ဣန္ဒြေအတုအယောင်
Vol. 11 Ch. 157
အခန်း ၁၅၇ - ဣန္ဒြေအတုအယောင်
“ဒီတစ်ခေါက် မင်းဘာဝယ်ဖို့ ရည်ရွယ်ထားတာလဲ”
အသံလုံအကာအရံကို ဖယ်ရှားလိုက်ပြီးနောက် ဂူရှီက ဆူဇီမိုကိုကြည့်၍ ပြုံးလိုက်၏။
“ဘာရယ်လို့မဟုတ်ပါဘူး.. ကျုပ်က ဒီတိုင်းသက်သက်လာကြည့်ရုံပါပဲ”
စောစောက သူတို့ ဘာတွေပြောနေကြသည်ဆိုတာကို မသိသော်လည်း သူနှင့် တစ်နည်းနည်းတော့ ပတ်သတ်နေရမည်ဆိုတာ ဆူဇီမိုရိပ်မိလေသည်။
ဂူရှီက ပြုံးလိုက်ပြီး ဘာမျှဆက်မမေးတော့ပေ။ သူမက စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်၏။
“လေလံပွဲက ခဏနေရင် စတော့မှာပဲ.. အေးဆေးပေါ့ ပြန်ထိုင်လိုက်ပါဦး.. မင်းလိုချင်တာတစ်ခုခုတွေ့ရင် ငါမင်းကို ကူညီပေးလို့ရပါတယ်”
သူတို့အကြားရှိ အဆင့်အတန်းကွာဟချက်က ကြီးမားသော်လည်း ဂူရှီသည် သူ့ကို ထပ်ဖန်တစ်လဲလဲ ဖိတ်ကြားချက်ပြုနေ၏။ ဆူဇီမိုသည် ဆုံးဖြတ်ချက်ချပြီး တွေးလိုက်၏။
“ငါ ဒီကို ရောက်နေပြီဆိုမှတော့လဲ.. အလိုက်သင့်လေး စီးမျောလိုက်တာပေါ့.. သူတို့ငါ့ကို ဘာမှတော့ မလုပ်လောက်ပါဘူးလေ”
ထိုသို့တွေးပြီးနောက် သူသည် သက်တောင့်သက်သာပုံစံနှင့် ထိုင်ချလိုက်ပြီး အနားမှာ မည်သူမျှ မရှိသည့်အတိုင်း စားပွဲပေါ်က အသီးများကို ယူစားနေလိုက်၏။
သူ့ရှေ့ရှိ သလင်းဖန်သားပြင်ကို ဖောက်၍ အပြင်ဘက်ရှိ ခုံတန်းများ နေရာပြည့်ကုန်သည်ကို ရှင်းလင်းစွာ မြင်နေရ၏။
၎င်းက အလွန်တရာ စည်ကားသိုက်မြိုက်လှ၏။
သိပ်မကြာမီ ခေါင်းလောက်သံက ထွက်ပေါ်လာပြီးနောက် လေလံပွဲကို တရားဝင်စတင်လိုက်ကာ လူအုပ်ကြီးက တစ်ဖြည်းဖြည်း ငြိမ်ကျသွား၏။
အထက်တန်းကျကျ အဝတ်အစားများကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်သည် ဝန်းဝိုင်းသောစင်မြင့်ထက်သို့ လျှောက်လှမ်းလာပြီး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်၏။ ဘာတစ်ခွန်းမျှ မပြောရသေးမီ.. သူသည် ပြုံး၍ လက်သီးဆုပ်ဂါဝရပြုလိုက်၏။
“ကျုပ်ကတော့.. ချီယွီမြို့ရဲ့ ရတနာ့ကောင်းကင်လေလံအိမ်တော်က မန်နေဂျာပါ.. တာအိုရောင်းရင်းတို့ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်.. ဒီနေ့ ခင်ဗျားတို့အားလုံး ကိုယ်လိုချင်တာကို ရယူနိုင်ပြီး အိမ်ပြန်နိုင်ကြဖို့ ကျုပ်ဆုတောင်းပေးပါတယ်”
“မြန်မြန်စတော့ဟေ့ အပိုတွေ ဝေ့ဝိုက်မနေနဲ့တော့”
အချို့သောကျင့်ကြံသူများက စိတ်မရှည်နိုင်တော့ဘဲ အော်ဟစ်ဆူပူလိုက်ကြ၏။
မန်နေဂျာက ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားတစ်ခွန်းမျှ ထပ်မပြောပေ။ သူသည် အနောကို လက်ဝေ့ပြလိုက်သောအခါ.. ချောမောလှပသော အစေခံအမျိုးသမီးတစ်ယောက်သည် လင်ဗန်းတစ်ချပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း ရှေ့သို့ လျှောက်လှမ်းလာ၏။
မန်နေဂျာက လင်ဗန်းပေါ်တွင် အုပ်ထားသော အဝတ်စကို ဖယ်ရှားလိုက်သောအခါ ဓါးပျံတစ်လက်က ထွက်ပေါ်လာ၏။ ၎င်း၏ ဓါးသွားက ကြည်လင်သောဆောင်းဦးရေစက်လေးများလို တစ်ဖျတ်ဖျတ်တောက်ပနေပြီး ၎င်းအပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်သုံးခုပါရှိ၏။
သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်!
“ဒီပစ္စည်းကိုတော့ ဆောင်းဦးရေစင်ဓါးလို့ခေါ်တယ်.. ဒါကို သွန်းလုပ်ခဲ့သူကတော့ မဟာကျိုးအင်ပါယာရဲ့ ကျော်ကြားတဲ့ နတ်ပန်းပဲဆရာတစ်ဦးဖြစ်တဲ့ ဆရာလျန်ပါပဲ.. လူတိုင်းပဲ သူ့ကို ကြားဖူးကြမယ်လို့ ကျုပ်ထင်ပါတယ်.. အဲ့ဒါကြောင့် အပိုတွေထပ်ပြီး မိတ်ဆက်ပေးမနေတော့ပါဘူး.. ဒီဓါးရဲ့ စဦးခေါ်စျေးကတော့ စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ပဲ ဖြစ်ပါတယ်.. ထပ်တင်တဲ့ လေလံစျေးတစ်ခုစီတိုင်းက ၁၀၀ထက် နည်းလို့ မရပါဘူး”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
လေလံပွဲက ယခုမှ စတင်ရုံရှိသေးသည်.. သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုက ထွက်ပေါ်လာလေပြီ။ နောက်ပိုင်းဘယ်လို ထူးခြားသည့် ပစ္စည်းများ ထပ်မံပေါ်ထွက်လာဦးမလဲ သူသိချင်မိပေသည်။
ဆရာလျန်က မည်သူဆိုတာလည်း သူ မသိပေ။
ဆူဇီမို၏ စိတ်ထဲက သံသယကို မြင်နိုင်သည့်အလား ဂူရှီက ပြောလိုက်၏။
“သူ့နာမည်က လျန်ဖုန်တဲ့.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကပဲ.. သူက ထိပ်တန်းအဆင့်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့ပြီးတဲ့နောက် ကျော်ကြားလာခဲ့တာပဲ.. မဟာကျိုးအင်ပါယာမှာဆိုရင် အဆင့်မြင့်နတ်ပန်းပဲဆရာတွေကို ရှားရှားပါးပါး ပါရမီရှင်တွေလို့ ပြောလို့ရတယ်.. ကျင့်ကြံသူတွေက သူ့ကို လေးစားသမှုနဲ့ ဆရာလျန်လို့ ခေါ်ကြတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
များစွာသောကျင့်ကြံသူများက စတင်လေလံပစ်နေကြလေပြီ။ တစ်ခဏအတွင်းမှာပင် ဆောင်းဦးရေစင်ဓါး၏ တန်ဖိုးက စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀အထိ ရောက်လာ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်လက်နက်များအပေါ် များစွာ စိတ်ဝင်စားမှု မရှိပေ။
သိပ်မကြာမီမှာပင် ဆောင်းဦးရေစင်ဓါးကို ပကတိအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်ကျောက်တုံး ၃၇၀၀ဖြင့် ဝယ်ယူနိုင်ခဲ့၏။
မန်နေဂျာက စိတ်ကျေနပ်စွာဖြင့် နှစ်ခြိုက်စွာ ပြုံးရွှင်နေ၏။ သူသည် လက်ပြလိုက်သောအခါ ဒုတိယမြောက်ပစ္စည်းကို ရှေ့သို့ ထုတ်လာ၏။
အဝတ်စကို ဖယ်လိုက်သောအခါ.. ၎င်းက ဆေးလုံးအချို့ ပါဝင်သော ကျောက်စိမ်းပုလင်းလေးတစ်လုံးဖြစ်၏။
“ဒါကတော့ အရည်အသွေးနိမ့် အဆင့်၂ ဆေးလုံးပဲဖြစ်ပါတယ်.. လူတိုင်းပဲ ဒီဝေါဟာရကို ရင်းနှီးပြီးသား ဖြစ်ကြပါလိမ့်မယ်.. ကျုပ်အခု ခင်ဗျားတို့ကို မိတ်ဆက်ပေးမှာကတော့. . . မရီးဒျန်ဖွင့်ဆေးလုံးပဲ ဖြစ်ပါတယ်ခင်ဗျာ.. သူ့ရဲ့ စဦးကြမ်းခင်းစျေးကတော့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ပါဗျ.. ထပ်တိုးလေလံတစ်ခုစီတိုင်းက ၅၀၀အောက် မလျော့ရပါဘူး”
ဆူဇီမို၏ မျက်လုံးက အရောင်လက်သွား၏။
အခြေတည်အဆင့်ကျင့်ကြံသူများသည် ပကတိအဆင့်သို့ ရောက်သည်နှင့် သူတို့၏ မရီးဒျန်ရှစ်ခုကို ဖွင့်လှစ်ရပေမည်။ မရီးဒျန်ဖွင့်ဆေးလုံး၏ အံ့သြထူးခြားဖွယ်ကောင်းသည့်အချက်မှာ အခြေတည်အဆင့်ကျင့်ကြံသူများသည် ၎င်းဆေးလုံးကို စားသုံးလိုက်သည်နှင့် မရီးဒျန်တစ်ခုကို ချက်ချင်းဖွင့်နိုင်ဖို့ အခွင့်အရေးများလေသည်။
တိတိကျကျပြောရလျှင် မရီးဒျန်ဖွင့်ဆေးလုံး၏ အရည်အသွေးကကောင်းလေလေ.. မရီးဒျန်များကို ဖွင့်နိုင်ဖို့ အခွင့်အရေးကလည်း များလေလေဖြစ်၏။ ထို့အပြင် ပထမအကြိမ်စားသုံးခြင်းမှာသာလျှင် ထိုဆေးလုံး၏ အစွမ်းအာနိသင်က ပြသလေသည်။
ထိုသို့ဆိုလျှင်တောင် ၎င်းက အာနိသင်က အတော်လေးကို ကြောက်စရာကောင်းလေသည်။
မရီးဒျန်ခုနှစ်ခုဖွင့်ပြီးသား ကျင့်ကြံသူတစ်ယောက်သည် ဤဆေးလုံးကို စားသုံးလိုက်လျှင် ထိုသူသည် အဋ္ဌမမြောက်မရီးဒျန်ကို ဖွင့်နိုင်ဖို့ အခွင့်များလေသည်။
ရှေးဟောင်းခေတ်တုန်းက မရီးဒျန်ဖွင့်ဆေးလုံးသည် အလွန်တရာ ကျော်ကြားလှ၏။ ကံမကောင်းစွာနှင့်ပင် ထိုးဆေးလုံး၏ ဖော်စပ်နည်းအညွှန်းက ပျောက်ကွယ်သွားခဲ့ပြီး ထိုကဲ့သို့သောဆေးလုံးများကလည်း များစွာ မကျန်ရှိတော့ပေ။
ဆူဇီမိုသည် အနည်းငယ် လှုပ်ရှားသွားပြီး ရှေ့သို့ နည်းနည်းလေး မျှော်ကြည့်မိလိုက်၏။
ဂူရှီသည် ဘေးတိုက်တစ်ချက် လှမ်းကြည့်လိုက်ပြီး.. ဆူဇီမိုသည် မသိမသာသော လှုပ်ရှားမှုကလေးကို သတိထားမိလိုက်၏။
“မင်းစိတ်ဝင်စားတယ်ဆိုရင်.. အဲ့ဒါကို မင်းဒီကနေ လေလံဆွဲရုံပဲလေ.. အစေခံမလေးတွေက မင်းကိုယ်စား အပြင်ဘက်ကနေ စကားပြန်ပေးလိမ့်မယ်”
ထိုအရာကား ဤအဆင့်အခန်းများ၏ အထူးအခွင့်အရေးဖြစ်၏။
အခန်းများအားလုံးကို အမှတ်သညာပြုထားကြ၏။ နမူနာပြောရလျှင် ဆူဇီမိုသည် ယခုရှိနေသော အခန်းသည် အခန်းနံပါတ်တစ်ဖြစ်ပြီး အပေါ်ဆုံးတွင် ထိုကဲ့သို့သောအခန်းမျိုး ဆယ်ခန်းရှိ၏။
သူတို့အောက်တွင်တော့ ရွှေအူတိုင်များနေသော အခန်း ၉၀ရှိပြီး နံပါတ် ၁၁ကနေ ၁၀၀အထိ တပ်ထားကြ၏။
ခဏလေးသောအချိန်မှာပင် များစွာသော ရွှေအူတိုင်အဆင့်များ၏ လေလံပစ်မှုကြောင့် မရီးဒျန်ဖွင့်ဆေးလုံး၏ တန်ကြေးက စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀အထိ ရောက်ရှိလာခဲ့၏။ တစ်ကယ်တော့ ၎င်းက အရည်အသွေးနိမ့်.. မရီးဒျန်ဆေးလုံးတစ်လုံးမျှသာဖြစ်၏။
ပုံမှန်အားဖြင့်တော့ ၎င်းက ရွှေအူတိုင်အဆင့်များအတွက် အသုံးမဝင်ပေ။ သူတို့အများစုသည် သူတို့၏ လက်ရင်းတပည့်များအတွက် ၎င်းကို ရယူလိုကြခြင်းဖြစ်၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး.. လေလံပစ်ဖို့ စိတ်ကူးကို လက်လျှော့လိုက်၏။
အဲ့ဒါက သူ့မှာ စိတ်ဝိညာဉ်ကျောက်တုံးများ မလုံလောက်သောကြောင့် မဟုတ်ပေ။ ဆေးလုံး၏ အရည်အသွေးအဆင့်ကို သူက မကြိုက်သောကြောင့် ဖြစ်လေသည်။
လင်းဖုန်းမြို့က စိတ်ဝိညာဉ်သတ္တုတွင်းမှာတုန်းက ဆူဇီမိုသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတော်များများကို လက်ဝယ်ပိုင်ဆိုင်လိုက်၏။ ယခုအခါ သူ့သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ၁၀၀၀၀၀ကျော် ရှိလေသည်။
“ဟေ့.. ရှင့်မှာ ငွေမလောက်လို့လား.. မရှက်ပါနဲ့” ပန်းရောင်မိန်းကလေးက မျက်စိတ်မှိတ်ပြ၍ တိုးတိုးလေး ကပ်ပြောလိုက်၏။
“ရှင့်ကြိုက်တာရှိတယ်ဆိုလဲပြောပေါ့.. ကျမ ရှင့်ကို ကူဝယ်ပေးလို့ရပါတယ်..ဟင်းဟင်း...”
“ရပါတယ်.. အဲ့ဒါကို ကျုပ်ဘာသာလဲ ဝယ်နိုင်တဲ့ အစွမ်းအစရှိပါတယ်” ဆူဇီမိုသည် ထူးမခြားနားစွာနှင့်ပင် ငြင်းပယ်လိုက်၏။
ပန်းရောင်မိန်းကလေး၏ မျက်လုံးများထဲတွင် တုန်လှုပ်အံ့သြမှုက ဖြတ်ပြေးသွားပြီးနောက် သူမသည် ရယ်မောကာ ပြောလိုက်၏။
“အို့.. ကျမလုံးဝထင်မထားမိဘူး ကြည့်စမ်း.. ရှင့်လို အစောပိုင်းအခြေတည်အဆင့်တစ်ယောက်က ဒီလိုမျိုးပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ဝယ်နိုင်စွမ်းရှိတယ်ဆိုတော့...”
ခဏရပ်လိုက်ပြီးနောက် ပန်းရောင်မိန်းကလေးက မျက်လုံးကလယ်ကလယ်နှင့် ရုတ်တရတ် မေးလိုက်၏။
“ရှင်သိလား... .. လေလံပစ်ဖို့အတွက် ဘယ်စိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးရလဲဆိုတာ”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ သူသည် တစ်စုံတစ်ရာကို လွဲမှားစွာ တွက်ချက်မိနေနိုင်ကြောင်း တွေးမိသွား၏။
အတွင်းအိမ်တော်ထဲရှိ လေလံပွဲက သူတို့သည် အဆင့်နိမ့် သို့မဟုတ် အလယ်အလတ် သို့မဟုတ် သာလွန်အဆင့် စသည်ဖြင့် မည်သည့်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို လေလံပစ်ရာတွင် အသုံးပြုနေသလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဆူဇီမိုက သူတို့သည် ရောင်းဝယ်ရေးအတွက် အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေသည်ဟု အလိုအလျောက် တွက်ထားခဲ့မိ၏။
အဆင့်မတူသော စိတ်ဝိညာဉ်ကျောက်တုံးများအကြား တန်ဖိုးကွာဟချက်က လွန်စွာကြီးမား၏။
ပုံမှန်အားဖြင့်ဆိုလျှင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာက အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ညီမျှ၏။
အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာက သာလွန်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ညီမျှ၏။
ထပ်ပြီး ပြောရလျှင် သာလွန်အဆင့်၏ အထက်၌ ထိပ်တန်းအဆင့်လည်း ရှိသေး၏။
စောစောက လေလံဆွဲနေကြသော စိတ်ဝိညာဉ်ကျောက်တုံးများ၏ အဆင့်က သာလွန်အဆင့်သာဆိုလျှင် ဆူဇီမို၏ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းက သာလွန်အဆင့် တစ်ထောင်မျှသာ ရှိလေသည်။ ထိုငွေနှင့် သူသည် ဘာကိုမျှ ဝယ်ယူနိုင်မှာ မဟုတ်ပေ။
ဂူရှီက ဘေးကနေ ဝင်ပြောလိုက်၏။
“အတွင်းအိမ်တော်ရဲ့ လေလံပွဲမှာ သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကိုပဲ သုံးကြတယ်ဆိုတာ.. ရတနာ့ကောင်းကင်လေလံအိမ်တော်ကို ရောက်ဖူးသူတိုင်း သိတယ်.. တစ်ခါတစ်ရံ သူတို့သာ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးချင်တယ်ဆိုရင် အဲ့ဒါက သက်သက် ထုတ်ကြေငြာလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ သူသည် အဲ့ဒါကို အရင်ကတည်းက သိရှိပြီးသားသကဲ့သို့ တည်ငြိမ်ဣန္ဒြေရစွာပင် ဟန်ဆောင်လိုက်၏။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ အသံတိတ် ညည်းညူနေမိ၏။
‘လခွမ်း.. ဂွတော့ကျပြီ....’
သာမန်လူများအတွက်တော့ ဆူဇီမို၏ ဣန္ဒြေက အစစ်အမှန်ဟု ထင်ရလောက်၏။ သို့သော်လည်း ထိုအရာက ဂူရှီနှင့် ပန်းရောင်မိန်းကလေးတို့ကိုတော့ မလှည့်စားနိုင်ခဲ့ပေ။
ဂူရှီ၏ ကျင့်ကြံမှုက သူ့ထက်များစွာ မြင့်မားသည် မဟုတ်ပါလား။
သူမသည် အကြည့်တစ်ချက်ဖြင့် ဆူဇီမို၏ ဟန်ဆောင်နေမှုကို တန်းသိလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ပန်းရောင်မိန်းကလေးက ဆူဇီမိုကို မျက်လုံးမှေး၍ ကြည့်လိုက်၏။ သို့သော် သူမက ထုတ်ဖော်မပြောဘဲ တစ်မျိုးတစ်မည်ပြုံး၍သာ ကြည့်နေ၏။
ဤအစိမ်းရောင်ဝတ်စာပေသမားက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းသည်ဟု ပန်းရောင်ဝတ်မိန်းကလေးသည် ရုတ်တရတ် ခံစားလာမိ၏။
ပန်းရောင်ဝတ်မိန်းကလေး၏ အကြည့်အောက်တွင် ဆူဇီမိုသည် နေမထိထိုင်မသာ ဖြစ်လာ၏။
‘ငါဒီမှာဆက်နေလဲ.. ငါဝယ်နိုင်တာမှ မရှိတာ.. စောစော ပြန်လိုက်တာပဲ ကောင်းပါတယ်လေ’
ထိုသို့တွေးလိုက်ပြီးနောက် ဆူဇီမိုသည် မတ်တပ်ထရပ်လိုက်၏။ သူသည် နှုတ်ဆက်မလို့ ဟန်ပြင်လိုက်စဉ်မှာပင် လေလံပွဲမှ ထွက်ပေါ်လာသော ပစ္စည်းတစ်ခုကို သူ၏စိတ်အာရုံကို ဖမ်းစားသွား၏။