ဘယ်လောက်တောင်မြန်လိုက်တဲ့ မြားတွေလဲ
Vol. 11 Ch. 165
အခန်း ၁၆၅ - ဘယ်လောက်တောင်မြန်လိုက်တဲ့ မြားတွေလဲ
Translator – Than Toe Aung
ဝူရှန့်မင်နှင့် နောက်ထပ်တောင်ပိုင်းတောင်တန်းဂိုဏ်းသားတစ်ယောက်သည် အရှေ့ဆုံးကနေသွားပြီး ခြေသလုံးအိမ်တိုင်ကျင့်ကြံသူယန်ဖေးက နောက်ကနေလိုက်၏။ ပန်းရောင်မိန်းကလေးကတော့ အလယ်ကဖြစ်လေသည်။
ခဏကြာ လျှောက်သွားပြီးနောက် ဝူရှန့်မင်သည် မျက်မှောင်ကြုတ်ကာ ရုတ်တရတ် ရပ်တန့်လိုက်ပြီး အာရုံစူးစိုက် နားထောင်ကြည့်လိုက်၏။
“အို့”
သူ့အမူအယာက ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်၏။
“ရှေ့မှာလူတွေအများကြီးပဲ.. မြန်မြန်.. ပြန်ဆုတ်ကြဟေ့”
အဲ့ဒီမှာ ရှိတာက လူတစ်ယောက်နှစ်ယောက်သာဖြစ်လျှင် ဝူရှန့်မင်သည် သူတို့ကို သိပ်ပြီး ကြောက်လန့်နေမှာ မဟုတ်ပေ။ သို့သော်လည်း ယခုကြားရသော ခြေသံများက ရှုပ်ထွေးရောယှက်နေပြီး လူများစွာက သူတို့ရှိရာသို့ အပြင်းနှင်လာနေကြသည်မှာ ထင်ရှားလေသည်။
ထို့ကြောင့် ဝူရှန့်မင်သည် အရမ်းကာရော မစွန့်စားရဲဘဲ နောက်ထပ်အစီအစဉ်သေချာမချခင် လောလောဆယ် နောက်ဆုတ်ဖို့သာ ဆုံးဖြတ်နိုင်လေသည်။
သို့သော်လည်း သူတို့ရှေ့မှ လာနေသောလူများက အလွန်လျှင်မြန်လှ၏။ ဝူရှန့်မင် စကားပြောပြီးစအချိန်မှာပင် သူတို့မြင်ကွင်းထဲသို့ လူများစွာက ပေါ်လာပြီဖြစ်၏။ သူတို့၏ လက်နက်များက မကောင်းဆိုးဝါးဆန်နေပြီး အေးစက်စက် သတ်ဖြတ်အော်ရာများက ထွက်ပေါ်နေ၏။
တုံ့ဆိုင်းခြင်းမရှိဘဲ ပန်းရောင်မိန်းကလေးက အရင်ဆုံး နောက်ဆုတ်လိုက်၏။
ဝူရှန့်မင်နှင့် အခြားနှစ်ယောက်သည်လည်း တူညီစွာ ပြုမူလိုက်ကြ၏။
သို့သော်လည်း သူနှင့် အခြားတောင်ပိုင်းတောင်တန်းဂိုဏ်းသားတစ်ယောက်သည် ရှေ့ဆုံးကနေ လျှောက်လှမ်းဝင်ရောက်လာခဲ့ကြတာ ဖြစ်သောကြောင့် ယခု သူတို့ နောက်ဆုတ်ကြသောအခါ သူတို့နှစ်ယောက်က နောက်ဆုံးကနေ ကျန်ခဲ့လေသည်။
“ဟီးဟီး.. ဟဟား..”
သူတို့နောက်မှ မကောင်းဆိုးဝါးဆန်ဆန် အက်ကွဲစူးရှသော ရယ်သံများက ထွက်ပေါ်လာ၏။
ထိုရယ်သံကိုကြားသောအခါ ပန်းရောင်မိန်းကလေ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် ဖျတ်ကနဲ လက်သွား၏။ အခြားတစ်ဖက်က လူက ဘယ်သူဆိုတာ သူမသိလေသည်။
မကောင်းဆိုးဝါးဆန်သော အသံတစ်သံက ထွက်ပေါ်လာ၏။
“နတ်ဆိုးမကျိ.. ဒီအရှုပ်တော်ပုံထဲ နင်ပါ ဝင်ပါလာရဲတယ်ဆိုတော.. နင့်ကို ကြည့်ရတာ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်.. ဟုတ်စ”
ပန်းရောင်မိန်းကလေးက မျက်နှာဖုံးအောက်ရှိ သူမ၏ နှင်းဆီရောင်နှုတ်ခမ်းလေးကို ဖွင့်ဟလိုက်ပြီး တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ပြီးမှ ပြန်လည် ထိန်းချုပ်ထားလိုက်၏။
ဝှစ်.. ဝှစ်..
ထက်ရှသော ဓါးသွားနှစ်ခုက လေထုကို ခွင်းပြီး အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ရောက်ချလာ၏။
ဝူရှန့်မင်နှင့် အခြားတစ်ယောက်သည် ဒီတိုင်း ဥပက္ခာမပြုရဲဘဲ.. ချာကနဲ နောက်သို့ လှည့်ကာ သူတို့၏ ဓါးများဖြင့် ကမန်းကတမ်း လက်ပြန်ပက်ထုတ်လိုက်ရ၏။
ချွမ်း.. ချွမ်း..
သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာပြီး အမှောင်ထုထဲတွင် မီးပွားများက လွင့်ပျံထွက်ပေါ်လာ၏။ သူတို့သည် တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်လိုက်ကြသော်လည်း သူတို့၏ လက်မောင်းများက ထုံကျင်သွားကြ၏။
ထိုကဲ့သို့ ကြန့်ကြာမှု အချိန်အနည်းငယ်ကလေးမှာပင်.. နောက်ကလိုက်လာသော ကျူးကျော်သူ လူအုပ်ကြီးက သူတို့နှင့် အတော်လေး နီးကပ်လာ၏။ ဆိုးယုတ်သောအော်ရာများ၊ သတ်ဖြတ်ရန်လိုမှုများနှင့် သူတို့သည် ညာသံပေးအော်ဟစ်ကာ ခုန်ဝင်လာကြ၏။
“ယန်အာရေ.. ညီမ အရင်သာ ထွက်သွားတော့.. ငါ သူတို့ကို ဒီကနေ တားထားပေးမယ်.. ငါ သေချာပေါက် သူတို့ကို ပေးသွားမှာ မဟုတ်ဘူး”
ဝူရှန့်မင်က လှည့်မကြည့်ဘဲ အော်ပြောလိုက်၏။ လမ်းအလယ်၌ သူ့ဂိုဏ်းသားအဖော်နှင့်အတူ ရပ်နေရင်း ဝင်ရောက်လာသော ကျူးကျော်သူများကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်၏။
“မင်းကတော့ သေချင်နေပြီပဲ”
ဝူရှန့်မင်က အေးစက်စက် တစ်ချက်ဟောက်လိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်၏။ သူ့ဓါးရှည်မှ ကောက်ကျစ်လှည့်စားတတ်သော ဓါးချီက ထွက်ပေါ်လာပြီး ကြိုတင်မခန့်မှန်းနိုင်သော မြွေတစ်ကောင်လို ရစ်ပတ်ခွေလိမ်၍ ရှေ့သို့ ထိုးသွင်းလိုက်၏။
ကျူးကျော်သူ၏ မျက်လုံးထဲတွင် အကြောက်တရားက တိုးဝင်လာ၏။ ဝူရှန့်မင်သည် ထိုကဲ့သို့ စွမ်းနိုင်လိမ်မည်ဟု သူသည် ထင်မှတ်မထားသည်မှာ ထင်ရှားလေသည်။ သူသည် နောက်ပြန်ဆုတ်၍ ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားလေပြီ။
“ဖွီး..”
ထိုလူ၏ ရင်အုပ်တွင် သွေးသံရဲရဲ အပေါက်ကြီး ပေါ်လာပြီး သွေးများက ပန်းထွက်လာကာ သူမျက်လုံးများက အရောင်မှိန်ကျသွား၏။
ဝူရှန့်မင်သည် ထိုလူ၏ ရုပ်အလောင်းကို ကန်ထုတ်လိုက်ပြီး နောက်ထပ် ဝင်ရောက်လာသူနှင့် ဆက်လက်တိုက်ခိုက်လိုက်၏။
အနီးကပ်တိုက်ခိုက်ခြင်းက ဓါးပျံများကို ထိန်းချုပ်တိုက်ခိုက်ခြင်းထက် ပို၍ အန္တရာယ်များ၏။
အဘယ်ကြောင့်ဆိုသော်.. အနီးကပ်တိုက်ခိုက်ခြင်းတွင် နှစ်ဦးနှစ်ဖက်သည် သတ်ကွင်းကျဉ်းကျဉ်းကလေးထဲတွင် လှည့်ပတ်တိုက်ခိုက်ရပြီး တုန့်ပြန်မှု ပြုလုပ်ဖို့ အချိန်သိပ်မရသောကြောင့်ဖြစ်၏။ သတိတစ်ချက် ဟစ်ဟင်းပြီး တိုက်ခိုက်မှု တစ်ခုက တိုးဝင်လာသည့်နှင့် သေရွာသို့ ကြွမြန်းသွားနိုင်၏။
ရှေ့မှလာသော ကျင့်ကြံသူနှစ်ယောက်က လက်ချည်းသက်သက်ဖြင့် ဖြစ်၏။ ပြိုင်ဘက်ကိုလည်း သူတို့က လျှော့တွက်ထားခဲ့သောကြောင့်.. ဝူရှန့်မင်နှင့် အခြားတစ်ယောက်၏ လှုပ်ရှားမှု တစ်ကွက်ချင်းစီအောက်၌ အသက်ပျောက်ကုန်ရ၏။
အစတုန်းကတော့ သူ၏ အရင်ဆုံး သတ်ဖြတ်မှုများသည် နောက်က လူအုပ်ကြီးက ထိတ်လန့်၍ ရှိန်သွားစေမည်ဟု ဝူရှန့်မင်က တွေးထင်ခဲ့မိ၏။ သို့သော် ရှေ့ဆုံးက ကျင့်ကြံသူနှစ်ယောက်က သေဆုံးသွားသော်လည်း နောက်ကလူများက တုံ့ဆိုင်းခြင်းမရှိ မှင်သေသေ မျက်နှာထားများနှင့် ရှေ့သို့ တိုးဝင်လာကြ၏။
သူတို့၏ မျက်လုံးများထဲမှ အေးစက်မှုများက ဝူရှန့်မင်ကို ရင်ထိတ်လာစေ၏။
“မင်းတို့.. ဘာကောင်တွေလဲကွာ”
သူသည် နောက်ဆုတ်ရင်းနှင့် ရူးသွပ်စွာ အော်ဟစ်လိုက်၏။
“မင်းက ငါတို့ ဘယ်သူတွေလဲဆိုတာတောင် မသိဘဲ ဒီနေရာကို လာဝံ့ကြတယ်ပေါ့လေ.. သြော်.. မင်းတို့က နတ်ဆိုးမကျိရဲ့ ညှို့ကွင်းထဲမှာ ကျရှုံးကုန်ကြတဲ့ သနားစရာ သတ္တဝါလေးတွေပဲ.. ဟဟားဟား.. ကမ်းကုန်အောင် မိုက်မဲတဲ့ကောင်တွေ”
လူအုပ်ကြီးထဲမှ အေးစက်စက် ရယ်သံများက ထွက်ပေါ်လာ၏။
“ငါက ဂိုဏ်းကြီးငါးဂိုဏ်းထဲကတစ်ဂိုဏ်း၊ တောင်ပိုင်းတောင်တန်းဂိုဏ်းကပဲ.. နတ်ဆိုးမကျိလဲ ငါမသိဘူး.. ငါတို့က အပုပ်ချနေမယ့်အစား မင်းတို့ဘယ်သူတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြရင် ပိုကောင်းလိမ့်မယ်နော်” ဝူရှန့်မင်က နောက်တစ်ခေါက် ထပ်အော်လိုက်၏။
အပုပ်ချတယ်ဟုတ်လား”
တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။
“မင်းကြီးတော်ကြီးကို ဂိုဏ်းကြီးငါးဂိုဏ်းပါလား.. သောက်ငစနူတွေ.. မင်းတို့အဆင့်နဲ့များ ငါတို့မိစ္ဆာဂိုဏ်းတွေနဲ့ ရင်ဘောင်လာတန်းချင်သေးတယ်ပေါ့.. မင်းတို့ တောင်ပိုင်းတောင်းတန်းဂိုဏ်းဆိုတာ.. ငါတို့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ ဖိနပ်ကို သယ်ဖို့တောင် အဆင့်မရှိဘူး”
တစ်ကယ်ပဲ သူတို့က မိစ္ဆာဂိုဏ်းသားတွေပါလား..
ဝူရှန့်မင်သည် ရင်တစ်ချက်ထိတ်သွား၏။
သူသည် ထျန်ဟွမ်ပြည်မကြီး၏ လျှို့ဝှက်ချက်များအကြောင်းကို အနည်းအကျဉ်းတော့ ကြားဖူးထား၏။
ထျန်ဟွမ်ပြည်မကြီး၌ မိစ္ဆာဂိုဏ်း မြောက်မြားစွာရှိ၏။ သို့သော်လည်း ထိုဂိုဏ်းများထဲတွင်မှ အင်အားအကြီးဆုံး ဂိုဏ်းခုနှစ်ဂိုဏ်းကိုသာ မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း၏ ရည်ညွှန်းဖော်ပြကြ၏။
ထိုမိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းက ထျန်ဟွမ်ပြည်မကြီးတစ်ခုလုံးမှာတောင် ထိပ်တန်းအင်အားစု စာရင်းဝင်လေသည်။
တောင်ပိုင်းတောင်တန်းဂိုဏ်းက ငါးကြီးငါးဂိုဏ်းစာရင်းဝင်သော်လည်း ၎င်းက မဟာကျိုးအင်ပါယာအတွင်းမှာသာဖြစ်၏။ မဟာကျိုးအင်ပါယာဆိုသည်က ထျန်ဟွမ်းပြည်မကြီး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။
ရှင်းရှင်းပြောရလျှင် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲက မည်သည့်ဂိုဏ်းဖြစ်စေ တောင်ပိုင်းတောင်တန်းဂိုဏ်းထက် အဆများစွာ ပို၍ အင်အားကြီးလေသည်။
ဝူရှန့်မင်သည် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းအကြောင်း ကြားဖူးထားသော်လည်း ထိုအုပ်စုထဲတွင် ဘယ်ဂိုဏ်းတွေ ပါဝင်သလဲဆိုတာတော့ အသေးစိတ် မသိရှိပေ။
ယခုအချိန်တွင် သူမျှော်လင့်နိုင်သည်မှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထဲတွင် မပါဝင်ပါစေနှင့်ဟုသာ။
“ရွှက်”
ထိုအချိန်တွင် အခြားသော တောင်ပိုင်းတောင်တန်းဂိုဏ်းသားတစ်ယောက်သည် လှုပ်ရှားမှု အနည်းငယ် နှေးကွေးသွားပြီး ဟာကွက်တစ်ခု ပေါ်သွား၏။ ထိုအခါ သူ့ရင်အုပ်ထဲသို့ ဓါးတစ်ချက်က တိုးဝင်လာပြီး သွေးများက ဖြာထွက်လာ၏။
အစကတည်းက ထိုသူ၏ သက်လုံက ကျလာနေတာရယ် ယခု ဒဏ်ရာရတာရယ် ပေါင်းလိုက်သောအခါ.. သူသည် ဒယီးဒယိုင်ဖြင့် ဒူးထောက်ကျသွား၏။ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ပေါ်သို့ နောက်ထပ်ဓါးချက်များက ထပ်မံကျဆင်းလာ၏။
ထို့နောက် လေထဲသို့ သူ၏ ဦးခေါင်းက လွင့်ပျံထွက်သွား၏။
ဝူရှန့်မင်သည် ထိုသည်ကို မျက်လုံးပြူးမျက်ဆံပြူးနှင့် ကြည့်နေ၏။ ထိုအချိန်တွင် သူသည် အနည်းငယ် အာရုံပျက်ယွင်းသွားပြီး .. သူ့ဝမ်းဗိုက်ဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
ဆေဘာရှည်တစ်ချောင်းက သူ့ဝမ်းဗိုက်ကို ထိုးဖောက်လိုက်လေပြီ။
“အား..”
ဝူရှန့်မင်သည် နာကျင်မှုနှင့်အတူ တုန်လှုပ်ချောက်ချားလာ၏။ သူ့သည် ရှေ့မှလူကို စူးစိုက်ကြည့်ပြီး ပျော့ခွေချိနဲ့စွာနှင့် နောက်ကိုဆုတ်ကာ ရှေ့သို့ ဓါးဖြင့် ချိန်ရွယ်ထား၏။ နောက်ဆုံး.. သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ ချွေးစေးများက ရွှဲနစ်လာ၏။
လူအုပ်ကြီးက ချဲပေးလိုက်ကြသောအခါ ဆိုးယုတ်အော်ရာနှင့် အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ လှမ်းထွက်လာ၏။ သူသည် ဝူရှန့်မင်ကို ကြည့်လိုက်ပြီး အေးစက်စက် နှာရှုံ့လိုက်၏။
“နတ်ဆိုးမကျိကိုတောင် မင်းက မသိဘူးဆိုတော့.. သေသင့်နေပါပြီကွာ”
အနက်ရောင်ဝတ်လူက အင်္ကျီလက်ကို လှုပ်ခါလိုက်သောအခါ သူ့လက်ထဲတွင် အရိုးလှံတံတစ်ချောင်းက ရောက်ရှိလာ၏။ ၎င်းသည် လုံးဝ ပကတိအနက်ရောင်ဖြစ်ပြီး အရိုးငယ် ဆယ့်နှစ်ချောင်းပါရှိပြီး ဆိုးယုတ်အော်ရာများဖြင့် လွှမ်းခြုံနေ၏။
အနက်ရောင်ဝတ်လူသည် အရိုးလှံတံဖြင့် ရှေ့သို့ အသာအယာ ထိုးသွင်းလိုက်၏။
ဖောက်!
၎င်းက ဝူရှန့်မင်၏ လည်ပင်းထဲသို့ ဖောက်ဝင်သွား၏။ အစက ဖြူလျော့နေသော မျက်နှာပေါ်တွင် သိပ်သည်းရင့်ရော်သော သွေးမျဉ်းကြောင်းများက ပေါ်လာ၏။ ၎င်းက ကြောက်စရာမြင်ကွင်းဖြစ်၏။
၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဆိုးယုတ်အော်ရာများ ဝင်ရောက်သွားခြင်း၏ လက္ခဏာဖြစ်၏။
ကျင့်ကြံရေးလောကတွင် တစ်မူဆန်းပြားသည့် ပစ္စည်းများနှင့် ပြုလုပ်ထားသော စိတ်ဝိညာဉ်လက်နက်အမျိုးအစားများရှိ၏။ ထိုကဲသို့သောလက်နက်များသည် ၎င်း၏ စိတ်ဝိညာဉ်အင်းကွက်များကို အသက်ဝင်စေဖို့ စိတ်ဝိညာဉ်ချီကို မထိုးသွင်းရသေးလျှင်တောင် အမျိုးမျိုးသောစွမ်းအားများကို ဖော်ထုတ်နိုင်စွမ်း ရှိလေသည်။
အနက်ရောင်ဝတ်လူ၏ အရိုးလှံတံက ထိုကဲ့သို့သော လက်နက်အမျိုးအစားများထဲမှ တစ်ခု ဖြစ်၏။
“နတ်ဆိုးမကျိ.. နင်ပြေးလို့ မလွတ်စေရဘူးမှတ်”
အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး အနက်ရောင်ဝတ်လူနှင့်လူအုပ်ကြီးသည် ရှေ့သို့ ဆက်လက်ချီတက်လိုက်ကြ၏။
ဝူရှန့်မင်နှင့် အခြားတစ်ယောက်က ခုခံပေးခဲ့ကြသော်လည်း ပန်းရောင်ဝတ်မိန်းကလေးနှင့် ယန်ဖေးတို့သည် အနက်ရောင်ဝတ်ကျင့်ကြံ၏ လက်ထဲမှ လုံးဝ ရုန်းထွက်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်၏။
ပန်းရောင်မိန်းကလေးနှင့် ယန်ဖေးသည် ရှေ့ကနေ ပြေးနေကြပြီး အနက်ရောင်ဝတ်လူက လူတစ်ရာကျော်ခြံရံ၍ နောက်ကနေ ပြေးလိုက်လာကြ၏။
ထွက်ပေါက်က သူတို့ရှေ့တည့်တည့်တွင် မြင်နေရလေပြီ။ သူတို့သည် ယခင်လမ်းလေးခွဆုံနားသို့ ရောက်တော့မည်ဆဲဆဲမှာပင်.. အနောက်ကအဖွဲ့က သူတို့ကို မိလုလာလေပြီ။
ပန်းရောင်မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။
ရုတ်တရတ်ဆိုသလို..
ရှေ့တည့်တည့် လမ်းလေးခွဆုံမှ အေးစက်စက် အလင်းတန်းသုံးခုက ဖျတ်ကနဲ ပျံသန်းလာ၏။
ချက်ချင်းဆိုသလိုပင် အလွန်တရာထက်ရှသော အနက်ရောင်အလင်းတန်းသုံးခုက ပန်းရောင်မိန်းကလေးနှင့် ယန်ဖေးတို့၏ အဝတ်စများကို ပွတ်တိုက်သွား၏။
၎င်းက သူတို့၏ အသားနှင့် တစ်စင်တီမီတာမျှလောက်သာ ကွာ၏။
အနည်းငယ် ထပ်မံနီးကပ်သည်နှင့် ပန်းရောင်မိန်းကလေးနှင့် ယန်ဖေးတို့ကို ထိုအလင်းတန်းသုံးခုက ဖောက်ဝင်သွားပေလိမ့်မည်။
သူမသည် လေအေးများကို ရှိုက်သွင်းလိုက်ပြီး သူမနုလုံးက ပေါက်ကွဲမတတ် ခုန်သွားရ၏။
ရွှစ်! ရွှစ်! ရွှစ်!
အနက်ရောင်အလင်းတန်းသုံးခုက သူတို့ဘေးကနေ ဖြတ်သွားပြီးမှသာလျှင် ပန်းရောင်မိန်းကလေးသည် မြားလေခွင်းသံများကို ကြားလိုက်ရ၏။
အာ.. ဘယ်လောက်မြန်လိုက်တဲ့ မြားတွေလဲ!