← Chapters

အမွေအနှစ်ကုန်းမြေ

Vol. 11 Ch. 161

အမွေအနှစ်ကုန်းမြေ

Vol. 11 Ch. 161

အခန်း ၁၆၁ - အမွေအနှစ်ကုန်းမြေ

သုံးရက်ကြာပြီးနောက်.. ညအချိန်တွင်..

တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုထဲတွင် ဗလာကျင်းနေသည်ဟုထင်ရသော အခန်းတစ်ခန်းရှိ၏။

ရှပ်.ရှပ်.ရှပ်...

သိပ်မကြာမီ လေထဲတွင် ဓါးပျံများထိုးခွင်းလာသောအသံများသည် အဝတ်လေတိုးသံများနှင့်အတူ ရော၍ ထွက်ပေါ်လာ၏။ ခဏအတွင်းမှာပင် ထိုအသံများသည် အခန်း၏ ဝင်ပေါက်နားသို့ ရောက်လာ၏။

အမှောင်ထုထဲတွင် တောက်ပနေသော အလင်းနှစ်စက်က ဖျတ်ကနဲ လက်သွား၏။

၎င်းက တောက်ပကြည်လင်နေသော မျက်လုံးနှစ်လုံး ဖြစ်၏။

အခန်းသည် ပိန်းပိတ်အောင်မှောင်နေသော်လည်း ဆူဇီမိုအတွက်တော့ ၎င်းက နေ့ဘက်နှင့် သိပ်မကွာပေ။

မည်သူမျှ သူ့ကိုမခေါ်ရသေးခင်မှာပင် ဆူဇီမိုသည် အခန်းတံခါးကိုဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့၏။

အပြင်ဘက်တွင် ကျင့်ကြံသူခြောက်ယောက် ရောက်နေ၏။ ဆူဇီမိုမြင်ဖူးသော ပန်းရောင်မိန်းကလေးအပြင် အဲ့ဒီမှာ သူတစ်ခါမျှ မမြင်ဖူးသော အမျိုးသားငါးယောက်လည်း ရှိ၏။

အမျိုးသားငါး‌‌ယောက်ထဲမှ လေးယောက်တွင် လွန်စွာ ထင်ရှားသော ဂိုဏ်းတံဆိပ်များကို သူတို့၏ အင်္ကျိီလက်ပေါ်၌ ခတ်နှိပ်ထားသည်ကို တွေ့ရ၏။ ၎င်းက ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော တောင်ပိုင်းတောင်တန်းဂိုဏ်းဖြစ်၏။

အခြားတစ်ယောက်ကတော့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ထင်ရ၏။ သူ့နှုတ်ခမ်းများက ပါးလွှာပြီး နှာခေါင်းကောက်ကောက်နှင့်ဖြစ်၏။ ပန်းရောင်မိန်းကလေးကို ကြည့်နေ‌သော သူ၏ အကြည့်က တစ်နည်းနည်းဖြင့် ကောက်ကျစ်နေပြီး တဏှာရာဂဖုံးလွှမ်းနေ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်အကဲခတ်ခြင်းကို လှည့်ပတ်လိုက်၏။

“ဟမ်.. ငါးယောက်စလုံးက ပကတိအခြေတည်အဆင့်တွေပါလား”

ဆူဇီမိုသည် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။

ပန်းရောင်မိန်းကလေးက အခြားသောအကူများကို ခေါ်လာနိုင်သည်ဆိုတာ သူကြိုတွက်ခဲ့မိ၏။ သို့သော်လည်း သူမခေါ်လာမည့်သူများအားလုံးက ပကတိအခြေတည်အဆင့်များ ဖြစ်နေလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့မိပေ။

ဤအချက်က အရေးကြီးသော သတင်းအချက်အလက်များကို ဆွဲထုတ်နိုင်၏။

သူတို့ယခုသွားရမည့်နေရာက ကျင့်ကြံမှုအဆင့်များကို ကန့်သတ်ထားသည့်နေရာ ဖြစ်နိုင်၏။ အူတိုင်ကို ဖွဲ့တည်ပြီးသွားသည့်သူများက ထိုနေရာသို့ ဝင်ရောက်နိုင်မည့်ပုံ မပေါ်ပေ။

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာ ရှိတုန်းက ရှေးဟောင်းကျမ်းစာအုပ်များထဲတွင် ထိုကဲ့သို့သော နေရာများအကြောင်းကို ဖတ်မှတ်ခဲ့ဖူး၏။

ထျန်ဟွမ်ပြည်မကြီးတွင် အချို့သော ဘိုးဘေးလိုဏ်ဂူများ၊ အမွေအနှစ်ကုန်းမြေများ၊ ကမ္ဘာဦး သို့မဟုတ် ရှေးခေတ် လျှို့ဝှက်ကုန်းမြေများနှင့် အပျက်အဆီးနယ်မြေများတွင် အမျိုးမျိုးသော ကန့်သတ်ချက်များ ရှိတတ်၏။

ထိုအထဲမှာမှ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်တားမြစ်ထားခြင်းသည် အတွေ့ရ အများဆုံးဖြစ်၏။

အချို့သော လိုဏ်ဂူများနှင့် အပျက်အဆီးနယ်မြေများတွင် အမျိုးမျိုးသော ကန့်သတ်ချက်များရှိပြီး ထောင်ချောက်များဖြင့် ပြည့်နှက်နေတတ်၏။ ခြေတစ်ချက်ချော်သွားတာနှင့် တမလွန်သို့ ဘဝပြောင်းသွားနိုင်၏။

သို့သော်လည်းပဲ ထိုသို့ အန္တရာယ်များအကြားမှာပင် ကြီးမားသည့် အခွင့်အရေးများက တွဲလျှက် ပါဝင်လာတတ်၏။

ထိုလျှို့ဝှက်နယ်မြေများတွင် မမျှော်မှန်းနိုင်သော အခွင့်အရေး၊ အကျိုးကျေးဇူးများက စောင့်ဆိုင်းနေတတ်၏။ တစ်ယောက်ယောက်သည် ထိုအထဲမှ တစ်ခုကို ဖမ်းဆုပ်နိုင်မိသည်နှင့် ကောင်းကင်အထက် တစ်ဟုန်ထိုးထောင်တက်သွားကာ.. ပိုးတုံးလုံးဘဝမှ လိပ်ပြာအဖြစ်သို့ ကူးပြောင်းသွားနိုင်၏။

ထို့အပြင် ထိုအမျိုးသားငါးယောက်သည် ပကတိအခြေတည်အဆင့်များ ဖြစ်ကြသော်လည်း.. စိတ်ဝိညာဉ်အကဲဖြတ်ခြင်းက မရီးဒျန်ဘယ်လောက်များများ ပွင့်ထားပြီးဖြစ်သည်ကိုတော့ မကြည့်နိုင်ပေ။

သူတို့သည် အမှန်တစ်ကယ် ရန်သူနှင့် တိုက်ခိုက်ကြသောအခါမှသာလျှင် သူတို့ရန်သူ၏ အစစ်အမှန်ခွန်အားကို သေချာစွာ သိရှိနိုင်ပေမည်။

“ကျမ ‌ရှင်တို့ကို မိတ်ဆက်ပေးပါရစေ.. သူကတော့ ဆန်းကြယ်တောင်ထွတ်က ဆူဇီမိုတဲ့”

ပန်း‌ရောင်မိန်းကလေးက မျက်နှာဖုံးတစ်ခုကို တပ်ထားဆဲဖြစ်၏။ သူမ၏ အသံက ချိုသာလတ်ဆတ်နေပြီး ကြားရသူတိုင်းကို ခွေယိုင်သွားစေ၏။

“ငါတို့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့စေရလောက်အောင် ဘယ်လိုလူမျိုးလဲလို့ ငါ့မှာ အထင်ကြီးထားရတာ.. “

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ရုတ်တရတ် အေးစက်စွာ မှတ်ချက်ပြုလိုက်၏။

“ခိခိ.. လက်စသတ်တော့ အစောပိုင်းအခြေတည်အဆင့်လေးတစ်ယောက် ဖြစ်နေတာကိုး”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

အပေါ်ယံကြည့်လျှင်တော့ ထိုလူ၏ ကျင့်ကြံမှုအဆင့်က သူ့ထက်သာ၏။ သို့သော်လည်း သူတို့သည် ခြေငါးလှမ်းစာထက် ပိုမဝေးကြပေ။

ဆူဇီမိုအတွက်တော့ ထိုအကွာအဝေးက သတ်ဖြတ်ဖို့ အ‌ကောင်းဆုံးအနေအထားဖြစ်၏။

သူတို့တစ်ကယ်တော့ တိုက်ခိုက်ကြမည်ဆိုလျှင် ထိုလူက တုံ့ပြန်ချိန်တောင် ရလိုက်မှာ မဟုတ်ပေ။

တောင်ပိုင်းတောင်တန်းဂိုဏ်းက သူတို့၏ ခန္ဓာမီးဆေးနည်းစနစ်များကြောင့် ကျော်ကြားသော်လည်း ဆူဇီမိုက သူ၏ အနီးကပ်တိုက်ခိုက်ရည်အပေါ် လုံးဝယုံကြည်မှု ရှိလေသည်။

“ယန်အာ.. အခုကျုပ်တို့ အမိနဲ့ လိုက်ပါလာတာ လုံလောက်နေပါပြီ.. ဘာလို့များ နောက်ထပ် ဝန်ထုပ်ဝန်ပိုး အရှုပ်တစ်ယောက်ကို ထပ်ခေါ်နေဦးမှာလဲ” နောက်ထပ်တစ်ယောက်က ဆူဇီမိုကိုပင် မကြည့်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

“အမှန်ပဲ”

ဘေးဘက်ရှိ နောက်ထပ်ကျင့်ကြံသူနှစ်ယောက်ကလည်း အပြိုင်အဆိုင် သဘောတူလိုက်ကြ၏။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူကတော့ ဘာမျှ ဝင်မပြောပေ။ သို့သော် ဆူဇီမိုကိုကြည့်သော သူ၏အကြည့်ကလည်း အထင်သေးမှုအပြည့်နှင့်ဖြစ်၏။

စိတ်ပျက်စွာနှင့်ပင် ဆူဇီမိုက ထူးမခြားနားပုံစံနှင့် ပြောလိုက်၏။

“ကျုပ်ကို ဘယ်သူမှ မကြိုဆိုမှတော့ ကျုပ်ထွက်သွားရတာပေါ့”

“အားလုံးပဲ ကျေးဇူးပြုပြီးတော့ မငြင်းခုန်ကြပါနဲ့လားရှင်”

ပန်း‌ရောင်မိန်းကလေးသည် ကလူ၏သို့ မြှူ၏သို့ ပုံစံနှင့် နှုတ်ခမ်းစူလိုက်သောအခါ ချက်ချင်းဆိုသလို လူတိုင်း၏ အာရုံစိုက်မှုကို သိမ်းပိုက်သွား၏။

ပန်းရောင်မိန်းကလေး၏ မျက်မှောင်တစ်ချက်၊ အပြုံးတစ်ချက်စီတိုင်းက လျှို့ဝှက်အသိရခက်သော စွမ်းအားများ ပါဝင်နေပြီး လူတိုင်း၏ နုလုံးသားကို လှုပ်ခတ်သွားစေကာ စိတ်ဝိညာဉ်ကိုပင် ခိုးယူသွားနိုင်၏။

လက်ရှိ ကျင့်ကြံသူငါးယောက်ကို မဆိုထားနှင့် .. ဆူဇီမိုသည်ပင်လျှင် ပန်းရောင်မိန်းကလေးထံမှ ထိုကလူတူတူအသံကို ကြားလိုက်ရသောအခါ ရင်တစ်လျှပ်လျှပ်ဖြစ်သွား၏။

သူမက ဆက်ပြောလိုက်၏။

“ဒီတာအိုရောင်းရင်းလေးယောက်ကတော့ တောင်ပိုင်းတောင်တန်းဂိုဏ်းကပေါ့.. ဒီတာအိုရောင်းရင်းကတော့ ယန်ဖေးတဲ့.. သူကတော့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပေါ့.. အားလုံးပဲ ကျမမျက်နှာကို ငဲ့ကွက်ပြီးတော့ ဒီညတော့ အငြင်းမပွားကြပါနဲ့လားရှင်”

ပန်း‌ရောင်မိန်းကလေးက မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း ရိုးသားအပြစ်ကင်းစင်လှပသော မိန်းကလေးတစ်ယောက်က သူမ၏ နှင်းဆီရောင်နှုတ်ခမ်းဖူးလေးကိုကိုက်ကာ ရွှန်းလဲ့နေသော မျက်လုံးအဝိုင်းသားနှင့် တောင်းပန်းတိုးလျှိုးနေပုံကို ဆူဇီမိုသည် မြင်နေရ၏။ မည်သူကမျှ သူမ၏ ‌သဘောကို ငြင်းဆန်နိုင်ကြလိမ့်မည် မဟုတ်ပေ။

“ကောင်းပြီလေ”

ဆူဇီမိုသည် စကားကို လွှတ်ကနဲ တစ်ချက်ထွက်သွားပြီးမှ ရင်ထိတ်သွားကာ ပြန်လည်ထိန်းချုပ်လိုက်ရ၏။

“ယန်အာ.. စိုးရိမ်မနေပါနဲ့.. ကျုပ်တို့က အစောပိုင်းအခြေတည်အဆင့်လေးတစ်ယောက်နဲ့ အရေးလုပ်ပြီး အငြင်းပွားနေမှာ မဟုတ်ပါဘူး”

“ဟုတ်တယ်.. ယန်အာ”

ငေးကြောင်နေသော ကျင့်ကြံသူငါးယောက်က တစ်ပြိုင်တည်း ပြောလိုက်ကြ၏။

အဖွဲ့ထဲတွင် ပန်းရောင်မိန်းကလေးက အားအနည်းဆုံးသူဟု ထင်ရ၏။ သို့သော် သူမဝင်ပါလာသည်နှင့် ပဋိပက္ခများအားလုံးက အလွယ်တကူ ဖြေရှင်းပြီးသားဖြစ်သွား၏။

သူမ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက လူတိုင်းအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိလေသည်။

၎င်းသည် သက်ရှိအားလုံးကို ညှို့ငင်ဖမ်းစားပြီး ထိန်းချုပ်နိုင်စွမ်းရှိသော အံ့ဖွယ်ကောင်းလှသည့် မှော်ပညာတစ်မျိုးလိုပင်။

ပန်းရောင်မိန်းကလေးက သူတို့ခြောက်ယောက်ကို တစ်ချက်ကလေးသာ ဝေ့ကြည့်လိုက်၏။ သို့သော် သူမသည် သူတို့တစ်ယောက်ချင်းစီကို တောင်းပန်ခယနေသလို သူတို့အားလုံး ခံစားလိုက်ရ၏။

“ဘယ်လို အတတ် နည်းစနစ်ပါလိမ့်ဟ”

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။

၎င်းသည် ညှို့ငင်မြှူဆွယ်မှုတစ်ခုကဲ့သို့ ထင်ရ၏.. သို့‌သော် အဲ့လိုလုံးလုံးလည်း မဟုတ်ပြန်ပေ။

သူမသည် သာမန်လိုသာ ဝတ်ဆင်ထားပြီး များစွာ လှစ်ဟပြထားခြင်းမရှိသလို၊ ကာမရာဂကို နှိုးဆွစေသော အပြုအမူမျိုးလဲ မရှိပေ။ အားလုံးခြုံကြည့်ရလျှင် သူမသည် ရိုးသား၍ နုရွလှပသော မိန်းကလေးတစ်ယောက်ပင်။

သို့သော်လည်း ကိစ္စက ထိုသို့ဖြစ်လေလေ.. သူမက ပို၍ စွမ်းအားကြီးကြောက်စရာကောင်းကြောင်း ထင်ရှားလေလေဖြစ်၏။

ပန်းရောင်မိန်းကလေး ခေါ်ယူလာခဲ့သော ပကတိအခြေတည်အဆင့် ငါးယောက်စလုံးသည် သူမ၏ ညှို့ငင်ဓါတ်အောက်တွင် နစ်မြောနေခြင်း ဖြစ်ရမည်ဟု ဆူဇီမိုသည် ခပ်ရေးရေး အာရုံခံမိ၏။

သူမကသာ သူတို့၏ နုလုံးကို ထုတ်ယူခိုင်းလျှင် သူတို့သည် မဆိုင်းမတွ ချက်ချင်းလုပ်ပေးတော့မည့် ပုံစံပင်။

အဲ့ဒါက အတော်လေး ကျောချမ်းချင်စရာကောင်း၏။

ဆူဇီမိုသည်ပင် စောစောက နစ်မြောလုနီးပါး ဖြစ်သွားခဲ့၏။ ယခုသူသည် ထိုအရာကို ပြန်တွေးမိသောအခါ ကြက်သီးမွေးညင်းများပင် ထလာ၏။

“ဒီခရီးစဉ်က ဘာအတွက်ဆိုတာ ခင်ဗျားကျုပ်ကို အခုထိ မပြောရသေးဘူးနော်.. ကျုပ်တို့က အခု ဘယ်ကိုသွားရမှာလဲ.. ပြီးတော့ အဲ့မှာ ကြိုတင်ပြင်ဆင် မှတ်သားထားရမှာတွေရောရှိလား” ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“မင်း ဘာလို့ အဲ့လောက် မေးခွန်းတွေ များနေရတာလဲ”

“ဟုတ်တယ်.. ယန်အာက ငါတို့ကို ဘာခိုင်းခိုင်းပေါ့”

“မင်းကြောက်နေတယ်ဆိုလဲ နေခဲ့ပေါ့”

အခြေတည်အဆင့် ကျင့်ကြံသူများက ခွန်းတုံ့ပြန်လိုက်ကြ၏။

ပန်းရောင်မိန်းကလေးက ပြုံး၍ သူမမျက်လုံးများကို လှည့်လိုက်ပြီး ဆူဇီမိုကို ကြည့်လိုက်၏။

“အိုး.. ငါ့လူရယ် ရှင်ကလဲ မေးခွန်းတွေ များလိုက်တာရှင်”

“အခု ကျမတို့ သွားရမှာက ကျမတို့ဂိုဏ်းရဲ့ အမွေအနှစ်ကုန်းမြေတစ်ခုပဲ.. အစတုန်းကတော့ ကျမက တိတ်တိတ်လေး အဲ့ကိုသွားပြီး ကျမရဲ့ အမွေအနှစ်ပညာရပ်ကို လက်ခံယူမလို့ပဲ.. ဒါပေမယ့်လဲ ကံဆိုးစွာနဲ့ မမျှော်လင့်ဘဲ အမွေအနှစ်ကုန်းမြေရဲ့ လျှို့ဝှက်ချက်က ‌ပေါက်ကြားသွားခဲ့တော့ မိစ္ဆာဂိုဏ်းတွေ အတော်များများက အဲ့ဒါကို အာရုံစိုက်လာခဲ့ကြတာပေ့ါ.. အား”

ပန်းရောင်မိန်းကလေးက သက်ပြင်းချလိုက်၏။

“ကျမက အားနည်းတော့ အဲ့ဒီမိစ္ဆာဂိုဏ်းကလူတွေနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးရှင့်.. ဒီညတော့ ကျမမှာ ကျမရဲ့ ဘေးကင်းလုံးခြုံမှုအတွက် ရှင်တို့ ရောင်းရင်းတို့ကိုပဲ အားကိုးပြီးတော့ ကျမရဲ့ ပညာအမွေကို ရယူရတော့မှာပဲ”

“ဘာမှ မပူနဲ့ ယန်အာ.. ကျုပ်၊ ဝူရှန့်မင်ရှိနေသမျှ ဘယ်သူကမှ အမိကို မထိခိုက်စေရဘူး”

“ဟုတ်တယ်.. ကျုပ် ရှယုချန်ကလဲ ယန်အာနဲ့အထိ အဆုံးထိ လိုက်ပါပြီး.. အမိရဲ့ အမွေအနှစ်ကို ရယူနိုင်အောင် ကူညီပေးမှာပါ”

ပန်းရောင်မိန်းကလေးက ဇာတ်လမ်းမှ များစွာသော ဟာကွက်များနှင့် ရှေ့နောက်မညီညွတ်မှုများကို ဆူဇီမိုသည် မြင်နေရ၏။ သို့သော်လည်း အခြေတည်အဆင့်ငါးယောက်ကတော့ လုံးဝကို အသည်းအသန်ဖြစ်နေကြ၏။

All Chapters