လေလံပွဲ
Vol. 11 Ch. 159
အခန်း ၁၅၉ - လေလံပွဲ
“ဒါပေ..မဲ့လို့....”
ဂူရှီက ခေါင်းစဉ်ပြောင်းလိုက်ပြီး ပန်းရောင်မိန်းကလေးကို ညွှန်ပြလိုက်၏။
“မင်း သူနဲ့ နေရာတစ်ခုကို လိုက်ပါသွားပြီး.. သူ့ကို ဘေကင်းလုံခြုံအောင် စောင့်ရှောက်ပေးရမယ်”
ယခုအခါ ရှေးဟောင်းမီးဆေးစာအုပ်၏ တန်ကြေးသည် သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀၀သို့ ရောက်ရှိနေပြီဖြစ်၏။
ဂူရှီ၏ တောင်းဆိုချက်က သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀၀ကျော်နှင့် နှိုင်းယှဉ်၍ရ၏။ ဤကဲ့သို့သော အခွင့်အရေးကို ရရှိဖို့က စိတ်ကူးတောင်မယဉ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် ဂူရှီပြောသော နေရာတစ်ခုဆိုတာက နေရာကောင်းတစ်ခု မဟုတ်မှာတော့ သေချာလေသည်။
“ကျုပ်က အခုမှ အစောပိုင်းအခြေတည်အဆင့်ပဲ ရှိသေးတာကို.. ဘာလို့ ကျုပ်ကို ရွေးရတာလဲ.. ဒီအမျိုးသမီးရဲ့ ခွန်အားက ကျုပ်အထက်မှာပဲရှိရမယ်.. ဟုတ်တယ်မလား” ဆူဇီမိုသည် ခဏကြာ စဉ်းစားပြီးနောက် ထပြောလိုက်၏။
ဂူရှီက ပြန်မဖြေဘဲ ပြန်မေးလိုက်၏။
“ငါကြားတာတော့ မင်းက အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ကောင်းဆို.. ဟုတ်စ”
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
သူသည် အနီးကပ်တိုက်ခိုက်ရည်ကောင်းသည်ဆိုတာကို သိသောသူက သိပ်အများကြီး မရှိပေ။ ဂူရှီက ထိုသတင်းအချက်အလက်ကို ဘယ်ကနေ ရလာခဲ့သလဲ သူသိချင်မိ၏။
ဆူဇီမိုသည် ပန်းရောင်းမိန်းကလေးကို လှည့်ကြည့်လိုက်၏။
မျက်နှာဖုံးတပ်ထားခြင်းကြောင့် ပြုံးနေသော သူမ၏မျက်လုံးများကိုသာ မြင်ရပြီး သူမ၏အမူအယာ အတိအကျကို သူသည် မဖတ်နိုင်ပေ။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် ကျုပ်က အနီးကပ်တိုက်ခိုက်ရည်မှာ အတန်အသင့်တော့ ကောင်းပါတယ်”
ဂူရှီက ပြုံးလိုက်၏။
“အဲ့နေရာက နဲနဲတော့ ထူးခြားတယ်.. ရောက်တဲ့အခါ မင်းကိုယ်တိုင် သိရပါလိမ့်မယ်”
ဆူဇီမိုသည် စိတ်ထဲ သိပ်ပြီး မတင်မကျဖြစ်နေသော်လည်း ဂူရှီက ဆက်လက်ပြောဆိုခြင်း မပြုတော့ပေ။ သူမသည် ထိုနေရာနှင့် ပတ်သတ်၍ ပြောပြလိုစိတ်မရှိတော့သည်မှာ ထင်ရှားလေသည်။
တစ်ကယ်ဆို ဂူရှီက ဘာမျှ ဆက်မပြောတော့သော်လည်း ၎င်းက သေချာပေါက် အလွန်တရာ အန္တရာယ်များသည့် ခရီးစဉ်တစ်ခုဖြစ်မည်ဆိုတာ ဆူဇီမို နားလည်လိုက်လေပြီ။
သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးလေးသိန်းကျော်က အခြေတည်အဆင့် အယောက်လေးဆယ်ကျော်၏ အသက်ကို ဝယ်ယူဖို့ လုံလောက်လေသည်။
တိတ်တဆိတ် အပြန်အလှန် သုံးသပ်စဉ်းစားပြီးနောက် ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီးလေ.. ကျုပ်သဘောတူတယ်”
“ဒါပဲလေ” ဂူရှီက ညင်သာစွာ လက်ခုပ်တစ်ချက်တီးလိုက်ပြီး ချီးကျူးလိုက်၏။
ဘေးသို့တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် အသံဆက်သွယ်ချက်ကို ပို့လွှတ်လိုက်၏။ ဘေးဘက်ရှိ အစေခံမိန်းကလေးတစ်ယောက်က ဆူဇီမိုရှေ့သို့ ပြုံး၍ ရောက်လာ၏။
“တာအိုရောင်းရင်းဆူ.. ရှင် ဘယ်လောက်စျေးပေးချင်လဲ ကျမကို ပြောပါ.. ကျမက ရှင့်ကိုယ်စား သတင်းစကားပြန်ပေးပါမယ်”
ဤအရာသည် ထိပ်ဆုံးရှိ အထူးအခန်းများအတွက် ပေးထားသော အထူးအခွင့်အရေးဖြစ်၏။ ထိုသို့ဖြင့် ပစ္စည်းဝယ်သူ၏ အသံကို ကြားရမည်မဟုတ်သောကြောင့် မလိုအပ်သော ပြဿနာများကိုလည်း ဖြစ်ပေါ်စေတော့မည် မဟုတ်ပေ။
လေလံပွဲများတွင် ကျင့်ကြံသူများ စိုးရိမ်တတ်ကြသည်မှာ သူတို့၏ သရုပ်သည် ပေါက်ကြားသွားပြီး အခြားသူများ၏ အာရုံစူးစိုက်ခြင်း ခံရမှာကိုပင်။
လူတစ်ယောက်၏ ကြွယ်ဝမှုက တစ်ခါတစ်ရံ ပျက်ဆီးရခြင်း အကြောင်းတရားဖြစ်တတ်၏။
. . .
အတွင်းအိမ်တော်တွင် များစွာသောလူများသည် စီမာကျီနှင့် ဖိုသီဖိုသီအဖိုးအိုတို့၏ ရင်ဆိုင်ယှဉ်ပြိုင်နေခြင်းကို တီးတိုးဆွေးနွေးပြောကြားနေကြ၏။
“ဆန်းကြယ်တောင်ထွတ်က တစ်ကယ်ပဲ မာန်မာနမရှိတော့ဘူးပဲ.. တစ်ဖက်လူက ဒီလောက်ထိ လှောင်ပြောင်ရန်စနေတာတောင် သူတို့မှာ ခွန်းတုံ့မပြန်နိုင်တော့ဘူး”
“ဟဟ ဒါပေမယ့်လဲ ထူးဆန်းတယ်နော်.. ဆန်းကြယ်တောင်ထွတ်က ဘယ်တုန်းကများ ပန်းပဲနဲ့ဆေးပညာမှာ နာမည်ရလို့လဲ.. အခုချက်ချင်းကြီး သူတို့က လက်နက်သွန်းလုပ်ခြင်းကျမ်းစာတွေကို အသည်းအသန်လိုချင်နေတယ်ဆိုတော့ ထူးတော့ထူးသား”
ရွှေအူတိုင်အဆင့်နှစ်ယောက် ယှဉ်ပြိုင်နေကြတာကို ကြည့်ပြီး မန်နေဂျာသည် အလွန်ကျေနပ်နှစ်ခြိုက်သွား၏။ သူသည် ပြုံး၍ ကျယ်လောင်စွာ ကြေငြာလိုက်၏။
“အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက တာအိုရောင်းရင်းစီမာကတော့ လေလံစျေး၄၀၀၀၀၀ ထိ ပေးထားပြီနော်.. ဆန်းကြယ်တောင်ထွတ်က တာအိုရောင်းရင်းကရော နောက်ထပ်စျေးထပ်မြှင့်ပေးဦးမလား ကျုပ်သိချင်မိပါရဲ့ဗျာ”
“အဖိုးကြီး ရှေ့ထွက်ပြီး စျေးထပ်မြှင့်ကြည့်လိုက်စမ်းပါဗျာ”
စီမာကျီက အားပါးတရ ရယ်လိုက်၏။
“ခင်ဗျား ၄၁၀၀၀၀ထိမြှင့်ရင်.. ကျုပ်က ၄၂၀၀၀၀ထိမြှင့်မယ်ဗျာ.. ဘယ်သူအရင် အရှုံးစပေးရမလဲ ကြည့်ရသေးတာပေါ့”
ဖိုသီဖတ်သီအဖိုးအို၏ အမူအယာက လွန်စွာ အရုပ်ဆိုးလာပြီး သူ့ရင်ထဲက တစ်လိပ်လိပ်တက်လာနေသော ဒေါသများကို ကြိုးစား၍ ဖိနှိမ်နေရ၏။ တစ်ခဏကြာပြီးနောက် သူသည် ဖြည်းညင်းစွာပြောလိုက်၏။
“စီမာကျီ.. သိပ်ပြီးတော့ အားရဘဝင်ကျမနေနဲ့.. ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး ရှိပါသေးတယ်”
ထိုသို့ ပြောပြီးသည်နှင့် ဖိုသီဖတ်သီအဖိုးအိုက အင်္ကျီလက်ကို ခါကာ လှည့်ထွက်လိုက်၏။
“၄၁၀၀၀၀”
ရုတ်တရတ်ဆိုသလို အတွင်းအိမ်တော်၏ ထိပ်ဆုံးအထပ်မှ ကျွတ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။
လူတိုင်းအသံထွက်လာပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြသောအခါ အပေါ်ဆုံးရှိ အခန်းနံပါတ်တစ်၏ အရှေ့တွင် အစေခံမိန်းကလေးတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ ပြုံးနေသော သူမသည် စကားပြန်ပေးသောသူတစ်ယောက်ဖြစ်၏။
ထိုင်နေကြသော ကျင့်ကြံသူအားလုံး ကြောင်အသွားကြ၏။
သူတို့သာမဟုတ်.. မန်နေဂျာသည်ပင်လျှင် နေရမှာပင် စိတ်ရှုပ်ထွေးစွာဖြင့် တောင့်တောင့်ကြီးဖြစ်သွား၏။
အခန်းနံပါတ်တစ်တွင် မည်သူရှိသည်ဆိုတာကို အခြားသူများသာ မသိ ရှိလျှင်ရှိမည်.. သူကတော့ သိလေသည်။ ထိုသူမှာ ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင် ဖြစ်လေသည်။
‘ဒီကိစ္စမှာ ဘာလို့ ဒိတ်ဒိတ်ကြဲတွေပါ ဝင်ပါလာရတာလဲဟ’
မန်နေဂျာသည် အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
ဖိုသီဖတ်သီအဖိုးအိုသည် လျှောက်နေသောခြေလှမ်းကို ရပ်တန့်၍ စီမာကျီဘက်သို့ လှောင်ပြောင်လိုသောအမူအယာနှင့် လှည့်ကြည့်လိုက်၏။
စီမာကျီက စကားကြီးစကားကျယ်တွေ ပြောပြီးစဉ်မှာပင် တစ်စုံတစ်ယောက်က စျေးထပ်မြှင့်ဝင်ခေါ်လိုက်၏။ တစ်ဖက်လူက သူနှင့် ကတောက်ကဆရှိသည်မှာ ထင်ရှားလေသည်။
တစ်ကယ်တော့ စီမာကျီရော၊ ဖိုသီဖတ်သီအဖိုးအိုပါ အခန်းနံပါတ်တစ်က ဧည့်သည်က မည်သူဆိုတာကို မသိကြပေ။
မည်သို့ပင်ဆိုစေ.. အစေခံမိန်းကလေးက သံတမန်တစ်ယောက်သာ ဖြစ်၏။
ခဏကြာပြီးနောက် မန်နေဂျာသည် တွေဝေနေရာမှ နိုးထလာပြီး ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်၏။
“အခန်းနံပါတ်တစ်က ဧည့်သည်က .. လေလံစျေး ၄၁၀၀၀၀ထိ ပေးထားပါပြီခင်ဗျာ”
စီမာကျီသည် အခန်းနံပါတ်တစ်ကို အချိန်အတန်ကြာ မျက်မှောင်ကြုတ်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“၄၂၀၀၀၀”
အခန်းနံပါတ်တစ်ရှေ့မှ မိန်းကလေးသည် ဘေးဘက်သို့လှည့်၍ ခဏကြာ တစ်စုံတစ်ရာကို အာရုံစိုက်နားထောင်နေဟန်ရ၏။ ထို့နောက် သူမသည် ပြန်လှည့်လာပြီး အော်ပြောလိုက်၏။
“၄၃၀၀၀၀”
စီမာကျီသည် တွန့်ဆုတ်တုံ့ဆိုင်းလာ၏။
အပေါ်ဆုံးထပ်ရှိ ထိပ်ဆုံး အခန်းဆယ်ခန်းထဲမှ အခန်းတစ်ခုခုအတွင်းသို့ ဝင်ရောက်နိုင်သူသည် အလွန်တရာ စွမ်းအားကြီးခြင်း သို့မဟုတ် အလွန်တရာ မြင့်မားသော ဂုဏ်အဆင့်အတန်း ရှိရပေမည်။ သို့မဟုတ်ပါက ထိုသို့ ဝင်ရောက်နိုင်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး မြောက်မြားစွာ သုံးစွဲထားရပေမည်။
တစ်ဖက်လူက မည်သည့်သရုပ်၊ ခွန်အား၊ ဂုဏ်အဆင့်အတန်း ရှိသည် သို့မဟုတ် မည်သည့်ဂိုဏ်းက ဖြစ်သည်ကို စီမာကျီသည် ဘာမျှ မသိရပေ။ ထို့ကြောင့် သူသည် အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။
ဖိုသီဖတ်သီအဖိုးအိုက လက်ပိုက်၍ ဘေးကနေ မေးလိုက်၏။
“စီမာကျီ.. ဘာလို့လဲ.. နောက်ထပ် စျေးထပ်မပေးနိုင်တော့ဘူးလား”
စီမာကျီက ရုတ်တရတ် ရယ်ချလိုက်ပြီး ခေါင်းခါလိုက်၏။
“ကျုပ် အဲ့ဒါကို ထပ်ပြီး မလိုချင်တော့ဘူး.. ကျုပ်တို့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှာ အဲ့လိုမျိုး ကျမ်းစာအုပ်တွေ အများကြီးရှိတာပဲ.. ကျုပ်စောစောက လေလံစျေးလိုက်ပေးတယ်ဆိုတာက အဲ့ဒါကို ခင်ဗျားလက်ထဲ မရောက်အောင်ပဲ”
“မင်း.. တော်တော် အရှက်မရှိတဲ့ကောင်” ဖိုသီဖတ်သီအဖိုးက ဒေါသဖြင့် အော်ဟစ်လိုက်၏။
စီမာကျီက ဟက်ကနဲ လှောင်ရယ်လိုက်၏။
“အရှက်မရှိဘူးဟုတ်စ.. ကျုပ်က ပုလဲလုံးလေးကို နွံအိုင်ထဲ မရောက်စေချင်ရုံပါဗျာ.. ဘယ်လိုပဲဖြစ်ဖြစ် ဆန်းကြယ်တောင်ထွတ်မှာ အဲ့ကျမ်းစာအုပ်ကို နားလည်အောင် ဖတ်နိုင်တဲ့သူရှိတာမှ မဟုတ်ဘဲ.. ဟဟား..”
အားရအောင် ရယ်မောပြီးနောက် စီမာကျီသည် အခန်းနံပါတ်တစ်ဘက်သို့ လှည့်၍ လက်သီးဆုပ်လေးစားဟန်ပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“ဒီက တာအိုရောင်းရင်းက အဲ့ရှေးဟောင်းကျမ်းစာအုပ်ကို လိုချင်နှစ်သက်တယ်ဆိုမှတော့လဲ.. ကျုပ်က အလျှော့ပေးရတော့မှာပေ့ါ”
မန်နေဂျာသည် သူ၏ ချွေးအေးများကို တိတ်တဆိတ် သုတ်လိုက်ပြီး ကြေငြာလိုက်၏။
“ဒီရှေးဟောင်းကျမ်းစာအုပ်ကို ၄၃၀၀၀၀နဲ့ လေလံအောင်သွားတဲ့ အခန်းနံပါတ်တစ်က ဧည့်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ”
ထိုအချိန်မှာပင် အခန်းနံပါတ်တစ်ရှေ့မှ အစေခံမိန်းကလေးက ဘေးဘက်သို့ နောက်တစ်ဖန်လှည့်လိုက်၏။
အခန်းနံပါတ်တစ်ထဲမှ ပုဂ္ဂိုလ်က တစ်စုံတစ်ရာကို စကားထုတ်ပြန်ခိုင်းနေသည်ဆိုတာကို ကျင့်ကြံသူများ နားလည်လိုက်ကြ၏။
ခဏကြာပြီးနောက် အစေခံမိန်းကလေးက လှည့်လာပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီး ဒီစာအုပ်ကို အခန်းနံပါတ်၇၇က တာအိုရောင်းရင်းဆီ လက်ဆောင်အဖြစ် ပို့ပေးပါရှင်”
လက်ဆောင်!
လူအုပ်ကြီးက တိတ်ဆိတ်ကျသွား၏။
အားလုံးသည် အံ့သြမှင်တက်ကြောင်အကုန်၏။
စီမာကျီသည်လည်း အနည်းငယ် စိတ်ရှုပ်သွား၏။
ဖိုသီဖိုသီအဖိုးအိုက ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူသည် နောက်ပြန်လှည့်၍ သူ့အခန်းနံပါတ်ကို ပြန်ကြည့်လိုက်၏။ ၎င်းက အခန်းနံပါတ် ၇၇ပင် ဖြစ်၏။
ဤမျှ ကြီးမားလှသည့်လက်ဆောင်ကို သူ့အား ပေးသည့်သူက မည်သူပါလိမ့်။
များစွာသောကျင့်ကြံသူများ၏ ပထမဆုံးအတွေးမှာ အခန်းနံပါတ်တစ်မှ ဧည့်သည်က ဟာသလုပ်နေသည်ဟူ၍ပင်။
သို့သော်လည်း ရတနာ့ကောင်းကင်လေလံအိမ်တော်၏ ဘဏ္ဍာစိုးခေါင်းဆောင်က ဘယ်လိုလူစားမျိုးဆိုတာ မန်နေဂျာက ကောင်းကောင်းသိလေသည်။ သူမသည် မိန်းမသားတစ်ယောက်ဖြစ်သော်လည်း သူမပြောပြီးသားစကားကို ပြန်ရုတ်သိမ်းပြီး ဟာသလုပ်တတ်သည့် လူမျိုး မဟုတ်ပေ။
သူသည် ရှေးဟောင်းကျမ်းစာအုပ်ကို ချက်ချင်းပင် သေချာကျနစွာ ထုပ်ပိုးပြီး အခန်းနံပါတ် ၇၇၏ ဝင်ရောက်ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ လျှောက်သွားလိုက်၏။ လူတိုင်း၏ အကြည့်အောက်မှာပင် မန်နေဂျာက ကျမ်းစာအုပ်ကို ဖိုသီဖတ်သီအဖိုးအိုအား အပ်နှင်းလိုက်၏။
ထိုအခါမှသာလျှင် ဤအရာက တစ်ကယ်ဆိုတာ လူတိုင်းသည် နားလည်သွားကြပြီး သူတို့၏ အမူအယာက ပြောင်းလဲကုန်ကြ၏။
စီမာကျီ၏ အမူအယာက ချက်ချင်းပင် မှုန်ကုပ်ပျက်ယွင်းသွား၏။
တစ်ဖက်လူက မည်သူပင်ဖြစ်စေ.. သူ့ကို တမင်ဆန့်ကျင်ရန်စစော်ကားလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားနေပေပြီ။
သို့သော်လည်း စီမာကျီသည် တစ်ဖက်လူ၏ ဂုဏ်အဆင့်အတန်းက မည်မျှရှိသည်ဆိုတာကို မသိရသေးပေ။ သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းကျော်ဖိုးကို ဒီအတိုင်း ဘာမဟုတ်သည့်အတိုင်း လက်ဆောင်အဖြစ် ပေးနိုင်သူက ပေါ့ပေါ့တန်တန်တော့ မဟုတ်တန်ရာပေ။
“တာအိုရောင်းရင်း.. ဒါက ဘာအဓိပ္ပါယ်လဲဗျာ.. ခင်ဗျားက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ တစ်ကယ်ပဲ အတိုက်အခံ လုပ်ချင်နေတာလား”
ချက်ချင်းဆိုသလိုပင် စီမာကျီသည် သူ့ဂိုဏ်း၏ အမည်ကို ထုတ်သုံးလိုက်၏။
“ဘာလို့ဆို အဲ့လိုလုပ်ရတာ ငါကြိုက်လို့လေ”
အစေခံမိန်းကလေးက သူမ၏ ခေါင်းကိုခါလိုက်ပြီး အားရရွှင်ပျဟန် ပုံဖမ်းလိုက်၏။
၎င်းက ရင်းနှီးပြီးသား စကားလုံးများဖြစ်၏။ စောစောကတင် စီမာကျီက ဖိုသီဖတ်သီအဖိုးအိုက ထိုသို့ ပြောခဲ့သေး၏။ ယခုအခါ ထိုစကားဖြင့်ပင် သူသည် ပြန်အပြောခံလိုက်ရ၏။
တစ်ကယ်တော့ အစေခံမိန်းကလေးသည် အသက် ၁၃နှစ်ဝန်းကျင်သာ ရှိသေး၏။ သူမသည် အရပ်ပင် သိပ်မရှည်လှသေးဘဲ ရိုးရှင်းစွာဖြင့် နှစ်လိုဖွယ်ရာဖြစ်၏။ သူမ၏ မျက်လုံးများက ကြည်လင်တောက်ပဝိုင်းစက်နေပြီး အသံက ကျွတ်ဆတ်ဆတ် ဖြစ်နေ၏။
သူမသည် စီမာကျီ၏ လေသံ၊ အမူအယာအတိုင်း လိုက်လံတုပ၍ ပြောဆိုလိုက်ခြင်းက အလွန်တရာ ဖျော်ဖြေမှုဆန်လှ၏။
ချက်ချင်းပင် လူအုပ်ကြီးက ဝါးလုံးကွဲရယ်လိုက်ကြ၏။