← Chapters

ရှောင်လွှဲ၍ မရသော တိုက်ပွဲ

Vol. 11 Ch. 164

ရှောင်လွှဲ၍ မရသော တိုက်ပွဲ

Vol. 11 Ch. 164

အခန်း ၁၆၄ - ရှောင်လွှဲ၍ မရသော တိုက်ပွဲ

“ကျမ တစ်ကယ် စိတ်မကောင်းဖြစ်ရပါတယ်.. တာအိုရောင်းရင်းတို့ရယ်”

ပန်းရောင်ဝတ်မိန်းကလေးက ဝူရှန့်မင်၏ဘေးသို့ ရောက်လာပြီး ပြောလိုက်၏။

“အဲ့လူက ဘာအကြောင်းမှမရှိဘဲ လူနှစ်ယောက်ကို သက်သက်မဲ့ သတ်သွားတာဆိုတော့.. အဲ့ဒါ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်”

ဝူရှန့်မင်နှင့် အခြားသူများက ရင်နာစွာနှင့် ခေါင်းညိတ်လိုက်ကြ၏။

“အား.. အဲ့ဒါအားလုံးက ကျမကြောင့်ပဲ”

ပန်းရောင်ဝတ်မိန်းကလေးက ဝမ်းနည်းကြေကွဲနေပုံနှင့် သက်ပြင်းချလိုက်၏။

“ကျမအတွက်ကြောင့်သာ မဟုတ်ရင်.. ဒီတာအိုရောင်းရင်းနှစ်‌ယောက်က ဒီပြဿနာထဲ ဝင်ပါပြီး အခုလို သေရမှာ မဟုတ်ဘူးနော်.. အဲ့ဒီမိစ္ဆာဂိုဏ်းက လူတွေက အရမ်းစွမ်းအားကြီးတာပဲ.. ကျမတို့က သူတို့ရဲ့ ပြိုင်ဘက်မဟုတ်နိုင်ဘူးထင်ပါရဲ့ရှင်”

ထိုသည်ကို ကြားသောအခါ ဝူရှန့်မင်က အလောတကြီး ပြောလိုက်၏။

“ယန်အာ.. အဲ့ဒါက အမိရဲ့ အပြစ်မဟုတ်ပါဘူး”

ပန်းရောင်မိန်းကလေး၏ မျက်လုံးထဲတွင် အလင်းရိပ်တစ်ခု ဖြတ်သွားပြီးနောက် သူမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူမသည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချလိုက်ပြီးသလို.. ညင်သာစွာ ပြောလိုက်၏။

“အစ်ကိုဝူ.. ကျေးဇူးပြုပြီး ထွက်သွားပါတော့.. ကျမဘာသာ တစ်ယောက်ထဲပဲ သွားပါတော့မယ်.. ကျမနောက်ကို ထပ်မလိုက်ကြနဲ့တော့.. ကျမကြောင့် ဘယ်သူ့ကိုမှ မနစ်နာစေချင်တော့ဘူး.. ကျမပဲ.....”

ပန်းရောင်မိန်းကလေးသည် ပြောနေရင်းနှင့် မျက်ရည်များက တစ်ပေါက်ပေါက်ကျလာပြီး သနားဂရုဏာသက်ဖွယ်ပုံစံ ဖြစ်လာ၏။

ထိုအခိုက်အတန့်၌ ဆူဇီမိုပင်လျှင် ပန်းရောင်မိန်းကလေး လုပ်ပြနေသော ခံစားချက်များနောက် လိုက်ပါမိမလို့ ဖြစ်သွား၏။

သို့သော်လည်း သူသည် ချက်ချင်းပင် ရီဝေခြင်းမှ ရုန်းထွက်လိုက်ပြီး သူ့အမူအယာက အေးစက်လ၏။

ဝူရှန့်မင်ကတော့ တစ်နည်းနည်းဖြင့် နစ်မျောသွားပုံရ၏။ သူသည် ရှေ့သို့တက်ပြီး ပန်းရောင်မိန်းကလေး၏ မျက်ရည်များကို သုတ်ပေးချင်မိ၏။ သို့သော်လည်း သူသည် တစ်နည်းနည်းဖြင့် သတ္တိများ ပျောက်ဆုံးနေသလိုဖြစ်ပြီး.. ချက်ချင်းပင် ပြောလိုက်၏။

“ယန်အာ.. ဘာမှပူမနေနဲ့.. ကျုပ်က အမိနဲ့အတူ အဆုံးစွန်ထိ လိုက်ပါမယ့်သူပါ”

အခြားသော တောင်ပိုင်းတောင်တန်းဂိုဏ်းသားတစ်ယောက်ကလည်း အလားတူ ဝင်ပြောလိုက်၏။

ဘေးဘက်ရှိ ယန်ဖေးသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သို့သော်လည်း ပန်းရောင်မိန်းကလေးအပေါ် သူ၏အကြည့်က အနည်းငယ် ထူးဆန်းနေ၏။ သူ့မျက်လုံးထဲတွင် တဏှာရာဂနှင့် ကောက်ကျစ်မှု အရိပ်အယောင်က တစ်စွန်းတစ်စ သန်းနေ၏။

“ယန်အာ.. ဒီမှာ ကျုပ်ပြောပြမယ်”

ဝူရှန့်မင်က အလေးအနက်ပြောလိုက်၏။

“အဲ့လူရဲ့ တိုက်ခိုက်မှုက လျှင်မြန်ဖျတ်လတ်ပြီး ပြတ်သားမှုရှိတယ်ဆိုတာ ဟုတ်ပါတယ်.. ဒါပေမယ့်လဲ တစ်ကယ့်တမ်း ထိပ်တိုက်ရင်ဆိုင်တိုက်ရမယ်ဆိုရင်.. သူက ကျုပ်ကို မယှဉ်နိုင်ပါဘူး”

ပန်းရောင်မိန်းကလေးက နှာတစ်ရှုံ့ရှုံ့ဖြင့် ငိုနေခြင်းကို ရပ်တန့်လိုက်ပြီး သိပ်နားမလည်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုသည် စိတ်ထဲကနေ ကြိတ်ပြီး ညည်းတွားလိုက်၏။

‘ဒီလူက ပန်းရောင်မိန်းကလေးရဲ့ ညှို့ကွင်းထဲမှာ မိနေပေမယ့်လဲ.. အနေအထားတစ်ခုကို အကဲဖြတ်နိုင်တဲ့ ဆင်ခြင်တုံတရားတော့ ရှိနေသေးတာပဲ”

ဆူဇီမို၏ အထင်အမြင်အရ.. စောစောကအလောင်းသည် လူသတ်ဖို့တစ်ခုတည်းကိုသာ သင်ယူလေ့ကျင့်ထားသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်လိုပင်။ သူတို့သည် သူတို့၏ တိုက်ခိုက်မှုက လွဲချော်သွားသည်နှင့် ချက်ချင်းပင် ထွက်ပြေးဖို့ လုပ်ပေလိမ့်မည်။

လုပ်ကြံသတ်ဖြတ်ရေးသမားတစ်‌ယောက်က အလွန်တရာ သန်မာနေစရာ မလိုပေ။ သို့သော်လည်း သူတို့သည် ရုပ်ဖျက်ခြင်း၊ ပုန်းကွယ်ခြင်း၊ သေသပ်တိကျမှုရှိခြင်းတို့၌ အထူးပြုကျွမ်းကျင်နေဖို့လို၏။ ထိုအချက်အလက်များ အချိုးကျနစွာ ပေါင်းစပ်ထားသူတစ်ယောက်က အရိပ်တစ်ခုလိုပင် ကိုင်တွယ်ဖို့ရာ လွန်စွာခက်ခဲ၏။

တစ်ကယ်တော့ ဝူရှန့်မင်သည် ထိုသည်ကို နားလည်ထားသော်လည်း ဆူဇီမိုက သူ့အပေါ် များစွာ ယုံကြည်မျှော်လင့်မှုသိပ်မရှိပေ။

ဝူရှန့်မင်ကို မဆိုထားနှင့်.. အာရုံခံသတိစိတ်မရှိပါက ဆူဇီမိုပင်လျှင် ထိုလုပ်ကြံသတ်ဖြတ်သူနှင့် နောက်တစ်ကြိမ်ပြန်ဆုံပါက မထိမခိုက် ကိုယ်လွတ်ရုန်းထွက်နိုင်မည်ဟု အာမမခံနိုင်ပေ။

ထိုသူက လွန်စွာ ကြောက်စရာကောင်းလှသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်၏။

ထိုသူက လုပ်ကြံရေးသမားတစ်ယောက်၏ အရည်အချင်းများနှင့် ပြည့်မီသည့်အပြင် ကိုယ်ကာယခွန်အားကလည်း အတော်လေး သန်မာပုံရ၏။

သို့သော်လည်း ဆူဇီမိုသည် သူ့တွင် အာရုံခံသတိစိတ်ရှိသောကြောင့် ထိုလုပ်ကြံသတ်ဖြတ်သူကို ကြောက်ရွံ့ခြင်း မရှိပါလေ။

သူသာ နောက်တစ်ခါ ပြန်ပေါ်လာရဲလျှင် ဆူဇီမိုကလည်း ထိုသူကို သေချာပေါက် သတ်ဖြတ်ဖို့ လုပ်ပေလိမ့်မည်။

ထိုကဲ့သို့သောသူမျိုးကို ရန်သူတစ်ယောက်အဖြစ် လွှတ်ထားခြင်းက အလွန်တရာ အန္တရာယ်များ၏။

သူသည် တစ်စုံတစ်ရာကို အာရုံခံသိရှိလိုက်သည့်အလား.. လုပ်ကြံသတ်ဖြတ်သူသည် ထွက်ပြေးသွားပြီးနောက် တစ်ကြိမ်မျှ ပြန်ပေါ်မလာတော့ပေ။

ပန်းရောင်မိန်းကလေးသည် ဝူရှန့်မင်နှင့် အခြားနှစ်ယောက်၏ အခြံအရံအကာအကွယ်ယူပြီး အက်ကွဲကြောင်းများထဲတွင် ဆက်လက်ခရီးဆက်နေ၏။ ဆူဇီမိုသည် အနောက်ဆုံးကနေ လိုက်ပါလာပြီး ဘေးပတ်လည်ကို စူးရဲစွာကြည့်ရင်း နားရွက်က တစ်ဆတ်ဆတ် လှုပ်နေ၏။ ဘာတစ်ခုမျှ သူ့အာရုံကနေ မလွတ်မြောက်နိုင်ပေ။

ဤတစ်ကြိမ်တွင်တော့ ဝူရှန့်မင်နှင့် အခြားသူများသည်လည်း ခြေတစ်လှမ်းချင်းစီတိုင်းကို သတိကြီးစွာနှင့် လှမ်းလာကြ၏။

သူတို့သည် လမ်းတွင် လဲကျနေသော အလောင်းကောင်များနှင့် ထပ်မံကြုံရသည့်အခါ ဒီအတိုင်း ဖြတ်မသွားရဲတော့ပေ။ ထို့အစား သူတို့သည် ပန်းရောင်မိန်းကလေးကို အလယ်မှာထားကာ တြိဂံပုံသဏ္ဌာန်နှင့် ထိုအလောင်းကောင်ကို သုံးလေးကြိမ် အကဲစမ်း တွန်းထိုးပြီးမှာသာ ရှေ့သို့ ဆက်တက်ကြ၏။

သိပ်မကြာမီ သူတို့သည် နောက်ထပ် လမ်းလေးခွဆုံတစ်ခုသို့ ရောက်လာပြန်၏။

ဝူရှန့်မင်သည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာသော ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူသည် ရုတ်တရတ် စိတ်ထဲမှာ မချင့်မရဲ ဖြစ်လာပြီး အော်ပြောလိုက်၏။

“ဟေး..ဆူဘာဆိုလား.. မင်း ငါတို့နဲ့ ဆက်မလိုက်တော့ရင် ကောင်းလိမ့်မယ်နော်.. မင်းကိုကြည့်ရတာ ငါတစ်ကယ်စိတ်တိုရတယ်”

ဝူရှန့်မင်အတွက်တော့ ဆူဇီမိုက လုံးဝလျစ်လျူရှုထားရလောက်အောင် အရေးမကြီးသောသူတစ်ယောက် ဖြစ်သောကြောင့် သူသည် နာမည်ကိုပင် သေချာမှတ်မထားမိပေ။

“အဲ့ဒါ အမှန်ပဲ.. ဒီလူက တစ်ချိန်လုံး အမြီးကုပ်နေပြီးတော့ ဘာမှကို သုံးစားလို့မရဘူး.. သူက ရှေ့ကနေတောင် မလျှောက်ရဲလို့ တစ်ချိန်လုံး ငါတို့ အနောက်ကပဲ လိုက်နေတာကိုသာ ကြည့်တော့”

ဆူဇီမိုသည် ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ တည်ငြိမ်နေပြီး သူ့မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က သန်းနေ၏။

ခရီးစဉ်တစ်လျှောက် ဆူဇီမိုသည် လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုခဲ၏။ အချိန်အများစုမှာ သူသည် ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေရုံသာဖြစ်၏။

တစ်ကယ်တော့ သူဘာမျှ လှုပ်ရှားမှု မပြုရခြင်းမှာ ထိုသို့လုပ်ဖို့ မလိုသေးသောကြောင့်သာ ဖြစ်လေသည်။

ဝူရှန့်မင်အတွက်တော့ ဆူဇီမိုသည် အမှတ်တမဲ့နှင့် သူတို့ကို ရပ်တန့်ဖို့ တစ်ကြိမ်အော်ဟစ်ခဲ့ပြီး ကယောင်ကတမ်းနှင့် မြားနှစ်စင်းကို ပစ်လွှတ်ခဲ့ရုံသာဖြစ်၏။

သို့သော်လည်း ဆူဇီမို၏ မြားနှစ်စင်းက မည်မျှ အရေးပါအရာရောက်၍ ခြိမ်းခြောက်မှု ပေးနိုင်ခဲ့ကြောင့် ပန်းရောင်မိန်းကလေးက သိလေသည်။

မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ကိုယ်ရေးအချက်အလက်အရ.. သူ့မှာ စိုးရိမ်စရာ တစ်စုံတစ်ရာသာ မရှိလျှင် သူသည် လုပ်ကြံသတ်ဖြတ်မှုများကို တစ်ယောက်ပြီးတစ်ယောက်အပေါ် ဆက်တိုက်ကျူးလွန်လိမ့်ပေမည်။

လမ်းလေးခွဆုံ၌ ရပ်တန့်လိုက်ပြီး ဝူရှန့်မင်က ဆူဇီမိုကို ကြည့်လိုက်ရင်း အထင်သေးစွာဖြင့် မေးခွန်းတစ်ခုထုတ်လိုက်၏။

“ဆူဇီမို.. ပြောကြည့်ပါဦး.. မင်းက ဘယ်နေရာမှာ တော်လဲလို့.. ဟမ့်”

“အစ်ကိုဝူ.. ကျေးဇူးပြုပြီး သူ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့ရှင်” ပန်းရောင်မိန်းကလေးက ဘေးကနေ လျှင်မြန်စွာ ဝင်ပြောလိုက်၏။

“ဟွန်း..”

ဝူရှန့်မင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး .. ဘေးဘက်သို့ ပြန်လှည့်ကာ လမ်းခွဆုံဘက်သို့ လျှောက်သွားရင်း ပွစိပွစိ ရေရွတ်နေ၏။

“ဆန်းကြယ်တောင်ထွတ်က တပည့်တဲ့.. ဘာကောင်လဲကွာ.. ဘာမှ သုံးစားမရတဲ့အကောင်”

ထိုအခိုက်အတန့်၌ ဆူဇီမိုသည် သူရောက်နေရာ နေရာမှာပင် ရပ်တန့်လိုက်၏။ တစ်စုံတစ်ရာကို အာရုံခံမိသွားသလို သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ချို့ ပေါ်လာ၏။

“မင်းက ငါ့ကို ဘယ်နေရာမှာ တော်လဲလို့ မေးတယ်ပေါ့ ဟုတ်လား.. ဟမ့်”

ဆူဇီမိုသည် ရုတ်တရတ် ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“တစ်ကယ်လည်း ငါ့ရဲ့ကဏ္ဍက ရိုးရိုးလေးပါပဲ.. အနည်းဆုံးတော့.. တစ်ချို့လူတွေကို ပြန်လမ်းမဲ့လမ်းကြောင်းထဲ မသွားမိအောင် ငါက သတိပေးနိုင်တာပေါ့”

“ဆရာကြီးပုံစံဖမ်းပြီး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ဟေ့ရောင်”

ဝူရှန့်မင်က လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“မင်းဘာပြောချင်တာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ.. အရေးမပါတာတွေ လျှောက်ပြီးသွယ်ဝိုက်နေစရာ မလိုဘူး”

ဆူဇီမိုသည် ဝူရှန့်မင်၏ အနောက်က လမ်းကို ညွှန်ပြလိုက်ပြီး ထူးမခြားနားပုံစံနှင့်ပင် ပြောလိုက်၏။

“မင်းနေရာမှာ ငါသာဆိုရင်.. အဲ့လမ်းအတိုင်း ဆက်သွားမှာ မဟုတ်ဘူး”

“ဟဟား.. ဟားဟား..”

ဝူရှန့်မင်က အားပါးတရ ရယ်ချလိုက်၏။

“ဘာလဲကွာ ဟာသပဲ.. မင်းလို အစောပိုင်းအခြေတည်အဆင့်လေးက ဘယ်လမ်းကြောင်းကို ‌ရွေးရမလဲဆိုတာ ငါ့ကို လာပြီး ဆရာလုပ်ချင်နေသေးတာလား”

“မင်းသဘောပဲလေ” ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ဝူရှန့်မင်က ဆက်လက်ပြုံးရင်း ပြန်ပြောလိုက်၏။

“ဆူဘာဆိုလား.. မင်းလိုငကြောက်တစ်ယောက်ကို ငါအကြံပေးလိုက်မယ်.. မြန်မြန်ရွာပြန်ပြီးတော့ နွားသာကျောင်းနေလိုက်ပါကွာ.. အပြင်ဘက်ကို လျှောက်သွားပြီး အရှက်မရချင်စမ်းပါနဲ့.. ဒီလိုမျိုး သတ္တိနဲ့များ အင်မော်တယ်လမ်းစဉ်ကို ‌လျှောက်လှမ်းပြီးတော့ တာအိုကို ရယူချင်သေးတယ်ပေါ့လေ.. စိတ်ကူးသာယဉ်နေလိုက်တော့”

“ခိခိ.. စီနီယာအစ်ကိုဝူပြောတာတွေက ထိမိနေရောပဲဟေ့”  နောက်ထပ်တောင်ပိုင်းတောင်တန်း ဂိုဏ်းသားတစ်ယောက်က ဝင်‌ပြောလိုက်၏။

“ယန်အာ.. သွားကြရအောင်.. အဲ့ကောင် ပေါက်ကရလျှောက်ပြောနေတာကို နားယောင်နေစရာ အကြောင်းမရှိဘူး.. ငါဘေးမှာ ရှိနေသမျှ.. အဲ့မှာ မိစ္ဆာကျင့်ကြံသူတွေရှိရင်တောင် လမ်းဖယ်ပေးရလိမ့်မယ်”

‌ပြောရင်းနှင့် ဝူရှန့်မင်သည် လမ်းတစ်ခုဆီသို့ ရှေ့ကနေ လျှောက်သွားပြီး အခြားတောင်ပိုင်းတောင်တန်းဂိုဏ်းသားတစ်ယောက်က နောက်ကလိုက်သွား၏။

ပန်းရောင်မိန်းကလေးသည် အနည်းငယ် တွန့်ဆုတ်နေပြီးနောက်.. ဆူဇီမိုကို တစ်ချက်ကြည့်ကာ နောက်ကနေ လိုက်ပါသွား၏။

ယန်ဖေးသည်လည်း ပန်းရောင်မိန်းကလေး၏ သွင်ပြင်ကို တောက်လောင်စွာ ကြည့်ရင်း နောက်ကနေ ဆက်လိုက်သွား၏။

ဆူဇီမိုသည် လိုက်ပါခြင်းမရှိဘဲ.. သူတို့လေးယောက်ကို ကြည့်ရုံသာ ‌စောင့်ကြည့်နေလိုက်၏။

ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့် သူတို့ထဲက မည်သူမျှ သူတို့၏ သိုလှောင်အိတ်များကို ဖွင့်လှစ်အသုံးပြုနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ ဝင်မလာခင် ကိုယ်လိုအပ်သည့် ပစ္စည်းများကို တစ်ခါတည်း ထုတ်ထားခဲ့ရ၏။

ဆူဇီမိုထုတ်ယူထားဖို့ ‌ရွေးချယ်ခဲ့သည့်မှာ.. သူ၏ အေးမြစန္ဒာဆေဘာ၊ မျှော်လင့်ချက်သလင်းလေးနှင့် မြားဆယ်ချောင်းတို့ ဖြစ်၏။

သူသည် နေရာမှာပင် မတ်တပ်ရပ်နေပြီး ကျောထက်မှ မျှော်လင့်ချက်သလင်းလေးကို ဖြုတ်ယူလိုက်၏။ မြားသုံးချောင်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားရင်း အေးစက်စွာနှင့် ပြောလိုက်၏။

“နောက်ဆုံးတော့လဲ.. တိုက်ပွဲက ရှောင်လွှဲလို့ မ‌ရတော့ဘူးပဲ”

သည့်အရင် စောစောကလေးက လမ်း၏ အခြားတစ်ဖက်၌ ခြေသံများကို ဝိုးတဝါး သူကြားခဲ့ရ၏။ အဲ့ဒါက လူများစွာ၏ ခြေသံများဖြစ်၏။

တစ်ချိန်တည်းမှာပင် လမ်း၏ ထိုဘက်၌ လွှမ်းခြုံထုံသင်းနေသော လတ်လတ်ဆတ်ဆတ် သွေးရနံ့များကို သူရနေ၏။

ထိုလူများအားလုံးသည် ရန်လိုမှုအပြည့်နှင့် ဖြစ်ကြ၏။

ထို့ကြောင့်ပင် ဆူဇီမိုသည် ဝူရှန့်မင်နှင့် ကျန်လူများကို ထိုလမ်းသို့ မသွားဖို့ ဖြောင်းဖျခဲ့ခြင်းဖြစ်၏။ ကံမကောင်းစွာနှင့် သူ့အကြံကို မည်သူကမျှ အတည်မမှတ်ကြပေ။

All Chapters