ချစ်စရာကောင်းသော သတ္တမမြောက်တောင်ထိပ် ( ၂ )
Vol. 22 Ch. 325
“ မင်းနိုင်သွားပြီနော်။ ငါ လိုက်မပို့တော့ဘူး ”
ထိုစကားကို ကြား၍ ဟွမ်ရီခွန် တုန်ရီသွားသည်။ ထို့နောက် စူးရှဝင်းလက်နေသော သူ့ညာလက်ကို ကြည့်လိုက်သည်။ မူလက လက်ချောင်းငါးချောင်း ရှိနေခဲ့သော ညာလက်မှာ ယခုတွင် လေးချောင်းသာ ကျန်တော့သည်။ သူ့ရင်ထဲတွင် ပူဆွေးဝမ်းနည်းခြင်းများ ထိုးတက်လာသည်။
“ အဲဒီကောင်က ဓားပြပဲ ”
ထိုပူဆွေးစိတ်ကြောင့် ဟွမ်ရီခွန်၏ အမြင်အာရုံ ဝေဝါးလာသည်။ သူ၏အသက်သွေးချွေးဖြင့် ထုဆစ်ထားခဲ့ရသော လက်ချောင်းငါးချောင်းအနက် တစ်ချောင်း ဆုံးရှုံးလိုက်ရပြီဟူသော အသိကြောင့် သူ၏နှလုံးသားမှ သွေးစိမ်းရှင်ရှင် ကျဆင်းလာရသည်။
သို့သော်လည်း သူ ပြန်သွားပြီး ထိုလက်ချောင်းကို ပြန်မတောင်းဝံ့ပေ။ တတိယမင်းသားအကြောင်း တွေးမိလိုက်ရုံဖြင့် သူ အလွန်အမင်း ကြောက်လန့်တုန်ရီသွားရသည်။
သူသည် ဝမ်းနည်းပူဆွေးနေရင်း ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှား၍ လေပေါ်သို့ ပျံတက်ရန် ပြင်လိုက်သည်။ သို့သော် ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်အသီးသီးမှာ ပျံသန်းခြင်းအား တားမြစ်ထားသည်ကို သူ သတိရလိုက်ပြီး ပို၍ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရသည်။ တောင်ပေါ်မှ သူ ဆင်းလျှောက်ရပေတော့မည်။
သတ္တမမြောက်တောင်ထိပ်မှာ နောက်ထပ် သူ မနေလိုတော့။
သို့သော် သူ အောက်သို့ ဆင်းသွားနေစဉ် လူတစ်ယောက်ကို မြင်လိုက်ရသည်။
မနီးမဝေးရှိ ကျောက်ကုလားထိုင်တစ်လုံးပေါ်တွင် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။
ထိုအမျိုးသမီးသည် အရပ်ရှည်သည်သာမက ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ကြွက်သားများက ပေါက်ကွဲထွက်တော့မည့်အလားပင်။ ထိုကြွက်သားများပေါ်တွင် ယှက်ပြေးနေသော ဖောင်းကြွနေသည့် သွေးကြောများကိုပင် မြင်နိုင်သည်။ ဘေးတွင် ဓားကြီးတစ်လက်ကို ထိုးစိုက်ထားလေရာ ပို၍ တုန်လှုပ်ချောက်ချားစရာမြင်ကွင်းတစ်ရပ်ပင် ဖြစ်နေတော့သည်။
ထိုဓားကြီးသည် ဆယ်ပေရှည်ပြီး တစ်ပေ ကျယ်သည်။ ဓားတစ်ခုလုံး မည်းမှောင်ပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်မျိုး ထုတ်လွှတ်နေနေသည်။ ထိုအမျိုးသမီးသည် ယနေ့ည ဟွမ်ရီခွန်၏ စိန်ခေါ်မှုကို လက်ခံရရှိခဲ့သော ဒုတိယမြောက်မင်းသမီး ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဟွမ်ရီခွန်၏ စိတ်ထဲ တုန်ရီသွားရပြီး ခြေလှမ်းများ ရပ်သွားသည်။
သူ ရပ်လိုက်သည့်အခိုက် ဒုတိယမင်းသမီး၏ မျက်လုံးများ ပွင့်လာသည်။ ထို့နောက် ဟွမ်ရီခွန်ကို အေးစက်စက်ဝင်းလက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒုတိယမင်းသမီး၏ ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိသွေးချီစွမ်းအားများ ထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုအသွင်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်သွားသည်။
“ ရွှေအမြုတေအဆင့်တစ်ပိုင်း ခန္ဓာ ”
ထိုမုန်တိုင်းက ဟွမ်ရီခွန်၏ မျက်နှာကို ရိုက်ခတ်သွားသောအခါ ဟွမ်ရီခွန်၏ကိုယ်ထဲမှ ဓမ္မတံခါးများ တုန်ခါသွားသည်။ ထိုစဉ် ဒုတိယမင်းသမီးက ထရပ်လိုက်သည်ဖြစ်၍ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါတစ်ခု အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။
ဟွမ်ရီခွန်မှာ လန့်ဖျန့်ကာ ကြောက်ဒူးတုန်သွားသည်။
“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး။ ဘယ်လိုလူက ဒီလိုမျိုး ကျင့်ကြံနိုင်မှာလဲ။ အပြင်အားနဲ့ပတ်သက်ရင် ပါရမီပါလှပါချည်ရဲ့ဆိုတဲ့ လူသားမဟုတ်တဲ့မျိုးနွယ်တွေတောင် ဒီလိုအပြင်အားမျိုး ပိုင်ဆိုင်နိုင်လောက်မှာ မဟုတ်ဘူး။ ဒါ သက်စောင့်မီးလုံးကို ကျင့်ကြံတာ မဟုတ်ဘူး။ ဓမ္မတံခါးတွေကို သုံးပြီး ခန္ဓာကိုယ်ကို အားဖြည့်တာ။ အပြင်အားလမ်းစဉ်ကို တစ်သမတ်တည်း လျှောက်တာ။ ချီရွှဲ့ထုံဂိုဏ်းမှာ ဒီအဆင့်အထိ အောင်မြင်တဲ့သူ ရှိနေမယ်လို့ ငါ တစ်ခါမှ မကြားခဲ့ဖူးပါဘူး ”
ဟွမ်ရီခွန် တုန်ရီနေသည်။ ကြောက်ခမန်းလိလိ သွေးချီများဖြင့် လျှောက်လာနေသော ဒုတိယမင်းသမီးကို ကြည့်၍ ဟွမ်ရီခွန်မှာ သူ့ရှေ့ရှိ အမျိုးသမီးက နှိုင်းယှဉ်၍မရလောက်အောင် အစွမ်းထက်သည်ဟု ခံစားလာရပြီး ကပျာကယာ အော်လိုက်သည်။
“ ခဏလေးနေပါဦးဗျာ …”
သူ့စကားမဆုံးခင် ဒုတိယမင်းသမီးမှာ အနီးသို့ ရောက်သွားပြီဖြစ်သည်။ ထို့နောက် ဒုတိယမင်းသမီးက ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။
တဘုန်းဘုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် ဟွမ်ရီခွန်သည် ဓားဒဏ်ရာများစွာဖြင့် အဝေးသို့ လွင့်သွားသည်။ မြေပြင်ပေါ်သို့ သူ ကျသွားသောအခါ သူ အလွန် စိတ်ထိခိုက်နေသည်။ သူ ခေါင်းပင်လှည့်မကြည့်တော့ဘဲ သုတ်ချေတင်ကာ ထွက်ပြေးသွားသည်။
သူ့ညာလက်မှာ နောက်ထပ်လက်တစ်ချောင်း ရှုံးလိုက်ရပြီဖြစ်ပြီး လက်ချောင်းသုံးချောင်းသာ ကျန်တော့သည်။
သတ္တမမြောက်တောင်ထိပ်ရှိ အဆောင်တစ်ဆောင်ထဲတွင် လူနှစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုလူနှစ်ယောက်မှာ သတ္တမမြောက်သခင်ကြီးနှင့် သူ၏အစေခံတို့ ဖြစ်သည်။
သတ္တမမြောက်သခင်ကြီးသည်လည်း ထိုတိုက်ပွဲကို သေချာကြည့်နေသည်။ တိုက်ပွဲ အဆုံးသတ်သွားသည်ကို မြင်၍ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ အမှတ်သုံးက အကျင့်မကောင်းဘူး။ လက်ချောင်းတစ်ချောင်းအတွက်နဲ့ ဂုဏ်သိက္ခာကိုတောင် ရောင်းစားပစ်တယ် ”
“ အမှတ်နှစ်ကော ဘာထူးလဲ။ ရမ်းကားဖို့ပဲ တတ်တယ်။ ဟင်း … ဒါပေမဲ့ သူ ကံကောင်းပါတယ်။ ပြီးခဲ့တဲ့လက ငါ့ကို အသံလွှင့်စာပို့ပြီး အပြင်အားမှာ ထူးချွန်တဲ့ ဂဋ္ဌုန်ငှက်မျိုးနွယ်က ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ကောက်ရခဲ့တယ်လို့ ပြောတယ်။ အဲဒီကျင့်ကြံသူက မီးဖီးနစ်ငှက်ကြီးနဲ့ ထိပ်တိုက်တိုးသွားတာ။ ချက်ချင်း အသတ်ခံလိုက်ရတာပဲ။ အဲဒါ သူက အဲဒီရွှေအမြုတေအဆင့်ထိပ်သီးကျင့်ကြံသူရဲ့ ရွှေအမြုတေကို ဝါးမျိုလိုက်ပေမဲ့ ပေါက်ကွဲမသွားဘဲ အဆင့်တက်သွားတယ်။ သူပဲ ဒီလိုမျိုး ယုံကြည်မှုရှိရှိလုပ်ရဲတာ။ မင်းဆိုရင် သူ့လိုမျိုး လုပ်မှာလား ”
ဘေးရှိ အစေခံမှာ ငြိမ်သက်နေသည်။ သူ့စိတ်ထဲ ဗြောင်းဆန်နေပြီး အချိန်အတော်ကြာသည့်တိုင်အောင် စကားမပြောနိုင်ပေ။
တချိန်တည်းမှာပင် တောင်လှေကားထစ်များပေါ် ဒယိမ်းဒယိုင်ဖြင့် ပြေးလွှားနေသော ဟွမ်ရီခွန်သည် သွေးများ အန်နေသည်။ သူ စိုးရိမ်ပူပန်ကာ ဒေါသထွက်နေသည်။ ကျန်နေသေးသော ဝင်းလက်တောက်ပနေသည့် လက်ချောင်းသုံးချောင်းကို ကြည့်၍ အော်ငိုချင်စိတ်ပင် ပေါက်လာသည်။
“ သူတို့ကို ငါ စိန်မခေါ်ခဲ့သင့်ဘူး။ အနိုင်ကျင့်လွန်းအားကြီးတယ်ကွာ ”
“ ခုနစ်ဂိုဏ်းမဟာမိတ်မှာတောင် ရွှေအမြုတေအဆင့်တစ်ပိုင်းခန္ဓာပိုင်ရှင်တစ်ယောက်ကို ရန်စဝံ့တဲ့သူ များများစားစား မရှိဘူး။ ငါ အရှုံးပေးပါပြီလို့ ဝန်ခံနေတာတောင် တိုက်ခိုက်သေးတယ် ”
“ သတ္တမမြောက်တောင်ထိပ်က မင်းသားတွေက လူယုတ်မာတွေ။ ဖုံးကွယ်တဲ့နေရာမှာ သိပ်တော်တယ်။ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို တတိယမင်းသားကိုတောင် ငါ ဖောက်ပြီး မမြင်ရဘူး။ သူက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပါလို့ ပြောရင်တောင် ငါ မယုံဘူး။ ဒီဒုတိယမင်းသမီးကလဲ ကြောက်စရာကောင်းလောက်အောင် ခွန်အားကြီးတယ်။ သူတို့နှစ်ယောက်လုံး ငါ့လက်ချောင်းတွေ ယူသွားတယ် ”
ဟွမ်ရီခွန်သည် ဝမ်းနည်းပူဆွေးစွာဖြင့် တောင်ခြေသို့ လျှောက်သွားသည်။ ရုတ်တရက် သူ ရှေ့တူရှုသို့ ကြည့်မိလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သူ့ရှေ့ရှိ တောင်ပေါ်လမ်း၌ မီးခိုးရောင်ဝတ်ရုံဝတ်လူငယ်တစ်ယောက်က ပန်းသီးကို စားရင်း လျှောက်လာသည်။ ထိုလူငယ်သည် သူ့ကို နှုတ်ဆက်နေသည့်အလား လက်ကိုဝှေ့ယမ်းပြနေ၏။
“ ရီခွန်၊ ဘာဖြစ်လာတာလဲ။ ငါ့ဆရာတူညီမလေးက မင်းကို ရိုက်နှက်လိုက်တာလား ”
“ ခင်ဗျားက ဘယ်သူတုံး ”
ဟွမ်ရီခွန်မှာ ချက်ချင်း တုန်ရီလာပြီး ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။ သူ၏ရှေ့မှောက်ရှိ လူငယ်သည် တတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ထက် ပို၍ပင် ကြောက်စရာကောင်းသည်ဟု သူ၏ အလိုလိုသိစိတ်က သူ့ကို ပြောပြနေသည်။ သူ့မျက်လုံးများထဲတွင် ထိုလူငယ်သည် လူသားတစ်ယောက်မဟုတ်ဘဲ လူ့အရေခွံခြုံထားသော မိစ္ဆာတစ်ကောင် ဖြစ်သည်။
“ ငါ့ကို မင်း မသိဘူးလား။ မင်းအစ်ကို ဟွမ်လင်ဖေးနဲ့ ငါက သူငယ်ချင်းတွေ။ ဒီကောင် ငါ့အကြောင်း မပြောပြဘူးလား ”
ခေါင်းဆောင်က ဟွမ်ရီခွန်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။
“ မကြောက်ပါနဲ့ကွ ”
ခေါင်းဆောင်သည် အထိတ်တလန့်ဖြစ်နေသော ဟွမ်ရီခွန်ကို မြင်၍ သက်ပြင်းချလိုက်သည်။
“ မင်းကို ငါ့ဆရာတူညီလေးနဲ့ ညီမလေးက ထိုးကြိတ်လွှတ်လိုက်တာလား။ ဒီကောင်တွေ တော်တော်များသွားပြီကွ ”
ခေါင်းဆောင်သည် ဒေါသထွက်နေဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ဟွမ်ရီခွန်ကို ဆေးလုံးအနည်းငယ်ပင် ပေးလိုက်သည်။
သို့သော်လည်း ဟွမ်ရီခွန်မှာ သတိထားနေဆဲပင်။ သူ့အသက်ရှူသံများ မြန်ဆန်နေ၏။ သူ ထွက်သွားချင်နေပါသော်လည်း မထွက်သွားဝံ့ပေ။ တချိန်တည်းမှာပင် ထိုလူငယ်ကို သူ ခန့်မှန်းမိလိုက်သည်။
“ အကြီးဆုံးမင်းသား ”
“ အဲဒီလိုကြီး ခေါ်စရာမလိုပါဘူး။ မင်းက ငါ့ကို သူစိမ်းလို ဆက်ဆံနေတာပဲ။ အစ်ကိုကြီးလို့ခေါ်ရင် ရပြီ။ ငါက ဆရာတူညီလေးနဲ့ ညီမလေးတို့လို မဟုတ်ဘူး ”
ခေါင်းဆောင်၏အပြုံးသည် အလွန် တောက်ပပြီး သူ့အသံက နွေးထွေးကြင်နာသောလေသံဖြစ်သည်။
“ အစ်ကိုကြီး …”
ဟွမ်ရီခွန်သည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
“ ဒီလိုမှပေါ့ကွ။ စိတ်မပူနဲ့ လာ၊ ငါ မင်းကို တောင်အောက် လိုက်ပို့မယ် ”
ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
“ ရတယ်။ ကျနော့်ဘာသာ သွားလိုက်မယ် ”
ဟွမ်ရီခွန်မှာ ပို၍ပင် တုန်ရီလာသည်။
“ ကိစ္စမရှိပါဘူးကွ။ အာ ဟုတ်သားပဲ။ ညီလေးကို အဲဒီဆေးလုံးတွေအတွက် ပိုက်ဆံတောင်းရဦးမယ်။ လက်ချောင်းတစ်ချောင်းဆို ရပြီ ”
ခေါင်းဆောင်သည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အပြာရောင်ဝင်းလက်သွားပြီး သူငယ်အိမ်များထဲတွင် သူ့မျက်နှာ ပေါ်လာသည်။ ထိုမျက်နှာသည် မျက်လုံးများကို မှိတ်ထားပါသော်လည်း ၎င်း၏အမူအရာအရ ရက်စက်ကြမ်းကြုတ်ကာ အကြီးအကျယ် ဆာလောင်မွတ်သိပ်နေဟန်တူသည်။
ထိုဆာလောင်စိတ်က ခေါင်းဆောင်၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ ထိုသည်ကို ဟွမ်ရီခွန် အာရုံခံမိလိုက်ပြီး တစ်ကိုယ်လုံး တုန်ရီသွားကာ သူ့စိတ်ထဲတွင် သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်တစ်ခု ရုတ်ခြည်း ထိုးတက်လာသည်။ ခေါင်းဆောင် ချဉ်းကပ်လာနေသည်ကို မြင်၍ သူ ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူ မလွတ်မြောက်နိုင်ခင် သူ့အမြင်အာရုံ ဝေဝါးသွားပြီး ဂျွတ်ခနဲ မြည်သံ ပဲ့တင်ထပ်သွားသည်။ သူ့လက်ချောင်းသုံးချောင်းမှာ နှစ်ချောင်းဖြစ်သွားသည်။
လက်ချောင်းတစ်ချောင်းကို အကြီးဆုံးမင်းသားက ကိုက်သွားခဲ့သည်။
သူသည် စူးစူးဝါးဝါးအော်ဟစ်ရင်း ပြတ်ထွက်သွားသော လက်ချောင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သွေးရူးသွေးတမ်းဖြင့် ထွက်ပြေးသွားသည်။
ခေါင်းဆောင်သည် လက်ထဲရှိ တဖျပ်ဖျပ်ဝင်းလက်နေသော ခရမ်းရွှေရောင်လက်ချောင်းကို ချိန်ဆကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ ဒီကလေးက ပျော်ဖို့လည်း မကောင်းဘူး။ ချင်းလေးကမှ ပိုပျော်ဖို့ကောင်းသေးတယ် ”
တောင်ထိပ်၌ သတ္တမမြောက်သခင်ကြီးသည် သဘောကျစွာဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။
“ ငါ့တပည့်တွေထဲမှာ အကြီးဆုံးက တရားမျှတဆုံးပဲ ”
အစေခံသည် ထိုစကားကို ကြား၍ မည်သို့ပြောရမည်မသိ ဖြစ်သွားသည်။ အကြီးဆုံးမင်းသားက မည်သည့်နေရာတွင် တရားမျှတနေသည်ကို သူ မမြင်ရပေ။
“ ဒါပေမဲ့ မလုံလောက်သေးဘူး။ အကြီးဆုံး၊ အမှတ်နှစ်နဲ့ အမှတ်သုံးက လက်ချောင်းတစ်ချောင်းစီ ရသွားပြီဆိုတော့ အမှတ်လေးလည်း လက်ချောင်းတစ်ချောင်းရဖို့ လိုသေးတယ် ”
သတ္တမမြောက်သခင်ကြီးက ပြောလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် တောင်ခြေသို့ သုတ်ခြေတင်ကာ ပြေးဆင်းနေသော ဟွမ်ရီခွန်ကို ကောင်းကင်ယံမှ လေပြင်းတစ်ချက် ကျဆင်းလာကာ တိုက်ခတ်သွားသည်။
ဟွမ်ရီခွန်မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်ရီနေသည့်အချိန်မှာပင် လေပြင်းက ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သို့ သယ်ဆောင်သွားသည်။
ထို့နောက် ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) ၏ ဝင်ပေါက်တွင် ဟွမ်ရီခွန်၏ ခန္ဓာကိုယ် ဝုန်းခနဲ ကျသွားသည်။ ဟွမ်ရီခွန်သည် ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် စိတ်ထဲမူးဝေနောက်ကျိနေစဉ် သူ့နောက်မှ ကြည်လင်တောက်ပပြီး အံ့အားသင့်နေသော အသံစာစာလေးကို ကြားလိုက်ရသည်။
“ ငါ့ရှေ့ကို ဗြုန်းစားကြီး ကျလာတာ ဘယ်သူတုံး။ ငါ့ကို အလစ်ဝင်တိုက်ချင်တာလား ဟမ်၊ ကြည့်တာနဲ့ လူကောင်းမဟုတ်မှန်း သိသာတယ်။ ရေဘဝဲကြီးရေ၊ သူ့ကို ချုပ်နှောင်လိုက်ပါဦး ”
ဟွမ်ရီခွန် ရုတ်တရက် နိုးလာသည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် သူ သွေးရူးသွေးတန်း ဖြစ်လာပြီး အလိုလို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့သည်။ တခဏလေးအတွင်း လေထဲမှ လက်ကြီးတစ်ဖက် ပေါ်လာသည်။ ရွှေအမြုတေအဆင့်စွမ်းအားများ ပေါ်ထွက်လာပြီး သူ့ကို ရိုက်ခတ်သွားသည်။
လက်ကြီးထဲရှိ ရွှေအမြုတေအဆင့်အရှိန်အဝါကြောင့် သူ၏စိတ်နှင့်ခန္ဓာ တုန်ရီသွားပြီး သတိလစ်သွားသည်။
သူ သတိမလစ်ခင် မိန်းကလေး၏အသံကို ဝိုးတဝါး ကြားလိုက်ရ၏။
“ မဆိုးဘူး၊ မဆိုးဘူး။ သူက ကိုကိုရွှီချင်း စမ်းသပ်ဖို့ သင့်တော်တယ် ”