← Chapters

ရှေးဟောင်းမီးဆေးကျမ်း

Vol. 11 Ch. 158

ရှေးဟောင်းမီးဆေးကျမ်း

Vol. 11 Ch. 158

အခန်း ၁၅၈ - ရှေးဟောင်းမီးဆေးကျမ်း

“အခုနောက်ထပ်မိတ်ဆက်ပေးမှာကတော့ အဆင့်မြင့်နတ်ပန်းပဲဆရာတစ်ယောက် ပြုစုခဲ့တဲ့ လက်နက်သွန်းမီးဆေးကျမ်းပဲ ဖြစ်ပါတယ်ခင်ဗျာ.. အဲ့ဒီပုဂ္ဂိုလ်က လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းကဆိုရင်.. မဟာကျိုးအင်ပါယာမှာ အင်မတန်ကို ကျော်ကြားခဲ့တာပေါ့.. ဒါပေမယ့်လဲ ဝမ်းနည်းဖို့ကောင်းတာက အဲ့ဒီလူဟာ နိုးထဝိညာဉ်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး.. နောက်ဆုံးမှာ‌တော့ ကွယ်လွန်ခဲ့ရတာပေါ့.. အဲ့လိုဆိုရင်တောင် သူဟာ သူ့ဘဝကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်ခဲ့တယ်”

မန်နေဂျာကို လိုရင်းကို ရောက်ဖို့အတွက် ဖြည်းဖြည်းချင်း စကားချီနေလိုက်၏။

“အဲ့ဒီလူကတော့ တစ်ခြားသူမဟုတ်ပါဘူး.. ဆရာရှုကျန့်ပါပဲခင်‌ဗျာ”

“အဲ့ဒါ သူကိုး”

“အဲ့ပုဂ္ဂိုလ်က တစ်ကယ် မယုံနိုင်စရာပဲ”

“ငါကြားဖူးတာတော့ သူ့ရဲ့ အထွတ်အထိပ်အချိန်တွေတုန်းက သူက ထိပ်တန်းအဆင့်လက်နက် တစ်ဒါဇင်ကျော်လောက်ကို ဖန်တီးပြုလုပ်ခဲ့ဖူးတယ်တဲ့.. သူက ပကတိအဆင့်လက်နက်တစ်ခုကိုတောင် ပြုလုပ်နိုင်ခဲ့ဖူးတယ်လို့ ပြောကြသေးတယ်.. သူက တစ်ကယ့်ကို အံ့ချီးလောက်တဲ့လူပဲ.. အဲ့အချိန်ကဆို ရွှေအူတိုင်အဆင့်တွေအများကြီးက သူ့ဆီကနေ လက်နက်တစ်ခုရဖို့ လိုက်ကပ်နေကြမှာပဲ”

အခြေတည်အဆင့်ကျင့်ကြံသူအများစုသည် ထိုပုဂ္ဂိုလ်အကြောင်းကို မကြားဖူးကြပေ။ ထို့ကြောင့် ဆွေးနွေးပြောကြားသံများသည် ရွှေအူတိုင်များ၏ အခန်းများဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။

မန်နေဂျာက လင်ဗန်းပေါ်မှ အဝတ်စကို ဖယ်လိုက်သောအခါ ဝါကျင့်ကျင့်စာရွက်များနှင့် ညစ်နွမ်းနွမ်းအို‌ဟောင်းနေသည့် ခပ်ထူထူစာအုပ်တစ်အုပ်က ထွက်ပေါ်လာ၏။

မန်နေဂျာက တည်ကြည်စွာ ပြောလိုက်၏။

“ဒါကတော့ ဆရာရှုရဲ့ လက်ရေးကျမ်းပဲ.. လေလံကြမ်းခင်းစျေးကတော့ စိတ်ဝိညာဉ်‌ကျောက်တုံး ၁၀၀၀၀၀ပါ.. ထပ်တိုးလေလံတစ်ခုစီတိုင်းက ၁၀၀၀ထက် မနည်းရပါဘူး”

ဆူဇီမိုသည် ထိုစာအုပ်ကို ကြည့်လိုက်၏။ သူ့အကြည့်က စူးရဲနေပြီး သူ့နုလုံးသားကတော့ အေးစက်နေ၏။

ထိုရှေးဟောင်းကျမ်းစာအုပ်က သူလိုချင်သောပစ္စည်းမျိုး အတိအကျဖြစ်ပြီး ယခုတစ်ခေါက် အပြင်သို့ သူထွက်လာရသည့် ရည်ရွယ်ချက်ကလည်း ထိုအရာကို ရရှိဖို့ဖြစ်၏။

သို့သော်လည်း ထိုအရာက သူ၏တတ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေ၏။

ကြမ်းခင်းစျေးက သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ မဟုတ်ဘဲ.. အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ဆိုလျှင်ပင်.. တစ်ယောက်စ၊ နှစ်ယောက်စ လေလံပစ်ပြီးတာနှင့် ဆူဇီမိုသည် ထိုအရာကို တတ်နိုင်တော့မည်မဟုတ်ပေ။

တစ်ကယ်လည်း ခဏလေးအတွင်းမှာပင် ရှေးဟောင်းကျမ်းစာအုပ်၏ တန်ဖိုးက ၂၀၀၀၀၀နီးပါးသို့ ရောက်ရှိလာခဲ့၏။

ထိုအရာကို လေလံဆွဲနေကြသူက နှစ်ယောက်သာ ရှိကြ၏။

ဤရှေးဟောင်းကျမ်းစာအုပ်က သာမန်ကျင့်ကြံသူတွေအတွက်တော့ များစွာ တန်ဖိုး မရှိလှပေ။ သို့သော်လည်း နတ်ပန်းပဲဆရာများအတွက်တော့ ၎င်းက အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်၏။

ထိုအရာကို လေလံဆွဲနေသူက နတ်ပန်းပဲဆရာတစ်ယောက် မဟုတ်လျှင်တောင်.. သူသည် နတ်ပန်းပဲဆရာတစ်ယောက်နှင့် သေချာ‌ပေါက် ထူးခြားလေးနက်သော ပတ်သတ်ဆက်နွယ်မှု ရှိရပေမည်။

ထိုအချိန်မှာပင် အခန်းနံပါတ် ၇၇မှ အသံထွက်လာ၏။

“၂၅၀၀၀၀!”

ဆူဇီမို၏ မျက်လုံးက ဖျတ်ကနဲလက်သွားပြီး ရင်တစ်ချက်ထိတ်သွား၏။

ထိုအသံက သူနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်နေ၏။.. ၎င်းက ဖိုသီဖတ်သီအဖိုးအို၏ အသံနှင့် သွားတူနေ၏။

ဆူဇီမိုသည် တစ်ဖက်လူကို မမြင်ရသေးဘဲ.. အသံကလဲ တိုတိုတုတ်တုတ်သာ ဖြစ်သောကြောင့် သူသည် သိပ်မသေချာသေးပေ။

သို့သောလည်း ပြီးခဲ့သည့်ရက်များအတွင်း ဖိုသီဖတ်သီအဖိုးအိုကို ဂိုဏ်းအတွင်း၌ မတွေ့ရသည်မှာ အတန်အသင့် ကြာသွားခဲ့ပေပြီ။

အတွင်းအိမ်တော်ထဲတွင် ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာ၏။

သည့်အရင်က စျေးနှုန်းသည် ၂၀၀၀၀၀သာ ရှိသေး၏။ ရုတ်တရတ် ၎င်းက ၂၅၀၀၀၀သို့ တန်း၍ ထိုးတက်သွား၏။ သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀က သေးငယ်သော ပမာဏမဟုတ်ပေ။

စောစောက လေလံပစ်နေကြသော အခန်းများသည် တိတ်ဆိတ်ကျသွား၏။

“ဟီးဟီး”

မန်နေဂျာက ရယ်သွမ်းသွေးလိုက်၏။

“အခန်းနံပါတ်၇၇ကဧည့်သည်က တစ်ကယ်ကို ရက်ရောတာပဲ.. ဒါက ဒီရှေးဟောင်းစာအုပ်ကလဲ ၂၅၀၀၀၀တန်ဖိုးနဲ့ ထိုက်တန်လို့ပေါ့လေ.. ကဲ နောက်ထပ်လေလံထပ်ပစ်ချင်သူများ ရှိသေးလားခင်ဗျာ”

ရတနာ့ကောင်းကင်လေလံအိမ်တော်၏ မန်နေဂျာတစ်ယောက်အနေနှင့် သူသည် လေလံစျေးကို သည်လောက်နှင့်ပင် မရပ်တန့်ချင်သေးပေ။ သူသည် အခြားသော ဧည့်သည်များကိုလည်း သွေးထိုးလှုံ့ဆော်လိုက်၏။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် စောစောက လေလံပစ်နေခဲ့ကြသော အခန်းတစ်ခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“၂၅၁၀၀၀”

“၃၀၀၀၀၀”

ထိုအသံထွက်ပေါ်လာပြီးနောက် မန်နေဂျာက မည်သည့်စကားမျှ မပြောရသေးခင်မှာပင် အခန်းနံပါတ်၇၇မှ ၃၀၀၀၀၀ဟူသောအသံက ချက်ချင်းထွက်ပေါ်လာ၏။

“အခန်းနံပါတ်၇၇ကလူက လေလံအိမ်က ဝန်ထမ်းများ ဖြစ်နေမလားပဲ”

“သူက စျေးကို ဒီလောက်မြှင့်ပြီးဆွဲခေါ်နေပုံထောက်ရင် အဲ့ဒါက ပြောရခက်တယ်”

ဆွေးနွေးတီးတိုးစကားသံများက ထွက်ပေါ်လာ၏။

အချိန်အတန်ကြာသည့်အထိ မည်သူကမျှ လေလံစျေးထပ်ပေးကြခြင်း မရှိသောကြောင့် မန်နေဂျာက ပြုံးလိုက်၏။

“နောက်ထပ်စျေးပိုပေးမယ့်သူ‌ရော ရှိသေးသလား”

တစ်ကယ်တော့ သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀၀က ထိုရှေးဟောင်းကျမ်းစာအုပ်အတွက် ရထိုက်သော ငွေကြေးပမာဏ၏ အကန့်အသတ်ဖြစ်နေလေပြီ။ လေလံစျေးကို ထိုထက်ပို၍ ထပ်မြှင့်ပေးဖို့က မသင့်တော်တော့ပေ။

မန်နေဂျာက နောက်ထပ်ပိုရဖို့ မျှော်လင့်ချက် သိပ်မရှိတော့ဘဲ.. ကျယ်လောင်စွာ ကြေငြာလိုက်၏။

“သုံးသိန်း..တစ်ကြိမ်”

“သုံးသိန်း..နှစ်ကြိမ်”

“သုံးသိန်း.....”

“သုံးသိန်း.. တစ်သောင်း”

ရုတ်တရတ်ဆိုသလို အခန်းနံပါတ်၈၀မှ ခပ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။

ထိုအသံကို ကြားသောအခါ မန်နေဂျာက နှစ်ခြိုက်သွား၏။

“အခန်းနံပါတ်၈၀ကတော့ ၃၁၀၀၀၀ပေးလိုက်ပြီနော်.. ထပ်ပိုပေးမယ့်သူ ရှိသေးလား”

ခဏတိတ်ဆိတ်သွားပြီးနောက် အခန်းနံပါတ်၇၇မှ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

“၃၂၀၀၀၀”

ဤတစ်ကြိမ်မှာတော့ အခန်းနံပါတ်၇၇မှ ကျင့်ကြံသူသည် လေလံစျေးပေးရာတွင် ပို၍ သတိထားလာ၏။ ၃၀၀၀၀၀ကျော်ပမာဏက သူတတ်နိုင်သည့် အကန့်အသတ်ကို နီးကပ်လာပြီထင်ရ၏။

“၃၃၀၀၀၀”

အခန်းနံပါတ် ၈၀မှ ကျင့်ကြံသူက ချက်ချင်းပင် စျေးကို ထပ်မြှင့်ပေးလိုက်၏။

တစ်ဖြည်းဖြည်းနှင့် အခန်း၇၇မှ ကျင့်ကြံသူက ပို၍ပို၍ တွန့်ဆုတ်လာ၏။ သူသည် စျေးတစ်ကြိမ်ထပ်တင်ဖို့အရေး အတော်ကြာ စဉ်းစားလာရ၏။

သည်တစ်ကြိမ်တွင်တော့ ရှေးဟောင်းကျမ်းစာအုပ်၏ စျေးနှုန်းသည် နှစ်ယောက်သား အပြိုင်အဆိုင် စျေးတင်ကြရင်း ၄၀၀၀၀၀သို့ ရောက်ရှိလာခဲ့၏။

တစ်ကယ်တော့ ထိုကျမ်းစာအုပ်၏ တန်ဖိုးသည် ၃၀၀၀၀၀ဝန်းကျင် ပတ်ချာလည်လောက်သာရှိ၏။

သို့သော်လည်း လေလံပွဲတွင် ပစ္စည်းတစ်ခု၏ စျေးနှုန်းက တန်ဖိုးထားသူအပေါ်တွင်သာ မူတည်လေသည်။ မီးဆေးခြင်းနည်းစနစ်က အများအားဖြင့် လျှို့ဝှက်ပညာရပ်ဖြစ်ပြီး တော်တန်ရုံနှင့် ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲလေသည်။

ယခုအခါ အခန်းနံပါတ်၇၇က စျေးပေးရမည့်အလှည့်ဖြစ်၏။

အချိန်အတန်ကြာသည့်အထိ မည်သည့်အသံမျှ ထွက်မလာသေးပေ။

“ဟဟား.. ဟားဟား...”

အခန်းနံပါတ်၈၀မှ မထီမဲ့မြင် မောက်မာသော အော်ရယ်သံက ထွက်ပေါ်လာပြီးနောက် အနီရောင်ဝတ်စုံနှင့် ရွှေအူတိုင်အဆင့်တစ်ယောက်က လှမ်းထွက်လာ၏။ သူသည် အခန်းနံပါတ် ၇၇သို့ လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“အဖိုးကြီး မင်းမတတ်နိုင်ဘူးဆိုရင်လဲ လျှောက်အော်မနေနဲ့တော့.. ဒီကျမ်းစာအုပ်က ဆန်းကြယ်တောင်ထွတ်ကို ရောက်သွားရင်တောင်.. မင်းတို့ဂိုဏ်းမှာ ဘယ်သူကမှ အဲ့ဒါကို နားလည်အောင်ကြည့်နိုင်မှာမှ မဟုတ်တာ”

ထိုစကားကို ကြားရသောအခါ ဆူဇီမို၏ သံသယများက ရှင်းလင်းသွား၏။

အခန်းနံပါတ်၇၇မှ တံခါးသည် ဝုန်းကနဲ ကန်ပွင့်သွားပြီး ဖရိုဖရဲဖွာလန်ကျဲနေသော ဆံပင်ဖြူများနှင့် အဖိုးအိုတစ်ယောက်သည် ထွက်လာ၏။ သူသည် အနီရောင်ဝတ်စုံနှင့်လူကို စူးစူးရဲရဲကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်၏။

“စီမာကျီ.. မင်းငါ့ကို တမင်သက်သက် ရန်လာစနေတာမလား.. မင်းတို့အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှာ ဒီလိုမျိုး မီးဆေးနည်းစနစ်တွေက ရှားပါးမနေပါဘူး.. မင်း ဘာအတွက် ငါ့ကို အတိုက်အခံ လာလုပ်နေရတာလဲ”

“ဘာလို့ဆို အဲ့လိုလုပ်ရတာ ငါကြိုက်လို့လေ”

စီမာကျီက ဘဝင်ခိုက်စွာ ပြုံးလိုက်၏။

“မင်း..ကွာ....” ဖိုသီဖတ်သီအဖိုးအိုသည် ပြောစရာစကားမဲ့သွား၏။

စီမာကျီက အေးဆေးသက်သာစွာနှင့် ဆက်ပြောလိုက်၏။

“အဖိုးကြီး.. ငါတို့အခုပြောနေကြတာ စိတ်ဝိညာဉ်‌ကျောက်တုံး လေးသိန်းနော်.. မင်း အဲ့လောက် တတ်ရောတတ်နိုင်လို့လား.. ခိခိ.. မင်းကြည့်ရတာ အခုလောက်ငွေရဖို့ ရှိသမျှ အကုန်ပေါင်နှံရောင်းချရဦးမယ့်ပုံပဲ.. ဟုတ်တယ်မလား”

ဖိုသီအဖိုးအိုသည် ရှက်ရွံ့သွားပြီး မေးကြောများထောင်လာ၏။

စီမာကျီပြောသည်က မှန်၏။ ယခုသူ့သိုလှောင်အိတ်ထဲတွင် သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးက ၃၀၀၀၀၀ကျော်ကျော်သာရှိ၏။ ဒါကိုတောင် သူသည် အခြားသော တောင်ထွတ်သခင်လေးယောက်ထံမှ အနည်းငယ်စီ ချေးငှားလာခဲ့ရခြင်းဖြစ်၏။

ထို့ကြောင့် သူသည် ယခုခေါ်ထားသော စျေးနှုန်း ၄၀၀၀၀၀ကျော်ကို ပြည့်မီဖို့ဆိုလျှင် သူ့မှာရှိသော အခြားသော အသုံးအဆောင်ပစ္စည်းများကိုကို ‌ထုတ်ရောင်းရပေမည်။

သူသည် ထိုရှေးဟောင်းကျမ်းစာအုပ်ကို မရ ရအောင် ရယူနိုင်ဖို့ ဆုံးဖြတ်ထား၏။ သို့သော် ထိုအရာက သူ့အတွက် မဟုတ်ပေ။ သူ့တပည့်ဆူဇီမိုအတွက် ဖြစ်၏။

တောင်ထွတ်ငါးခု၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲပြီးကတည်းက ဖိုသီဖတ်သီအဖိုးအိုသည် အပြင်လောကတွင် လှည့်ပတ်သွားလာနေခဲ့၏။ သူသည် မီးဆေးနည်းစနစ်တစ်ခုခုကို ဝယ်ယူရလို့ရငြားဖြင့် အမျိုးမျိုးသော လေလံအိမ်တော်များဆီသို့ သွားရောက်စုံစမ်းခဲ့နေ၏။

ဆူဇီမိုသည် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်နေသည်မှာ အတော်ကြာနေခဲ့ပေပြီ။ သို့သော်လည်း သူသည် မီးဆေးခြင်းအပိုင်းတွင် မတိုးတက်နိုင်ဘဲ ရပ်တန့်နေခဲ့၏။

ဖိုသီဖတ်သီအဖိုးအိုက ဘာမျှ အထွေအထူးသိပ်မပြောခဲ့သော်လည်း စိတ်ထဲမှာတော့ လိပ်ပြာမလုံဖြစ်နေခဲ့၏။ လက်နက်သွန်းလုပ်ခြင်းတွင် ဆူဇီမို၏ အရည်အချင်းများသည် တိမ်မြှုပ်နေရသည်ဟု သူခံစားနေခဲ့ရ၏။

ထို့ကြောင့် ယခုကဲ့သို့ ရှေးဟောင်းလက်နက်မီးဆေးကျမ်းစာအုပ်ကို ရရှိနိုင်မည့် အခွင့်အရေးအား ဖိုသီဖတ်သီအဖိုးက သေချာပေါက် လက်လွှတ်ခံမှာ မဟုတ်ပေ။

သို့သော်လည်း အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီက ဒီနေရာသို့ ရောက်လာလိမ့်မည်ဟု သူထင်မှတ်မထားပေ။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းသည် ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ပန်းပဲနှင့် ဆေးပညာ၌ အအောင်မြင်ဆုံးဖြစ်၏။ သူတို့ဂိုဏ်း၌ ထိုကဲ့သို့သော ရှေးဟောင်းကျမ်းစာအုပ်များက သိပ်ပြီး ရှားပါးမနေပေ။

စီမာကျီသည် ယခုကဲ့သို့ ထပ်ခါထပ်ခါ လေလံစျေးအပြိုင်ပေးနေခြင်းမှာ သူသည် ဖိုသီဖတ်သီအဖိုးအို၏ လက်ထဲသို့ ထိုစာအုပ်ကို အရောက်မခံလိုသောကြောင့်သာ ဖြစ်လေသည်။

“ဘာလဲ အဖိုးကြီး ကျုပ်ပြောတာ မှန်နေပြီမလား”

စီမာကျီက ရယ်မောလိုက်၏။

“သွား သွား အထဲ ပြန်ဝင်နေလိုက်.. အပြင်ထွက်ပြီး အရှက်ကွဲခံ မနေပါနဲ့ဗျာ”

အတွင်းအိမ်တော်ထဲရှိ များစွာသော ကျင့်ကြံသူများသည် စောင့်ကြည့်နေကြပြီး တီးတိုးဝေဖန်နေကြ၏။

ဖိုသီဖတ်သီအဖိုးအိုသည် နဖူးမှ ခြေဖျားထိ တစ်ကိုယ်လုံးတုန်ယင်လာပြီး စိတ်တိုနေသော်လည်း သူသည် မငြင်းဆန်နိုင်ပေ။

အခန်းနံပါတ်တစ်မှ ဆူဇီမိုသည် ရုတ်တရတ် မတ်တပ်ထရပ်လိုက်ပြီး ဂူရှီကို ကြည့်လိုက်၏။

“ဘဏ္ဍာစိုးခေါင်း‌‌‌ဆောင်.. ကျတော့်ကို စိတ်ဝိညာဉ်‌ကျောက်တုံး နဲနဲလောက်များ ချေးလို့ရမလား”

“ဘာလို့ ချေးရမှာလဲ.. အဲ့စာအုပ်ကို မင်းလိုချင်တယ်ဆိုရင်.. တန်းပြီး လေလံစျေးပေးလိုက်ပေါ့” ဂူရှီက ထိုကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပုံရ၏။ သူသည် လက်ပိုက်၍ ခပ်ဖျော့ဖျော့ ပြုံးထားပြီး အေးအေးလူလူပင် ပြန်ပြောလိုက်၏။

All Chapters