. ကျမအမြင်တော့ အဲ့ဆူဇီမိုက ဘာမှထူးခြားတာလဲ မရှိပါဘူး.. သူ့ပုံစံက ရိုးရှင်းလွန်းပါတယ်.. ကျမအစ်မက သူ့ကို ဘာကြည့်ပြီး သဘောကျနေလဲ ပြောတောင်မပြောတတ်တော့ဘူး”
“နင် ဆုံးဖြတ်ချက်ချပြီးပြီလား” ဂူရှီက မေးလိုက်၏။
ပန်းရောင်မိန်းကလေးက ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူမသည် မျက်လုံးကို လှည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမယ့်လဲ.. သူက လုံးဝ မလိုက်ချင်ဘူးဆိုရင် ကျမက သူ့ကို လည်ပင်းဓါးထောက်ပြီး ခိုင်းလို့တော့ မရဘူးမလား”
“နည်းလမ်းတစ်ခုက အမြဲတမ်း ရှိပါတယ်” ဂူရှီက လျှို့ဝှက်အသိရခက်စွာ ပြောလိုက်၏။