မိစ္ဆာဂိုဏ်း ခုနှစ်ဂိုဏ်း
Vol. 11 Ch. 160
အခန်း ၁၆၀ - မိစ္ဆာဂိုဏ်း ခုနှစ်ဂိုဏ်း
ဖိုသီဖတ်သီအဖိုးအို၏ ပထမဆုံး တုံ့ပြန်မှု အမူအယာက စိတ်လက်ပေါ့ပါး၍ ရွှင်ပျသွားခြင်းဖြစ်၏။
စီမာကျီသည် ချီးပုံထဲ ခေါင်းနှစ်လိုက်ရသလို ပုံပေါက်နေသောရုပ်ကိုကြည့်ကာ ဖိုသီဖတ်သီအဖိုးသည် မဖော်ပြနိုင်လောက်အောင် ၀မ်းသာသွားကာ မနေနိုင်ဘဲ လူအုပ်ကြီးနှင့်အတူ ရောက်၍ ရယ်မောလိုက်၏။
စီမာကျီသည် မှုန်ကုပ်ပျက်ဆီးနေသောမျက်နှာနှင့် အခန်းနံပါတ်တစ်ဘက်သို့ ရေခဲတမျှ အေးစက်စွာ စိုက်ကြည့်နေလိုက်၏။ သူသည် မုန်းတီးစွာနှင့် အံကြိတ်ထားပြီး ဘေးပတ်၀န်းကျင်မှ ရယ်သံများကြောင့် သူ့ပါးပြင်နှစ်ဘက်က လောင်ကျွမ်းလာသည်ဟု ခံစားရ၏။
တစ်ဖက်လူ၏ အပြုအမူက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် မခြားပေ။
"ခွိ ခွိ..."
နောက်တစ်ခဏ၌ စီမာကျီသည် မျက်ခုံးကိုပင့်၍ ရုတ်တရတ် ရယ်ချလိုက်၏။
"တာအိုရောင်းရင်း.. ခင်ဗျားက ဘယ်ဂိုဏ်းကလဲဗျ၊ ကျုပ်က ခင်ဗျားနဲ့ သိကျွမ်းချင်လို့ပါ၊ ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ တစ်ချက်လောက် လူလုံးထွက်ပြလို့ရမလား မသိဘူး"
စီမာကျီ၏ လေသံက ယဉ်ကျေးသိမ့်မွေ့သည်ဟု ထင်ရသော်လည်း သူ့အသံထဲမှ မကျေမချမ်းမှုကို အားလုံးသိရှိနိုင်၏။
သူတို့နှစ်ယောက် မျက်မြင်တွေ့ကြသည်နှင့် ရန်းငြိုးရန်စတစ်ခုက ဖွဲ့တည်လာပေတော့မည်။
"မရဘူး"
အတွင်းဘက်ခန်းမှ ပို့လွှတ်လိုက်သောအသံကို လက်ခံရရှိပြီးသည်နှင့် အစေခံမိန်းကလေးက ပြတ်သားစွာ ငြင်းဆိုလိုက်၏။
တစ်ဖက်လူက ကိုယ်ထင်ပြဖို့ ငြင်းဆိုလိုက်သည်ကို မြင်ရသောအခါ စီမာကျီသည် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေခြင်း မရှိတော့ပေ။ တစ်ဖက်လူက သူ့ကို သို့မဟုတ် သူ၏ နောက်ခံ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို ကြောက်ရွံ့သောကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။
စောစောက သူ၏ မေးခွန်းက တစ်ဖက်လူကို အကဲစမ်းလိုက်ခြင်းသာဖြစ်၏။
တစ်ဖက်လူက ထွက်လာခဲ့ပြီး ဂုဏ်သတင်းကျောဇောသောသူတစ်ယောက်ဖြစ်လျှင် စီမာကျီသည် သူ့ကိုယ်သူ လှောင်ရယ်ပြီး ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်ပေမည်။ သူ့အတွက်လည်း သိပ်ပြီး နစ်နာစရာမရှိပေ။
တစ်ဖက်လူက ရုပ်လုံးထွက်ပြပြီး သာမန်လူတစ်ယောက်သာဖြစ်လျှင် စီမာကျီသည် ဒီနေ့ကိစ္စအတွက် ထိုသူကို မှတ်ထားပြီး အငြိုးအတေးထားကာ အခွင့်ရသည်နှင့် လက်စားချေဖို့ ကြိုးစားပေလိမ့်မည်။
သို့သော် တစ်ဖက်အဖွဲ့က ရုပ်လုံးထွက်မပြခဲ့လျှင်တော့..
"ဟမ့်!"
သူသည် အေးစက်စက် နှာတစ်ချက်ရှုံ့လိုက်ပြီး ကြောက်စရာကောင်းသည့် အမူအယာနှင့် ပြောလိုက်၏။
"တာအိုရောင်းရင်.. ခင်ဗျားက ဘယ်လိုပြုမူသင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သိရင်ကောင်းလိမ့်မယ်နော်.. ခင်ဗျားအထဲမှာ ပုန်းနေရုံနဲ့ ခင်ဗျားရဲ့ သရုပ်မှန်ကို ကျုပ်က မဖော်နိုင်တော့ဘူးလို့ ထင်နေတာလား.. ခင်ဗျားဘယ်သူဆိုတာ ကျုပ်သိတာနဲ့.. ကျုပ်...."
"စီမာကျီ.. ငါတို့အတွင်းလေလံအိမ်တော်က မင်းမိုက်ရိုင်းချင်တိုင်းမိုက်ရိုင်းလို့ရတဲ့ နေရာ မဟုတ်ဘူးကွ!"
စီမာကျီက သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကျယ်လောင်သော အော်ဟစ်ငေါက်ငမ်းသံက ကြားဖြတ်ထွက်ပေါ်လာ၏။
အားလုံးသည် အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။ မလှမ်းမကမ်းရှိ ရတနာ့ကောင်းကင်လေလံအိမ်ဝောာ်၏ မန်နေဂျာက ပြုံးရယ်နေခြင်း မရှိတော့ပေ။ သူသည် ဒေါမာန်အမျက်ထနေသော အမူအယာနှင့် စီကျီမာကို သတိပေးသည့်အနေဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
ရတနာ့ကောင်းကင်လေလံအိမ်တော်၏ မန်နေဂျာ ကျိုးလွေ့သည် အမြဲတမ်းပြုံးနေတတ်သည်ဟု လူသိများလေသည်။ သို့သော်သူသည်လည်း ရွှေအူတိုင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ သွားနောက်လို့ရသောသူ မဟုတ်ပေ။
သို့သော်လည်း သူသည် စီးပွားရေးသမားတစ်ယောက် ဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရေး အထူးကောင်းမွန်သည်။ သူသည် ဣန္ဒြေပျက်ရလောက်အောင် စိတ်ဆိုးဒေါသထွက်သည်ကို မည်သူမျှ မမြင်ဖူးခဲ့ကြပေ။ ယခုမြင်ကွင်းကြောင့် အားလုံးလဲ တုန်လှုပ်သွားကြ၏။
"မန်နေဂျာ ကျိုး.. ခင်ဗျား...!" စီမာကျီသည် အနည်းငယ် ကြောင်အသွား၏။
"ဒီမှာ စီမာကျီ.. ,ငါ့ရတနာ့ကောင်းကင်လေလံအိမ်တော်မှာ မင်းပြဿနာလာရှာမယ်ဆိုရင်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းတွေ ဘာတွေလဲ ငါဂရုစိုက်နေမှာ မဟုတ်ဘူးနော်" စီမာကျီ၏ စကားကို မန်နေဂျာကျိုးက ထပ်မံဖြတ်အော်လိုက်၏။
စီမာကျီသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားရ၏။ သို့သော် သူ့ရင်ထဲမှာတော့ ဗလောင်ဆူနေ၏။
တစ်ကယ်တော့ ကျိုးလွေ့သည် အခန်းနံပါတ်တစ်တွင် ဆူဇီမိုရှိသည်ဆိုတာကို မသိရှိပေ။ ထို့ကြောင့် ရှေးဟောင်းကျမ်းစာအုပ်ကို လက်ဆောင်အဖြစ်ပေးခြင်းသည် ဆူဇီမို၏ စိတ်ကူးဖြစ်သည်ဆိုတာကိုလည်း သူ မသိပေ။
သူတွေးမိသည်မှာ ကိစ္စအားလုံးသည် ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီ၏ သဘာထားဖြစ်ရမည် ဟူ၍ပင်။
ယခုအခါ စီမာကျီသည် ရူးရူးမိုက်မိုက် ပြုမူနေပြီး ဂူရှီကိုပင် သွား၍ ခြိမ်းခြောက်နေသေး၏။ ထိုအခြင်းအရာသည် သူ့အတွက်တော့ ဘဏ္ဍာစိုးခေါင်းဆောင်ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သောကြောင့် သူက လက်လွှတ်ခံမှာ မဟုတ်ပေ။ သူ၏ စိတ်သဘောထားနှင့် အမူအယာက ရုတ်တရတ် လျှင်မြန်စွာ ပြောင်းလဲသွားသောကြောင့် အားလုံးသည် အံအားသင့်အငိုက်မိသွားကြ၏။
စီမာကျီသည် ပြောဖို့စကားမဲ့နေပြီး သူမျက်နှာက ရှက်ရွံ့မှုဖြင့် နီမြန်းလာ၏။ သူသည် ဤနေရာမှာ ကြာကြာဆက်မနေနိုင်တော့ဘဲ ကတိုက်ကရိုက် ထွက်ခွာသွား၏။
သူထွက်သွားပြီးနောက် ကျိုးလွေ့၏ မျက်နှာေပါ်မှာ အပြုံးတစ်ခုက ပြန်လည်ပေါ်လာ၏။ သူသည့် လှည့်ပတ်၍ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
"ကဲ လေလံပွဲကို ဆက်ပြီး ကျင်းပလိုက်ကြတာပေါ့ ဟဟ"
ဖိုသီဖတ်သီအဖိုးအိုက ရှေးဟောင်းကျမ်းစာအုပ်ကို ကိုင်ထားပြီး အခန်းနံပါတ်တစ်ဆီသို့ နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။
သူသည် လောလောဆယ် သူ့အခန်းထဲ အရင်ပြန်၀င်လိုက်ပြီး လေလံပွဲပြီးမှ ကိစ္စများကို ရှင်းလင်းအောင် လုပ်ရမည်ဟု တွေးလိုက်၏။
သာလွန်အဆင့် စိတ်ဝိညာဉ်ကျော်တုံးပေါင်း ၄၃၀၀၀၀ဖိုး!
သူသည် ဤကဲ့သို့ မဟာ့မဟာ လက်ဆောင်တစ်ခုကို ရှင်းလင်းအောင် မသိရလျှင် ဖိုသီဖတ်သီအဖိုးအိုသည် အမြဲတမ်း မတင်မကျ ခံစားနေရပေမည်။
...
အခန်းနံပါတ်တစ်တွင်...
ဂူရှီသည် ဖြစ်ပျက်သမျှကို ရွှင်ပျစွာ ကြည့်ရှုနေ၏။
ဤအစိမ်းရောင် စာပေသမားက ရင့်ကျက်တည်ကြည်လှသည်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ ကလေးဆန်တတ်သေး၏။ သူသည် သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း လေးသိန်းကျော်ကို ဒီအတိုင်းပင် အခြားတစ်ယောက်ကို လက်ဆောင်ပေးပစ်လိုက်၏။
သူတို့နှစ်ယောက်လုံးသည် ဆန်းကြယ်တောင်ထွတ်က ဖြစ်လျှင်တောင် ဤသို့ လက်ဆောင်ပေးခြင်းက အလွန်တရာ များလွန်းလေသည်။
တစ်ကယ်တမ်း ဆူဇီမိုအတွက်တော့ ထိုရှေးဟောင်းစာအုပ်က သူ့လက်ထဲရောက်သည်ဖြစ်စေ၊ ဖိုသီဖတ်သီအဖိုးအိုလက်ထဲရောက်သည်ဖြစ်စေ.. ဘာမျှကွာခြားမှု မရှိပေ။
ဖိုသီဖတ်သီအဖိုးအိုက ထိုစာအုပ်ကို သူ့အတွက် ၀ယ်ယူလိုခြင်း ဖြစ်သည်မှာ သေချာလေသည်။
ထို့အပြင် သူသည် ထိုစာအုပ်ကို ဒီအတိုင်းပေးဖို့ ရွေးချယ်ဆုံးဖြတ်လိုက်ခြင်းမှာ ဖိုသီဖတ်သီအဖိုးအို၏ မကျေမချမ်းမှုများ ဒေါသများကို ကူညီဖြေဖျောက်ပေးဖို့ ဖြစ်လေသည်။ ထိုအချက်က ဆူဇီမိုအတွက် လွန်စွာ အရေးကြီးလေသည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဖိုသီဖတ်သီအဖိုးအိုက သူ့ကို မိသားစုရင်းချာတစ်ယောက်ကဲ့သို့ စောင့်ရှောက်ခဲ့၏။
သူ့ကို အခြားတစ်ယောင်က အနိုင်ကျင့် လှောင်ပြောင်နေသည်ကို ဆူဇီမိုသည် ကြည့်မနေရက်ပေ။
"ပြီးရင် မင်း သူ့ကို တွေ့ဦးမှာလား" ဂူရှီက မေးလိုက်၏။
"ဟင့်အင်း"
ဆူဇီမိုသည် ခဏကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံး ခေါင်းခါလိုက်၏။
ဤအချိန်က ဖိုသီဖတ်သီအဖိုးနှင့် တွေ့ဆုံဖို့ အချိန်ကောင်းမဟုတ်ပေ။ ကိစ္စများက ရှင်းပြရန် ခက်ခဲ၏။ ထိုသို့ဆိုမှတော့ မတွေ့တော့တာက ပိုကောင်းလေမည်။
"ကောင်းပြီလေ.. မင်းအရင် သွားလို့ရပြီ၊ နောက်သုံးရက်ကြာရင် ငါ မင်းကို လာရှာမယ်"
အစေခံမိန်းကလေး၏ ဦးဆောင်မှုဖြင့် ဆူဇီမိုသည် အခန်းနံပါတ်တစ်၏ အနောက်ဘက်တံခါးမှ ထွက်သွားလိုက်၏။ အောက်ထပ်တွင် လတ်တလော သူနေထိုင်ဖို့အတွက် အတော်အတန်ကျယ်၀န်းသော အခန်းတစ်ခန်းကို စီစဉ်ပေးထား၏။
"ယောင်ယန်.. အဲ့ဒီနေရာမှာ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူ့မှ အတိအကျသိကြတာ မဟုတ်ဘူး.. နောက်ပြီး ဂိုဏ်းခြောက်ဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူတွေက လူတွေအတော်များများ ခေါ်သွားကြတယ်ပြောတယ်.. ဒီလောက် သပွတ်အူလို အရှုပ်တော်ပုံထဲကို နင်တစ်ကယ်ပဲ ၀င်ပါချင်နေတာလား"
ဆူဇီမို ထွက်သွားပြီးနောက် ဂူရှီက ပန်းရောင်မိန်းကလေးကို သုန်မှုန်စွာကြည့်ရင်း မေးလိုက်၏။
"ဟီးဟီး"
ပန်းရောင်မိန်းကလေးက ရယ်လိုက်၏။
"ဒေါ်လေးဂူ.. ဘာမှ မစိုးရိမ်ပါနဲ့၊ ကျမ အဆင်ပြေမှာပါ.. နောက်ပြီး ဒီလို ဂိုဏ်းခြောက်ဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူတွေရဲ့ မဟာတွေ့ဆုံပွဲကြီးကို ကျမက ဘယ်လက်လွတ်ခံနိုင်ပါ့မလဲ"
"နင်က သူတို့နဲ့ မတူဘူးလေ"
ဂူရှီက ခေါင်းခါလိုက်၏။
"မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲမှာ စင်ကြယ်အပျိုစင်ဂိုဏ်းက အမွေဆက်ခံသူတစ်ယောက်ပဲ ရှိတာလေ.. နောက်ပြီး နင့်မှာ သိပ်ပြီးအားထားရလောက်တဲ့ နောက်လိုက်လဲရှိတာ မဟုတ်ဘူး.. ဒီခရီးက အန္တရာယ်အရမ်းများလွန်းတယ်.. နင် တစ်ကယ်ကြီး ဆူဇီမိုကိုပါ ထည့်တွက်ထားတာလား"
"အဲ့ဒါ အဆင်ပြေပါတယ်"
ပန်းရောင်မိန်းကလေးက လက်ကာပြလိုက်၏။
"ဒီ့အရင်ထဲက လူလေးယောက်လောက် သေချာရွေးထားပါသေးတယ်၊ သူတို့အားလုံးက ဆူဇီမိုထက် ပိုသန်မာတယ်၊ သူက အရေအတွက်လေးတစ်ခု ထပ်တိုးသွားရုံပါပဲ"
"နောက်ပြီး ကျမက ဒီဘက်မျိုးဆက်ရဲ့ စင်ကြယ်အပျိုစင်ပဲကို၊ အခြေအနေ မဟန်တော့ဘူးထင်ရင် ကျမ အချိန်မီ ရပ်လို့ရပါတယ်၊ တခြားမိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းက လူတွေက ကျမအပေါ် အသက်အန္တရာယ်ပြုရဲကြမှာ မဟုတ်ပါဘူး" ခဏမျှ ချင့်ချိန်ပြီးနောက် ပန်းရောင်မိန်းကလေးက ထပ်ပေါင်းပြောလိုက်၏။
"ဟုတ်ပါတယ်လေ၊ နင်ပြောတာလဲ မှန်ပါတယ်" ဂူရှီက ခေါင်းညိတ်လိုက်၏။ သူမသည် ခဏမျှ တွေးဆလိုက်၏။
"ဒါပေမယ့်လို့ ကိစ္စတစ်ခုခုသာ ဖြစ်ခဲ့ရင် နင်ခေါ်သွားတဲ့လူတွေကတော့ အသက်ရှင်နိုင်ချင်မှ ရှင်မယ်"
"ဘာဖြစ်လဲ သူတို့သေသွားတယ်ဆိုလဲ သေသွားတယ်ပေါ့"
ပန်းရောင်မိန်းကလေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"သူတို့က ကြောင်သူတော်တွေပဲ.. သူတို့က အပေါ်ယံမှာသာ ဖြောင့်မတ်မှန်ကန်ချင်ယောင်ဆောင်နေကြတာ.. သူတို့နှလုံးသားက တခြားသူတွေထက်တော့ ပိုညစ်ပတ်သေးတယ်"
"ဆူဇီမိုကရော အဲ့လိုပဲလား" ဂူရှီက အပြုံးတုတစ်ခု လုပ်ယူရင်း မေးလိုက်၏။
"သူလား"
ပန်းရောင်မိန်းကလေးက တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါလိုက်၏။
"တစ်ကယ်တမ်းပြောရရင် သူက ဟိုလူတွေနဲ့ဝောာ့ မတူဘူး.. သူ့အကြည့်တွေက ကြည်လင်နေပြီးတော့ ကျမကိုကြည့်တဲ့ပုံကလဲ တဏှာရာဂတွေ မပါဘူး"
သူတို့နှစ်ယောက် ထွေရာလေးပြား ပြောဆိုနေကြရင်းနှင့်ပင် လေလံပွဲက ပြီးဆုံးသွား၏။
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံတစ်ချက်က ထွက်ပေါ်လာ၏။ အစေခံမိန်းကလေးက တံခါးကို တွန်းဖွင့်ပြီး ၀င်လာ၏။
"မန်နေဂျာကျိုးနဲ့ အခန်းနံပါတ် ၇၇၊ ဆန်းကြယ်တောင်ထွတ်က ဧည့်သည်က အပြင်မှာ စောင့်နေကြပါတယ်၊ သူက လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်လို့ပါတဲ့"
"မတွေ့တော့ဘူး"
ဂူရှီက လက်ကာပြလိုက်၏။
ဤအရာသည် ဆူဇီမို၏ သဘောထားဖြစ်သောကြောင့် သူမသည် ဖိုသီဖတ်သီအဖိုးအိုနှင့် တွေ့ဆုံမှာ မဟုတ်တော့ပေ။
ဂူရှီသည် ပန်းရောင်မိန်းကလေးနှင့်အတူ အနောက်ဘက်သို့ ထွက်ခွာသွား၏။
သူသည် မည်သူနှင့်မျှ မတွေ့ရဟု သိလိုက်ရသောအခါ ဖိုသီဖတ်သီအဖိုးအိုက အံ့အားသင့်သွား၏။ သူသည် အချိန်အတော်ကြာ တွေးတောစဉ်းစားကြည့်သော်လည်း မည်သည့်သဲလွန်စမျှ ရမလာဘဲ နောက်ဆုံး ရတနာ့ကောင်းကင်လေလံအိမ်တော်ကနေ သံသယများစွာဖြင့် ထွက်လာခဲ့ရ၏။
ဆူဇီမိုကို ဤရှေးဟောင်းကျမ်းစာအုပ်အား သွားပေမည်ဆိုသောစိတ်ကူးနှင့် သူသည် ဆန်းကြယ်တောင်ထွတ်သို့ ချက်ချင်းတန်း၍ ပြန်လာခဲ့လိုက်၏။