← Chapters

ပါဝင်ကစားရန် ငြင်းပယ်ခြင်း

Vol. 25 Ch. 370

ပါဝင်ကစားရန် ငြင်းပယ်ခြင်း

Vol. 25 Ch. 370

“ဘုန်း ဘုန်း ဘုန်း”

ဘတ်စကက်ဘော ကစားကွင်း တစ်ခုလုံး၌ ကြားနေရသည့် တစ်ခုတည်းသော အသံမှာ ဘောလုံးက ကြမ်းပြင်နှင့် အဆက်မပြတ် ရိုက်ခတ်နေသည့် အသံပင်။ လူဆယ်ယောက်က အချင်းချင်း ယှဉ်ပြိုင်နေပြီး ဘောလုံးကို ပုတ်၍ ဆွဲခြင်း၊ ဖြတ်ကျော်ခြင်း၊ ပြိုင်ဘက်များကို ကျော်တက်ခြင်း၊ ပစ်ခြင်း၊ ခုန်ခြင်း … စသဖြင့် ယှဉ်ပြိုင် ကစားနေကြသည်။

လူတစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင် သူမတူသော အရည်အချင်းများဖြင့် ကစားနေကြသည်။

လူတိုင်း၏ အရည်အချင်းက အံ့ဩစရာ ကောင်းလှပြီး ဤသို့သော နိုင်ငံတကာ ကစားပွဲတစ်ပွဲက သာမန် ဘတ်စကက်ဘော ကစားပွဲတစ်ပွဲထက် ပိုမို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။

ပရိသတ်များ၏ အားပေးသံများက ရပ်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေကာ အသံက ကျယ်သထက် ကျယ်လောင်လာ၏။ သူတို့အသံသည် ဘတ်စကက်ဘော အားကစားကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်နေသည်။ သို့သော် အားပေးသံ အများစုမှာ ကိုရီးယား ဘာသာစကားအသံများ ဖြစ်ပြီး အိုပါး ဟူသည့် အော်သံများကို ထပ်ခါတလဲလဲ ကြားနေရသည်။

ဤသို့နှင့် ပထမပိုင်းက ပြီးဆုံးခါနီးလာလေသည်။ မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းမှ ကစားသမားများ အားလုံး ချွေးများဖြင့် ရွှဲနစ်နေပြီး အသက်ကို မနည်းရှူနေကြသည်။ ကပ္ပတိန်ဖြစ်သော ချမ်စန်းသည် ပါးပေါ်သို့ ချွေးများပင် စီးကျလျက် ရှိသည်။ သူက သူ့ပြိုင်ဘက်များကို စူးစိုက်ကြည့်၍ ခိုင်မာသော ခံစစ်ကို ဖန်တီး ထားသည်။

သူတို့သည် သူတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးထားပြီး ဖြစ်သော်လည်း ကိုရီးယားနိုင်ငံမှ ကစားသမားများနှင့် ရင်ဆိုင်ရသောအခါ ခွန်အားမဲ့သလို ခံစားနေရဆဲ ဖြစ်သည်။ အမှတ် ကွာဟမှုက ပိုပို ကြီးလာသည်ကို မြင်လေလေ သူတို့ ခံစားနေရသည့် ခွန်အားမဲ့မှုကလည်း ပိုတိုးလာလေပင်။

“သူတို့ရဲ့ အဆင့်အတန်းက ဒီလောက် နိမ့်နေတဲ့အချိန်မှာ ဘယ်လိုလုပ် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းက ငါတို့ကို ချစ်ကြည်ရေး ပြိုင်ပွဲ ကစားဖို့ ဖိတ်ရဲရတာလဲ”

ကိုရီးယား ကစားသမား တစ်ယောက်က သရော်လေသည်။ သူက ချမ်စန်းကို ကြည့်ပြီး ဘောလုံးကို ပုတ်ကာ ထိုသို့ အထင်အမြင်သေးသော စကားကို ပြောလိုက်ခြင်း ဖြစ်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ရွေ့လျားလာပြီး ညာဘက်ကို ရွှေ့သွားပြီးမှ ဘယ်ဘက်သို့ ပြန်လှည့်လာသည်။ ၎င်းက အလွန် စိတ်ရှုပ်ထွေးစေသော ဟန်ဆောင်အကွက် ဖြစ်ပြီး ချမ်စန်းကို သူ ကျော်တက်သွားလေသည်။

ချမ်စန်း၏ မျက်လုံးများက စူးရှစွာ ကျဉ်းမြောင်းလာသည်။ ယခင်က ရဲ့လင်းချန်၏ ဟန်ဆောင်၍ ဘောလုံးကို ဆွဲသွားသည့် အကွက်ကို သူ သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ ဆတ်ခနဲ လှုပ်ရှားလိုက်သောအခါ ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို တကယ် ပိတ်ဆို့နိုင်သွားသည်။

“အာ … မလွယ်ပေမယ့် မင်း ငါ့လှုပ်ရှားမှုကို မြင်နိုင်တာပဲ”

ထိုကစားသမားက ခပ်တိုးတိုး ပြောသည်။ သို့သော် သူသည် သွေးမပျက်သွားဘဲ ဘောလုံးကို သူ့အသင်းဖော် များထံ လွှဲပြောင်းပေးလိုက်သည်။

သူ့အသင်းဖော်က ဘောလုံးကို လှမ်းဖမ်း၍ တစ်ပတ်လှည့်ကာ သုံးချက်ပုတ်၍ လှမ်းပစ်လိုက်သည်။

“ဘုတ်”

တဘုတ်ဘုတ် အသံကို ပြတ်သားစွာ ကြားနေရသော်လည်း လက်ရှိအချိန်တွင် ထိုအသံက တရုတ်လူမျိုးများ၏ နားထဲတွင် အလွန် မသာမယာ ဖြစ်နေလေသည်။

ပထမပိုင်းက မပြီးသေးသော်လည်း အမှတ်က ၃၈:၇၅ ဖြစ်နေလေပြီ။ အသင်းက သုံးဆယ့်ခုနစ်မှတ်တိတိ နောက်ကောက်ကျ ကျန်နေခဲ့ပြီး ကွာခြားမှုက သိသာထင်ရှားလွန်းနေ၏။

“ဥက္ကဋ္ဌကျန်း၊ ဒါ ခင်ဗျား ပြောတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေး ရလဒ်လား”

ဝန်ကြီးချုပ်ဖန့်၏ မျက်နှာက အလွန် သုန်မှုန်နေ၏။

“ကျုပ် မှတ်မိသလောက်ဆိုရင် အရင်နှစ်က ကျုပ်တို့ ဒီလောက် အများကြီး နောက်ကျမကျန်ခဲ့ဘူး”

ကျန်းဟဲ၏ မျက်နှာက အောင့်သက်သက် ဖြစ်နေသော်ငြားလည်း တစ်လုံးမျှ ပြန်မပြောနိုင်ပေ။

“စိတ်မပူပါနဲ့ ဝန်ကြီးချုပ်ဖန့်၊ ဥက္ကဋ္ဌကျန်းက သူတို့မှာ အကျော်အမော် တစ်ယောက် ရှိနေသေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ သူတို့က သူ့ကို ခေါ်ပြီး အခြေအနေကို ပြောင်းလဲမလားပဲလေ”

တခြားလူက ဝင်ပြောသော်လည်း သူ့လေသံတွင် သရော်ဟန်တို့နှင့် ပြည့်နှက်နေ၏။

“ဟမ့်”

ဝန်ကြီးချုပ်ဖန့်က အေးစက်စက် ပျက်ရယ်ပြုလိုက်ပြီး သူ့မျက်လုံးတွင် စိတ်ပျက်ဟန်တို့ ပေါ်လွင်နေသည်။

“နောက်ဆိုရင် ကျုပ် ပိုပြီး လက်တွေ့ကျမှ ရတော့မယ်၊ ဒီအရည်မရ အဖတ်မရ စကားတွေနဲ့ ကျုပ် မကျေနပ်တော့ဘူး၊ အစွမ်းအစမရှိသလို လုံးဝ အသုံးမကျဘူး”

ဝှက်ဖဲဟူသည့် အရာကို သူ မယုံကြည်တော့ပါ။

သူ သက်ပြင်းချပြီး ဘတ်စကက်ဘော ကစားနေသည့် နေရာသို့ ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော အသင်း မြင့်မားတိုးတက်လာသည်ကို သူ ဘယ်တော့များမှ မြင်နိုင်ပါမည်နည်း။

သူတို့အပြင် အားကစားကွင်းထဲမှ တရုတ်လူမျိုး ပရိသတ်များသည်လည်း ဘာမှမပြောနိုင်ပေ။ ရလဒ်အတွက် သူတို့ကိုယ်သူတို့ ပြင်ဆင်ထားသော်လည်း သူတို့နိုင်ငံ၏ အသင်းက ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရသည်ကို မြင်သောအခါ စိတ်ဓာတ်မကျဘဲ မနေနိုင်ပါ။

“ဟူး … ကစားပွဲကို ကြည့်ဖို့ ငါ အားတက်သရော အတန်းလစ်လာခဲ့တာ အလကားပဲ၊ ဒီလို ရလဒ်မျိုး ဖြစ်လာမယ်လို့ ငါ ထင်မထားမိဘူး”

“အမှိုက်ပဲ၊ တကယ်ပါပဲ၊ တရုတ်လူမျိုး ဖြစ်တဲ့ ငါ့ကိုယ်ငါတောင် ရှက်မိတယ်၊ အမှိုက်တကာ့ အမှိုက်ထိပ်ခေါင်”

“ယီးပဲ၊ အဲ့ငတုံးတွေက နိုင်ငံက ခံစားခွင့်တွေကို ဝမ်းသာအားရ လက်ခံနေသေးတာပဲ၊ ဝက်မွေးထားသလိုပဲ၊ သူတို့အတွက် တကယ် အဆင်ပြေနေတာပဲ”

“သူတို့တွေ တစ်ဖက်ကို မနိုင်ရင်တောင်မှ အနည်းဆုံးတော့ ငါတို့ကို သူတို့ တိုးတက်လာတာကို ပြသင့်တယ်၊ ဘာလို့ ငါတို့နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားက ကွာခြားမှုက ပိုကြီးလာတာလဲ”

…

“မြင့်မြင့်မားမား မျှော်မှန်းထားလေလေ ပိုစိတ်ပျက်ရလေလေ” ဆိုသည့်စကားလိုပင်။ အစက အားပေးနေ ပြီးနောက် လူတိုင်းသည် ပြင်းထန်သော ရိုက်ချက်ကို ခံစားနေရပြီး အခြေအနေ မတိုးတက်လာပုံကို မုန်းတီး မိသည်။

အာလူးလေးနှင့် ကျန်နှစ်ယောက်သည်လည်း ပွဲကြည့်စင်၌ ရပ်နေပြီး ထပ်တူ စိတ်ပျက်နေကြသည်။

“ကိုရီးယားနိုင်ငံက လူတွေ ငါတို့ကျောင်းက ဘတ်စကက်ဘော တိုင်တွေကို ဖျက်ဆီးတဲ့အထိ မောက်မာနေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ လတ်စသက်တော့ ငါတို့နိုင်ငံက တကယ်ကို ကစားသမားကောင်းတွေ မရှိတာပဲ”

“ဘတ်စကက်ဘော အဖွဲ့အစည်းက လူတွေက ငါတို့အတွက် လက်စားချေပေးမယ်လို့ ငါ မျှော်လင့်နေတာ၊ ဒါပေမဲ့ သူတို့က အသုံးမကျတဲ့ အမှိုက်ကောင် ငါးကောင် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”

“ငါတို့ အကြိမ်တိုင်း စိတ်လှုပ်ရှားခဲ့ပေမယ့် ငါတို့ ပြန်ရလာတာက အမြဲတမ်း စိတ်ပျက်မှုတွေပဲ”

“နောက်တစ်ပွဲက အဓိပ္ပာယ် မရှိတော့ဘူး၊ တရုတ်အသင်းက ကစားသမားတွေ အားမရှိတော့တာ သိသာတယ်၊ သူတို့ရဲ့ သက်လုံက ကိုရီးယားနိုင်ငံနဲ့ ယှဉ်လိုက်ရင် အရမ်း လိုနေတာ၊ ပြီးတော့ ဒုတိယပိုင်းကလည်း တစ်ဖက်သတ် ဖိအားပေးတာပဲ ဖြစ်လာမှာ”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှောင်ကမ်းနှင့် အခြားသူများ စိတ်ဝင်စားသွားသည်။ သူတို့ လှည့်ကြည့်လိုက်ပြီးနောက် အံ့ဩသွားကြသည်။

“မင်းက ဟွာချင် တက္ကသိုလ်က ကျောက်ရီထျန်းလား”

ကျောက်ရီထျန်းသည်လည်း အတန်းချိန်လစ်၍ ကစားပွဲကို လာကြည့်ပုံပင်။ သူက သူတို့ သုံးယောက်ကို အသာ ဝေ့ကြည့်ပြီး တစ်ယောက်တည်း ဆက်ပြောနေသည်။

“ငါ့အမြင်မှာတော့ တရုတ်အသင်း တစ်ခုလုံးမှာ ကပ္ပတိန် တစ်ယောက်တည်းကပဲ ပိုတော်တဲ့ပုံ ပေါ်တယ်၊ အခြားသူတွေနဲ့ ကိုရီးယားနိုင်ငံကြားက ကစားသမားတွေကြားမှာ သိသိသာသာ ကွာခြားနေတာ၊ သူတို့ရဲ့ ဘတ်စကက်ဘော စွမ်းရည်က ဆိုးရွားလွန်းတယ်”

“ရီထျန်း၊ ငါ မှတ်မိသလောက်ဆို ဘတ်စကက်ဘော အဖွဲ့အစည်းက မင်းကိုလည်း ဖိတ်ခေါ်တယ်မလား”

ကျောက်ရီထျန်း၏ အတန်းဖော်များက ပြောသည်။

“ဟုတ်တယ်”

ကျောက်ရီထျန်းက ခေါင်းညိတ်သည်။

“အခု ငါက ဘတ်စကက်ဘော အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ပြောလို့ရတယ်၊ ငါ့ကို အထူးလေ့ကျင့်ရေး နှစ်နှစ်ပဲ ပေးလိုက်၊ ငါ ဘယ်ကိုရီးယား ကစားသမားထက်မှ အားမပျော့စေရဘူး”

ထိုသို့ ဝင့်ကြွားပြောဆိုဟန်ကြောင့် အာလူးလေး အလိုလို မျက်မှောင်ကြုတ်မိသွားသည်။

“ကျောက်ရီထျန်းလို့ မပြောရဘူး၊ သူက တစ်မူထူးခြားတဲ့ကောင်လို့ ထင်ပြီး အမြဲ ဟိတ်ဟန်ထုတ်နေတာပဲ၊ ဒါပေမဲ့ သူက ငါတို့ ပီကင်း တက္ကသိုလ်ကို ရှုံးခဲ့သေးတာပဲ ဟုတ်တယ်မလား”

ကျောက်ရီထျန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“မင်းတို့ကျောင်းက ရဲ့လင်းချန်လည်း မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းကို ဝင်ခွင့်ရတယ်လို့ ငါ အောက်မေ့တာပဲ၊ ဥက္ကဋ္ဌကျန်းကိုယ်တိုင် ဖိတ်တာလေ၊ ငါ ဘာလို့ သူ့ကို အရန်ခုံမှာ မတွေ့တာပါလိမ့်”

“ရှောင်ရဲ့က ဒီကိုလာဖို့ သူ့မာန အောက်ကျတယ်လို့ ထင်လို့လေ၊ မင်းနဲ့ ဘာဆိုင်လဲ”

“ဟဲဟဲ ဘတ်စကက်ဘောမှာ အရည်အချင်းရှိတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ဖို့ဆိုတာက ရှားတယ်၊ သူ့ဘတ်စကက်ဘော စွမ်းရည်က နောက်ကောက်ကျမနေခဲ့ဖို့ ငါ မျှော်လင့်ပါတယ်၊ အလွန်ဆုံး နောက်တစ်နှစ်ပြီးရင် ငါ သူ့ကို ထပ်စိန်ခေါ်ပြီး ငါ့နာမည်ကို ပြန်အဖတ်ဆယ်မှာ”

ကျောက်ရီထျန်းက အထက်စီးဆန်စွာ ပြောဆိုသည်။

ရှောင်ကမ်းနှင့် အခြားသူနှစ်ယောက်လုံး တစ်ခဏမျှ စွန့်အသွားသည်။

ဤသို့ ဝင့်ကြွားနေသော ကစားသမားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူတို့သာ တကယ် တစ်ခုခု ပြောရမည်ဆိုလျင် သူ့ကို တန်း၍ ဆဲဆိုကြိမ်းမောင်းမိလောက်သည်။

ပထမပိုင်းအပြီးတွင် အမှတ်က ၄၀:၈၁ ဖြင့် ရပ်သွားပြီး ကွာခြားမှုက ပို၍ ကြီးလာသည်။

ဘတ်စကက်ဘော ကစားသမားများသည် အနားယူရန် ကွင်းထဲမှ ထွက်လာကြသည်။ ချမ်စန်းနှင့် သူ့အသင်းဖော်များ အရှက်ရကာ မကျေမချမ်း ဖြစ်နေလေသည်။

“ဥက္ကဋ္ဌကျန်း၊ ခင်ဗျား ဝှက်ဖဲကို မဖိတ်ဘူးဆိုရင် ကျုပ်တို့ ဒီပွဲမှာ လုံးဝ နိုင်နိုင်ချေ မရှိဘူး”

ဝန်ကြီးချုပ်ဖန့်ဘေးမှ လူငယ်က မနေနိုင်ဘဲ ပြောလာသည်။

ကျန်းဟဲ၏ မျက်နှာက ပြာနှမ်းလာပြီးနောက် ဖြူရော်လာလေသည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကို ကိုင်လိုက်သည်။

“ကလင် ကလင် ကလင်”

ရဲ့လင်းချန် ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် တစ်ခဏမျှ ငြိမ်သက်သွားသည်။ နောက်ဆုံး၌ သူ ဖုန်းကိုင်လိုက် လေသည်။

“ဥက္ကဋ္ဌကျန်း”

“ရဲ့လင်းချန်၊ အရင်တစ်ခေါက်က ဖြစ်ခဲ့တာတွေအတွက် ငါ မင်းကို ထပ်ပြီးတော့ တောင်းပန်ပါတယ်၊ ဒီနေ့ ကိုရီးယားနိုင်ငံနဲ့ ကစားမယ့် ငါတို့ ပြိုင်ပွဲကို မင်း ကြားပြီးလောက်မယ်လို့ ထင်ပါတယ်၊ မင်း လာပြီး ဝင်ကစားဖို့ ငါ အနူးအညွတ် တောင်းပန်ပါတယ်ကွာ”

ဥက္ကဋ္ဌကျန်း၏ အသံက မယုံနိုင်လောက်အောင် ရိုးသားမှန်ကန်နေ၏။

“ဥက္ကဋ္ဌကျန်း၊ ကျွန်တော်က ခင်ဗျားရဲ့ ဘတ်စကက်ဘော အဖွဲ့အစည်းက အဖွဲ့ဝင် မဟုတ်ပါဘူး၊ ပြီးတော့ အဲ့လို ကစားပွဲမှာ ပါဝင်ဖို့ ကျွန်တော်က အရည်အချင်း မပြည့်မီပါဘူး”

“အဲ့အတွက် စိုးရိမ်စရာ မလိုပါဘူး၊ အရင်တစ်ခါတုန်းက မင်း ထွက်သွားပြီးတော့ ငါတို့ မင်းရဲ့ အချက်အလက် တွေကို စနစ်ထဲ သွင်းလိုက်ပြီးပြီ၊ ငါတို့ အခု မင်းကို ခေါ်ရတာက ငါတို့ ဒုက္ခရောက်နေလို့ပါ၊ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့၊ ငါတို့ မင်းဘဝကို ဝင်မနှောင့်ယှက်ဘူးလို့ ကတိပေးတာမို့လို့ မင်း စိတ်ချလို့ ရပါတယ်၊ ငါတို့ မင်းကို ပွဲတိုင်း ဝင်ကစားပေးဖို့ပဲ လိုအပ်တာပါ”

“ကျွန်တော် စိတ်မကောင်းပါဘူး၊ ကျွန်တော် ဝင်ကစားဖို့ ငြင်းပါတယ်”

…

All Chapters