← Chapters

ရိုသေကျိုးနွံသွားသော

Vol. 22 Ch. 326

ရိုသေကျိုးနွံသွားသော

Vol. 22 Ch. 326

ထိုအချိန်၌ လူဆိုးထိန်းဌာန၏ အကျဉ်းထောင်ထဲတွင် ရွှီချင်းသည် ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်ကို လေ့လာနေသည်။ ယခင်က အဆိပ်မြက်ပင်များက ပိုးကောင်နက်များအား မည်သည့်အတွက် မည်းမှောင်သွားစေရသည်ကို သူ သေသေချာချာ စူးစမ်းကြည့်နေသည်။

“ ငါ အကြောင်းရင်း ရှာတွေ့ရင် ပိုးကောင်နက်တွေရဲ့ ခံနိုင်ရည်ကို တိုးတက်ဖို့ ဆန့်ကျင်ဘက်ဆေးအာနိသင်ကို ပြောင်းသုံးလို့ရမလား ”

ရွှီချင်း စဉ်းစားကြည့်လိုက်သည်။

အကျဉ်းထောင်ထဲတွင် စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်လက်ပဲ့တင်ထပ်နေပါသော်ငြား အားသွန်ခွန်စိုက်လေ့လာနေသော ရွှီချင်းကို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ကြာပြီးနောက် သေအံ့မူးမူးဖြစ်နေသော ညဉ့်ငှက်အဖွဲ့ဝင်တစ်ယောက်၏ ဝိညာဉ်ကို နှုတ်ယူလိုက်သည်။ သူ စိတ်ရှုပ်ထွေးသွားဟန်တူသော်လည်း မကြာခင် မျက်မှောင်ကြုတ်သွားပြီး အကျဉ်းထောင်တံခါးဝကို ကြည့်လိုက်သည်။

တံခါးမှာ ကျွိခနဲ ပွင့်သွားပြီး ရှက်ရွံ့နေဟန်တူသည့် မိန်းမလှလေးတစ်ဦး အကျဉ်းထောင်ထဲသို့ ဝင်လာသည်။

ထိုမိန်းကလေးသည် အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့် ရှိဟန်တူသည်။ အစိမ်းရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ပန်းပွင့်ပမာ တောက်ပရွှန်းလဲ့စွာ ပြုံးနေသည်။ သေးသွယ်သော လက်ကလေးများသည် ကျောက်စိမ်းပမာ ဆွတ်ဆွတ်ဖြူနေပြီး ညာဘက်လက်ကို ရေဘဝဲလေးတစ်ကောင်က ရစ်ပတ်ထားသည်။

ထိုမိန်းကလေးသည်ကား ယန်ယန်ပင်။

ရေဘဝဲလေးသည် ရွှီချင်းကို ရန်လိုသောအကြည့်ဖြင့် စူးစိုက်ကြည့်နေပါသော်ငြား ကူကယ်ရာမဲ့ဖြစ်နေဟန်တူသည်။ ၎င်းသည် အကြည့်သာ လွှဲလိုက်ပြီး သူ့ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

“ ကိုကိုရွှီချင်း ”

ယန်ယန်က ဝမ်းသာအားရ အော်ခေါ်လိုက်ပြီး ရွှီချင်း၏ဘေးသို့ လျှောက်သွားသည်။ ဘေးရှိ ဖြတ်တောက်ခံထားရသော အလောင်းကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားသည်။

“ ကိုကိုရွှီချင်း၊ ညီမ မနှောင့်ယှက်တော့ဘူး။ ဘေးကနေပဲ ကြည့်နေမယ်နော် ”

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ငြင်းဆန်ရန်ပြင်လိုက်သည်။

“ ကိုကိုရွှီချင်း၊ ညီမ အခုလေးတင် ရာဇဝတ်ကောင်တစ်ကောင်ကို ဖမ်းမိလာခဲ့တာ။ ကိုကိုရွှီချင်းဆီကပဲ သင်ယူရမလား၊ ဒါမှမဟုတ် ညီမတို့နှစ်ယောက် အတူ ဆော့ကစားကြမလားဟင် ”

ရွှီချင်းက ငြင်းဆန်ရန် ပြင်နေသည်ကို မြင်၍ ယန်ယန်က အလျင်အမြန် ပြောလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ရေဘဝဲလေးက ရေပူဖောင်းတစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ထိုရေပူဖောင်းသည် လျင်မြန်စွာ ပြန့်ကားသွားပြီး ဘေးသို့ ကျသွားကာ ကွဲသွားပြီး ဟွမ်ရီခွန် ပေါ်လာသည်။

ဟွမ်ရီခွန် ပေါ်လာသည်နှင့် ရွှီချင်း မွေးမြူထားခဲ့သည့် သိပ်သည်းထူထပ်သော ပိုးကောင်နက်လေးများက တိတ်တဆိတ် ပျံသန်းသွားသည်။ ရွှီချင်းသာ အမိန့်ပေးလိုက်ပါက ဟွမ်ရီခွန်၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားတော့မည့်အလားပင်။

ရွှီချင်း၏အကြည့်က ဟွမ်ရီခွန်အပေါ် ရောက်သွားသည်။ ဟွမ်ရီခွန်ကို သူ မှတ်မိလိုက်ပြီး ဟွမ်ရီခွန်၏ ဒဏ်ရာများကို သတိထားမိလိုက်သည်။

ဟွမ်ရီခွန်၏ ညာဘက်လက်ရှိ ဝင်းလက်တောက်ပသော လက်ငါးချောင်းအနက် လက်မနှင့် လက်သန်းသာ ကျန်တော့သည်ကိုလည်း သူ မြင်လိုက်သည်။ အလယ်ရှိ လက်ချောင်းသုံးချောင်း မရှိတော့ပေ။

ရွှီချင်း၏ မျက်နှာတစ်မျိုးဖြစ်သွားပါသော်လည်း ဟွမ်ရီခွန်၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ ပိုးကောင်နက်လေးများက ထူးဆန်းစွာ ပြုမူနေသည်ကို သူ အာရုံခံမိလိုက်သည်။ သူ၏မျက်လုံးများထဲ ထူးဆန်းသောအလင်း ဝင်းလက်သွားပြီး ဟွမ်ရီခွန်၏ ဆံပင်ကို ကြည့်လိုက်သည်။

တောင်ပေါ်မှ ပြုတ်ကျလာခဲ့သော ဟွမ်ရီခွန်မှာ နိုးလာပြီး ပထမတွင် အနည်းငယ် ကြောင်စီစီ ဖြစ်နေသည်။ သို့သော် ဘေးဘီဝဲယာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် ရွှီချင်းကိုလည်း သူ တွေ့သွားသည်။

ဟွမ်ရီခွန် ငြိမ်သက်သွားသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က သူ ရွှီချင်းအား ပြောခဲ့သည့်စကားများနှင့် ယနေ့ည အတွေ့အကြုံများကို သူ တွေးမိလိုက်သည်။ သူ့ရင်ထဲ ဖော်ပြ၍ မရနိုင်လောက်အောင် ရှုပ်ထွေးသွားရသည်။ သူ ကုန်းရုန်းထချင်ပါသော်လည်း သူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားသည်ဖြစ်၍ သူ မလွတ်မြောက်နိုင်ပေ။

“ သတ္တမမြောက်တောင်ထိပ်ကို ခင်ဗျား စိန်ခေါ်ခဲ့တာလား ”

ရွှီချင်းက ပြောလိုက်သည်။

ဟွမ်ရီခွန် တုန်ရီသွားသည်။ သူ စကားမပြောချင်ပါသော်လည်း တခဏလေးအတွင်း မြေပြင်ရှိ သွေးများနှင့် ဘေးတွင် ရုပ်ပျက်ဆင်းပျက်သေဆုံးသွားကြသော အလောင်းများစွာကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် တစ်ညလုံး နှိပ်စက်ခံထားရသည်ဖြစ်၍ ထိလွယ်ရှလွယ်ဖြစ်နေသော သူ့စိတ်ထဲတွင် လှိုင်းများ ရိုက်ခတ်သွားသည်။ ရွှီချင်းနှင့် ယန်ယန်ကို ကြည့်နေသော သူ၏အကြည့်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ယှက်သန်းနေ၏။

အထူးသဖြင့် ယန်ယန်၏ နောက်ထပ်ပြောစကားကို ကြားလိုက်သောအခါတွင် ဖြစ်သည်။

“ ကိုကိုရွှီချင်း၊ ဒီလူက အရမ်းဆိုးတယ်။ လေထဲက ဆင်းလာပြီး ညီမကို အလစ်တိုက်ချင်နေတဲ့ပုံပဲ။ ဟင်း သူ့အကြောင်းမပြောတော့ဘူး။ ကိုကိုရွှီချင်းက ပင်မထောင်ကြီးကို ညီမကို လာမရှာလို့ ညီမမှာ တစ်ယောက်တည်း ပျင်းရိညည်းငွေ့လွန်းလို့ ကိုကိုရွှီချင်းလာမှာကို နေ့တိုင်းစောင့်နေတာ။ ဒါနဲ့ ညီမ နည်းနည်းလုပ်ထားတာ ရှိတယ် ”

ယန်ယန်က လက်ကိုဝှေ့ယမ်းလိုက်ရာ ယန်ယန်၏ရှေ့တွင် ဆေးပုလင်းအများအပြား ချက်ချင်း ပေါ်လာသည်။ ထိုဆေးပုလင်းများထဲတွင် အဆိပ်များဖြင့် ပြည့်နေသည်။ ယင်းအပြင် အလွန်ကြီးမားသော စင်ကြီးတစ်စင်လည်း ပေါ်လာပြီး မြေပြင်သို့ ဝုန်းခနဲ ကျသွားသည်။

ထိုစင်ကြီးပေါ်တွင် ဓားမျိုးစုံရှိသည်။ ဓားကောက်များ၊ ဓားရှည်များ၊ ဓားတိုများ၊ ဓားကွေးများနှင့် တခြားပုံဆိုးပန်းဆိုးဓားများလည်းရှိသည်။ စုစုပေါင်း ဓားဒါဇင်ကျော်ရှိသည်။ သံကြိုးများ၊ ချိတ်ကောက်များ၊ လွန်သွားများနှင့် လွှများလည်း ရှိသည်။

ရွှီချင်းက လှမ်းကြည့်လိုက်သည်။

“ ကိုကိုရွှီချင်း၊ ဒီမှာကြည့်လိုက် ညီမ အားလုံးပြင်ဆင်ပြီးပြီ။ သူ့ကို အရင်ဆုံး အဆိပ်ခတ်မလား၊ ဒါမှမဟုတ် ဗိုက်ကို ဖွင့်ပြီး ဓမ္မတံခါးတွေ ဘယ်လိုပုံစံရှိမလဲ ကြည့်မလား။ ညီမတို့ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ။ အရင်လူရာပေါင်းများစွာကို လုပ်ခဲ့သလိုမျိုး လုပ်မလား ”

ယန်ယန်၏ အသံသည် ချိုလွင်ပြီး ကြည်လင်နေပေရာ ကြားရသူကို နားဝင်ချိုစေသည်။ သို့သော်လည်း ထိုစကားများ၏ အဓိပ္ပာယ်က လုံးဝဆန့်ကျင်ဘက်ပင်။

ကြည်လင်တောက်ပသော မျက်ဝန်းများ၊ ကွေးညွတ်သော မျက်ခုံးမွေးများအောက်ရှိ ရှည်လျားကော့ညွတ်သော မျက်တောင်များက မဆိုစလောက် တုန်ခါနေပြီး ထိုစကားမျာကို ပြောလိုက်သည့်အခါ အလွန် အူမြူးနေသည့်အလားပင်။

ထိုမြင်ကွင်းကြောင့် ဟွမ်ရီခွန်မှာ ကြောက်လန့်တုန်ရီလွန်း၍ ဒိန်းခနဲ ရင်ခုန်သွားရသည်။ ဓားများကို တစ်လှည့်၊ ယန်ယန်ကိုတစ်လှည့်၊ အတွေးနက်နေဟန်တူသော ရွှီချင်းကို တစ်လှည့် သူ ကြည့်ကာ ဤနေရာသည် မြေပြင်ရှိ ငရဲခန်းတစ်ခန်းအလား ခံစားလိုက်ရသည်။

“ ကိုကိုရွှီချင်း၊ ညီမစိတ်ကူးကို ဘယ်လိုသဘောရလဲ ”

ယန်ယန်က ပြောလိုက်ရင်း သင့်တော်သော ဓားတစ်လက်ကို ရှာနေသည့်အလား ဓားတစ်လက်ပြီးတစ်လက် ကောက်ကိုင်လိုက်သည်။

“ ကိုကိုရွှီချင်း၊ ညီမတို့ ဘယ်နေရာကနေ စကြမလဲ။ လျှာကနေ အရင်ဆုံး စလိုက်မလား။ အဲဒီလိုလုပ်ရင် သူ့အသံ ပိုကောင်းသွားမယ်လို့ ညီမ ထင်တယ် ”

ထိုစကားများကိုကြား၍ ဟွန်ရီခွန်မှာ သူ့ကိုယ်သူ ထိန်းချုပ်ထားပါသော်လည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ခါသွားသည်။ သူ့မျက်လုံးများထဲရှိ ကြောက်ရွံ့စိတ်များ အဆုံးစွန်အထိ ရောက်သွားပြီး စိတ်ဓာတ်ကျခြင်းများက အစားထိုး နေရာယူလာသည်။

ယန်ယန်၏အကြောင်းကို သူ သိထားခဲ့ပြီး ဘာမဆိုလုပ်ဝံ့သည့်အရူးတစ်ယောက်ဖြစ်ကြောင်းကိုလည်း သူ သိခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ အရူးတစ်ယောက်က ရွှီချင်းအား ဖားယားနေသည့်အမူအရာဖြင့် မေးမြန်းနေသည်။

ဤနေရာသည် သတ္တမမြောက်တောင်ထိပ်ထက် ပို၍ပင် ကြောက်စရာကောင်းသည်ဟု သူ ခံစားလာရသည်။

အထူးသဖြင့် ဤနေရာတစ်ခုလုံးကို သူ လှည့်ပတ်ကြည့်လိုက်မိသောအခါတွင် ဖြစ်သည်။

“ ကိုကိုရွှီချင်း၊ ဒီနေရာကနေ စလိုက်ကြရအောင်လေ ”

ယန်ယန်သည် အောက်နှုတ်ခမ်းလေးကို ကိုက်၍ ရွှီချင်းအား စူးစိုက်ကြည့်လိုက်သည်။ အပြစ်အနာအဆာကင်းသော သူမ၏အသားအရေက ပန်းရောင်ယှက်သန်းနေပြီး ပါးလျသော နှုတ်ခမ်းများက နှင်းဆီပွင့်ဖတ်များအလား နူးညံ့သည်။ ခဏအကြာ သူမ၏နှုတ်ခမ်းများမှ သွေးများ စီးကျလာသည်။

ရွှီချင်းသည် ယန်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ မကြာသေးခင်က လူဆိုးထိန်းဌာနကို ကူညီပေးခဲ့သည့် ယန်ယန်၏ လုပ်ရပ်များသည် ဘောင်ကျော်နေခဲ့ပါသော်လည်း ရွှီချင်း ဂရုမစိုက်ခဲ့ပေ။

ယနေ့ ဟွမ်ရီခွန်အား ယန်ယန် ဆွဲခေါ်လာသည့်အတွက် သူ အနည်းငယ် စိတ်ဝင်စားသွားရသည်။ ဟွမ်ရီခွန်၏ ဒဏ်ရာများသည် ဓားကြီးတစ်လက်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းအပြင် သူ့လက်ချောင်းများအနက် တစ်ချောင်းမှာ သွားကိုက်ရာများ ရှိနေသည်။ ယနေ့ည သတ္တမမြောက်တောင်ထိပ်ကို သူ သွားရောက်စိန်ခေါ်ခဲ့ခြင်း ဖြစ်ပေမည်။

အစောပိုင်းက အပြင်ဘက်မှ ဆူဆူညံညံအသံများကိုလည်း သူ ကြားခဲ့ရသည်။ လူတစ်ယောက်က ဟွမ်ရီခွန်ကို လွှင့်ပစ်လိုက်ဟန်တူသည်။ သတ္တမမြောက်တောင်ထိပ်ကို သွားပြီးနောက် ဟွမ်ရီခွန်၌ လက်နှစ်ချောင်းသာ ရှိနေသေးသည့်အကြောင်းအရင်းတစ်ခုသာ ရှိသည်။

အဖြေကို သူ ခန့်မှန်းမိပြီး ဖြစ်သည်။

သို့သော်လည်း ခေါင်းဆောင်နှင့် သတ္တမမြောက်တောင်ထိပ်မှ တခြားလူများက သူ့ထံသို့ အဆိပ်မိထားသော ဟွမ်ရီခွန်အား ပို့မည်မဟုတ်သည်ကိုလည်း သူ သိသည်။

အဆိပ်သုတ်ထားရန် မလိုအပ်သည် မဟုတ်ပါလား။

ယခုတွင် ဟွမ်ရီခွန်၏ ဆံပင်များပေါ်မှာ အဆိပ်ရှိနေသည်။

ယခင်က အလားတူအဆိပ်မျိုး ရွှီချင်း တွေ့ခဲ့ဖူးသည်။ ယင်းအဆိပ်သည် ထူးခြားသောသတ္တဝါများကို အထူး ဆွဲဆောင်နိုင်သည့် အဆိပ်ဖြစ်သည်။

သို့သော်လည်း ဟွမ်ရီခွန်၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်က ပို၍ အဆင့်မြင့်ပြီး ပြင်းထန်သည်။ ဟွမ်ရီခွန်နှင့် ပေသုံးဆယ်အကွာအတွင်းရှိပါက အဆိပ်မိသွားမည်သာ ဖြစ်သည်။

ယင်းအပြင် ထိုအဆိပ်ကို စစ်ဆေးကြည့်ရန် အလွန်ခက်သည်။ အစောပိုင်းက ပိုးကောင်နက်လေးများ၏ ပုံမှန်မဟုတ်သော အပြုအမူများကြောင့်သာ သူ အတည်ပြုလိုက်နိုင်ခြင်း ဖြစ်သည်။ ထိုထူးခြားသောအဆိပ်၏ အာနိသင်ကို သူ တခဏလေးအတွင်း မဖော်ထုတ်နိုင်ပေ။ သို့သော်လည်း အပင်နှင့်အသီးအရွက်မှာ ကျွမ်းကျင်မှုများအရ ထိုအဆိပ်က အမှတ်အသားပြုလုပ်ရာတွင် အဓိကသုံးကြသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ထိုသို့ဆိုပါက သူ့ကို အဆိပ်မိစေချင်သူမှာ မည်သူနည်း။ သူ့ရှေ့ရှိ ယန်ယန်မှာ သံသယဝင်ချင်စရာအကောင်းဆုံးသူ ဖြစ်သည်။

ယန်ယန်က ဦးညွှတ်သွားခဲ့ပြီဖြစ်ပြီး ကောလာဟလများ ထွက်လာခဲ့သည့်တိုင်အောင် ယခင်က အလွန် ရက်စက်ကြမ်းကြုတ်ခဲ့သော အနှီဝတ်စုံနက်မိန်းကလေးမှာ အလွယ်တကူ ခြိမ်းခြောက်၍မရသည့်မိန်းကလေးဖြစ်ကြောင်း သူ ခံစားရသည်။

ထို့ကြောင့် ယန်ယန်၏ အပြုအမူများကို သူ လုံးဝ မယုံကြည်ပေ။

“ကိုကိုရွှီချင်း၊ ဘာမှမပြောတော့ဘူးလား ”

ယန်ယန်၏အောက်နှုတ်ခမ်းမှ သွေးများ ပိုထွက်လာပြီး ရှိရင်းစွဲ လှပသောမျက်နှာလေးမှာ အရိုင်းဆန်ဆန်လှသောမျက်နှာလေးအသွင် ဖြစ်သွားသည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သူ ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်ပြီး ယန်ယန်၏လည်ပင်းကို အားဖြင့် ဆုပ်လိုက်ရာ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူသော လည်တိုင်ကြော့ကြော့လေးတွင် အနီရောင်အစင်းရာကြီး ပေါ်လာသည်။

ရွှီချင်းက ယန်ယန်ကို လည်ပင်းမှ ဆုပ်ကိုင်ထားရင်း တစ်ခွန်းချင်း ပြောလိုက်သည်။

“ ငါ မင်းကို မသတ်တာက သိပ်တော်တဲ့မင်းအဘွားကြောင့်မဟုတ်ဘူးနော်။ ငါ့စည်းကို လာမထိသေးလို့ မသတ်တာ။ ဒါပေမဲ့ ဒီလိုမျိုး ဆက်လုပ်နေရင် င့ါစည်းကို မင်းကျော်သွားတော့မယ် ”

ယန်ယန်၏တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမ၏လက်ပေါ်ရှိ ရေဘဝဲက ၎င်း၏အရှိန်အဝါများ ထုတ်လွှတ်ရန်ပြင်လိုက်စဉ် နတ်ဘုရားအာရုံကို အလျင်အမြန် ပို့လွှတ်လိုက်သည်။

“ ရေဘဝဲ၊ မမိုက်ရိုင်းနဲ့ ”

ထို့နောက် ယန်ယန်က ခေါင်းကို အတင်းငုံ့လိုက်ပြီး သွေးများပေကျံနေသော လျှာဖြင့် ရွှီချင်း၏လက်ကို ယက်ရန်ပြင်လိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ယန်ယန်ကို ဘေးရှိနံရံသို့ လွှင့်ပစ်လိုက်သည်။ ယန်ယန်သည် နံရံနှင့် တိုက်မိသွားပြီး ပါးစပ်မှ သွေးများ ပို၍ စီးကျလာသည်။ သို့သော်လည်း ရွှီချင်းကိုကြည့်နေသည့် သူမ၏အကြည့်တွင် စိတ်ရှုပ်ထွေးခြင်းများဖြင့် ပြည့်နှက်နေသည်။

“ ဒါပဲ၊ ဒါပဲ။ ကိုကိုရွှီချင်း ဒါမျိုးမှ ညီမ ကြိုက်တာ။ စောစောက ပြောင်းလဲသွားသလို ဖြစ်သွားတော့ အစ်ကို့ကို ညီမ မကြိုက်ချင်တော့သလိုပဲ။ အစ်ကို့ကို မကြိုက်တော့ရင် သတ်ချင်လာမှာ။ အဲဒါကို အစ်ကို အာရုံခံမိမယ်ဆိုတာ ညီမ သိပြီးသား။ ဒါပေမဲ့ အဲဒါကို အာရုံခံမိပြီးတဲ့နောက် အစ်ကိုရဲ့အပြုအမူတွေကို ညီမ သိပ်သဘောကျတာပဲ ”

ထိုမြင်ကွင်းကို ကြည့်၍ ဟွမ်ရီခွန်မှာ ပို၍ပင် တုန်ရီသွားသည်။

ယန်ယန်၏ဦးနှောက်က တစ်ခုခု ချို့ယွင်းနေသည်။

ထိုသည်ကို အစောကတည်းက ရွှီချင်း သိထားခဲ့သည်။ ယခု ယန်ယန်၏ ငေးမောနေသောအကြည့်နှင့် အပြုအမူများကို သူ ကြည့်လိုက်ပြီး ထိုအချက်မှာ ပို၍ သေချာသွားသည်။

ယန်ယန်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီးနောက် ဟွမ်ရီခွန်၏ ညာလက်ရှိ လက်ချောင်းနှစ်ချောင်းကို သူ ကြည့်လိုက်သည်။

ဟွမ်ရီခွန် တုန်ရီသွားပြီး ရင်ထဲတွင် ဝမ်းနည်းပူဆွေးသွားသည်။ နောက်ဆက်တွဲ မည်သို့ဖြစ်လာတော့မည်ကို သူ သိသည်။

သို့သော်လည်း သူ့ကို တိုက်ခိုက်လိုက်သည်မှာ ရွှီချင်း မဟုတ်ပေ။ ယန်ယန်က လှစ်ခနဲ ခုန်ဝင်သွားပြီး သူ့လက်ချောင်းနှစ်ချောင်းကို အတင်းအကြပ် ချိုးလိုက်သည်။ ဂျွတ်ခနဲ မြည်သံများနှင့်အတူ လက်ချောင်းနှစ်ချောင်းကို ချိုးလိုက်ပြီး ရွှီချင်းအား ကပ်ဖားရပ်ဖားလုပ်နေသည့်အမူအရာဖြင့် ပေးလိုက်သည်။

ဟွမ်ရီခွန်မှာ စိတ်ဓာတ်ကျသွားသည်။ ထိုကဲသို့ အပြုအမူနှင့် သူ အသားကျသွားဟန်တူပြီး ယခင်ကလောက် မနာတော့သည်ကို သူ ခံစားလိုက်ရသည်။

ရွှီချင်းသည် လက်ချောင်းနှစ်ချောင်းကို ယူလိုက်ပြီး ယန်ယန်ကို အေးတိအေးစက် ကြည့်လိုက်သည်။

ရွှီချင်း၏အကြည့်ကို မြင်ပြီး ယန်ယန်သည် ရွှီချင်း ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားကာ အလျင်အမြန် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ယန်ယန်သည် ဆယ်ပေအကွာတွင်ရပ်ကာ ရွှီချင်းကို ကြည့်လိုက်ရင်း သူမ၏လက်ချောင်းကို ကိုက်လိုက်သည်။ သွေးများစီးကျလာပြီး ယန်ယန်မှာ တုန်ရီသွားကာ မျှော်လင့်ချက်များ ဝင်းလက်နေသည့်မျက်ဝန်းများဖြင့် ရွှီချင်းထံ လက်ချောင်းကို မြှောက်ပြလိုက်သည်။

“ ကိုကိုရွှီချင်း၊ ကိုက်ဦးမလား ”

“ စိတ်မဝင်စားဘူး ”

ရွှီချင်းက အေးတိအေးစက် ပြန်ဖြေလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဟွမ်ရီခွန်၏ခန္ဓာကိုယ်ကြီးက ဘေးရှိလှောင်အိမ်ထဲသို့ ဝင်သွားသည်။ ရွှီချင်းက ဟွမ်ရီခွန်၏ သိုလှောင်လက်စွပ်ကိုလည်း သိမ်းထားလိုက်သည်။

စီမာလင်းကို ဤနေရာတွင် ချုပ်နှောင်မထားသည်ဖြစ်၍ ဟွမ်ရီခွန်သည်သာ ဤနေရာတွင်ရှိသည့် တစ်ဦးတည်းသော ကောင်းကင်လက်ရွေးစင်ဖြစ်သည်။

ဟွမ်ရီခွန်က ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့သည်ဖြစ်၍ အကျဉ်းချခံရမည်ဖြစ်သည်။

ထို့နောက် ရွှီချင်းသည် ပိုးကောင်နက်များကို ဆက်လက်လေ့လာလိုက်သည်။ ယခုတစ်သုတ် ရှင်ကျန်ခဲ့သည့် ပိုးကောင်နက်များအား နူးညံ့သိမ်မွေ့သောအရည်အချင်း ရှိစေချင်သည်။

ယန်ယန်သည် ဘဲမလေးတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်လိုက်ပြီး လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။ ယန်ယန်သည် သွေးများကို စုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်ရင်း မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးတစ်စ တဖြည်းဖြည်း ပေါ်လာသည်။

သို့သော်လည်း သတ္တမမြောက်တောင်ထိပ်ရှိ အဆောင်ထဲ၌ သတ္တမမြောက်သခင်ကြီးသည် အောက်ဘက်ရှိ မြင်ကွင်းအား ဖောက်ထွင်း၍ မြင်နေရသည်ကို တစ်ယောက်မှ မသိကြပေ။

သူသည် ယန်ယန်၏အပြုအမူများနှင့် ရွှီချင်း၏လုပ်ရပ်ကို မြင်ခဲ့ရသည်။ သူ့မျက်နှာ တဖြည်းဖြည်း ပြုံးလာပြီး သူ့အကြည့်တွင် လေးစားသည့်အရိပ်အယောင်များ ပေါ်လာသည်။

“ ဒီအမှတ်လေးတပည့်က မဆိုးဘူး။ အရင်တုန်းက ငါရဲ့ပြောပုံဆိုပုံအတိုင်းပဲ ”

ဘေးရှိအစေခံသည် ထိုစကားကို ကြား၍ ခေါင်းငုံ့သွားပြီး မည်သို့မျှ မှတ်ချက်မပေးပေ။ သို့သော်လည်း နှုတ်ရေးတွင် ဆရာဖြစ်သူက ထိုကလေးအောက် နိမ့်ကျနေသည်ဟု စိတ်ထဲမှ ရေရွတ်နေသည်။

ဂိုဏ်းထဲ၌ ထိုကလေးကို စိတ်ဝင်စားနေသည့် မိန်းကလေးများစွာ ရှိနေသည် မဟုတ်ပါလား။ အမှတ်ခုနစ်သခင်ကြီးမှာမူ သတ္တမမြောက်တောင်ထိပ်၏ လက်ထောက်တောင်သခင်ဖြစ်သော ဘိုးဘေး၏သမီးက ပြန်ရောက်သည်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်သော်လည်း အမှတ်ခုနစ်သခင်ကြီးကို တစ်ကြိမ်ပင် လာမတွေ့ခဲ့ပေ။

ထိုတာအိုလက်တွဲဖော်နှစ်ဦးကြားရှိ ပြဿနာက အလွန် နက်ရှိုင်းသည်ကို သိနိုင်ပေသည်။ ယင်းသည် ပြောဆိုဆွေးနွေးရုံဖြင့် ပြေလည်သွားနိုင်သော ကိစ္စမဟုတ်ပေ။

All Chapters